သွေးစွန်းဓားကွက်များ
Vol. 1 Ch. 8
ကျားကြီးနှင့်ကျားလေးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ ထို့နောက် ထိုလူ၏အနားသို့ကပ်သွားလိုက်ကြသည်။
လဲကျနေသောသူမှာ အသက်သုံးဆယ်ကျော်ခန့်သာရှိသေးကာ ဖြောင့်တန်းသောမျက်ခုံးများနှင့် ခိုင်မာသည့်မေးရိုးတို့ရှိကာ တည်ကြည်ခန့်ညားသောဥပတိရုပ်အားပိုင်ဆိုင်ထားသည်။ သူ၏မျက်လုံးများကပိတ်၍နေကာ လက်တစ်ဘက်က လက်မောင်းအားဖိ၍ထားသည် ။ ထိုနေရာမှ သွေးများစိမ့်ထွက်၍နေကာ ဒဏ်ရာရရှိလာသည့်ပုံဖြစ်သည် ။
ကျားကြီးနှင့်ကျားလေးမှာ ထိုလူ၏ခန္တာကိုယ်အားနှစ်ယောက်ဝိုင်းသယ်ကာ ဘုံကျောင်းအတွင်းဘက်သို့ခေါ်လာကြသည် ။ ထို့နောက် မီးငြိမ်းခါနီးဖယောင်တိုင်အားအသုံးပြုကာ သစ်ကိုင်းခြောက်အချို့ကိုစုစည်းရင်း မီးဖိုတစ်ဖို ပြုလုပ်လိုက်သည် ။ ထို့နောက်ထိုလူအား မီးဖိုဘေးတွင်ချထားလိုက်ကြသည်။
" ဟေ့ ကျားကြီး ဘယ်လိုလုပ်မလဲ "
ကျားလေးမှထိုလူအားကြည့်ကာ ခေါင်းကုတ်လိုက်သည် ။ ထို့နောက် ကျားကြီးကိုတိုင်ပင်လိုက်သည်။ ကျားကြီးလည်း သူမသိဟူသောအမူအယာဖြင့်ပခုံးနှစ်ဘက်အားတွန့်ပြလိုက်သည်။
" ဟားး ဒုက္ခပဲ သေတော့မှာလားမသိဘူး လူကတော့လူချောပဲ ပြီးတော့ သူကသိုင်းသမားတစ်ယောက်ဆိုတာ သေချာတယ် ။ ဒါပေမယ့်လက်မောင်းကဒဏ်ရာသေးသေးလေးနဲ့မေ့မြောသွားတာဆိုတော့ အဆင့်နိမ့်သိုင်းသမားပဲနေမှာ "
ကျားလေးမှာ ထိုလူအားကြည့်ကာညည်းညူလိုက်သည် ။ ထို့နောက် လဲကျနေသူအား လက်ပိုက်၍ကြည့်ကာ တစ်ခုချင်းသုံးသပ်၍နေသည် ။
ဘေးတွင်ရပ်နေသောကျားကြီးမှာ ရုတ်တရက်အထိတ်တလန့်ဖြစ်၍သွားသည်။
" ဟာ ဟာ သေတော့မှာလားမသိဘူး အဆိပ် သူအဆိပ်မိလာတာပဲဖြစ်ရမယ် "
ထိုလူ၏မျက်နှာမှာ တဖြေးဖြေးညိုမည်း၍လာသည်။ သူတို့နှစ်ဦးမှာ သိုင်းလောကအကြောင်းကြားဖူးနားဝရှိသောကြောင့် ထိုလူမှာ အဆိပ်တစ်မျိုးမျိုးမိနေကြောင်းကို သိလိုက်သည်။ ကျားကြီးမှာ ချက်ခြင်းပင်ထိုင်ချလိုက်ကာ ထိုလူ၏အင်္ကျီအတွင်းသို့ရှာဖွေလိုက်သည်။
" ဟေ့ကောင်ဘာလုပ်တာလဲ သေတော့မယ့်လူဆီကပစ္စည်းခိုးနေတာလား "
ကျားလေးမှ ကျားကြီး၏ပခုံးအားပုတ်ကာအထိတ်တလန့်ဖြင့်ဟန့်တားလိုက်သည်။ သို့သော် ကျားလေးမှာ ကျားကြီး၏စကားကိုဂရုမစိုက်ဘဲသဲသဲမဲမဲရှာဖွေ၍နေသည် ။ မကြာမီ ကျားကြီးမှာ ကြွေပုလင်းလေးတစ်လုံးအားရှာဖွေတွေ့ရှိသွားသည်။
" သုများတွေပြောတာကြားဖူးတာက အဆိပ်မိနေတဲ့သူကို အချိန်မီအဆိပ်ဖြေဆေးမပေးရင်သေသွားတယ်တဲ့ကွ ငါအဆိပ်ဖြေဆေးလားမသိဘူး တွေ့တော့တွေ့ပြီ "
ကျားကြီးမှပြောပြောဆိုဆိုပင် ထိုကြွေပုလင်းလေးအားကြည့်လိုက်သည် ။ ပုလင်းထဲတွင် အဖြူရောင်ဆေးသုံးလုံးရှိနေသည် ။ ကျားကြီးလည်း ထိုဆေးလုံးလေးများအားနမ်းကြည့်ရာ မွှေးပျံ့သည့်ရနံ့အားရရှိသောကြောင့် လဲကျနေသောလူ၏ပါးစပ်ထဲသို့တစ်လုံးထည့်ပေးရန်ပြင်လိုက်သည်။
" သေတော့မသေလောက်ပါဘူး "
ပါးစပ်မှလည်း တတွတ်တွတ်ပြောကာ ထိုလူ၏ပါးစပ်အား လက်ဖြင့်ဟလိုကိသည်။ ထိုလူမှာ သတိလစ်နေသဖြင့် ဆေစလုံးအားမသောက်နိုင်ပေ ။ ကျားကြီးမှလည်ချောင်းအားအနည်းကယ်ပြုပြင်ပေးလိုက်သောအခါမှာသာ ဆေးလုံးမှာ ထိုလူ၏ဝမ်းဗိုက်အတွင်းသို့ဝင်၍သွားသည်။ ဆေးလုံးဝက်ပြီးသွားသည်နှင့် ထိုလူ၏အခြေအနေမှာ အနည်းငယ်ပို၍ကောင်းသွားသည်။ သူ၏မည်းနက်နေသောမျက်နှာမှာ သွေးရောင်ပြန်၍လွှမ်းလာသည် ။
ကျားလေးမှာ ကျားကြီးပြုလုပ်နေသည်များအား ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် လဲကျနေ သူ၏အင်္ကျီအတွင်းသို့ဆက်၍ရှာဖွေလိုက်သည်။
" ဟာ ဟေ့ကောင် ဒီမှာ ဒီမှာ "
ကျားလေးမှာ သူ၏လက်အားအပြင်ဘက်သို့ထုတ်ကာ ဝမ်းသာအားရပြောလိုက်သည်။ သူ၏လင်ထဲတွင် ငွေတုံးအချို့နှင့် လက်တစ်ဝါးခန့်ရှိမည့် စာအုပ်ငယ်လေးတစ်အုပ်ပါ၍လာသည်။
" ဟီး ဟီး ဒါက သူ့ကိုကယ်ရတဲ့လက်ဆောင်လို့မှတ်တာပေါ့ "
ကျားကြီးသည်လည်း တဟီးဟီး ရယ်မောကာငွေတုံးများအား ကျားလေးနှင့်ခွဲယူလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးမှာ စာအုပ်ငယ်လေးအားစိတ်ဝင်စားစွာကြည့်လိုက်ကြသည် ။ စာအုပ်မျက်နှာဖုံးတွင် သွေးစွန်းဓားကွက်ဆယ့်သုံးကွက်ဟူသောစာပါရှိသည်။ အကယ်၍သိုင်းလောကသားတစ်ဦးဦးသာ ဤစာအုပ်အားမြင်ပါက အံ့သြထိတ်လန့်မှုကြောင့်နှလုံးခုန်ပင်ရပ်သွားနိုင်သည် ။
သွေးစွန်းဓားကွက်ဆယ့်သုံးကွက်
သွေးစွန်းဓားကွက်များမှာ လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်က သိုင်းလောကတွင် ကြီးစိုးခဲ့သည့်သွေးသိုင်းရာဇာ၏ နာမည်ကျော်သိုင်းကွက်များဖြစ်သည်။ သွေးသိုင်းရာဇာမှာ သူ၏သွေးစွန်းဓားကွက်များဖြင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းအားဖိနှိပ်ကာ သိုင်းလောကတွင် မင်းမူခဲ့သည်။ သွေးစွန်းဓားကွက်များမှာ ဆယ့်သုံးကွက်ခန့်သာရှိသော်လည်း တစ်ကွက်လျှင် ကွက်ပြောင်းသုံးကွက်ပါဝင်ကာ စုစုပေါင်း သုံးဆယ့်ကိုးကွက်ဖြစ်သည် ။ ထို့အပြင် သိုင်းကွက်တိုင်းကလည်း ပြိုင်ဘက်၏အသက်ကိုနုတ်ယူမည့် လွန်စွာရက်စက်ပြင်းထန်သောသိုင်းကွက်များဖြစ်သည်။
သွေးသိုင်းရာဇာမှာ ထိုသိုင်းကွက်များအားကိုးနှင့် သိုင်းလောကအားကြီးစိုးနိုင်ခဲ့သော်လည်း ကံကြမ္မာငင်သောနေ့တွင် လူတစ်ယောက်၏လက်ထဲ၌ သိုင်းကွက်ဆယ်ကွက်အတွင်းရှုံးနိမ့်ခဲ့ရသည်။ ထိုအချိန်မှစ၍ သွေးသိုင်းရာဇာမှာ ဇာတ်မြှုပ်၍သွားတော့သည်။
သို့သော် သူ၏သွေးစွန်းဓားကွက်များကား သိုင်းလောကထဲတွင်ကျန်နေခဲ့သေးကာ သိုင်းကျမ်းလုပွဲများအဖြစ် သွေးချောင်းစီးခဲ့သေးသည်။ နာမည်နှင့်လိုက်အောင်ပင် ထိုဿားကွက်များမှာ ရောက်လေရာနေရာတွင် သွေးစွန်းကာ ပိုင်ဆိုင်ထားသူများအားလွန်စွာဒုက္ခပေးခဲ့သည် ။ သိုင်းကျမ်းကိုရရှိသူများသည်လည်း လေ့ကျင့်ရန်အချိန်မရမီ သိာင်ူကျမ်းအားလိုချင်သူများမှ လိုက်လံသတ်ဖြတ်ချင်းခံရကာ သိုင်းကျမ်းမှာ တစ်လက်ပြီးတစ်လက်ပြောင်း၍လာသည်။ ထို့နောက်တွင် အကြောင်းပြလျက်ရေရေရာရာမရှိဘဲ သွေးစွန်းဓားကွက်များမှာ ပျောက်ကွယ်သွားခဲ့သည်။
သွေးသိုင်းရာဇာအားအနိုင်ယူသွားသောသူမှာအသက်သုံးဆယ်ကျော်ခန့်သာရှိဦးမည့်ဓားသမားတစ်ယောက်ဖြစ်သည်။ ထိုဓားသမားမှာ သိုင်းလောကမှဓားသမားအားလုံးကို စိန်ခေါ်တိုက်ခိုက်ပြီးသည့်အချိန်မှ သွေးသိုင်းရာဇာနှင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဓားသမားမှာ သူ၏သက်တမ်းတစ်လျှောက်တွင် တစ်ပွဲမှရှုံးပွဲမရှိခဲ့ဘဲ ပြိုင်ဘက်ကင်းဓားသမားဟုနာမည်ကျော်ခဲ့သည်။ သို့ရာတွင် ထိုလူသည်လည်း သွေးသိုင်းရာဇာအားအနိုင်ယူပြီးသည့်နောက်တွင် သိုင်းလောကမှပျောက်ကွယ်သွားခဲ့သည်။
ကျားကြီးနှင့်ကျားလေးမှာ သူတို့၏လက်ထဲတွင်ရှိသောသိုင်းကွက်များမည်မျှအထိ တန်ဖိုးရှိကြောင်းကိုမသိကြပေ။ သူတို့မှာ သွေးသိုင်းရာဇာနှင့်သွေးစွန်းဓားကွက်များအကြောင်းကိုကြားဖူးနားဝရှိသော်လည်း စာမတတ်သောကြောင့် သိုင်းကျမ်းစာအုပ်မျက်နှာဖုံးမှစာများအားဖတ်ရှုနိုင်စွမ်းမရှိကြပေ။ သို့သော် သိုင်းကျမ်းအားလှန်လှောကြည့်ပြီးသည့်နောက်တွင် လူတစ်ယောက်ဓားသိုင်းလေ့ကျင့်နေသည့်ပုံများအားမြင်တွေ့လိုက်ရသောအခါ သိုင်းကျမ်းတစ်ခုခုဖြစ်မှန်းသဘောပေါက်လိုက်မိသည်။
" ကျားကြီး ဒါက သိုင်းကျမ်းစာအုပ်လားမသိဘူး "
ကျားလေးမှ လွန်စွာနက်နက်နဲနဲစဉ်းစားကာ တွေးတွေးဆဆပုံစံဖြင့်ပြောလိုက်သည်။
" ဖြောင်း "
ကျားကြီးမှာ ကျားလေး၏ဦးခေါင်းအားပိတ်ရိုက်လိုက်ကာ မျက်နှာရှုံ့လိုက်သည်။
" ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လားမေးနေသေး ။ သိုင်းကွက်ပုံတွေနဲ့စာအုပ်ပါဆို သိုင်းကျမ်းစာအုပ်မဟုတ်လို့ ဘာဖြစ်မှာတုန်း "
ကျားကြီးမှဆက်၍ပြောလိုက်သည်။
" ထားလိုက်ပါ သိုင်းကွက်တွေကလည်းဘာသိုင်းကွင်တွေမှန်းလဲမသိဘူး ပြီးတော့ ငါတို့ငွေတုံးတွေလဲယူပြီးပြီဘဲ သိုင်းကျမ်းကိုတော့ပြန်ထားလိုက်ရအောင်ပါ "'
သူ၏စကားအားကျားလေးမှလည်းသဘေယတူသည်။ ထို့ကြောင့် ကျားလေးမှာ သူ၏လက်ထဲမှစာအုပ်ငယ်လေးအားပြန်ထည့်ပေးရန်ပြင်လိုက်သည်။ သို့သော် သူ၏လက်များမှာ ရပ်တန့်၍သွားသည်။
" ကျားကြီး အပြင်မှာ လူတွေ တော်တော်များလောက်တယ် "
ကျားလေးမှ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ ကျားကြီးလည်း ခေတ္တနားထောင်ကာခေါင်းညိမ့်လိုက်သည်။ ဘုံကျောင်းအပြင်မှ တဖြည်းဖြည်းနီးကပ်လာသော ခြေသံများအားသူလည်းကြားလိုက်ရလေသည်။
" ကျားကြီး ငါဒီလူကိုခေါ်သွားမယ် မင်းကဒီမှာအဆင်ပြေအောင်ပြောထားလိုက် "
ကျားလေးမှပြောကာ လဲကျနေသူအားမနိုင်မနင်းတွဲရင်းဘုံကျောင်းနောက်ဘက်နတ်ရုပ်ကြီး၏နောက်သို့ဝင်၍သွားသည်။ ကျားကြီးလည်း ဘုံကျောင်းအလယ်တွင်တစ်ယောက်ထဲကျန်ခဲ့တော့သည်။ သူတို့နှစ်ဦးမှာ စာပေမတတ်မြောက်သော်လည်း အတော်လေးဉာဏ်ကောင်းသည်ဟုဆိုရမည်။ သူတို့ကယ်တင်ထားသောလူမှာ ဒဏ်ရာရလာကာ နောက်ထပ်လူများရောက်ရှိလာခြင်းသည် ကောင်းသောလက္ခဏာမဟုတ်မှန်းသူတို့လည်းသိလေသည် ။ ထို့ကြောင့်ပင် အခြေအနေအရ လိုက်လျောညီထွေအောင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မကြာမီဘုံကျောင်းအတွင်းသို့ လူတစ်စုဝင်၍လာသည်။ ထိုလူများမှာဓားကိုယ်စီကိုင်ထကြကာ သိုင်းသမားများဖြစ်ပုံရသည် ။ စုစုပေါင်း လူခြောက်ယောက်ခန့်ဖြစ်ကာ သူတို့အားလုံး၏အမူအယာမှာ ဒေါသအကြီးအကျယ်ထွက်နေသည့်ပုံဖြစ်သည်။ ရှေ့မှခေါင်းဆောင်လာသောစူးရှသည့်မျက်လုံးများနှင့်လူမှာ ဘုံကျောင်းထဲသို့စေ့စေ့စပ်စပ်အကဲခပ်လိုက်သည်။
ဘုံကျောင်းထဲတွင် မီးဖိုဘေး၌အိပ်နေသောသူတောင်းစားလေးတစ်ယောက်မှအပ အခြားလူများအားမမြင်တွေ့ပေ ။ ထိုသူတောင်းစားလေးမှာလည်း သူတို့အားထိတ်လန့်ကြောက်ရွံ့နေပုံရသည့်မျက်ဝန်းများနှင့်ကြည့်နေသည်။
---------------------------------------------------------