သွေးစွန်းသိုင်းကျမ်းအရှုပ်တော်ပုံ
Vol. 1 Ch. 12
ကျားလေးကျိန်ဆိုပြီးသည့်နောက်တွင် ထိုလူမှာသဘောကျစွာပြုံးလိုက်သည်။ ထို့နောက် သိုင်းကျမ်းအကြောင်းအား စတင်ပြောကြားလိုက်သည်။
" ဒီသိုင်းကျမ်းက သွေးသိုင်းရာဇာရဲ့ သွေးစွန်းဓားကျမ်းပဲ "
" သွေးသိုင်းရာဇာ "
ကျားလေးမှ အံ့အားသင့်စွာရေရွတ်လိုက်မိသည်။ သိုင်းလောကနှင့်မစိမ်းသော သူ့အနေဖြင့် တစ်ကြိမ်တစ်ခါက သိုင်းလောက၏အရှင်သခင်ဖြစ်ခဲ့ဖူးသူ သွေးသိုင်းရာဇာအားသိရှိသည်မှာ သဘာဝကျပေသည် ။
ကျားကြီးသည်လည်း လဲကျနေသောလူ၏အနားတွင်ထိုင်ချလိုက်သည်။ ထိုလူမှာ ယခုအချိန်အထိလဲလျောင်းလျက်ပင်ရှိနေသေးသည်။ မည်သူမှသူ့အားဆွဲထူမပေးပေ ။ လဲကျနေရင်းမှ ပြောနေခြင်းဖြစ်သည် ။
ကျားကြီးနှင့်ကျားလေးတို့၏အမူအယာအားမြင်လိုက်သောအခါ ထိုလူမှာ သူ၏စိတ်ထဲတွင်နှာခေါင်းရှုံ့လိုက်မိသည် ။ သို့သော် ဆက်၍ပြောလိုက်သည်။
" သွေးသိုင်းရာဇာက သူ့ရဲ့ဘဝတစ်ခုလုံးမှာ သွေးစွန်းဓားကွက်တွေနဲ့ သိုင်းလောကကိုလွှမ်းမိုးနိုင်ခဲ့တယ် ။ သူသွားတဲ့နေရာတိုင်းကို ဓားတစ်လက်နဲ့သွေးစွန်းစေခဲ့တယ်။
ပြီးတော့ အဲဒီခေတ်မှာ ရှောင်လင်၊ ဝူတန်းတို့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကတောင် သူ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မင်းတို့သိတဲ့အတိုင်း သူကပြိုင်ဘက်ကင်းဓားသမားဆီမှာ ရှုံးနိမ့်သွားပြီးတော့ သိုင်းလောကကပျောက်ကွယ်သွားခဲ့တယ်။ သူ့ရဲ့သွေးစွန်းဓားကွက်တွေကတော့ သိုင်းလောကထဲမှာဆက်ရှိနေပြီး အဲဒီသိုင်းကွက်တွေကိုရဖို့အတွက် သွေးချောင်းစီးတိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။
တကယ်တန်းကျ သူတို့မသိတာက သိုင်းလောကထဲမှာ ဟိုတစ်ခုဒီတစ်ခုပျံ့နှံ့နေတဲ့ သိုင်းက္င်တွေက အတုတွေဆိုတာကိုပဲ ။ သိုင်းကျမ်းအစစ်ကို သွေးသိုင်းရာဇာက ကုန်သည်တစ်ယောက်ကိုပေးခဲ့တယ် ။ "
" ဒါဆို ဒီသိုင်းကျမ်းကလည်း "
ကျားကြီးမှာ သူ၏လက်ထဲမှသိုင်းကျမ်းအား ပြန်၍ကြည့်လိုက်မိသည်။ ဤသိုင်းကျမ်သည်လည်း အစစ်ဖြစ်ပါ့မည်လားဟု သူသံသယဝင်လာသည်။
ကျားကြီး၏အမူအယာကိုတွေ့သောအခါ ထိုလူမှ သဘောမကျစွာ ဟမ့်ခနဲ အသံပြုလိုက်သည်။
" မင်းလက်ထဲကသိုင်းကျမ်းကအစစ်ဆိုတာ ငါအာမခံတယ် "
ထို့နောက် သူ၏စကားအားပြန်၍ဆက်လိုက်သည်။
" သွေးသိုင်းရာဇာက ပြိုင်ဘက်ကင်းဓားသမားနဲ့တိုက်ပွဲမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ ပြီးတော့ သူက သု့ရဲ့မိတ်ဆွေဟောင်းကုန်သည်တစ်ယောက်ဆီရောက်သွားခဲ့တယ် ။
အဲဒီကုန်သည်ကလည်း သွေးသိုင်းရာဇာကို သူတတ်နိုင်သမျှ ကူညီပေးခဲ့တယ်။ သူကသမားတော်မြောက်များစွာနဲ့ပြသပေမယ့် သွေးသိုင်းရာဇာရဲ့ဒဏ်ရာတွေကမသက်သာခဲ့ဘူး။
ပြိုင်ဘက်ကင်းဓာသမားက သူ့ရဲ့အသက်ကိုမယူခဲ့ပေမယ့် သွေးသိုင်းရာဇာက သူ့ရဲ့အခြေအနေကိုသူသိတယ်။ သူ့ရဲ့ဒဏရာတွေအများစုက ပြိုင်ဘက်ကင်းဓားသမားရဲ့ ထူးဆန်းတဲ့အတွင်းအားကြောင့်ရလာတာတွေပဲ ။
သူဒီတောင်ကို မကျော်နိုင်မှန်းလဲသိရော သူရဲ့သွေးစွန်းသိုင်းကျမ်းကို မိတ်ဆွေကောင်းပီသတဲ့ကုန်သည်ကိုပေးထားခဲ့တယ်။
သူမသေခင်မှာ သူ့ရဲ့ဘဝအမှန်ကိုပြောပြပြီး သွေးသိုင်းကျမ်းကိုပါပေးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့မိတ်ဆွေကုန်သည်ကြီးက အရှုပ်အထွေးတွေကိုမနှစ်သက်တော့ သိုင်းကျမ်းကို မလေ့ကျင့်ဘဲရိုးရိုးပဲသိမ်းထားခဲ့တယ်။ သိုင်းကျမ်းက ဖျက်စီးပစ်ဖို့ကျ တန်ဖိုးကြီးလွန်းတယ်လေ။
အဲဒီနောက်မှာတော့ သိုင်းကျမ်းနဲ့ပတ်သက်ပြီး သွေးစွန်းနိုင်တဲ့ဖြစ်ရပ်တွေကိုကြိုတင်ခန့်မှန်းမိပြီး သူလဲဇာတ်မြှုပ်သွားတော့တာပဲ။ "
ထိုလူမှာ စကားပြောရသည်မှာ မောလာသည့်ဟန်ဖြင့်ခေတ္တရပ်နားလိုက်သည်။
" အား ကျွတ် ကျွတ် "
သူ၏ခန္တာကိုယ်တွင်ရှိသောဒဏ်ရာများမှ နာကျင်လာသဖြင့် ကျားလေးအား ကြိတ်၍ကျိန်ဆဲလိုက်သည်။ ထို့နောက် သူ၏စကားအားမြန်မြန်ဆက်ပြောလိုက်သည်။
သူတို့၏သဘောတူညီမှုပြီးသည်နှင့် ဤစိတ်ပျက်စရာကောင်းသောနေရာကြီးမှ မြန်မြန်ထွက်သွားရမည်ဖြစ်သည်။
ကျားလေးတို့အတွက်ကမူ သူကျိန်ဆိုပြီးပြီဖြစ်သဖြင့် သူကိုယ်တိုင်သတ်၍မရပေ။ သို့သော် ထိုမျိုးမစစ်ကောင်များအား သေစေရန်မှာလွန်စွာလွယ်ကူသည်။ သွေးစွန်းဓားသိုင်းကျမ်း ကျားလေးတို့ဆီတွင်ရှိသည်ဟု သတင်ဖြန့်လိုက်ရုံပင်။ ထိုသတင်းအတုဖြစ်စေ ၊ အစစ်ဖြစ်စေ ကျားလေးနို့သေမည်ကတော့ ဧကန်ဖြစ်သည်။
သူ့အတွေးဖြင့်သာပြုံးလိုက်သည်။ ထို့နောက် က်ေပြောလိုက်သည်။
" ငါကသွေးစွန်းဓားသိုင်းကျမ်းကိုလိုက်ရှာနေတာ ဆယ်နှစ်ဆယ်ကျော်ပြီ ။ ဒါပေမယ့် ကုန်သည်ကြီးတို့မိသားစုက သတင်းအစအနပျောက်သွားတော့ လုံးဝရှာလို့မရခဲ့ဘူး။ ဒါနဲ့ငါလည်း ကြေးစားအဖွဲ့တစ်ခုကိုဝင်ခဲ့တယ်။ မကြာခင်ငါ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် ဒုအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ် ။ ငါတို့အဖွဲ့ဝင်တွေက စောစောကမင်းတို့တွေ့လိုက်တဲ့လူတွေပဲ
ငါတို့လွန်ခဲ့တဲ့သုံးရက်က သူဌေးမိသားစုတစ်စု နန်းမြို့တော်ကိုခရီးသွားတာကို သူတို့နဲ့ကာကွယ်ဖို့အတွက်လိုက်ပါခဲ့ကြတယ်။ ဒါပေမယ့်လမ်းမှာ အဲဒီသူဌေးက သွေးသိုင်းရာဇာရဲ့မိတ်ဆွေသူဌေးကြီးရဲ့မျိုးဆက်ဖြစ်နေပြီးတော့ သွေးစွန်းဓားသိုင်းကျမ်းက သူ့ဆီမှာရှိတယ်ဆိုတာကို ငါမမျှော်လင့်ဘဲသိလိုက်ရတယ်။ ဒါပေမယ့်အဲဒီလူက သိုင်းကျမ်းကိုမိသားစုအစဉါအဆက်လက်ဆင့်ကမ်းလာတဲ့ပစ္စည်းအဖြစ်ပဲထားပြီးတော့ လုံးဝမလေ့ကျင့်ခဲ့ဘူး။ "
ကျားလေးမှာ မျက်မှောင်ကုတ်လိုက်မိသည်။ ထိုခူ၏စကားအသွားအလာအရ ထိုသူဌေးမိသားစုမှာ ဇာတ်သိမ်းကောင်းပုံမရပေ။
" အဲဒီသူဌေးနဲ့ငါပထမတော့ ညှိနှိုင်းခဲ့သေးတယ် ။ ဒါပေမယ့်သူကမရောင်းချင်ဘူးဆိုတော့လည်း ငါ့အဖွဲ့သားတွေနဲ့တိုင်ပင်ပြီး သူတို့တစ်မိသားစုလုံးကို သတ်ပစ်လိုက်ကြတယ်။ "
ထို့လူ၏စကားကြောင့်ကျားကြီးနှင့်ကျားလေးမှာ မျက်နှာရှုံ့မဲ့သွားကြသည်။ ထိုသူဌေးမိသားစုမှာ ကိုယ့်အားကိုက်သတ်မည့်ဝံပုလွေအား အိမ်ထဲသို့ဖိတ်ခေါ်သကဲ့သို့ဖြစ်သည် ။ ထို့အပြင် ထိုလူတို့တစ်ဖွဲ့လုံးအားပို၍ရွံရှာလာသည်။
ထိုလူများမှာ ကောင်းသည်ဆိုးသည်အပထား စောင့်ထိမ်းရမည့် စည်းမျဉ်းများပင်လုံးဝဂရုမစိုက်ဘဲလုပ်ကြသည်မဟုတ်လား။
" ငါ့ရဲ့အဖွဲ့သားတွေက အဲဒီသိုင်းကျမ်းကိုဘာသိုင်းကျမ်းမှန်း အတိအကျမသိကြဘူး။ ငါကဝေဝေဝါးဝါးပဲပြောထားသေးတာ။ သူဌေးမိသားစုအပြတ်ရှင်းပြီးဒီညက ငါတို့အောင်ပွဲခံတဲ့ညပဲ။ ဒီညမှာပဲ ငါသိုင်းကျမ်းကိုအလစ်သုတ်ပြီးပြေးလာခဲ့တာ ။ ဒီလက်မောင်းကအဆိပ်မိတဲ့ဒဏ်ရာက ငါထွက်ပြေးတာကိုရိပ်မိပြီး တိုက်ခိုက်ခဲ့တဲ့ ငါတို့ခေါင်းဆောင်ရဲ့လက်ချက်ကြောင့်ပဲ။ "
ထိုလူမှာ သူ၏စကားအားရပ်နားလိုက်သည်။ ထိုအခါမှ ကျားကြီးနှင့်ကျားလေးတို့မှာ ဤဇာတ်ရှုပ်ကြီးတစ်ခုလုံးအား လိမ့်ပတ်လည်အောင်သိသွားကြတော့သည်။
သို့သော် ကျားကြီးမှာ သူနားမလည်နိုင်သည့်အချက်အားမေးလိုက်သည်။
" ခင်ဗျားက သိုင်းကျမ်းတဲ့ပတ်သတ်တဲ့အကြောင်းတွေကို ဘာကြောင့်ဒီလောက်ခရေစေ့တွင်းကျသိနေရတာလဲ "
ထိုလူမှချောင်းတစ်ချက်ဆိုးကာ ပြန်ဖြေလိုက်သည်။ သူ၏မျက်နှာမှာလည်း ခန္တာကိုယ်ပေါ်မှ မွစာကြဲနေသည့်ဒဏ်ရာများကြောင့် နာကျင်နေဟန်ဖြင့်ရှုံ့မဲ့နေသည်။
" ငါအဖိုးက သွေးသိုင်းရာဇာကိုကုပေးခဲ့တဲ့ သမားတော်တွေထဲကတစ်ဦးပဲ။ ငါ့အဖိုးက ဒီအကြောင်းတွေကို ငါ့ကိုငယ်ငယ်ထဲကပြောပြခဲ့တယ်။ ဒါကြောင့်ငါလဲသွေးစွန်းသိုင်းကျမ်းကိုသည်းကြီးမည်းကြီး လိုက်ရှာနေခဲ့တာပဲ ။ "
ထိုလူရှင်းပြသည်ကိုနားထောင်ပြီးနောက်ကျားကြီးနှင့်ကျားလေးမှာတိတ်ဆိတ်သွားသည်။ ထို့နောက်ကျားလေးမှထပ်မေးလိုက်သည်။
" ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကို ဘာကြောင့်သတ်ချင်တာလဲ။ ကျုပ်တို့က ခင်ဗျားအသက်ကိုကယ်ခဲ့တာနော် "
ထိုမေးခွန်းကြောင့် ထိုလူ၏မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အမူအယာပေါ်ပေါက်လာသည်။ သို့သော် ကျားကြီးနှက့်ကျားလေးမှာမူ ထိုလူဟန်ဆောင်နေသည်အား မုန်းတီးစွာကြည့်လိုက်သည်။
" အဟွတ် ဒါက မင်းတို့နှစ်ယောက်က ငါ့ဆီမှာရှိတဲ့သိုင်းကျမ်းကိုမြင်ပြီးပြီဆိုတော့ သတင်းမပေါက်ကြအောင် မင်းတို့ကိုငါသတ်မှရမယ် ။ ပြီးတော့ မင်းတို့ကငါ့ဆီမှာသိုင်းပညာသင်ချင်တယ်ဆိုတော့ အဆင်သင့်ဖြစ်သွားတယ်။ ငါက ကိုယ့်ကိုယ်ကိုကလွဲရင်ဘယ်သူ့ကိုမှမယုံဘူး။ ဒါကြောင့်မင်းတို့နှစ်ယောက်ကို တစ်ခါတည်းအပြတ်ရှင်းမလို့လုပ်ခဲ့တာ။ ဒါပေမယ့် ဟိုအရာကြီးကြောင့် "
ထိုလူမှာ စကားပြောရင်ကြောက်ရွံ့လာပုံပေါ်သည်။ထို့နောက် ခပ်မြန်မြန်ပြောလိုက်သည်။
" မင်းတို့သိချင်တာလဲသိရပြီးပြီဆိုတော့ ငါ့ကိုလွှတ်ပေးပါတော့ကွာ "
အသနားခံသည့်လေးသံဖြင့်ကျားလေးအားကြည့်ကာပြောလိုက်သည်။
ကျားလေးမှာမူ စကားပြန်မပြောဘဲထိုလူ့အားပြုံးပြလိုက်သည်။ ထိုအပြုံးကြောင့် ထိုလူမှအနည်းငယ်ထိတ်လန့်သွသည်။ သို့သော် ကျိန်ဆိုထားသောကြောင့် များစွာစိုးရိမ်ခြင်းတော့မရှိပေ။
" ကျုပ်တို့ရဲ့စည်းမျဉ်းကလည်း ကိုယ့်ကိုလာထိရင်အလွတ်မပေးတတ်ဘူး ။ ပြီးတော့ ခင်ဗျားနဲ့ကျိန်ဆိုတာက ကျားလေးလေ ကျုပ်မှမဟုတ်တာ ။ "
ဘေးတွင်အေးဆေးစွာထိုင်နေသောကျားကြီးမှပြောလိုက်သည်။ ထို့နောက် ထရပ်ကာကျားလေး၏လက်ထဲမှဓားအားယူလိုက်သည်။
" နေဦး နေဦး "
ထိုလူမှာစကားအားဆုံးအောင်ပြောခွင့်မရလိုက်ပေ။ ကျားကြီးမှ ဓားအားအားကုန်မြှောက်ကာ ထိုလူ၏ရင်ဘက်အားထိုးစိုက်ချလိုက်သည်။
ဓားတိုလေးမှာ ဓားထိပ်ဖျားကျိုးနေသော်လည်း လူတစ်ယောက်၏အသားကိုတော့ လွယ်ကူစွာထိုးစိုက်၍ရသည်။ ထိုလူမှာ တစ်စုံတစ်ခုပြောချင်သေးသည့်ပုံဖြင့် မျက်လုံးများပြူးကျယ်နေကာ သေဆုံးသွားတော့သည်။
---------------------------------------------------------