အမှောင်ထဲမှလူငယ်
Vol. 1 Ch. 13
" ဟားး "
ကျားကြီးမှာ သက်ပြင်းတစ်ချက်ချကာ မြေကြီးပေါ်သို့ထိုင်ချလိုက်သည် ။ သူ၏လက်များ တဆက်ဆက်တုန်ယင်နေကာ မျက်နှာလည်းဖြူဖျော့နေသည် ။သူ့အနေဖြင့် ထိတ်လန့်တုန်လှုပ်နေသည်မှာ အသိသာကြီးပင်ဖြစ်သည် ။
ကျားကြီးမှာ သူ့လက်ထဲတွင်ရှိသော ချွန်မြနေသည့်ဓားနှင့်ဓားတွင်စွန်းပေနေသောသွေးများအားကြည့်လိုက်သည် ။ ဓားမှသွေးများမှာ စီးကျလာပြီး သူ့လက်နှစ်ဖက်လုံးတွင်လည်း နီရဲနေသည်။ ကျားကြီးမှာ အသိစိတ်ပျောက်ကွယ်နေသကဲ့သို့ သွေးစွန်းနေသောလက်နှစ်ဖက်ကိုသာ ငေးကြည့်နေသည်။
ကျားလေးမှ သူ့အနားသို့လာကာ သူ၏ပခုံးအားပုတ်လိုက်သည် ။ ကျားလေး၏မျက်နှာသည်လည်းလုံးဝပျက်ယွင်းနေပြီဖြစ်သည်။ ထို့နောက် သူလည်း ကျားကြီး၏ဘေးတွင်ဝင်ထိုင်လိုက်သည် ။
စောစောက သေဆုံးနေပြီဖြစ်သည့်လူအား သွေးအေးအေးဖြင့် နှိပ်စက်ခဲ့ ၊သတ်ဖြတ်ခဲ့သူများမှာ သူတို့မဟုတ်သကဲ့သို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ကား ဆယ်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ်လူငယ်လေးများဖြစ်သည်ကို သတိပြုရပေမည် ။
သူတို့နှစ်ဦးစလုံး လူမှန်းသိတတ်စအချိန်ထဲက လမ်းပေါ်တွင်နေခဲ့ရကာ ရန်ပွဲအတော်များများဖြစ်ဖူးကြသော်လည်း လူတစ်ယောက်အားသတ်ဖြတ်ဖူးသည်က ယခု ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သွေးပျက်နေကြမိသည်။
သူတို့၏ဘေးတွင် လောလောလက်လက်သေဆုံးသွားသောအလောင်းကောင်ကြီးရှိနေသည် ။ထို့အပြင် သေဆုံးသွားသူအားသတ်ဖြတ်သည်မှာ သူတို့ထဲမှတစ်ဦးဖြစ်၍ ကျန်တစ်ဦးသည်လည်း နှိပ်စက်ညှင်းပမ်းခဲ့သည်။
" ဖြောင်း ဖြောင်း "
လက်ခုပ်တီးသံထွက်ပေါ်လာပြီး မှောင်ရိပ်ကျနေသည့်ဘက်တွင်ရှိသောဘုံကျောင်းနံရံမှ လူတစ်ယောက် ဖြေးညင်းစွာထွက်လာသည်။
ကျားကြီးနှင့်ကျားလေးမှာ ထိတ်လန့်သွားကြကာ နောက်သို့ဆုတ်လိုက်ကြသည်။ ကျားကြီးသည်လည်းသွေးများဖြင့်ပေကျံနေသောဓားအား တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
ထိုလူမှာ ဘုံကျောင်းထဲသို့ မည်သည့်အချိန်ထဲကရောက်နေမှန်းမသိပေ ။ ထိုလူမှာ အမှောင်ထုနှင့်တစ်သားထဲကဲ့သို့ဖြစ်နေပြီး သူသူထွက်မလာပါက ဘုံကျောင်းထဲတွင်ရှိမှန်း မည်သူမှပြောနိုင်မည်မဟုတ်ပေ ။
သူတို့ပြုလုပ်ထားသောမီးဖိုမှာ အချိန်အနည်းငယ်ကြာပြီဖြစ်၍ အလင်းရောင်အားနည်းလာသည်။ မီးအလင်းရောင်က မြင်ရသည်ဆိုရုံပင်ရှိတော့ကာ အမှောင်ထဲမှထွက်လာသူ၏မျက်နှာအား ရှင်းလင်းစွာမမြင်ရပေ။
ထိုလူမှ ဘုံကျောင်းထောင့်သို့သွားကာ ယနေ့ညမတိုင်မီက ကျားကြီးနှင့်ကျားလေးတို့စုဆောင်းထားသည့်ထင်းများအားပွေ့ယူလိုက်သည်။ ထို့နောက် မီးဖိုအတွင်းသို့ ထင်းများထပ်ထည့်လိုက်သည်။
သူ၏အပြုအမူများမှာ အေးဆေးကာညင်သာသည်။ မသိလျှင်သူ့အိမ်သူ့ယာသို့ရောက်နေသကဲ့သို့ ပတ်ဝန်းကျင်အားဂရုမစိုက်ပေ ။ကျားကြီးနှင့်ကျားလေးတို့မှာမူ ထိုလူ၏လှုပ်ရှားမှုမှန်သမျှအား မျက်တောင်မခတ်တန်းလိုက်ကြည့်နေကြသည် ။
သူတို့လုံးဝမလှုပ်ရှားပေ ။ မလှုပ်ရှားဝံ့ဟုပြောရလျှင်ပို၍မှန်ကန်သည်။ တစ်ဖက်လူမှသူတို့အား တစ်ချက်မှပင်မကြည့်သေးသော်လည်း သူတို့၏စိတ်ထဲတွင်မသက်မသာဖြစ်နေကြသည်။
သူတို့အနေဖြင့် ဤလူမှာ လူဆိုးမှန်းလူကောင်းမှန်းမသိပေ ။ လူဆိုးလူကောင်းထက် သူတို့အားအန္တရာယ်ပြုမည် ၊ မပြုမည်ကပို၍အရေးကြီးသည်။ သူတို့အနည်းငယ်ရိပ်မိသည်ကား ဤလူမှာ သူတို့အားအမှောင်ထဲမှနေ၍ ကူညီပေးသူဖြစ်ရမည် ။
မီးဖိုမှ မီးအလင်းရောင်မှာ မြင့်တက်လာသည် ။ ထို့ကြောင့် ကျားကြီးနှင့်ကျားလေးမှာ ထူးဆန်းသောလူ၏မျက်နှာအား ရှင်းလင်းစွာမြင်လိုက်ရသည်။
ထိုလူမှ အနက်ရောင်ဝဝ်စုံအားဝတ်ဆင်ထားသည်။ အသက်များစွာကြီးသေးပုံမရဘဲ အသက်နှစ်ဆယ်ကျော်ခန့်သာရှိသည် ။ လူငယ်၏ ချောမောသော မျက်နှာတွင်အမူအယာကင်းမဲ့နေသည်။
ထိုလူ၏မျက်နှာအားတွေ့လိုက်ရပြီးနောက် ကျားကြီးနှင့်ကျားလေးတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့၏မျက်ဝန်းထဲတွင်ကြောက်ရွံ့ဟန်များအထင်းသားပေါ်ထွက်နေသည်။
လူငယ်အားသူတို့သိသည်။ နေ့လည်ကပင် သူတို့လူငယ့်ဆီမှ ကြေးပြားအချို့အလစ်သုတ်ခဲ့ကြသေးသည် ။ယခု လူငယ်နှင့် မျက်နှာချင်းဆိုင်တွေ့နေပြီဖြစ်သည် ။အရေးအကြီးဆုံးအချက်ကား ထိုလူငယ်မှာ သာမန်မဟုတ်ဘဲ လွန်စွာကြောက်စရာကောင်းသည့်လူဖြစ်ကြောင်းသူတို့သိရှိလေသည်။
" ခင်ဗျားက ကျုပ်တို့ကိုကယ်ခဲ့တဲ့လူလား "
ကျားလေးမှ လူငယ်အားမေးလိုက်သည် ။ လူငယ်မှ ကျားလေး၏မေးခွန်းကြောင့်ခေါင်းမော့၍ကြည့်လိုက်သည် ။ သူ၏စူးရှကာ တလက်လက်တောက်ပနေသောမျက်လုံးများအောက်၌ ကျားကြီးနှင့်ကျားလေးမှာ အနည်းငယ်စိတ်မသက်မသာဖြစ်လာသည်။ သူတို့အနေဖြင့် တစ်စုံတစ်ရာအား မွမ်းကြပ်သလိုဖြစ်ကာ ဖွင့်ထုတ်ပစ်လိုက်ချင်စိတ်များပေါ်လာသည်။
" ဟုတ်တယ် ငါကမင်းတို့ကိုကယ်ခဲ့တဲ့လူပဲ ။ နေ့လည်က မင်းတို့နှစ်ယောက် ငါ့ဆီက ကြေးပြားဆယ့်ငါးပြားယူသွားခဲ့တယ် "
လူငယ်မှ အေးအေးဆေးဆေးပြောလိုက်သည် ။ သို့သော်ကျားကြီးနှင့်ကျားလေးမှာမူ တစ်ကိုယ်လုံးတုန်တက်သွားကြသည်။
လူငယ်အနေဖြင့် သူတို့အားကူညီပေးခဲ့သော်လည်း ဤသည်က မည်သည့်အတွက်ကြောင့်မှန်းမသိပေ။ နေ့လည်ကပင် သူတို့ကလူငယ့်ဆီမှကြေးပြားများအလစ်သုတ်ခဲ့ကြသည်။
ကျားကြီးမှ သူ၏ကိုယ်ပေါ်တွင်သိမ်းထားသောငွေတုံးအချို့နှင့်ကြေးပြားများကိုထုတ်လိုက်သည် ။ကျားလေးအား မျက်ရိပ်ပြလိုက်သောအခါ ကျားလေးမှလည်း သု၏ငွေများအားအကုန်အစင်ထုတ်ကာ ကျားကြီးအားပေးလိုက်သည်။
ကျားကြီးလည်းရှေ့သို့မဝံ့မရဲတိုးသွားကာ လူငယ်၏ရှေ့၌ ငွေမျအားချထားလိုက်သည် ။ ကျားကြီးမှာ တခဏရပ်၍ လူငယ်၏ရှေ့သို့ချထားကာ ငွေများအား နှမြောတသကြည့်လိုက်သည် ။ နောက်သို့ချက်ခြင်းပြန်ဆုတ်လာသည်။ ထို့နောက် နောက်သို့ချက်ခြင်းပြန်ဆုတ်လာသည်။
" ဒါက ကျုပ်ဆီမှာရှိတဲ့ငွေအကုန်ပဲ။ ခင်ဗျားဆီကယူတဲ့ငွေထက်အများကြီးပိုများတယ် ။။ကျုက်တို့ကိုအလွတ်ပေးမလား "
ကျားကြီးမှ မဝံ့မရဲပြောကာ လူငယ်အားကြည့်လိုက်သည် ။ သူက လူငယ်၏အဖြေကိုစောင့်နခြင်းဖြစ်သည် ။ အကယ်၍လူငယ်သာသူတို့အားလွှတ်ပေးပါက အချိန်မဆိုင်းဘဲ ချက်ခြင်းထွက်ပြေးသွားမည်ဖြစ်သည် ။
ကျားလေးသည်လည်းသူ၏နောက်တွင် မလှုပ်မယှက်ရပ်ကာ လူငယ်အားကြည့်နေသည်။ သူလည်းကျားကြီးနည်းတူ ထွက်သွားချင်နေပြီဖြစ်သည်။ သို့သော် လူငယ်၏ခွင့်ပြုချက်မရဘဲ ခြေတစ်လှမ်းမှ မလှမ်းဝံ့ပေ။
လူငယ်မှ ယခုအချိန်အထိ မီးပုံအား အကြောင်းမဲ့ငေးနေသည် ။ သူ့ပုံစံက ကျားကြီးတို့ပေးထားသည့်ငွေများအား စိတ်ဝင်စားပုံမရပေ။ သူ့ရှေ့ရှိငွေများကို တစ်ချက်ကလေးမှပင်စောင်းမကြည့်ပေ။
ကျားကြီးနှင့်ကျားလေးမှာ လူငယ်၏အမူအယာကြောင့် စိတ်ထဲတွင်ကြိတ်၍ကျိန်ဆဲလိုက်ကြသည် ။ ထို့နောက် ကျားလေးမှကျားကြီးအား တစ်စုံတစ်ခုကပ်ပြောလိုက်သည်။ သူတို့ပြောနေသည့်စကားမှာ လွန်စွာတိုးညင်းသော်လည်း လူငယ်မှ ပြတ်သားစွာကြားနေရသည်။ ထို့ကြောင့် လူငယ်မှာ တစ်ချက်ပြုံးလိုက်မိသည်။
သူတို့နှစ်ဦးတိုင်ပင်ပြီးနောက် ကျားကြီးမှာ ရင်ဘက်ကြားထဲတွင်သိမ်းထားသောသွေးစွန်းဓားသိုင်းကျမ်းအားဆွဲထုတ်လိုက်သည် ။သူ၏လက်များအနည်းငယ်တုန်ယင်နေသည် ။ ဤသိုင်းကျမ်းမှာ သူတို့နှစ်ယောက်အား သိုင်းလောကတွင်လက်မထောင်နိုင်စေရန်ကူညီပေးလိမ့်မည်ဖြစ်ကြောင်းသိရှိနေသည်။
ကျားလေးမှ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသော ကျားကြီးအား ခေါင်းညိမ့်ပြသည်။ ကျားကြီစလည်း အံတစ်ချက်ကြိတ်ကာ သွေးစွန်းဓားသိုင်းကျမ်းစာအုပ်အား လူငယ်၏ရှေ့သို့ချပေးလိုက်သည်။
ငွေတုံးများနှင့်ကြေးပြားများအပုံလိုက်ပေးစဉ်က တစ်ချက်မှပင်စောင်းမကြည့်သည့်လူငယ်မှာ သွေးစွန်းဓားသိုင်းကျမ်းအားဆွဲယူလိုက်သည်။ ထို့နောက် သိုင်းကျမ်းအား ဖြေးညင်းစွာလှန်ကာဖတ်ကြည့်လိုက်သည် ။
" ကျုပ်တို့ထွက်သွားလို့ရပြီလား "
ကျားလေးမှမေးလိုက်သည်။ လူကယ်မှစကားပြန်၍မပြောပေ ။ကျားလေးမှ ထိတ်လန့်နေသည့်ကြားမှပင် အနည်းငယ်ဒေါသထွက်လာသည်။
" ကျုပ်တို့မှာရှ်တာအကုန်ပေးပြီးပြီလေ ။ ခင်ဗျားက ဘာလို့ချင်သေးလို့လဲ ။ ခင်ဗျားဆီကမဖြစ်စလောက်လေးယူခဲ့တာကိုကျုပ်တို့အကုန်ပြန်ပေးပြီးပြီလေ။ ကျုပ်တို့အသက်ကိုကယ်ခဲ့လိုလည်း သွေးစွန်းဓားသိုင်းကျမ်းကိုပေးပြီးပြီ။ ဒါကိုတောင်ခင်ဗျားကလွှတ်မပေးချင်သေးဘူးဆိုရင် ကျုပ်တို့ရဲ့အသက်ကိုလိုချင်တာလား "
ကျားလေးမှအော်ဟစ်လိုက်သည် ။ ကျားကြီးမှာ ကျားလေး၏ပါးစပ်အညးကမန်းကတန်းပိတ်သော်လည်း မမီတော့ပေ ။ ကျားလေးလည်း စိတ်လွတ်ထွက်ကာအော်ဟစ်ပြီးမှ အနည်းငယ်နောင်တရသွားသည်။ လူငယ်အနေဖြင့်သူတို့အားသတ်ချင်လျှင် ငှက်ပျောသီးပခွံခွာသည်ထက်ပင်လွယ်ကူသေးသည် ။
နောက်ဆုံးတွင် တိတ်ဆိတ်နေသောလူငယ်မှသူတို့အားကြည့်လာသည် ။ ထို့နောက် အနိမ့်အမြင့်မရှိသောလေသံဖြင့်ပြောလိုက်သည်။
" ဟုတ်တယ် ။ ငါမင်းတို့ကိုသက်မလို့လာတာ "
ကျားကြီးနှင့်ကျားလေးမှာ မျက်နှာဖြူဖျော့သွားကြသည် ။ သို့သော် လူငယ်မှ ဆက်ပြောလိုက်သည် ။
" ဒါပေမယ့် ငါဒီကိုရောက်ပြီးတော့ စိတ်ပြောင်းသွားတယ် ။ ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာတစ်ခုပေးမယ် "
လူငယ်စကားကြောင့် ကျားကြီးနှင့်ကျားလေးမှာ အနည်းငယ်စိတ်သက်သာရာရသွားသည် ။ ကျားကြီးမှအလျှင်အမြန်မေးလိုက်သည် ။
" ကျုပ်တို့ ဘာလုပ်ပေးရမှာလဲ "