နဂါးသတ်ဓားကွက်နှင့် တိုက်ပွဲအဖြေ
Vol. 1 Ch. 16
စုတိမှာ လူငယ်၏လက်အတွင်းမှဓားအားကြည့်ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူကိုယ်တိုင်က ဓားအသုံးပြုသူတစ်ယောက်မဟုတ်သော်လည်း လူငယ်၏နဂါးကြေးခွံဓားက သူ့အားစိတ်လှုပ်ရှားသွားစေသည်။
အကောင်းဆုံးသံမဏိကိုပင် ရွှံ့လိုပိုင်းဖြတ်နိုင်စွမ်းရှိသောဓား ဤသည်မှာ လူငယ်၏လက်ထဲမှနဂါးကြေးခွေဓားသည် ရတနာဓားတစ်ချောင်းဖြစ်ကြောင်း ဖော်ပြနေသည်။
အကယ်၍ဤဓားအကြောင်းသာ သိုင်းလောကအတွင်းပျံ့နှံ့သွားပြီး သိုင်းလောကသားများသာသိရှိသွားပါက လူငယ်၏နောက်သို့ အမဲလိုက်သလိုလိုက်လံသတ်ဖြတ်ကြပေလိမ့်မည်။
သို့သော် လူငယ်မှ မည်သည့်အတွက် ဤမျှအဖိုးထိုက်တန်သောရတနာဓားတစ်ချောင်းအား လောင်းကြေးအဖြစ်ထပ်သနည်း ။ သူအနည်းငယ်သံသယဖြစ်မိသည်။
" ငါ့ဆီကဘာလိုချင်တာလဲ "
ရွှေလင်းယုန်စုတိမှမေးလိုက်သည်။ သူ့ထံတွင် လူငယ်၏ညနဂါးကြေးခွံဓားလောက်အဖိုးထိုက်တန်သည့်အရာမရှိပေ။
ဘဝတစ်လျှောက်လုံး အဖြူရောင်သိုင်းသမားအဖြစ်ခံယူကာ သိုင်းလောကအကျိုးသယ်ပိုးခဲ့သော်လည်း သူ့ထံတွင် ငွေကြေးဥစ္စာစုမိဆောင်းမိမရှိပေ။ ရတနာလက်နက်ဆိုလျှင် ပို၍ဆိုးသေးသည်။
စုတိ၏စကားကြောင့် လူငယ်မှပြုံးလိုက်သည်။
" ကျုပ်နိုင်ရင် တစ်ခုတောင်းဆိုစရာရှိတယ် စိတ်မပူပါနဲ့ ခင်ဗျားတတ်နိုင်တဲ့ဘောင်အတွင်းကပဲတောင်းဆိုမှာပါ "
လူငယ်မှ အေးအေးဆေးဆေးပြောလိုက်သည်။ ထို့ကြောင့် စုတိလည်း အနည်းငယ်တွေဝေသွားကာ လောင်းကြေးကို သဘောတူလိုက်သည်။
တိုက်ပွဲကြည့်ရန်လူကြသူများမှာ ကွင်းပြင်အစပ်တွင်ဖြစ်ကာ သူတို့နှင့် အနည်းငယ်ဝေးနေသဖြင့် သူတို့ပြောသောစကားများကို မကြားရပေ။
သူတို့မြင်သည်က နဂါးစိမ်းဓားသမားနှင့်စုတိတို့မှာ မတိုက်ခိုက်သေးဘဲ စကားပြောနေကြသည်ကိုဖြစ်သည်။
" ဟားး တိုက်ပွဲကြည့်ချင်လို့လာပါတယ်ဆို စောက်စကားများနေကြ အချိန်တွေကုန်တယ် "
အဆိုးမြင်ဝါဒရှိသောသိုင်းသမားတစ်ဦးမှ မကျေမနပ်ရေရွတ်လိုက်သည်။
သူ၏စကားကိုကြားရသောဘေးနားရှိသိုင်းသမားများမှာ မျက်မှောင်ကြုတ်သွားကြသည် ။
" မင်းကိုဘယ်သူကလာကြည့်ပါလို့ဖိတ်ခေါ်ထားလို့လဲ "
" မကျေနပ်ရင် သူတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်ကို သွားပြီးစိန်ခေါ်ချေလေ ။ ဒီမှာလာပြီးပြောနေသေး "
ထိုသိုင်းသမားအား ဘေးနားရှိလူများမှ ဝိုင်းဝန်းဝေဖန်လိုက်ကြသည် ။
ထိုလူမှာ အများနှင့်တစ်ယောက်ဖြစ်သည့်အပြင် သိုင်းပညာလောက်လောက်လားလားမရှိသောကြောင့် ခပ်ကုပ်ကုပ်ဖြင့် ပါးစပ်ပိတ်သွားသည်။
သူတို့ပြောဆိုနေကြစဉ် စုတိနှင့်လူငယ်တို့မှာ တိုက်ခိုက်ရန်ပြင်နေကြသည်။
စုတိမှ သူ၏လက်စွဲတော်သံမဏိလက်အိတ်နှစ်ခုအားထုတ်ယူလိုက်သည်။ သူ၏လက်အိတ်နှစ်ခုမှာ လက်ချောင်းနေရာများတွင် ချွန်ထက်နေကာ ဓားသွားကဲ့သို့လွယ်ကူစွာအသုံးပြုနိုင်သည်။
စုတိမှာ လင်းယုန်လက်သည်းပုံစံ ဤလက်အိတ်အား အကောင်းဆုံးပန်းပဲဆရာထံတွင် ကြိုးစားကာပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤလက်အိတ်အားစွပ်ထားပါက ဓားလှံများအားကြောက်စရာမလိုတော့ပေ ။
" ကောင်လေးသတိထားပါ "
စုတိမှ မတိုက်ခင် ကြိုတင်သတိပေးလိုက်သည်။
အသက်လုတိုက်ပွဲမဟုတ်သည့် သာမန်တိုက်ပွဲများတွင်ဤလက်အိတ်အားအသုံးပြုလေ့မရှိသော်လည်း လူငယ်နှင့်တိုက်ပွဲတွင်မူ အလေးထားကာ တိုက်ပွဲမစမီထဲက လက်အိတ်နှစ်ခုအား ကြိုတင်၍စွပ်ထားလိုက်သည်။
လူငယ်မှမူ တစ်ချက်ပြုံးလိုက်ကာ သူ၏နဂါးကြေးခွံဓားအားဆုပ်ကိုင်လိုက်သည်။ ထို့နောက် စုတိအားတည်ငြိမ်စွာကြည့်လိုက်သည်။
" ယား "
စုတိမှအော်ဟစ်မာန်သွင်းကာ လူငယ်ထံသို့ရိပ်ခနဲခုန်ဝင်သွားသည် ။ စုတိမှ လူငယ်ထံသို့တိုးဝင်သွားရင်း သူ၏လက်နှစ်ဘက်ဖြင့်တိုက်ခိုက်လိုက်သည်။
လူငယ်မှ နေရာမရွေ့ဘဲ စုတိ၏လက်အား သူ၏ဓားဖြင့်ရိုက်ဖယ်လိုက်သည်။
" ချွမ် "
နှစ်ဦစလုံး နောက်သို့ခြေတစ်လှမ်းဆီဆုတ်ပေးလိုက်ရသည်။ စုတိမှာ လူငယ်အားကြည့်ကာအနည်းငယ်အံ့အားသင့်သွားသည်။
ပထမတိုက်ခိုက်မှုမှာ အကဲစမ်းသည့်သဘောဖြင့်တိုက်ခိုက်ခြင်းဖြစ်သော်လည်း လူငယ်၏အဆွင်းအားမှာ သူ၏အတွင်းအားနှင့်တူညီနေသည်ကိုတွေ့သောကြောင့် အံ့အားသင့်သွားခြင်းဖြစ်သည်။
စုတိမှာ အသက်သုံးဆယ်ကျော်ပြီဖြစ်ကာ အဆင့်လွန်သိုင်းအဆင့်သို့ရောက်ရှိနေသောသိုင်းသမားဖြစ်သည်။
သူနှစ်ပေါင်းများစွာကျင့်လာသည့်အတွင်းအားကို အသက်နှစ်ဆယ်ကျော်သာရှိသေးသည့်လူငယ်လေးမှလိုက်မီနေ၍ သူအနည်းငယ်မနာလိုဖြစ်သွားမိသည်။
ထို့နောက် လူငယ်အား ထပ်မံ၍ အဆက်မပြတ်တိုက်ခိုက်လိုက်သည် ။
" လင်းယုန်အစာသုတ် "
စုတိ၏ညာလက်မှလက်သည်းများမှာ လူငယ်၏ရင်ဘက်ရှိရာသို့တိုးဝင်လာသည်။ လူငယ်မှ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာရှောင်တိမ်းလိုက်သည်။
သို့သော် စုတိ၏နာမည်ကျော် လင်းယုန်အစာသုတ်
သိုင်းကွက်အား လွယ်လွယ်နှင့်ရှောင်တိမ်းမရပေ ။ စုတိမှာ ပို၍လျှင်မြန်သောအဟုန်ဖြင့် လူငယ်၏ရင်ဘက်သို့ ကုတ်ဆွဲလိုက်သည်။
လူငယ်မှမူ ဤသို့ဖြစ်မည်ကိုမျှော်လင့်ထားသည့်အသွင်ဖြင့်
" နဂါးအမှီးယမ်းတိုက်ကွက် "
တီးတိုးရေရွတ်ကာ စုတိ၏လက်အား ရိုက်ဖယ်လိုက်သည်။
" ချွမ်း "
စုတိ၏လက်မှာ ဘေးသို့ရောက်သွားသည် ။ သို့သော် နောက်တွင်ဝှက်ထားသောစုတိ၏ဘယ်လက်မှာ ရိပ်ခနဲရောက်လာသည်။
" ဗြိ "
လူငယ်၏ရင်ဘက်မှ အင်္ကျီစအချို့စုတ်ပြဲသွားသည်။ လူငယ်သာအနည်းငယ်နောက်ကျပါက သူ၏ရင်ဘက်ပွင့်ထွက်နေလောက်ပြီဖြစ်သည်။
ဝါရင့်သိုင်းသမားများမှာ တိုက်ပွဲအတွေ့အကြုံများပြားကာ သေခြင်းရှင်ခြင်း၏ကြိုးတန်းပေါ်တွင်လမ်းလျှောက်ခဲ့ဖူးသူများသာဖြစ်သည်။
လူငယ်မှ နောက်အတော်ဝေးဝေးသို့ဆုတ်ခွာသွားကာ ရင်ဘက်မှပြဲနေသောအင်္ကျီစအားကြည့်လိုက်သည်။ ထို့နောက် ဦးခေါင်းကိုခါယမ်းလိုက်မိသည်။
သူ့အနေဖြင့် စုတိအားလျော့တွက်ခဲ့မိသည်။ သိုင်းပညာအဆင့်အားထည့်မတွက်လျှင်ပင် သိုင်းသမားကြီးများ၏အတွေ့အကြုံကား သူကဲ့သို့ လူငယ်သိုင်းသမားများ ယှဉ်ပြိုင်နိုင်သည်မဟုတ်ပေ။
စုတိကမူ ရပ်တန့်မနေပေ။ လူငယ်ရပ်တန့်နေသည်အားအခွင့်ကောင်းယူကာ ရိပ်ခနဲတိုးဝင်သွားပြန်သည်။
" လင်းယုန် မိုးပျံ "
စုတိမှ လူငယ်၏အောက်ပိုင်းအားရည်ရွယ်၍တိုက်ခိုက်လိုက်သည်။ ယခုတစ်ခေါက်တွင်မူ လူငယ်မှာ သတိရှိရှိဖြင့် လေပေါ်သို့ခုန်တတ်ကာရှောင်တိမ်းလိုက်သည်။
သို့သော် စုတိ၏လက်သည်းများမှာ အပေါ်သို့ တက်လာသောကြောင့် လေထဲတွင်ခန္တာကိုယ်အားတွန့်လိမ်ကာ ထူးဆန်းစွာရှောင်တိမ်းလိုက်သည်။
" နဂါးမြေလျှိုး "
လူငယ်မှ လေထဲမှနေ၍ စုတိထံသို့ ထိုးဆင်းလာသည်။ ထို့သိုင်းကွက်ကြောင့် စုတိမှာ နောက်သို့ဆုတ်ပေးလိုက်ရသည်။
ထို့နောက်တွင် လူငယ်နှင့်စုတိတို့မှာ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေကြသည်။ စုတိ၏သံလက်သည်းများမှာ အန္တရာယ်များသလို လူငယ်၏ဓားချက်များကိုလည်းစုတိမှာ သတိထားနေရသည်။
ကြည့်ရှူနေကြသူများမှာ တစ်ယောက်တစ်မျိုးဖြင့်ထင်ကြေးပေးပြောဆိုနေကြသည်။ စုတိမှာ နှစ်ပေါင်းများစွာနာမည်ကျော်လာသော အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သလို လူငယ်မှာလည်း စုတိနှင့် အရည်အချင်းမကွာသည့်သိုင်းထိပ်သီးများကို တိုက်ခိုက်အနိုင်ရခဲ့သူဖြစ်သည်။
သူတို့နှစ်ဦးတိုက်လာသည်မှာ အကွက်ငါးဆယ်ကျော်လာပြီဖြစ်သည် ။ လက်ရှိအခြေအနေမှာ စုတိနှင့်လူငယ်တို့ လက်ရည်မျှနေသည်ဟုဆိုရမည်။
သို့သော်ဤသည်က ကြည့်ရှူနေကြသည့်လူများ၏အမြင်သာဖြစ်သည်။ အကယ်၍သူတို့ တိုက်ပွဲအားအနီးကပ်ကြည့်ခွင့်ရပါက ဤစကားမျိူပြောမည်မဟုတ်ပေ ။
အံ့ဩဖွယ်ကောင်းသည်ကား လူငယ်မှ တိုက်ခိုက်ရာတွင် ဓားမထုတ်ပေ။ ဓားအိမ်ဖြင့်သာတိုက်ခိုက်နေသည်။
အကယ်၍ လူငယ်သာဓားကိုထုတ်ကာ တိုက်ခိုက်ပါက အကွက်ငါးဆယ်မပြည့်မီ စုတိအားအနိုင်ရပေလိမ့်မည်။
ဤအကြောင်းကို ကိုယ်တိုင်တိုက်ခိုက်နေသောစုတိမှလည်းသိသည်။ ထို့ကြောင့် မကျေမချမ်းဖြစ်နေသည် ။
စုတိမှာ လူငယ်မှ ဓားထုတ်ကာမတိုက်ခိုက်ခြင်းမှာ သူ့အားမထင်သေးခြင်းဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် ထိန်းချုပ်တိုက်ခိုက်မနေဘဲ လူငယ်အားပြင်းထန်စွာတိုက်ခိုက်သည်။
" တိုက်ပွဲဝင်လင်းယုန် "
စုတိမှအော်ဟစ်ကာ လူငယ့်ထံသို့တိုးဝင်သွားသည် ။
ဤသိုင်းကွက်မှာ လင်းယုန်လက်သည်းသိုင်းထဲမှ အပြင်းထန်ဆုံးသိုင်းကွက်ဖြစ်ကာ ခုခံကာကွယ်မှုမရှိဘဲ ပြိုင်ဘက်အားသတ်ဖြတ်ရန်အသားပေးထားသောသိုင်းကွက်ဖြစ်သည်။
အကယ်၍စုတိအနိုင်အခဲ့လျှင်ပင် တန်ဖိုးကြီးမားစွာပေးဆပ်ရမည်ဖြစ်သည်။ သို့သော် ဒေါသဖုံးနေပြီဖြစ်သောစုတိမှာ ဤသိုင်းကွက်အား အသုံးပြုလာသည် ။
" ဟူးး "
လူငယ်မှသက်ပြင်းတစ်ချက်ချကာ သူ၏ဓားအားဆွဲထုတ်လိုက်သည်။ စုတိ၏မျက်နှာမှာ ကျေနပ်သွားသည့်ပုံဖြစ်သည်။ နောက်ဆုံးတွင် လူငယ်မှဓားကိုထုတ်ကာ တိုက်ခိုက်လာပြီဖြစ်သည်။
" နဂါးသတ်ဓားကွက် "
လူငယ်၏တီးတိုးရေရွတ်သံနှင့်အတူ သူ၏ဓားမှာ စုတိ၏လည်ပင်းပေါ်သို့ရောက်သွားသည်။ စုတိကော ဘေးမှကြည့်နေကြသူများပါ တိတ်ဆိတ်သွားကြသည်။
--------------------------------------------------------