နဂါးစိမ်း၏မြည်ကြွေးသံ
Vol. 1 Ch. 19
လွန်ခဲ့သည်နှစ်များက သမာဓိသိုင်းသမားနှင့်ပတ်သတ်ပြီး သိုင်းလောကတွင် ဂယက်များထခဲ့သေးသည်။
သမာဓိသိုင်းသမားဆိုသည်မှာ သိုင်းလောကသို့ထူးဆန်စွာရောက်လာပြီး သူ၏ဘဝတစ်လျှောက်လုံးသိုင်းလောကအကျိုးသယ်ပိုးခဲ့သည့်အတွက် နတ်ဘုရားများမှဖန်ဆင်းပေးလိုက်သူဟုပင် ဆိုကြသည်။
သမာဓိသိုင်းသမားမှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က သိုင်းလောကသို့ထူးဆန်းစွာရောက်လာကာ သူ၏သိုင်းပညာဖြင့် သိုင်းလောကတွင်မကောင်းသူပယ်ကောင်းသူကယ်ခဲ့သည်။
သမာဓိသိုင်းသမားမှာ အသက်သုံးဆယ်ကျော်ဖြင့် သိုင်းပညာအရာ၌ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေသည့်အတွက် သိုင်းလောကသားများကြားတွင်လည်းအုတ်အော်သောင်းနင်းဖြစ်ခဲ့သေးသည်။
သမာဓိသိုင်းသမားမှာ သိုင်းလောကတွင်သူနှင့်ယှဉ်ပြိုင်နိုင်သည့်သူဟူ၍ လက်ချိုးရေ၍ရသေည်လည်း သူ၏သိုင်းပညာကို အလွဲသုံးစားမပြုလုပ်ခဲ့ပေ။
ထို့အပြင် အဖြူအနက်ခွဲခြားခြင်းလည်းမရှိဘဲ သမာသမတ်ကျကျဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် သမာဓိသိုင်းသမားဟူသောဘွဲ့ကိုရရှိလာခြင်းဖြစ်ပေသည် ။
လူအတော်များများသည်လည်း သူ၏နောက်ကြောင်းအား စုံစမ်းခဲ့ကြသည် ။ သို့ရာတွင် သူ၏ဇာတ်မြစ်ကိုကား တစ်စုံတစ်ဦးမှ မသိရှိကြပေ။
အချို့မှလည်း သမာဓိသိုင်းသမားအား အနည်းငယ်စိုးရိမ်ကြောက်ရွံ့နေကြသည်။ သူ၏သိုင်းပညာအား အလွဲသုံးစားပြုလုပ်၍ မကောင်းသည့်ဘက်တွင်အသုံးချပါက သိုင်းလောကတစ်ခုလုံးဗြောင်းဆန်သွားနိုင်သည်မဟုတ်လား ။
သို့သော်သမာဓိသိုင်းသမားမှာ သိုင်းလောကတွင်ကျင်လည်နေစဉ် သူ၏သိုင်းပညာအား ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုခဲ့သည်။ ထို့ကြောင့် ရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်နေသူများလည်း စိတ်အေး၍သွားသည်။
ထို့အပြင် စိတ်သဘောထားနူးညံ့ပျော့ပြောင်းသည့်အတွက် သိုင်းလောကတွင် လူချစ်လူခင်အများဆုံးသိုင်းသမားဟုပင် စွန်းတာအို၏သိုင်းလောကမှတ်တမ်းတွင်ထည့်သွင်းခဲ့သည်။
စွန်းမျိုးနွယ်များမှာ သိုင်းပညာအဆင့်မမြင့်ကြသော်လည်း သိုင်းလောကရှိထိပ်သီးမျိုးနွယ်စုများထဲတွင်အပါအဝင်ဖြစ်သည်။
အကြောင်းမှာ စွန်းမျိုးနွယ်ဝင်များမှာ လွန်စွာဗဟုသုတရှိကာ သက်တမ်းနှစ်တစ်ရာကျော်လာပြီဖြစ်သည့် သိုင်းလောကမှတ်တမ်းကို ပြုစုသူမျလည်းဖြစ်သည်။
သိုင်းလောကမှတ်တမ်းထဲတွင် လွန်ခဲ့သည့်နှစ်တစ်ရာမှ ယခုအချိန်အထိ ကြီးကျယ်ခမ်းနားသောအဖြစ်အပျက်များ ၊ သူတို့၏သိုင်းပညာဖြင့် သိုင်းလောကတစ်ခုလုံးအားကိုင်လှုပ်နိုင်ကြသည့်အံ့မခန်းပုဂ္ဂိုလ်များ ၊ မျိုးဆက်အသီးသီး၏ ကိုယ်ဖော့ပညာအထူးချွန်ဆုံးလူများ၊အမျိုးမျိုးသောရတနာလက်နက်များ ၊ စသည့်အဖြစ်အပျက်ပေါင်းစုံကို မှတ်တမ်းထင်ထားခြင်းဖြစ်သည်။
စွန်းအာအိုဆိုသူမှာ လက်ရှိမျိုးဆက်၏ သိုင်းလောကမှတ်တမ်းကိုင်ဆောင်သူဖြစ်သည်။ ထို့အတွက်ကြောင့် စွန်းတာအို၏သိုင်းလောကမှတ်တမ်းဟုခေါ်ကြသည်။
သိုင်းလောကမှတ်တမ်းမှာ သိုင်းလောကရှိ အကြီးကျယ်ဆုံးအခမ်းနားဆုံးအဖြစ်အပျက်များကို အလုံးစုံမှတ်တမ်းတင်ထားသော်လည်း သူတို့၏ မှတ်တမ်းထဲတွင်မပါရှိသည်များလည်းရှိသည်။
ဤသည်ကား သိုင်းလောကသားတိုင်းလိုလိုကြားဖူးကြသည့် ဒဏ္ဍာရီထဲမှနေရာနှစ်ခုဖြစ်သော ဓားစံအိမ်နှင့် အမှောင်ကျေးရွာတို့ဖြစ်သည်။
ထိုနေရာနှစ်ခုနှင့်ပတ်သတ်၍ကား စွန်းမျိုးနွယ်မှ တိတ်ကျကျ ခန့်မှန်းနိုင်ခြင်းမရှိဟု ဝန်ခံထားသည်။ ထိုကြောင့်ပင် ထိုနေရာနှစ်ခုမှာ အလိုလိုနေရင်း ဒဏ္ဍာရီသဖွယ်ပိုမို၍ကျော်ကြားလာခြင်းဖြစ်သည်။
ထို့နောက်တွင် သမာဓိသိုင်းသမားမှာ သိုင်းလောကသမီးပျိုတစ်ယောက်နှင့်တွေ့ဆုံကာ မေတ္တာမျှခဲ့ကြသည်။ ထို့နောက် တွင် အမွှာညီအစ်ကိုနှစ်ဦးထွန်းကားခဲ့ကြသည်။ သူတို့နှစ်ယောက်ကား သွမ့်ကျန်းမင်နှင့်သူ၏အစ်ကိုတို့ဖြစ်သည်။
လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က သမာဓိသိုင်းသမားမှာ ရန်သူများ၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး တစ်မိသားစုလုံးသေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်လာသည်။
သမာဓိသိုင်းသမားအား ကျေးဇူးကြွေးရှိကြသောသိုင်းသမားများသည်လည်း ထိုသတင်းကြောင့် သမာဓိသိုင်းသမားကို သိုင်းလောကတစ်ခုလုံးလိုက်လံရှာဖွေခဲ့ကြသော်လည်းမတွေ့ကြတော့ပေ။
ထို့ကြောင့် သမာဓိသိုင်းသမားမှာ သေဆုံးသွားပြီဟု အားလုံးကလက်ခံလာကြသည် ။
စုတိမှာ သူ၏ကျေးဇူးရှင်အကြောင်းကိုတွေးနေရင်းမှပြုံးလိုက်မိသည်။ ယခုအချိန်တွင် သမာဓိသိုင်းသမား၏ကျေးဇူးကြွေးကို ပြန်၍ဆပ်ခွင့်ရခဲ့ပြီဖြစ်သည်။
သွမ့်ကျန်းမင်လည်း စုတိ၏အမူအယာကြောင့် သဘောပေါက်နားလည်စွာ တိတ်ဆိတ်နေလိုက်သည်။
" ကောင်လေးသွမ် ငါမင်းတို့ဂိုဏ်းကိုဝင်မယ် မင်းနဲ့လက်တွဲပြီး ဆရာကြီးသွမ့်ရဲ့ဆန္ဒတွေကို ပြည့်မြောက်အောင်လုပ်ဆောင်ပေးမယ်။ အရိုးကြေကြေအရေခမ်းခမ်း ငါလုပ်သွားမယ် "
စုတိမှ သွမ့်ကျန်းမင်အားကြည့်ကာ လေးနက်စွာပြောလိုက်သည်။
သွမ့်ကျန်းမင်လည်း စုတိ၏အမူအယာကြောင့် အားရကျေနပ်စွာပြုံးလိုက်မိသည်။
ယခုဆိုလျှင် စုတိမှ သာမန်ကာလျှံကာမဟုတ်တော့ဘဲ သူ့အတွက်လုံးဝသစ္စာစောင့်သိသွားပြီဟုဆိုနိုင်သည်။ ထို့အတွက်ကြောင့်သူလည်း ဝမ်းမြောက်မိသည်။ သူရည်ရွယ်ထားသောခြေလှမ်းမှာ ရှေ့သို့တစ်လှမ်းရောက်သွားပြီဟု ဆို၍ရလေသည်။
" ဒါဆိုရင် ဦးလေးလင်းယုန်ကြီးက နဂါးစိမ်းဂိုဏ်းရဲ့ ငါးယောက်မြောက်ကာကွယ်သူပဲ။ နဂါးစိမ်းရဲ့မြည်ကြွေးသံကသိုင်းလောကတစ်ခုလုံးကိုပဲ့တင်ထပ်စေရမယ် "
သွမ့်ကျန်းမင်မှ ကြက်သီးထဖွယ်ပြောလိုက်သည်။ စုတိလည်း သူ၏စကားကို သံယောင်လိုက်၍ရေရွတ်လိုက်သည် ။
" ကောင်းတယ် ကောင်းတယ် နဂါးစိမ်းရဲ့မြည်ကြွေးသံက သိုင်းလောကတစ်ခုလုံးပဲ့တင်ထပ်စေရမယ် ဟားးဟားး "
----------------------------------------------------------
ကျန်းနန်မြို့ ဆုံစည်းရာ စားသောက်ဆိုင်
ဆုံစည်းရာ စားသောက်ဆိုင်မှာ ကျန်းနန်မြို့လယ်တွင်ရှိကာ ကျော်ကြသောစားသောက်တိုင်တစ်ခုဖြစ်သည်။
ဆိုင်၏ကျော်ကြားခြင်းမှာ အစားအသောက်များထူးကဲစွာကောင်းမွန်ခြင်းကြောင့်မဟုတ်ပေ။ အစားအသောက်များမှာ အခြားဆိုင်များနှင့်မတိမ်းမယိမ်းဖြစ်သည်။
ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့်ဆုံစည်းရာစားသောက်ဆိုင်မှာ အခြားဆိုင်များထက်ကျော်ကြားနေရသနည်း ။
အကြောင်းမှာ ထိုစားသောက်ဆိုင်မှာ သိုင်းလောကနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ရရှိနိုင်သောကြောင့်ဖြစ်သည်။
ဆုံစည်းရာဟူသောနာမည်နှင့်လိုက်အောင် သိုင်းလောကသားများတဖွဲဖွဲလာရောက်ကြသည်။ ထို့နောက်တွင် သူတို့အချင်းချင်း စကားလက်ဆုံကျရင်းမှ တစ်ခါတစ်ရံ တန်ဖိုးရှိသောသတင်းအချက်အလက်များပါရနိုင်သည်။
ထို့ကြောင့် ဆုံစည်းရာစားသောက်ဆိုင်မှာ အလယ်ပိုင်းဒေသ၏နတ်ဘုံဟုတင်စားရသည့်ကျန်းနန်မြို့တွင် ကျော်ကြားသည့်နေရာတစ်ခုဖြစ်လာသည်။
ယနေ့တွင် စားသောက်ဆိုင်ထဲ၌ သိုင်းလောကသားများ အတော်များများစားသောက်နေကြသည်။ သူတို့၏စားပွဲဝိုင်းများတွင်ကား ယနေ့ဖြစ်ပွားခဲ့သော နဂါးစိမ်းဓားသမားနှင့် ရွှေလင်းယုန်စုတိတို့အကြောင်းကို ကျယ်ကျယ်ပြန်ပြန်ပြောဆိုနေကြသည် ။
သူတို့အဓိကဆွေးနွေးနေကြသည်ကား နဂါးစိမ်းဓားသမားဆိုသောလူငယ်၏သိုင်းပညာအဆင့်ပင်ဖြစ်သည်။
ရွှေလင်းယုန်စုတိမှာ သိုင်းလောကတွင်နာမည်ကျော်ကြားလာသည်မှာ အချိန်ကြာပြီဖြစ်သော အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည် ။ စုတိအားအနိုင်ရခဲ့သောလူငယ်၏သိုင်းပညာမှာ မည်သို့ဖြစ်မည်နည်း ။
အဆင့်လွန်သိုင်းအဆင့်သို့ရောက်နေခြင်းလား။ ထိုဖြစ်နိုင်ချေက ဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။
စကားပြောဆိုခြင်းမရှိဘဲ ငြိမ်သက်စွာစားသောက်နေသည့်စားပွဲဝိုင်းများလည်းရှိနေသေးသည်။ သူတို့ကား ယနေ့စိန်ခေါ်ပွဲအား မျက်မြင်မတွေ့လိုက်ရသူများဖြစ်သည်။
ထိုစဉ် ဆိုင်အတွင်းသို့ လူငယ်တစ်ယောက်ဝင်လာသည် ။ ထိုလူငယ်အားသတိပြုမိသွားသည်နှင့် ဆိုင်အတွင်းမှအသံများတိတ်ဆိတ်သွားကြသည်။
စကားပြောဆိုခြင်းမရှိဘဲ သီးသန့်နေကြသူများပင် ဆိုင်အတွင်းရုတ်တရက်တိတ်ဆိတ်သွားမှုကြောင့် ခေါင်းထောင်ကြည့်လာကြသည်။
ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရုပ်ရည်ခန့်ညားချောမောသည် ။ လူငယ်အားပို၍ထင်ရှားစေစည့်အချက်မှာ သူ၏နောက်ကျောမှ အစိမ်းရောင်ဓားတစ်ချောင်းဖြစ်သည်။
----------------------------------------------------