← Chapters

ပစ်မှတ်ထားခံရခြင်း

Vol. 1 Ch. 20

ပစ်မှတ်ထားခံရခြင်း

Vol. 1 Ch. 20

လူငယ်မှစားသောက်ဆိုင်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆိုင်အတွင်းရှိလူအတော်များများမှာ သူ့အားကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။

" ဟူးး "

သက်ပြင်းတစ်ချက်ကို မသိမသာ ချလိုက်မိသည် ။ သူနှင့် စုတိတို့၏တိုက်ပွဲကြောင့်ယခုကဲ့သို့ အာရုံစိုက်ခံရခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

သို့သော် ဤအခြေအနေအား သူမည်သို့မှမတတ်နိုင်ပေ။ ထို့ကြောင့် စားသောက်ရန်အတွက် စားပွဲအလုံးတစ်လုံးအား ရှာလိုက်သည်။

သူကံဆိုးသည်ဟုဆိုရမည် ။ ဆိုင်အတွင်းတွင် စားပွဲခုံအလွတ်တစ်လုံးမှ‌ရှိမနေပေ။ စားပွဲတိုင်းတွင် လူနှစ်ယောက် သုံးယောက် စသည်ဖြင့်ရှိနေကြသည်။

လူငယ်မှာ ဆိုင်အဝတွင် အနည်းငယ်ကြောင်အန်းအန်းဖြစ်နေသည်။ ဤသို့ဖြစ်မည်ကိုသိပါက ဒီဆိုင်အားလာခဲ့မည်မဟုတ်ပေ။

သူ၏ဝမ်းဗိုက်အတွင်းမှလည်း တကြုတ်ကြုတ်မြည်နေပြီဖြစ်သည်။ ဝမ်းဗိုက်အတွင်းမှပိုးကောင်လေးများမှာ အစားစားချင်သည်ဟု ဆန္ဒပြနေကြသည်။

သူနောက်လှည့်ထွက်သွားမည်ပြုစဉ် မျက်လုံးထောင့်စွန်းမှအရိပ်တစ်ရိပ်ကို သတိပြုမိလိုက်သည်။ သူ၏မျက်လုံးများက ဆိုင်၏အရှေ့ဘက်ထောင့်သို့ရောက်သွားသည်။

ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့်မိန်းကလေူတစ်ယောက်ထိုင်နေသည်။ သူမ၏စားပွဲတွင် တစ်ဦးတည်းဖြစ်နေကာ အဖော်ရှိဟန်မတူ။ ယခု သူမမှသူ့အား လက်ပြနေသည်။

သို့သော် သူ၏စိတ်များရှုပ်ထွေးသွားသည် ။ ထိုမိန်းကလေးအား သူမသိပေ ။ ယခုမှသိုင်းလောကအတွင်းသို့ဆင်းလာခြင်းဖြစ်သဖြင့် အသိမိတ်ဆွေပင်လက်နှစ်ဘက်ပြည့်အောင်မရှိပေ။

သို့သော် သူမမှသူ့အား ထပ်မံ၍ခေါင်းညိမ့်ပြနေသည်။ သူထွေထွေထူးထူးစဉ်းစားမနေဘဲ ထိုစားပွဲဝိုင်းသို့လျှောက်သွားလိုက်သည်။ သူ၏စိတ်ထဲ၌ အရေးအကြီးဆုံးမှာ နေရာတစ်ခုရကာ စားသောက်ရန်ဖြစ်သည်။

" မိန်းကလေး ကျုပ်ကိုဒီမှာထိုင်ခွင့်ပြုပါ "

သူယဉ်ကျေးစွာခွင့်တောင်းလိုက်သည်။ မိန်းကလေးမှသု့အားဖိတ်ခေါ်ခြင်းဖြစ်သော်လည်း သူခွင့်တောင်းရန်လိုသေးသည်။ မိနကလေးမှ သူ့အစကပြန်မပြောဘဲခေါင်းညိမ့်ပြလိုက်သည်။

သွမ့်ကျန်းမင်မှာ သူ၏ရှေ့တွင်ရှိသောမိန်းကလေးကြောင့် အနည်းငယ်စိတ်ကျဉ်းကြပ်သွားသည်။ သု့အနေဖြင့် ငယ်စဉ်ကပင် မိန်းကလေးများနှင့်ရင်းရင်းနှီးနှီးမနေခဲ့ဖူးပေ။

ယခု သူ၏ရှေ့နှစ်ပေအကွာခန်တွင် မိန်းကလေးတစ်ဦးနီးနီးကပ်ကပ်‌ထိုင်နေသဖြင့် သူအနည်းငယ်နေရခက်မိသည်။ မိန်းကလေးဆီမှ မွေးပျံ့သည့်ရနံ့သင်းသင်းလေးသည်လည်း သူ၏နှုတ်ခေါင်းအား ကလူကျီစယ်နေသည်။

မိန်ကလေးမှသူ့အား စကားတစ်ခွန်းမှမဆိုပေ။ သွမ့်ကျန်းမင်လည်း ထိုမိန်းကလေး၏အမူအယာကြောင့် ပို၍စိတ်ရှုပ်သွားသည်။

ထိုမိန်းကလေးမှသူ့အား စတင်ဖိတ်ခေါ်ခဲ့ခြင်းမဟုတ်သလော ။ ယခုသူမမှစကားတစ်ခွန်းမှမ‌ဆိုပေ ။ သူတို့၏ကြားရှိလေထုမှာ အနည်းငယ်ထူးဆန်းနေသည် ။

ဆိုင်အတွင်းမှ လူများ၏အာရုံသည်လည်းသူ့အပေါ်သို့ကျရောက်နေမှန်း သူအလိုလိုသိနေသည်။ စကားသံကျယ်ကျယ်လောင်လောင်မကြားရသော်လည်း တီးတိုးပြောနေကြသေးသည်။

သွမ့်ကျန်းမင်လည်း အနည်းငယ်စဉ်းစားကာ သူ့အားရိုးရိုးသားသားကူညီခြင်းဖြစ်သည်ဟု တွေးလိုက်မိသည်။ ထို့နောက် သူ၏စိတ်ထဲတွင် ထိုမိန်းကလေး၏ အကြောင်းအား တွေးတောနေခြင်းအားရပ်တန့်လိုက်သည်။

ဆိုင်လုလင်ဆီမှ စားသောက်ဖွယ်ရာများအားမှာကြားလိုက်သည် ။ ထို့နောက် ဆိုင်အပြင်ဘက်သို့ငေးနေလိုက်သည်။

မကြာမီ အငွေ့တထောင်းထောင်းနှင့်စားသောက်ဖဖွယ်ရာများရောက်ရှိလာသည်။ သွမ့်ကျန်းမင်လည်း စားပွဲ‌ပေါ်သို့တစ်ခုပြီးတစ်ခုရောက်ရှိလာသည့်စားသောက်ဖွယ်ရာများအား အရောင်လက်နေသည့်မျက်ဝန်းများနှင့်ကြည့်လိုက်သည်။

သူ ကျန်းနန်မှစိန်ခေါ်ပွဲသို့ အချိန်မီလာရန်အတွက် ခရီးပြင်းစွာနှင်လာသောကြောင့် ယမန်နေ့က တစ်နေ့လုံး အစားမစားခဲ့ရသေးပေ ။ ထိို့ကြောင့် သာမန်ထက်ပို၍ ဆာလောင်နေခြင်းဖြစ်သည်။

စားပွဲ၏တစ်ဝက်နည်းပါးနေရာယူထားသည့် စား‌စရာများအကြည့်ကာ သူ၏ဝမ်းဗိုက်ပိုမိုဆာလောင်လာသည်။ ထို့ကြောင့် ခေါင်းမဖော်တမ်း စတင်စားသောက်တော့သည်။

မိန်းကလေးမှာ သူ၏ရှေ့တွင်ရှိသော ကျူးပါကျဲဝင်စားလာသူကို မကျေမနပ်တစ်ချက်ကြည့်လိုက်သည်။

ထိုလူငယ်မှာ သူမ၏စားပွဲသို့စရောက်လာစဉ်ထဲက စကားတစ်ခွန်းမှမဆိုဘဲ စားသောက်ဖွယ်ရာများမှာ၍ နင်းကန်စားနေသည်။ မသိလျှင် လွန်ခဲ့သည့်ခုနစ်ဘဝလုံး ငတ်ပြတ်လာသကဲ့သို့ဖြစ်နေသည်။

" ဟွန်း သူ့ခေါင်းထဲမှာ သိုင်းပညာနဲ့ အစားအသောက်ပဲရှိတာလားမသိဘူး "

မိန်းကလေးမှာ မကျေမနပ်ဖြင့်တီးတိုးရေရွတ်ကာ နှာခေါင်းရှုံ့လိုက်မိသည်။

သူမမှစကားစမပြောခြင်းမှာ မိန်းကလေးဟူသောဂုဏ်သိက္ခာအားထိန်းလို၍ဖြစ်သည်။ သို့သော် ဤသကောင့်သားမှာကား သူမအားတစ်ချက်ကြည့်ပြီးနောက် ထပ်၍မကြည့်တော့ပေ။

ဤအဖြစ်က သူမလိုကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသောမိန်းကလေးကိုပင် အနည်းငယ်မယုံရဲဖြစ်သွားစေသည်။ သူမ၏အလှမှာ ထိုလူငယ်နှစ်ခေါက်ပြန်ကြည့်ရန်မစွမ်းနိုင်၍လော။

သွမ့်ကျန်းမင်မှာ အားရပါးရစားသောက်ပြီးနောက် ဝမ်းဗိုက်အား လက်ဖြင့် ပွတ်လိုက်သည်။ ယခုအချိန်တွင်သူ၏ရှေ့၌လရွှေထုပ်ကြီးတစ်ထုပ်ကျနေလျှင်ပင် ထမယူချင်လောက်အောင် စည်းဇိမ်ယစ်နေသည်။

ထို့နောက်တွင် သူ၏ရှေ့မှမိန်းကလေးအား တစ်ချက်ကြည့်လိုက်မိသည်။ မိန်းကလေးမှာ သူမ၏မျက်နှာအား ‌ခမောက်နှင့်တွဲလျက်ပါသည့် ပဝါပါးလေးဖြင့် ဖုံးအုပ်ထားသည်။

သို့သော် ပဝါအားဖောက်၍မြင်ရ‌သလောက် ဝိုးတိုဝါးတားပုံရိပ်လအရ ထိုမိန်းကလေးမှာ လွန်စွာလှပမည့်သူလေးဖြစ်မှန်း သူခန့်မှန်းမိလိုက်သည်။

" ဟေ့ ရှင်ဒီမြို့ကနေထွက်သွားရင်သတိထားပါ "

ထိုမိန်းကလေးမှ အသံတိုးတိုးလေးဖြင့်တိုလာသည် ။ သွမ့်ကျန်းမင်လည်း သူမ၏စကားကြောင့် အနည်းငယ်အံ့အသင့်သွားသည်။

သူမည်သည့်အတွက်ကြောင့် ဤမြို့မှထွက်လျှင် သတိထားနေရမည်နည်း။ သူမကရော မည်သူနည်း။ မည်သည့်အတွက် သူ့အား ဤသို့ပြောခြင်းဖြစ်သနည်း။ သတိပေးလို၍လော ၊ ချိန်းခြောက်လို၍လော ။

သူ၏ရင်ထဲတွင် မေးခွန်းများပလုံစီသွားသည်။ ထို့ကြောင့် ထိုမိန်းကလေးအား ပြန်မေးလိုက်သည်။

" ကျုပ်ကဘာကြောင့်သတိထားရမှာလဲ ။ ပြီးတော့ မင်းကရော ဘယ်သူလဲ "

သူ၏ရှေ့မှမိန်းကလေးမှာ သူ၏စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူမအနည်းငယ်ဒေါသထွက်သွားပုံပေါ်သည်။

" ကျွန်မဘယ်သူပဲဖြစ်ဖြစ်ပေါ့ ။ ရှင်ဟိုဘက်နှစ်ဝိုင်းကျော်က လူငါးယောက်ကိုတွေ့လား "

မိန်းကလေးမှ ဒေါသစွက်နေသည့်အသံလေးဖြင့် တီးတိုးပြောလိုက်သည်။ သူလည မိန်းကလေး၏စကားကြောင့် နောက်သို့လှည့်ကြည့်လိုက်သည်။

သူနှင့်နှစ်ဝိုင်းကျော်တွင် လူငါးယောက်ထိုင်နေသောဝိုင်းရှိသည်။ သို့ရာတွင် ထိုလူငါးယောက်မှာ တစ်စုံတစ်ခုအားဆွေးနွေးနေပုံရကာ အပြင်းအထန်ငြင်းခုန်နေကြသည်။

သူလည်း ဦးခေါင်းခါယမ်းကာပြန်လှည့်လိုက်သည် ။ သို့သော် သူပြန်လှည့်လိုက်သည်နှင့် ချက်ခြင်းပင် အလိုမကျသလို မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုလူငါးယောက်မှာ သူနောက်သို့ပြန်လှည့်သွားသည်နှင့် သူ့အား မသိမသာအကဲခက်နေကြောင်းကို သူ၏ထက်မြတ်သော‌အာရုံကြောင့်သိရှိလိုက်သည်။

မိန်းကလေးပြောသည့် လူငါးယောက်မှာ တစ်ခုခုတော့ တစ်ခုခုဖြစ်သည်။ သူပြန်လှည့်ပြီးသည်နှင့် မိန်းကလေးမှ သူမ၏စကားကိုဆက်လိုက်သည်။

" သူတို့က ရှင့်ရဲ့လက်ထဲက ဓားကိုမျက်စေ့ကျနေကြတယ်။ သူတို့ကို သတိထားတာအကောင်းဆုံးပဲ ။ ကျွန်မထင်တာမမှားရင် ရှင်မြို့ထဲကထွက်သွားတဲ့အချိန်သူတို့လှုပ်ရှားကြလိမ့်မယ် "

မိန်းကလေးမှ သူမ၏စကားအား အဆုံးသတ်လိုက်သည်။ သွမ့်ကျန်းမင်မှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုအား စဉ်းစားနေသည်။ ထို့နောက် သူရုတ်တရက်ပြုံးလိုက်သည်။

" မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့်ကျုပ်က လွယ်လွယ်ကူကူပစ်မှတ်ထားခံလို့ရတဲ့လူမဟုတ်ဘူး "

လူငယ်မှ ယုံကြည်မှာရှိစွာပြန်‌ပြောလိုက်သည်။

-----------------------------------------------------

All Chapters