အနိုင်ကျင့်လို့ရမယ်ထင်လား
Vol. 1 Ch. 22
သူတော်ကောင်းငါးဖော်တို့မှာ တစ်ကိုတစ်ဦးမျက်ရိပ်ပြလျက် ဓားကိုယ်စီဆွဲထုတ်ကာ သွမ့်ကျန်းမင်ထံသို့တိုးဝင်သွားကြသည်။
သွမ့်ကျန်းမင်မှ သူ၏ဓားအားကိုင်လျက် ခပ်ပြုံးပြုံးမျက်နှာဖြင့်ရပ်နေသည်။ သူ၏မျက်နှာမှာ လူရောက်တိုက်ခိုက်လှည့်ပါဟု စိန်ခေါ်နေသကဲ့သို့ဖြစ်သည်။
" ယား "
လူငါးယောက်မှာ ညာသံပေး၍ သွမ့်ကျန်းမင်ထံသို့တိုးဝင်သွားကြသည် ။ သွမ့်ကျန်းမင်ထံသို့ တိုက်ကွက်ပေါင်းစုံတိုးဝင်လာသည်။
" ချွမ် "
သွမ့်ကျန်းမင်မှာ သူ့ထံသို့တိုးဝင်လာသည့် ပထမဦးဆုံးဓားအားရိုက်ဖယ်ကာ ဂျင်တစ်လုံးကဲ့သို့ လှ ့်ပတ်ကာ ထိုလူများအတွင်းတိုးဝင်သွားသည်။
ထိုအခါ ကျန်ရှိနေသည့်လူလေးယောက်မှာ အချင်းချင်းထိမိမည်စိုးသဖြင့် သူတို့၏တိုက်ကွက်များအားရပ်တန့်လိုက်ကြသည်။
သို့သော် သွမ့်ကျန်းမင်မှ ကြောင်၍ရပ်မနေပေ။ သူ၏ဘေးမှလူအား ဓားဖြင့်ခုတ်ချလိုက်သည်။
" ထန်း "
ထိုလူမှာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။ ထို့အတူ သူ၏မျက်နှာလည်းမည်းမှောင်သွားသည်။ ထို့နောက် သူ့လူများအားကမန်းကတန်းအော်ဟစ်လိုက်သည်။
" သတိထား ဒီကောင်လေးကပညာလျှိုထားတာ "
သွမ့်ကျန်းမင်၏အတွင်းအားမှာ သူ့ထက်သာလွန်နေသည်။ မည်သို့ဖြစ်နိုင်မည်နည်း ။ အနှစ်နှစ်ဆယ်ကျော်အတွင်းအားကျင့်လာသည်ကိုပင် ရှက်ရွံ့လာမိသည်။
အသက်နှစ်ဆယ်ကျော်သာရှိသေးသောသွမ့်ကျန်းမင်အဖို့ အမေ့ဗိုက်အတွင်းမှစ၍အတွင်းအကျင့်လာလျှင်ပင် သူ့ထက်အတွင်းအားသာလွန်မနေသင့်ပေ။
သူ၏သတိပေးသံကြောင့် ကျန်လူများလည်း သတိထားလိုက်ကြသည်။ သို့သော် သူ၏နောက်မှကပ်လျက်ရှိသောသူမှာ ကံမကောင်းပေ။ သွမ့်ကျန်းမင်၏ဓားမှာ သူ၏လက်အားခုတ်ဖြတ်ချလိုက်သည်။
" ချွမ်း "
" အားး "
ထိုလူ၏လက်ထဲမှဓားလွတ်ကျသွားကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူတော်
ကောင်းငါးဖော်ထဲမှ ကျန်နေသောလူနှစ်ယောက်မှာ နောက်သို့အလျှင်အမြန်ဆုတ်လိုက်ကြသည်။
ဓားလွတ်ကျသွားသောလူမှာ သူ၏လက်တစ်ခုလုံးထုံကျင်လာကာခံစားမှုမဲ့သွားသည်။ သူ၏ဓားကိုင်လတ်မှာ ပြတ်တောက်မသွားပေ။
အကြောင်းမှာ သွမ့်ကျန်းမင်မှ သူ၏ဓားအား ဓားအိမ်အတွင်းမှ ဆွဲမထုတ်သောကြောင့်ဖြစ်သည်။ ဓားအိမ်ဖြင့်သာ ထိုလူ၏လက်အား မလှုပ်ရှားနိုင်စေရန်ပြုလုပ်ခြင်းဖြစ်သည်။
သွမ့်ကျန်းမင်မှ ဟက်ခနဲတစ်ချက်ရယ်ကာ နောက်ဆုတ်သွားသောလူနှစ်ယောက်ထံသို့ အရိပ်ပမာတိုးဝင်သွားသည်။ သို့သော် ထိုလူနှစ်ယောက်မှာ ကြိုတင်ကာကွယ်ပြီးဖြစ်သဖြင့် သွမ့်ကျန်းမင်အား ဆီးကြိုတိုက်ခိုက်လိုက်သည်။
အမှန်မှာ သွမ့်ကျန်းမင်ထိုလူများအား တစ်ယောက်ချင်းတိုက်လိုက်ပါက အနိုင်ရရှိရန် အကွက်အနည်းငယ်သုံးရပေမည်။
သို့သော် အဖြစ်အပျက်များမှာ ရုတ်တရက်ဖြစ်သွားသည့်အပြင် ထိုလူများမှ သူ့အား အထင်အမြင်သေးထားသဖြင့် ယခုလို မရှုမလှခံရခြင်းဖြစ်သည်။
သူ၏ဗျူဟာမှာရှင်းသည်။ ထိုလူများအား တစ်ယောက်ချင်းလိုက်ကာ အမှဲ့ခြွေရန်ဖြစ်သည်။
သူအပြင်ပန်းတွင်ပေါ့ပေါ့ပါးပါးဖြစ်နေသော်လည်း အမှန်က အဆင့်လွန်သိုင်းသမားငါးယောက်နှင့်တိုက်ခိုက်ရခြင်းမှာ သူ့အတွက် လွန်စွာဖိအားများသည်။
သူတို့၏စုပေါင်းသိုင်းကွက်မှာ မည်သို့နေမည်မသိသော်လည်း ထိုသိုင်းကွက်အား သုံးခွင့်ပေးသည်အထိ သူမတုံးအပေ။
ယခုသူ၏လက်ချက်ကြောင့် သူတော်ကောင်းငါးဖော်ထဲမှတစ်ဦး ဒဏ်ရာရရှိသွားပြီဖြစ်သည်။ ကျန်လေးဦးတည်းဖြင့် စုပေါင်းသိုင်းကွက်အား အသုံးပြုမရနိုင်တော့ပေ။
ယခု သူနောက်သို့ဆုတ်ခွာသွားသည့်လူနှစ်ယောက်အား လိုက်လံတိုက်ခိုက်နေသည်။ ပြင်းထန်ကာ အားမာန်ပါသောဓားကွက်များကြောင့် ထိုလူနှစ်ယောက်မှာ နောက်သို့ တဆုတ်တည်းဆုတ်ပေးနေရသည်။
သူတို့တစ်ယောက်ချင်းစီ၏သိုင်းပညာမှာ သာမန်အဆင့်လွန်အဆင့်သာရှိသည်။ သူတို့၏စုပေါင်းသိုင်းကွက်ကြောင့်သာ သိုင်းလောကတွင် လက်မထောင်နိုင်ချင်းဖြစ်သည်။
" အမှတ်နှစ် မင်းအမှတ်လေးကိုကြည့်ထား "
သွမ့်ကျန်းမင်အား ပထမဦးဆုံးတိုက်ခိုက်သူမှအော်ဟစ်လိုက်သည်။ သူတို့သူတော်ကောင်းငါးဖော်အား အချင်းချင်း အမှတ်စဉ်ခွဲထားဟန်တူသည်။
သွမ့်ကျန်းမင်နှင့် အတွင်းအားချင်းယှဉ်ပြိုင်၍နောက်သို့ဆုတ်သွားသူမှ ခေါင်းညိမ့်ပြကာ ဒဏ်ရာရရှိသွားသောလူအနားသို့ရောက်သွားသည်။ သူကားအမှတ်နှစ်ဖြစ်ရမည်။
အမှတ်နှစ်၏မျက်လုံးများက သံမဏိလိပ်ပြာဆိုသည့်မိန်းကလေးအား မျက်စေ့ထောက်ထောက်ကြည့်နေသည်။ ထိုမိန်းကလေးမှ သူ၏ဒဏ်ရာရနေသော ညီအစ်ကိုအား အလစ်ဝင်တိုက်မည်ကို စိုးရိမ်နေဟန်ရသည်။
သို့သော် မိန်းကလေးမှာမူ သူတော်ကောင်းငါးဖော်အား အလစ်တိုက်ခိုက်ရန်စိတ်ဝင်စားပုံမရပေ။
သူမတွင်ရှိသော အကြောင်းပြချက်တစ်ခုကြောင့် သွမ့်ကျန်းမင်အရေးနိမ့်ပါက သူမဝင်ရောက်ကူညီရန်စိတ်ကူးရှိသည်။ သို့သော် ကိုယ်တော်ချောမှအသာရနေသည် ။ သူမ၏အကူအညီကို လိုအပ်ပုံမရပေ။
ထို့ကြောင့် သူမမှာ မျက်မှောင်ကြုတ်၍ သွမ့်ကျန်းမင်နှင့်သူတော်ကောင်းငါးဖော်မှသုံးယောက်တို့၏တိုက်ပွဲအား မမှတ်မသုန်ကြည့်နေသည်။
သွမ့်ကျန်းမင်၏တိုက်ကွက်များကိုလည်း မျက်တောင်မခတ်တန်းကြည့်နေသည်။ တိုက်ပွဲအားကြည့်နေရင်းဖြင့် သူမ၏နီစွေးသောနှုတ်ခမ်းလေးအား ကိုက်လိုက်သည်။
ထိုကောင်နှင့်သူမတိုက်ခိုက်ရပါက အနိုင်ရနိုင်ချေမရှိပေ။ သူမ၏သိုင်းပညာမှာ ထိပ်တန်းအဆင့်လွန်သာရှိသည့်အပြင် တိုက်ခိုက်နိုင်စွမ်းမှာ သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးခန့်သာရှိသည်။
ထိုသိုင်းပညာဖြင့် သူတော်ကောင်းငါးဖော်ကိုပင်အခြေအနေဆိုးအောင်လုပ်နိုင်သောလူအား သူမမည်ကဲ့သို့ အနိုင်ရမည်နည်း။
တိုက်ပွဲမှာလည်း လက်ရည်ညီနေသည်။ သူတော်ကောင်းငါးဖော်အနက်မှ သုံးယောက်နှင့် နဂါးစိမ်းဓားသမားဟုခေါ်ဆိုကြသော သွမ့်ကျန်းမင်တို့မှာ အပြင်းအထန်တိုက်ခိုက်နေကြသည်။
သို့သော်နှစ်ဖက်စလုံးတွင် ဝှက်ဖဲများရှိကြသေးသည်။ သွမ့်ကျန်းမင်မှာ နဂါးသတ်ဓားကွက်သို့ လျှင်မြန်တိကျသောသိုင်းကွက်ကို အသုံးမပြုပေ။
ထို့အတူ သူတော်ကောင်းငါးဖော်ထံတွင်လည်း သေရေးရှင်ရေးအခြေအနေတွင်သုံးရန် ဝှက်ဖဲများရှိဦးမည်ဖြစ်သည်
သူသေကိုယ်သေအခြေအနေမဟုတ်သ၍ မည်သူမှ သူတို့၏ဝှက်ဖဲများအား ထုတ်ဖော်မည်မဟုတ်ကြပေ။ ထို့ကြောင့် သူတို့၏တိုက်ပွဲမှာ သူမသာကိုယ်မသာဖြစ်နေသည်။
သူတော်ကောင်းငါးဖော်တို့မှာ တိုက်ခိုက်နေရင်းဖြင့်
အနည်းငယ်နောင်တရနေမိကြသည်။ သွမ့်ကျန်းမင်မှာ သူတို့အတွက်ယခုလိုအကျဉ်းအကြပ်ကျမည်တိုပါက သူတို့အနေဖြင့် လုံးဝရန်စကြမည်မဟုတ်ပေ။
သို့သော် ယခုကားသူတို့တိုက်ခိုက်နေကြပြီဖြစ်သည်။ သူတို့ဘက်တွင် ဒဏ်ရာရရှိထားသောလူတစ်ယောက်လည်း ရှိနေသေးသည်။
အမှတ်တစ်လည်း ကျန်နှစ်ယောက်အ ချက်ပြကာ နောက်သို့ဆုတ်သွားကြသည်။ ထို့ကြောင့် သွမ့်ကျန်းမင်လည်း တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်သည်။
" ရပ်လိုက် ငါတို့ကမင်းဆီကဓားကိုမလိုချင်ပါဘူး မင်းကိုကျီစားလိုက်တာပါ "
အမှတ်တစ်မှပြောလိုက်သည် ။ သူ၏စကားကြောင့် သွမ့်ကျန်းမင်၏မျက်နှာထက်တွင်အပြုံးတစ်ပွင့်ပေါ်လာသည်။
" ရပါတယ် ဆက်ပြီးတိုက်ခိုက်ရုံပဲပေါ့ ။ ကျုပ်ကသွေးတောင်မပူသေးဘူး "
သွမ့်ကျန်းမင်မှ ပြောလိုက်သည်။ သူ၏စကားကြောင့် အမှတ်တစ်နှင့်ကျန်နှစ်ယောက်၏မျက်နှာမှာ ရှုံ့မဲ့သွားကြသည်။ သွမ့်ကျန်းမင်မှဆက်ပြောလိုက်သည်။
" ခင်ဗျားတို့က ကျုပ်ကို စတိုက်လိုက်ပြီးတော့ လွယ်လွယ်နဲ့ထွက်သွားလို့ရမယ်ထင်နေတာလား။ ကျုပ်ရဲ့သိုင်းပညာသာ နိမ့်ကျနေရင် ခင်ဗျားတို့ ဒီလိုညှိနှိုင်းကြဦးမှာလား "
သွမ့်ကျန်းမင်မှမေးလိုက်သည်။
---------------------------------------------