ဘိုးဘေးဓားကိုဂါရဝပြုသည်
Vol. 1 Ch. 24
ဝင်္ကပါတောအုပ် ဓားစံအိမ်
ဓားစံအိမ်၏ ခန်းမထဲတွင် အသက်ဆယ်နှစ်ပင်ကျော်သေးပုံမရသေးသည့်ကလေးငယ်သုံးယောက်မှာ တည်ကြည်စွာရပ်နေကြသည်။
အခန်းထဲတွင် သူတို့သုံးယောက်သာရှိသည်မဟုတ်ပေ။ အဖြူရောင်ဝန်စုံကိုဝတ်ဆင်ထားသည့် အသက်သုံးဆယ်ကျော်အရွယ်ရှိ ကျက်သရေရှိကာ လှပသည့်မိန်းမတစ်ဦး နှင့် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူလေးငါးဆယ်တို့လည်း ရှိနေသေးသည် ။
ထိုအပြာရောင်ဝတ်စုံနှင့်လူများမှာ အသက်အရွယ်စုံမှ ကလေး၊လူကြီး၊ ယောင်္ကျား၊ မိန်းမများပါဝင်ကြသည်။ ယခုသူတို့က ခန်းမအလယ်မှ ကလေူငယ်သုံးဦးအား ကြည့်နေကြသည်။
သူတို့အပြင် ထူးခြားသည့်မီးခိုးရောင်ဝတ်စုံနှင့် အဖိုးကြီးတစ်ယောက်ပါရှိနေသေးသည်။ ထိုအဖိုးအိုမှာ ခန်းမထဲတွင်ရှိနေသည်ကိုပင် သတိပြုမိပုံမရဘဲ တိုင်တစ်တိုင်ကိုမှီကာ ငိုက်မျဉ်းနေသည်။
သူတို့နှင့်မျက်နှာချင်းဆိုင်စင်မြင့်ပေါ်တွင်တွင် ခရမ်းရောင်ဖျော့ဖျော့တောက်ပနေသောဓားတစ်လက်ရှိသည်။ ထိုဓားမှာ ဓားအိမ်အတွင်းမှချွတ်ထားကာ ထူးခြားဆန်းကျယ်သည့်အငွေ့အသက်တစ်ချို့ထုတ်လွှတ်နေသည်။
ကလေးငယ်သုံးယောက်မှာ ဓားအားသေချာသိာက်မကြည့်ဝံ့ကြပေ။ ထိုဓားအကြောင်းအား သူတို့သိရှိထားသည် ။
ဓားအားသေချာစိုက်ကြည့်ပါက ကြည့်မိသူမှာ အတွေးကမ္ဘာထဲတွင်နစ်မြောသွားကြသည်။အချို့လူများမှာ မိမိကိုယ်မိမိ တိုက်ပွဲများစွာတိုက်ခိုက်နေရသကဲ့သို့ ခံစားမိစေသည်။
အချို့လူများလည်း ကိုယ့်ကိုယ်ကိုယ် သတ်ဖြတ်ခြင်းများပြည့်နှက်နေသောမိစ္ဆာတစ်ကောင်ဖြစ်သွားတော့မည်ကဲ့သို့ ခံစားရစေသည်။ မည်သို့ပင်ဖြစ်စေ ထိုဓားအား သူတို့အားလုံး ကြာရှည်ကြည့်ရဲခြင်းမရှိပေ။
ထို့အပြင် ထိုဓားမှာ အသက်ဝိညာဉ်ရှိနေပုံပေါ်ကာစင်မြင့်ပေါ်မှ အချိန်မရွေးထပျံတတ်သွားတော့မည်ကဲ့သို့ သူတို့အားလုံးခံစားမိနေကြသည်။
သူတို့သုံးယောက်မှာ ခပ်တောင့်တောင့်အနေအထားဖြင့်ရပ်နေကာ ဖိအားတစ်မျိုးမျိုးဖြစ်နေဟန်ရသည်။ သူတို့၏မျက်လုံးများက အရောင်လက်နေကြကာ အသက်ရှူသံများလည်း တည်ငြိမ်မှုမရှိကြပေ။
မကြာမီ ခန်းမထဲသို့ အသက်လေးဆယ်ကျော်အရွယ်လူတစ်ယောက်ဝင်လာသည်။ ထိုလူမှာ အဖြူရောင်ဖျင်ကြမ်းအင်္ကျီအား ဝတ်ဆင်ထားကာ သူ၏ခါးတွင် အစိမ်းရောင်ဓားတစ်ချောင်းရှိသည်။
သူ၏နောက်တွင် အဖြူရောင်ဝတ်စုံအား သေသပ်စွာဝတ်ဆင်ထားကြသည့် လူဆယ့်နှစ်ယောက် လိုက်ပါလာကြသည်။
ထိုလူများမှာ အသက်အရွယ်အမျိုးမျိုးဖြစ်ကြသော်လည်း တူညီသည့်အချက်မှာ သူတို့၏ခါးတွင် ဓားတစ်ချောင်းစီချိတ်ဆွဲထားကြသည်။
သူတို့၏အမူအယာမှာ လေးနက်နေကြသည် ။ ကလေးငယ်သုံးယောက်အား မမြင်တွေ့သကဲ့သို့ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီး၏ဘေးတွင် နေရာယူလိုက်ကြသည်။
နောက်ဆုံးမှ အသက်ဆယ်နှစ်ကျော်ကလေးဆယ့်နှစ်ယောက်လိုက်ပါလာကြသည်။ ထိုကလေးများမှာ အဖြူရောင်ဝတ်စုံနှင့်လူဆယ့်နှစ်ယောက်၏နောက်အသီးသီးတွင်နေရာယူလိုက်ကြသည် ။
သူတို့အားလုံး အဖြူရောင်ဝတ်စုံများဝတ်ဆက်ထာယကာ ခါးတွင်ဓားကိုယ်စီ ချိတ်ဆွဲထားကြသည်။ သူတို့၏ပုံပန်းသွင်ပြင်မှာ သူတို့ရှေ့မှ ဝတ်စုံဖြူဆယ့်နှစ်ယောက်နှင့် ဆင်တူလှသည်။
ခန်းမအလယ်ရှိ စိတ်လှုပ်ရှားနေဟန်ရသော ကလေးငယ်သုံးယောက်မှာ ခန်းမအတွင်းသို့ဝင်လာသူများအားကြည့်ကာ ဂါရဝပြုလိုက်ကြသည်။
" စံအိမ်သခင်နဲ့ အကြီးအကဲဆယ့်နှစ်ယောက်ကို ဂါရဝပြုပါတယ် "
ကလေးငယ်သုံးယောက်မှ သံပြိုင်ပြောလိုက်ကာ ဦးညွှတ်လိုက်ကြသည်။ ဖျင်ကြမ်းအင်္ကျီနှင့်လူမှ သူတို့အားခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် သူက ခန်းမအတွင်းမှအခေုအနေကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် စကားစပြောလိုက်သည်။
" ရှောက်ကျင်းဖန် ၊ ထင်းရှောင်ယင် ၊ ထင်းရှီ "
ထိုလူကြီးမှ နာမည်တစ်ခုချင်းစီအားပြောလိုက်သည်။ ကလေးငယ်များမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
ထိုနာမည်များမှာ သူတို့တစ်ယောက်ချင်းစီ၏ နာမည်များဖြစ်ပုံရသည်။ သူတို့၏မျက်ဝန်းထဲတွင်လည်း စိတ်လှုပ်ရှားဟန်များ ထွက်ပေါ်လာကြသညါ။
သူ၏အသံမှာ လွန်စွာကျယ်လောင်ခြင်းမရှိသော်လည်း ခန်းမတွင်းမှလူများမှာ သူတို့၏နားအနားသို့ ကပ်ပြောနေသလို ရှင်းလင်းစွာကြားနေရသည်။
တိုင်ကိုမှီကာ ငိုက်မျဉ်းနေသောအဖိုးကြီးသည်ပင် သူ၏မျက်စေ့အားဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးအား ချီးကျူးသကဲ့သို့တစ်ချက်ကြည့်လိုက်သည် ။
စောစောပိုင်းက အိပ်ရေးမဝဟန်ဖြင့် မှုန်မှိုင်းနေသော သူ၏မျက်လုံးထဲတွင်လည်းထူးခြားဆန်းကြယ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်က တခဏသာကြာသည် ။ ထို့နောက် သူတစ်ချက်သန်းဝေကာ ပြန်လည်ငိုက်မျဥ်းသွားသည်။
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ ဆက်ပြောလိုက်သည် ။
" မင်းတို့သုံးယောက်လုံးက ငါ့ရဲ့တပည့်တွေပဲ ။ ဒါကြောင့် ဒီနေ့မှာ မင်းတို့ကို ဓားပညာရွေးချယ်ခွင့်ပေးမယ် "
သူ၏စကားကြောင့် ကလေးငယ်သုံးယောက်သာမက ခန်းမအတွင်းရှိလူများပင် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည် ။
အေးစက်သည့်အမူအယာဖြင့် ရိပ်နေကြသည့် လူဆယ့်နှစ်ယောက်သည်လည်း စိတ်ဝင်စားသည့်အရိပ်အယောင်များပေါ်ထွက်လာသည်။
ဝတ်စုံဖြူနှင့်ကလေးများ၏မျက်ဝန်းများထဲတွင်လည်း အားကျသည့်အရိပ်အယောင်များပေါ်ထွက်လာသည် ။သို့သော် သူတို့၏မျက်နှာများမှာ အမူအယာကင်းမဲ့နေကြသည် ။
" မင်းတို့ရဲ့ဘဝတစ်လျှောက်လုံးအသုံးပြုရမယ့်ဓားသိုင်းကိုရွေးချယ်ရမှာပဲ ။ ငါကတော့ မင်းတို့ရဲ့ရွေးချယ်မှုကိုဝင်စွက်ဖတ်မှာမဟုတ်ဘူး ။ မင်းတို့ရဲ့ရွေးချယ်မှုက မင်းတို့တစ်ဦးချင်းစီနဲ့သက်ဆိုင်တယ် "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ ခေတ္တနားကာ ဆက်ပြောလိုက်သည်။ သူ၏စကားများကို ငလေယငယ်သုံးယောက်မှ မလွတ်တမ်းသေချာနားစိုက်ထောင်နေကြသည်။
သူတို့၏ပုံစံမှာ စကားတစ်ခွန်းတလေပင်အလွတ်မခံနိုင်သည့်ပုံဖြစ်သည်။ ထို့အတူ ခန်းမတစ်ခုလုံးလည်း မူလကထက်ပင် ငြိမ်သက်သွားသည်ဟု ထင်ရသည်။
" ကဲ ဘိုးဘေးရဲ့ဓားကိုဂါရဝပြုမယ် "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ ခရမ်းရောင်ဓားဘက်သို့လှည့်ကာဂါရဝပြုလိုက်သည်။
ဝတ်စုံဖြူဝတ်လူဆယ့်နှစ်ယောက်နှင့် သူတို့၏နောက်မှ ကလေးငယ်ဆယ့်နှစ်ယောက်လည်း ထိုနည်းတူစွာ ဓားကိုဂါရဝပြုလိုက်ကြသည်။
သူတို့တင်မကပေ ။ ခန်းမအတွင်းမှ အပြာရောင်ဝတ်စုံနှင့်လူအားလုံးလည်း စင်မြင့်ထက်မှ ခရမ်းရောင်ဓားကို ရိုသေစွာ ဂါရဝပြုကြသည်။
ချွင်းချက်အနေဖြင့် မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးသာ ခရမ်းရောင်ဓားအားဂါရဝမပြုဘဲရှိနေသည်။ သို့သော် အစောပိုင်းကကဲ့သို့ငိုက်မျဥ်းမနေတော့ပေ ။
သူ၏မျက်လုံးများ တလက်လက်တောက်ပနေကာ ဓားကိုတစ်လှည့် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးအားတစ်လှည့် ကြည့်နေသည်။ သူ၏စိတ်ထဲတွင် တိုက်ခိုက်လိုစိတ်အား အပြင်းအထန်ချိုးနှိမ်ထားရသည်။
ယခုအချိန်တွင် သူ့အားမြင်တွေ့သည့်မည်သူမဆို ပျင်းရိနေသည့်လူအိုကြီးဟုထင်မည်မဟုတ်ဘဲ လွန်စွာကြောက်မတ်ဖွယ်ကောင်းသူဟု သိကြမည်ဖြစ်သည် ။
ကံမကောင်းစွာဖြင့် ခန်းမအတွင်းရှိလူအားလုံးမှာ သူ့အားဂရုမပြုမိကြပေ။ အချိန်တခဏအတွင်း သူ၏မျက်လုံးအတွင်းမှအရောင်များမှိန်ဖျော့သွားကာ မူလအတိုင်း ပြန်လည်ငိုက်မျဉ်းနေသည်။
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးလည်း မီးခိုးရောင်ဝတ်စုံနှင့်အဖိုးကြီးအားဂရုစိုက်နေရာမှ သက်ပြင်းတစ်ချက်မသိမသာချလိုက်သည် ။ထို့နောက် သူကပြောလိုက်သည်။
" ဘိုးဘေးရဲ့ဓားကို ဂါရဝပြုပြီးပြီ တပည့်သုံးယောက် အမွေအနှစ်ရွေးချယ်ခြင်းခန်းမထဲကိုဝင်မယ် "
ထိုသို့ပြောကာ ရှေ့မှလျှောက်သွားလိုက်သည်။ သူ၏နောက်မှ ကလေးငယ်သုံးယောက်လည်း လိုက်ပါသွားတော့သည် ။
------------------------------------------