← Chapters

ဓားကျေးရွာနှင့် သိုးထိန်းကြီး

Vol. 1 Ch. 27

ဓားကျေးရွာနှင့် သိုးထိန်းကြီး

Vol. 1 Ch. 27

ဓားကျေးရွာ

ဓားကျေးရွာမှာ ဓားစံအိမ်စတင်တည်ထောင်စဉ်ထဲကရှိခဲ့သောနေရာဖြစ်သည်။ ဓားကျေးရွာထဲတွင် ဓားစံအိမ်နှင့်ပတ်သက်သည့်လူများသာရှိကြသည်။

ထိုလူများမှာ သာမန်လူများသာဖြစ်ကြကာ ပြင်ကကမ္ဘာကြီးအား သွားရောက်ခြင်းမပြုဘဲ ဓားကျေးရွာတွင်သာနေထိုင်ကြသည်။

ဓားစံအိမ်၏ဖွဲ့စည်းပုံမှာ ဝင်္ကပါတောအုပ်ထဲတွင်အခြေစိုက်ထားကာ ဓားစံအိမ်နှင့် ဓားကျေးရွာဟူ၍ နှစ်နေရာရှိသည်။

ဓားစံအိမ်မှာ စံအိမ်သခင်နှင့် ဓားအကြီးအကဲဆယ့်နှစ်ယောက်တို့နေထိုင်ကြကာ ထိုလူများမှာ ဓားစံအိမ်တွင် ရာထူးအကြီးဆုံးများဖြစ်ကြသည်။

ဓားစံအိမ်တွင် စံအိမ်သခင်၏အမိန့်မှာ အဓိကဖြစ်ကာ စံအိမ်သခင်မရှိသည့်အချိန်များတွင် အကြီးအကဲဆယ့်နှစ်‌ယောက်မှတာဝန်ယူရသည်။

အကြီးအကဲဆယ့်နှစ်‌ယောက်မှာ တကည့်တစ်ယောက်စီရွေးချယ်ပိုင်ခွင့်ရှိကာ ရွေးချယ်ခံရသောတပည့်များမှာ လက်ရှိအကြီးအကဲများသေဆုံးသည့်အခါ ၊ သို့မဟုတ် အနားယူသည့်အချိန်တွင် အကြီးအကဲနေရာသို့ ဆက်ခံရသည်။

ဓားစံအိမ်သခင်မှာမူ တပည့်အများအပြားလက်ခံနိုက်သည် ။ သူ၏တပည့်ဖြစ်လာသူများကိုလည်း အမွေဆက်ခံသူများဟုခေါ်ကာ ထိုအထဲမှတစ်‌ယောက်မှာ အချိန်တန်လျှင် စံအိမ်သခင်နေရာအား ဆက်ခံရမည့်သူများဖြစ်သည်။

သိုင်းလောကအတွင်းရှိလူများ အထင်မှားနေသည့်အရာတစ်ခုရှိသည် ။ ဤသည်မှာ ဓားစံအိမ်မှလူများမှာ ပြင်ပသို့ နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်သုံးဆယ်ကြာလျှင်တစ်ခါထွက်သည်ဟုဆိုကြသည်။

အချို့လူများသည်လည်း နှစ်သုံးဆယ်ကျော်ကြာမှ တစ်ခါပြင်ပသို့ထွက်ကြသည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ထိုလူများမှာ အထင်နှင့်ခန့်မှန်းကာပြောနေကြခြင်းဖြစ်သည်။

ဓားစံအိမ်နှင့် ဓားကျေးရွာမှလူများမှာ ပြင်ပသို့ သူတို့၏ဘဝတွင်တစ်ကြိမ်တစ်ခါထွက်ခွင့်ရှိသည်။ မည်သည့်အချိန်တွက်ပင်ဖြစ်စေ သူတို့ထွက်ခွာလိုလျှင်ထွက်ခွာနိုင်သည်။

ပြင်ပကမ္ဘာသို့ရောက်လျှင်လည်း သူတို့အနေဖြင့် သုံးနှစ်ခန့်နေထိုင်နိုင်သည် ။ သုံးနှစ်အတွင်းပြန်ရောက်မလာလျှင် ဓားစံအိမ်သို့ပြန်လာစရာမလိုတော့ပေ ။

ဤသည်ကား ဖောက်ဖျက်မရသောသံမဏိစည်းမျဉ်းတစ်ခုဖြစ်သည် ။ ကျန်တစ်ချက်မှာ ပြင်ပ‌တွင်နေထိုင်သော ဓားစံအိမ်မှလူများမှာ သူတို့၏ဘဝတစ်‌လျှောက်လုံး ဓားစံအိမ်မှဖြစ်သည်ဆိုသည်အား လုံးဝထုတ်ဖော်ခွင့်မပြုပေ ။

ထုတ်ဖော်ပြောဆိုမိခဲ့လျှင် သူတို့၏မိသားစုတစ်ခြလုံးအမြစ်ပြတ်သုတ်သင်ခြင်းကို ခံရပေမည် ။ဤသည်မှာလည်း ဓားစံအိမ်၏ နည်းပါးလှသောသံမဏိစည်းမျဉ်းများအနက်မှ တစ်ခုဖြစ်သည်။

ဓားကျေးရွာ၏အစွန်ဘက်တွင် ခြံဝန်းငယ်လေးတစ်ခုရှိသည်။ ထိုခြံဝန်းလေးထဲတွင် သေးငယ်သောတဲအိမ်လေးတစ်လုံးနှင့် သိုးခြံတစ်ခြံရှိသည် ။

ထိုခြံဝန်းမှာ ဓားကျေးရွာ၏ သိုးထိန်းကြီးနေထိုင်သည့်နေရာဖြစ်သည်။ သိုးထိန်းကြီးမှာလည်းထူးဆန်းသည့်နောက်ကြောင်းရှိသည် ။

လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဓားစံအိမ်သို့လူစိမ်းတစ်ယောက်ရောက်လာခဲ့သည် ။ ထိုဖြစ်ရပ်မှာ ဓားစံအိမ်နှင့် ဓားကျေးရွာတစ်ခုလုံးအား အံ့အားသင့်သွားစေခဲ့သည် ။

ဓားစံအိမ်အား ဝင်္ကပါတောအုပ်ထဲတွင် တည်ထားခြင်းမှာ ပြင်ပလောကနှင့် မပတ်သက်လို၍ဖြစ်သည် ။ ထို့ကြောင့် ဓားစံအိမ်သို့လာရာလမ်းတွင် မရေမတွက်နိုင်သော ဝင်္ကပါများရှိကြသည်။

ထို့အပြင် တောအုပ်အတွင်းမှ အမျိူမျိုးသောအန္တရာယ်များမှာ ဓားစံအိမ်အား ပြင်ပမှလူများ ရှာမတွေ့နိုင်သည့်အကြောင်းတစ်ခုဖြစ်သည် ။

ဓားစံအိမ် သို့မဟုတ် ဓားကျေးရွာတွင်နေထိုင်သူမှသာ ဝင်္ကပါများအား လွယ်လွယ်ကူကူကျော်ဖြတ်နိုင်စွမ်းရှိသည် ။

ဓားစံအိမ်တည်ရှိခဲ့သည့် နှစ်ပေါင်းနှစ်ရာအတွင်းပထမဦးဆုံးရောက်လာသူဖြစ်သဖြင့် အားလုံးအံ့ဩတကြီးဖြစ်ခဲ့ရသည်။

ထို့အပြင် ဓားစံအိမ်အားအောင်မြင်စွာရှာတွေ့နိုင်သူမှာ မကြီးမားသော အကူအညီတစ်ခုအားတောင်းခွင့်ရှိသည် ။

သို့သော် ထိုလူစိမ်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ဓားစံအိမ်တွင်နေထိုင်ခွင့်ကိုသာတောင်းခံခဲ့သည်။

ထို့နောက် ဓားကျေးရွာတွင်နေခဲ့ကာ ရွာထဲမှ သိုးများအားကျောင်းပေးနေသည် ။ အပြန်အလှန်အနေဖြင့် သူက ရွာထဲမှ အစားအစာနှင့် အဝတ်အထည်များကို ပြန်လည်ရရှိသည်။

သို့သော် ထိုလူမှာ ဝတ်စုံနှစ်စုံ သုံးစုံအား လှည့်ပတ်ဝတ်နေကာ မည်သည့်အချိန်မဆိုငိုက်မျည်းနေတတ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုလူစိမ်းအား ဓားကျေးရွာမှလူများမှာ ရွာသားတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ကြသည်။

" ဝါးး ပျင်းစရာကောင်းလိုက်တာ "

ပိန်ပိန်ပါးပါးနှင့် အားနည်းဟန်ရသောကလေးငယ်လေးမှာ ခြံဝန်းထဲတွင်ရှိသော ခုံရှည်ပေါ်တွင်အိပ်နေသည်။

သူ၏မဲနက်နေသော မျက်လုံးများမှာ ပြာလဲ့နေသောကောင်းကင်ကြီးအား အဓိပ္ပာယ်မရှိကြည့်နေကာ သန်းဝေလိုက်သည်။

သူ၏မျက်နှာမှာ အသက်အရွယ်နှင့်စာလျှင်များစွာရင့်ကျက်နေပုံပေါ်သည်။ သူ၏မျက်လုံးများမှာ အသိဉာဏ်နှင့်ပြည့်ဝနေသလို စူးရှတောက်ပြောင်နေသည်။

သူနှင့်မနီးမ‌ဝေးရှိသိုးခြံထဲတွင်တွင် အသက်ခြောက်ဆယ်ခန့်ရှိမည့်အဖိုးအိုတစ်ယောက်ရှိကာ သိုးခြံအား ရှင်းလင်းနေသည်။

ထို့နောက် အတန်ကြာသောအခါ သိုးခြံထဲမှမောပန်းသည့်ဟန်ဖြင့်ထွက်လာကာ ထိုင်ခုံပေါ်လာ၍ ကောင်လေး၏ဘေးတွင်ဝင်ထိုင်လိုက်သည်။

" သိုးထိန်းကြီး ဒီနေ့ရော ဘာအကြောင်းတွေပြောပြမှာလဲ "

ကောင်လေးမှ စိတ်အားထက်သန်စွာမေးလိုက်သည်။ သူ၏စကားကြောင့် အနားယူနေသော အဖိုးအို၏မျက်နှာမှာ ရှုံ့မဲ့သွားသည် ။

" ကောင်စုတ်လေး မင်းနေ့တိုင်း ဒီကိုလာနေတာ မင်းဆရာကဘာမှမပြောဘူးလား "

အဖိုးအိုမှ ကောင်လေးအား မေးလိုက်သည်။ သူ၏စကားကြောင့် ကောင်လေး၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည် ။

" ဆရာက ကျွန်တော့အပေါ်ကိုသိပ်ကောင်းတယ် ။ ကျွန်တော့်ရဲ့မိဘတွေသေဆုံးသွားပြီးတဲ့နောက်မှာ ဆရာကကျွန်တော်ရဲ့ အရေးအကြီးဆုံးလူပဲ "

ကောင်လေးမှာ ထိုသို့ပြောကာ သူ၏မျက်နှာထက်တွင် ရိုသေလေးစားမှု အရိပ်အ‌ယောင်များထွက်ပေါ်နေသည် ။

ထို့နောက် သူကဆက်ပြောလိုက်သည်။

" ကျွန်တော့်ရဲ့ မိဘအရင်းတွေက ဘယ်လိုပုံစံတွေရှိလဲဆိုတာတောင် မေ့တေ့တေ့ဖြစ်နေပြီ။ သူတို့သေဆုံးသွားတုန်းက ကျွန်တော်ကငါးနှစ်ကျော်ခြောက်နှစ်အရွယ်ပဲရှိသေးတာကိုး ။

အဲဒီအချိန်က ဆရာသာကျွန်တော်ကို ဓားပြတွေရဲ့လက်က မကယ်တင်ခဲ့ဘူးဆိုရင် ကျွန်တော်လဲ ဘယ်ဘဝကိုရောက်နေမယ့်မသိဘူး "

ကောင်လေးမှ ဖျော့တော့စွာပြုံးလိုက်သည်။ အဖိုးအိုမှာ ကောင်လေး၏မျက်နှာထက်မှ အရိပ်အ‌ယောင်များအားကြည့်ကာ သက်ပြင်းတစ်ချက်ကို မသိမသာချလိုက်သည် ။

" ကောင်လေး အခုမင်းကို ဂရုစိုက်ပေးတဲ့လူတွေရှိနေပြီမလား "

အဖိုးအိုမှ နှစ်သိမ့်လိုက်သည်။ ကောင်လေးလည်း ခေါင်းညိမ့်လိုက်သည်။

သုံးနှစ် ကျွန်တော်ဓားစံအိမ်ကို‌ရောက်တာ သုံးနှစ်ရှိပြီ။ ဒီသုံးနှစ်အတွင်းမှာ ကျွန်တော့်ကိုဂရုစိုက်ပေးတဲ့ ဆရာ၊ ဒေါ်လေးကျိနဲ့ ရွာကလူတွေကိုလည်း ကိုယ့်ရဲ့ဆွေမျိုးအရင်းတွေလို တွယ်တာနေပြီ။

ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ထဲမှ တစ်ယောက်တည်းလိုလိုဖြစ်နေတုန်းပဲ။ ကျွန်တော်ဒီမှာနေရတာပျော်ပေမယ့် အချိန်ကျရင် အပြင်ဘက် လောကကြီးကို လျှောက်သွားချင်တယ်။

အဲဒီအချိန်ကျရင် ကျွန်တော်ဒီကို ပြန်မလာဖြစ်မှာတောင်ကြောက်ရတယ် "

ကောင်လေးမှ အနည်းငယ်ဝမ်းနည်းသည့်ဟန်ဖြင့်ပြောလိုက်သည်။

သိုးထိန်းကြီးမှာ ကောင်လေးအား ကြည့်လိုက်သည် ကောင်လေးအားကြည့်နေသောသူ၏မျက်လုံးများထဲတွင် သဘောကျသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။

" ငှက်တွေကပျံရင်နဲ့သေတယ်။ လူတွေဆိုတာကလည်း ကိုယ့်ရဲ့နေထိုင်တဲ့ ပတ်ဝန်းကျင်ငယ်လေးထဲမှာပဲ မနေသင့်ဘူး ။ အဲလိုမှမဟုတ်ဘူးဆိုရင် မင်းကရေတွင်းထဲကဖားလေးလိုဖြစ်သွားလိမ့်မယ် ။

ကျယ်ပြန်တဲ့လောကကြီးကို ဘယ်တော့မှ မြင်ခွင့်ရမှာမဟုတ်တော့ဘူး။ အရင်တုန်းက ငါတိုင်းပြည်ရဲ့နေရာအတော်များများကို လျှောက်သွားခဲ့ဖူးတယ် ။

မကြုံဖူးတဲ့မျိုးနွယ်စုတွေ ၊ ယဉ်ကျေးမှုဓလေ့တွေ ၊ ဗဟုသုတအသစ်အဆန်းတွေ စသည်ဖြင့် မင်းမရေမတွက်နိုင်တဲ့အကြောင်းအရာတွေကို ကြုံတွေ့ရလိမ့်မယ် ။

နောက်ဆုံး ငါလျှောက်သွားရင်း မင်းတို့ဓားစံအိမ်ကိုရောက်လာတာပဲ ။ အရင်တုန်းကတော့ ငါ့ရဲ့ဒဏ်ရာတစ်ခုကြောင့် ငါ့သက်တမ်းကုန်ဆုံးခါနီးပြီဆိုပြီး ငါ‌ဓားကျေးရွာမှာ အခြေချနေထိုင်ခဲ့တာပဲ။ ဒါပေမယ့် ဘယ်သူကထင်မှာလဲ ဒီရောက်ပြီးခါမှ ငါကလည်းသေမယ့်အရိပ်အယောင်တောင်မပြသေးဘူး။

ဒါပေမယ့် ငါအေးချမ်းတဲ့ပတ်ဝန်းကျင်ကိုအသားကျသွားတော့ ဒီမှာပဲဆက်နေဖြစ်တော့တာ။

မင်းရဲ့ပုံစံကိုကြည့်ရတာ ငါငယ်ငယ်တုန်းကလိုပဲ အရာရာကိုစူးစမ်းချင်တဲ့စိတ်ကိုတွေ့ရတယ်။

ဒါကြောင့် ငါကလည်း မင်းကို ငါတတ်သမျှအတတ်ပညာတွေနဲ့ ငါသိထားတဲ့ဗဟုသုတတွေကို နေ့တိုင်းပြောပြပေးနေတာပဲ။ "

သိုးထိန်းကြီးမှ ရှည်လျားစွာပြောလိုက်သည်။ ကောင်လေးလည်း သိုးထိန်းကြီး၏စကားကြောင့်ခေါင်းညိမ့်လိုက်မိသည်။

သူသိုးထိန်းကြီးဆီသို့ရောက်လာခဲ့သည့်အချိန်မှစ၍ ဤအဖိုးအိုမှာ ဆန်းကြယ်မှုများနှင့်ပြည့်နှက်နေကြောင်းကို သူသိလိုက်သည်။

ကမ္ဘာပေါ်တွင် သိုးထိန်းကြီးမသိသည့်အရာမရှိဟုပင် သူထင်ခဲ့သည်။ သိုးထိန်းကြီးထံတွင် မြောက်များလှစွာသော ဗဟုသုတများပြည့်နေကာ အမျိူးမျိုးသော အတတ်ပညာများလည်း သူ့အားသင်ကြားပေးသေးသည်။

သို့ရာတွင် ထိုအထဲ၌ သိုင်းပညာမပါဝင်ပေ။ ထို့ကြောင့် သူသိုးထိန်းကြီးအား သိုင်းပညာမတတ်ဟုထင်မိခဲ့သည်မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်အထိဖြစ်သည် ။

-------------------------------------------

All Chapters