လေ့ကျင့်မှုများ
Vol. 1 Ch. 32
တောအုပ်အတွင်းတွင် ရေစီးကျသံများဆူညံနေသည်။ ရေတံခွန်ကြီးမှာ နဂါးကြီးတစ်ကောင်ကဲ့သို့ ကွေ့ကောက်စွာစီးဆင်းနေသည်။
အရှိန်ပြင်းစွာစီးဆင်းနေသောရေတံခွန်မှာ အောက်ခြေသို့ အငြိုးကြီးစွာကိုက်ခတ်နေသည်။ ထိုနေရာရှိရေများမှာ ဆက်လက်စီးဆင်းသွားကာ နောက်ထပ်ရေတံခွန်အသေးစားလေးတစ်ခုဖြစ်ပေါ်နေသည် ။
ရေတံခွန်မှာ နှစ်ထပ်ဖြစ်ပေါ်နေကာအပေါ်ဘက်ရှိရေတံခွန်မှာ အရှိန်အဟုန်ပြင်းလွန်းသည်။ အောက်ဘက်ရှိရေတံခွန်ငယ်မှာမူ ရေးစီးအားအနည်းငယ်လျော့နည်းသော်လည်း အတော်အရှိန်အဟုန်ပြင်းသေးသည် ။
ရေတံခွန်ငယ်လေးမှ ကျဆင်းနေသောရေလုံးကြီး၏အောက်တွင် အပေါ်ပိုင်းဗလာနှင့် ကလေးငယ်တစ်ယောက် မြင်းထိုင်ပုံစံထိုင်နေသည်။
ထိုကလေးငယ်မှာ ရေတံခွန်မှ ဖိအားအားအသုံးပြုကာ ခန္တာကိုယ်ကြံ့ခိုင်သန်မာစေရန်လေ့ကျင့်နေခြင်းဖြစ်သည်။
သူ၏ကျစ်လျစ်သောအသားပေါ်သို့ ရေလုံးကြီးများ တဝုန်းဝုန်းကျဆင်းနေသည်။ ကလေးငယ်မှာ အံကိုတင်းတင်းကြိတ်ကာ တောင့်ခံနေသည်။
ထိုကလေးမှ ဆယ်နှစ်အရွယ်ရှိကာ ရိုးသားပွင့်လင်းသည့်မျက်နှာပုံစံရှိပြီး အရွယ်နှင့်မလိုက်အောင် ခန္တာကိုယ်ကြံ့ခိုင်တောင့်တင်းသည်။
ရေတံခွန်အောက်တွင် အချိန်အတော်ကြာနေပြီးသည်နှင့် သူ၏အကန့်အသက်သို့ရောက်လာသည်ကိုသိလိုက်သည် ။
ထို့နောကိ ရေလုံးကြီးတစ်လုံးမှ ဆောင့်ကျလာရာ သူ၏ခန္တာကိုယ်လေးမှာ အောက်ရှိ ချောင်းရေသို့ပြုတ်ကျသွားသည်။
" ဗွမ်း "
ရေတံခွန်အောက်မှ ချောင်းရေထဲတွင် လှိုင်းထသွားသည် ။ ကလေးငယ်မှာ ရေထဲတွင်ကျွမ်းကျင်စွာကူးခပ်နေသည် ။ထို့နောက် ကမ်းစပ်သို့ပြန်လာကာ အမောဖြေလိုက်သည်။
ယခင်က သူရေတံခွန်အောက်တွင် စက္ကန့်အနည်းငယ်သာနေနိုင်ခြင်းဖြစ်သည် ။ ယခုမူ အချိန်အတော်ကြာသည်အထိ နေနိုင်သောကြောင့် သူအတော်လေးတိုးတက်လာပြီဟုပြောနိုင်သည်။
ထို့နောက် ချောင်းဘေးရှိသစ်ပင်တစ်ပင်တွင် ထောင်ထားသော ဓားအားကောက်ယူကာ ဓားသိုင်းကွက်များ စတင်လေ့ကျင့်လိုက်သည်။
သူ၏လက်ထဲမှဓားမှာ ဗျပ်အနည်းငယ်ထူကာ လေးလံသည့်ပုံရှိသည် ။ ထိုဓားကြီးမှာ သူ၏အရွယ်နှင့်စာလျှင် အနည်းငယ်ကြီးသည်ဟုပြော၍ရသည်။
သို့သော် ကလေးငယ်မှာ ထိုဓားအားငှက်မွှေးလေးတစ်ချောင်းကဲ့သို ပေါ့ပါးစွာဝေ့ယမ်းလျက်လေ့ကျင့်နေသည် ။
မြေပြင်တွင်လည်း လေပွေလှိုင်းလေးထနေကာ သူ၏ပတ်လည်တွင် ဝေ့ဝဲနေသည် ။ သူ၏ဓားကွက်များမှာ နာမည်နှင့်လိုက်အောင် အားမာန်ပါကာ ပြင်းထန်လှသည်။
ကလေးငယ်မှာ အချိန်အတော်ကြာလေ့ကျင့်ပြီးသည့်နောက်တွင်ရပ်နားလိုက်သည်။
သူ၏ခန္တာကိုယ်တွင် ချွေးသီးလေးများကပ်ညိနေကာ အသက်ရှူသံလည်း အနည်းငယ်ပြင်းနေသည်။ ထို့နောက် သူ၏ဓားအားဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
သူ၏လေ့ကျင့်မှုမှာ ပြီးဆုံးသွားပုံရသည်။ သူလေ့ကျင့်နေသောဓားသိုင်းမှာ မိုးကြိုးမုန်တိုင်းဓားသိုင်းဖြစ်ကာ အားအင်ပြင်းထန်လှသည် ။
ထိုကလေးငယ်မှာ စံအိမ်သခင်၏တပည့်ကြီး ရှောင်ကျင်းဖန်ဖြစ်သည် ။ သူ၏ဓားသိုင်းမှာ ခန္တာကိုယ်ကြံ့ခိုင်ခြင်းကိုလည်း အလေးပေးလေ့ကျင့်ရသဖြင့် ဤနေရာကို သူ၏လေ့ကျင့်နေကျနေရာအဖြစ်သက်မှတ်ခြင်းဖြစ်သည်။
သူတို့သုံးယောက်လုံးမှာ ဓားစံအိမ်အနီးတွင်ရှိသောတောအုပ်အတွင်းတွင်ဖြစ်သည်။ စံအိမ်သခင်၏တပည့်သုံးယောက်လုံး ဤတောအုပ်ထဲတွင်လေ့ကျင့်ကြသည်။
တောအုပ်တစ်ခုထဲဖြစ်သော်လည်း သူတို့၏လေ့ကျင့်သည့်နေရာများမှာကွဲပြားသည် ။
သူ၏ပညာသင်ဘက်ညီမငယ် စံအိမ်သခင်၏သမီးဖြစ်သူထင်းရှောင်ယင်မှာမူ တောအုပ်ထဲရှိလှပသည့်နေရာအားအပိုင်စီးထားသည် ။
သူ၏ညီငယ်ထင်းရှီမှာမူ တိတ်ဆိတ်ငြိမ်သက်သည့်နေရာအား သဘောကျသည်။ ထို့ကြောင့် သူတို့နှင့်အနည်းငယ်ဝေးသည့်တောတွင်းပိုင်းနေရာတွင်လေ့ကျင့်နေသည်။
ရှောင်ကျင်းဖန်မှာ ထင်းရှီ၏အကြောင်းအားတွေးရင်းပြုံးလိုက်မိသည် ။ သူ့ထက်နှစ်နှစ်ခန့်ငယ်သောထိုကောင်လေးမှာ လူကြီးဆန်ကာ သူ့ထက်များစွာရင့်ကျက်သည်။
ပုံမှန်အားဖြင့် စကားနည်းကာ တိတ်ဆိတ်စွာနေတတ်သောထင်းရှီမှာ သူနှင့်သူ၏မိခင်ကိုတော့ ခင်တွယ်ရှာသည် ။
သူကိုယ်တိုင်မှလည်း ငယ်စဉ်ကပင်အတူနေလာရသည့်ထိုကောင်လေးအား ညီအစ်ကိုအရင်းကဲ့သို့ ချစ်ခင်သည် ။
သူထင်းရှီတို့အကြောင်းအားတွေးကာ သူတို့၏နေရာသို့သွားလည်ရန်ပြင်လိုက်သည်။
ဓားအားခါးတွင်ချိတ်ကာ တောတွင်းသို့သွားရန်ပြင်လိုက်သည်။ သူ၏အပေါ်ရုံအင်္ကျီမှာ စံအိမ်တွင်ကျန်ခဲ့သည့်ဖြစ်၍ ထိုအတိုင်းသာထွက်လာခဲ့သည် ။
သူမသွားမီ သူ၏မျက်စိထောင့်စွန်းမှ အဖြူရောင်အရပ်ကလေးကိုမြင်လိုက်ရသည် ။ထိုအရိပ်မှာ လှပစွာပွင့်လန်းနေသော တောပန်းလေးတစ်ပွင့်ဖြစ်သည်။
ရှောင်ကျင်းဖန်မှာ ထိုပန်းလေးနားသို့ လျှင်မြန်စွာသွားလိုက်ကာ ငရုတစိုက်ခူးယူလိုက်သည်။ ထင်းရှောင်ယင်မှာ လှပသည့်ပန်းများအား နှစ်သက်သည်။
ထို့နောက် သူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာကာ တောအုပ်အတွင်းသို့ ပျော်ရွှင်စွာလျှောက်သွားလိုက်သည်။
----------------------------------------------------------
တောအုပ်အတွင်းဘက်
မြေကွက်လပ်လေးမှာ သစ်ပင်ကြီးများ၏အရိပ်များအုံ့ဆိုင်းနေသောကြောင့် နေပျောက်ပင်မထိုးနိုင်ပေ ။
ထို့အတွက်ကြောင့်လည်း နေ့ဘက်တွင်ပင်အနည်းငယ်မှောင်မည်းနေသလိုဖြစ်နေသည်။
ပတ်ဝန်းကျင်မှာလည်း ကျေးငှက်များ၏အသံကိုမကြားရဘဲ တိတ်ဆိတ်နေသည်။ ထိုမြေကွက်လပ်တွင် ကလေးငယ်တစ်ယောက်မှာ ငြိမ်သက်စွာရပ်နေသည်။
တောအုပ်ထဲမှာ ကလေးငယ်မှာ ကြောက်ရွံ့မှုလုံးဝမရှိဘဲ တစ်ဦးတည်းငြိမ်သက်နေသည်။
ထို့နောင် သူ၏ခါးမှဓားအားဖြေးညင်းစွာဖြုတ်ယူလိုက်သည်။ ထို့နောက် ဓားအားဓားအိမ်အတွင်းမှထုတ်ယူလိုက်သည်။
အဖြူရောင်ဓားတစ်ချောင်းမှ ထွက်ပေါ်လာသည်။ ကလေးငယ်မှာ အတွေးထဲတွင်နစ်မြောနေသလို အနည်းငယ်သတိလက်လွတ်ဖြစ်နေသည်။
သို့ရာတွင် လှုပ်ရှားမှုများမှာညင်သာကာ သိမ်မွေ့လှသည် ။ ကလေးငယ်လေးမှာ မျက်မှောင်တစ်ချက်ကြုတ်ကာ သူ၏လက်ထဲမှဓားအား စတင်ဝှေ့ယမ်းလိုက်သည်။
အဖြူရောင်ဓားမှာ အရိပ်များအဖြစ်ခွဲထွက်သွားကာ ကလေးငယ်မှာ ဓားကွက်များကို ဆက်၍ထုတ်နေသည် ။ သူ၏ခန္တာကိုယ်သည်လည်း လျှင်မြန်စွာရွေ့လျားနေသည်။
သူ၏ဓားသိုင်းမှာ တည်ငြိမ်စွာလေ့ကျင့်နေခြင်းထက် ဖော့ပညာဖြင့်ပေါင်းစပ်ကာတိုက်လိုက်ခြင်းမှာ များစွာအစွမ်းထက်လှသည်။
တဖြည်းဖြည်းနှင့်သူ၏ဓားကွက်များမှာ ပြင်းထန်ကာ အားမာန်ပါလာသည်။ သူ၏လက်အားပို၍ မြန်ဆန်စွာ လှုပ်ယမ်းလိုက်သည်။
သူ၏ပတ်ဝန်းကျင်တွင် ဓားရိပ်များဖုံးလွှမ်းနေသည်။ ကလေးငယ်မှာ ပတ်ဝန်းကျင်အားသတိမမူမိဘဲ ဓားကွက်များအား ဆက်၍ထုတ်နေသည်။
သူ၏အသက်အရွယ်ဖြင့် သိုင်းပညာထိုအဆင့်သို့ရောက်ရှိနေသည်မှာ လွန်စွာချီးကျူးစရာကောင်းလှသည်။
ကလေးငယ်မှာ သိုင်းလေ့ကျင့်နေခြင်းအားရပ်နားလိုက်သည်။ ထို့နောက် ဦးခေါင်းအားခါယမ်းလိုက်ပြန်သည်။
" မဟုတ်သေးဘူး ။ ဓားကွက်တွေကသိမ်မွေ့ပြီးခံစားချက်မဲ့ရမယ်တဲ့ ။ ငါလေ့ကျင့်နေတာမဟုတ်သေးဘူး "
ကလေးငယ်မှ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ ထို့နောက် မြေကွက်လပ်၏အစပ်တွင်ရှိသောကျောက်တုံးတစ်တုံးပေါ်တွင်သွား၍ထိုင်နေလိုက်သည်။
ထိုကျောက်တုံးပေါ်တွင် နေရောင်ထိုးနေကာ ကလေးငယ်၏မျက်နှာနုနုလေးပေါ်သို့ နေရောင်ကျရောက်နေသည်။
ထိုကလေးငယ်မှာ ထင်းရှီပင်ဖြစ်သည် ။ အထီးကျန်ဓားသိုင်းအား အလွတ်ရနေပြီဖြစ်သော်လည်း လေ့ကျင့်ရာတွင်မူ အနည်းငယ်လိုအပ်နေသလိုဖြစ်နေသည်။
သူ၏ဓားကွက်များမှာ ထက်မြတ်သော်လည်း သူ၏စိတ်ထဲ၌ တစ်စုံတစ်ခုလိုအပ်နေသလိုဖြစ်နေဆဲပင် ။
မျက်နှာပေါ်သို့ကျရောက်နေသောနေရောင်ခြည်အား ထင်းရှီမှာ သတိမထားမိပေ။ သူ၏မျက်ခုံးနှစ်ဖက်အားစုကြုံ့ကာ အပြင်းအထန်စဉ်းစားနေသည်။
အာရုံစူးစိုက်နေသော သူ၏ပုံစံမှာ တစ်မျိုးတစ်ဖုံပင်ကြည့်ကောင်းနေသေးသည်။ ထင်းရှီအား သစ်ပင်များကြားမှ ချစ်စရာကောင်းသည့်မျက်နှာလေးတစ်ခုမှ စိုက်ကြည့်နေသည်။
အတန်ကြာသောအခါ ထင်းရှီမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။ ထိုခံစားချက်အားသူ ခေါင်းရှုပ်ခံမနေတော့ပေ။ စံအိမ်သို့ပြန်ရောက်မှ သူ၏ဆရာအားမေးမည်ဟု ဆုံးဖြတ်လိုက်သည်။
" ဟေ့ ကောင်စုတ် လေ့ကျင့်လို့ပြီးပြီလား "
အသံစွာစွာလေးမှာ ထင်းရှီ၏ဘေးဘက်မှပေါ်လာသည်။ ထိုအသံလေးကြောင့် ထင်းရှီ၏မျက်နှာမှာ စိတ်ညစ်သည့်အရိပ်အယောင်တစ်ခုပေါ်ထွက်လာသည်။
သူ၏မျက်နှာအားတင်းလိုက်ကာ အသံပိုင်ရှင်ကိုကြည့်လိုက်သည်။ ထို့နောက် မလိုလားသည့်လေသံဖြင့် ခပ်ဆက်ဆက်မေးလိုက်သည်။
" ထင်းရှောင်ယင် နင်ဘာလာလုပ်တာလဲ "
သူ၏မေးခွန်းကြောင့် သစ်ပင်များနောက်မှ ကောင်မလေးတစ်ယောက်ထွက်လာကာ ခါးထောင်၍ မကျေမနပ်ကြည့်လိုက်သည်။
-------------------------------------------------