ငါ့ကို ပန်းခူးပေး
Vol. 1 Ch. 33
" ဟေ့ ကောင်စုတ် နင်ကငါလာတာကိုမကျေနပ်ဘူးလား "
ကောင်မလေးမှ နှုတ်ခမ်းအား မကျေမနပ်စုကာပြောလိုက်သည်။
နီရဲထွေးသည့်နှုတ်ခမ်းလေးများအားကြည့်ကာ ထင်းရှီမှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကောင်မလေး၏အမူအယာမှာချစ်စရာကောင်းလှသည် ။
သူမမှာ ဆံမွယ်များအား ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ အပေါ်ဘက်တွင်လိပ်တင်ထားသည်။ သူမ၏မျက်လုံးဝိုင်းလေးများမှာ သမင်မျက်လုံးလေးများကဲ့သို့ရွှန်းလဲ့လှသည် ။
အချိုးအစားအနည်းငယ်ပေါ်နေပြီဖြစ်သောခန္တာကိုယ်နှင့် သေးကျဉ်းသည့်ခါးလေးပေါ်တွက် လက်နှစ်ဖက်ထောက်ထားသည်။
သူမ၏ ပုံစံနှင့် ဝတ်ဆင်ထားသောအဖြူရောင်ဝတ်စုံမှာ လိုက်ဖက်ညီမှုရှိနေကာ အပြစ်ကင်းစင်သည့် နတ်သမီးငယ်လေးနှင့်တူညီနေသည်။
ထိုမိန်းမငယ်လေးမှာ အသက်ရှစ်နှစ်အရွယ်သာရှိသေးသော်လည်း ကြီးလာလျှင်မိန်းမချောလေးတစ်ယောက်ဖြစ်လာမည်မှာ မြေကြီးလက်ခက်မလွဲပေ ။
သို့သော် သူမ၏လှပသည့်ပုံစံလေးနှင့်လိုက်ဖက်ညီမှုမရှိဘဲ သူ့အား အနိုင်ကျင့်တတ်သည်က ဆိုးရွားလှသည် ။
ထို့ကြောင့်ပင် ထင်းရှီမှ သူမအားမျက်နှာသာမပေးခြင်းဖြစ်သည် ။
ထင်းရှီ၏ပြောင်းလဲမှုမရှိသည့်အမူအယာကြောင့် ထင်းရှောင်ယင်မှာ မကျေမနပ်ဖြစ်သွားသည် ။
" ထင်းရှီငါနင့်ကို ခိုင်းစရာရှိတယ် "
ထင်းရှောင်ယင်၏စကားကြောင့် ထင်းရှီမှာ မျက်မှောင်ကြုတ်လိုက်မိသည် ။
သူမမှာ သူ၏ဆရာစံအိမ်သခင်၏သမီးဖြစ်သောကြောင့်သူမအနိုင်ကျင့်သမျှကို သူအတတ်နိုင်ဆုံးသည်းခံခဲ့သည်။
ဤသည်ကိုသိ၍လည်း သူမမှာပို၍အနိုင်ကျင့်ခြင်းဖြစ်ရမည်။ သူ့အားတွေ့လိုက်သည်နှင့် အမျိုးမျိုးခိုင်းစေတော့သည် ။
ထင်းရှီ၏ စိတ်ပျက်လက်ပျက်အမူအယာကိုကြည့်ကာ ထင်းရှောင်ယင်မှာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
သူမထိုကောင်လေးအား အနိုင်ကျင့်ရသည်ကို သဘောကျသည်။
သူမထက်တစ်နှစ်ခန့်သာကြီးသော်လည်း အမြဲလိုလိုပင် လူကြီးပုံစံဖြင့်နေတတ်သည်။ ထို့အပြင် သူမ၏ဖခင်မှလည်း ထိုကောင်အားလွန်စွာမျက်နှာသာပေးကာချစ်ခင်သေးသည်။
ထို့ကြောင့်ပင်ဖြစ်ရမည်ဘ ကောင်လေးအားတွေ့သည်နှင့် သူမအလိုလိုစနောက်အနိုင်ကျင့်စိတ်များအလိုလိုဖြစ်ပေါ်လာသည်။
" ထင်းရှီငါ့ကို သစ်ခွပန်းလိုက်ခူးပေး "
ထင်းရှောင်ယင်မှချိုသာစွာပြောလိုက်သည်။ ဤသည်က သူမအလိုရှိသည့်အခါ ပြောတတ်သည့်လေသံဖြစ်သည်။ ပုံမှန်ဆိုလျှင် ထင်းရှီအား ကောင်စုတ်ဟုသာ ခေါ်လေ့ရှိသည်။
" အစ်ကိုကြီးကိုသွားရှာပါလား ။ သူကနင်အနိုင်ကျင့်သမျှကိုသည်းခံတာပဲ "
ထင်းရှီမှ သူမအားလမ်းကြောင်းလွှဲလိုက်သည်။ ရှောင်ကျင်းဖန်မှာ သူတို့နှစ်ဦးစလုံးအား အစ်ကိုကြီးပီသစွာ အစစအရာရာအနစ်နာခံသည် ။
" နင်ကငါတို့ထဲမှာကိုယ်ဖော့ပညာအကောင်းဆုံးလေ ။ နင်ငါ့ကိုလိုက်ခူးပေးရမယ် "
ထင်းရှောင်ယင်မှ ဇွတ်တရွတ်ပြောကာ ထင်းရှီအားဆွဲခေါ်သွားသည်။ ထင်းရှီလည်း သူမ၏နောက်မှ ယက်ကန်ယက်ကန်ဖြင့် လိုက်ပါသွားတော့သည်။
ထင်းရှောင်ယင်မှ သူမလေ့ကျင့်သည့်နေရာနားသို့ခေါ်သွားသည်။ ထို့နောက် အတော်လေးမြင့်မားသည့်သစ်ပင်ကြီး၏ရှေ့တွက်ရပ်တန့်လိုက်သည်။
" ကောင်စုတ် ဒီပေါ်မှာသစ်ခွပန်းတွေရှိတယ် ။ ငါ့အတွက်ခူးပေး "
ထင်းရှောင်ယင်မှ သစ်ပင်ပေါ်သို့ညွှန်ပြလိုက်သည် ။ ထင်းရှီလည်း သူမညွှန်ပြနေသည့်နေရာအားကြည့်လိုက်သောအခါ အဖြူရောင်သစ်ခွပန်းအချို့ကိုတွေ့လိုက်ရသည်။
ထင်းရှီမှာ သူ၏ရှေ့ရှိသစ်ပင်ကြီးကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ သစ်ပင်မှာ ပတော်လေးမြင့်မားသည့်အပြင် အောက်ခြေတွင် ကုတ်တွယ်စရာသစ်ကိုင်းနိမ့်များမရှိပေ ။
တွယ်တက်၍ရသည့်သစ်ကိုင်းများမှာလည်း အတော်မြင့်သေးသဖြင့် သူမ၏ကိုယ်ဖော့ပညာဖြင့်မတတ်နိုင်လောက်ပေ။ ထို့ကြောင့် သူ့အား လာခေါ်ခြင်းဖြစ်ရမည်။
ထင်းရှီမှာ မျက်မှောင်လေးကြုတ်ကာ စဉ်းစားလျက်ရှိသည်။ သစ်ပင်ပေါ်သို့ သူတစ်ကြိမ်းတည်းဖြင့် ခုန်မတတ်နိုင်ပါချေ။
သစ်ပင်အား ဖတ်တွယ်၍တက်လျှက်လည်း အတော်ခက်ခက်ခဲခဲတက်ရပေမည်။ အတန်ကြာငည်အထိ စဉ်းစားလိုက်ပြီး သူ၏မျက်နှာတွင်အပြူံတစ်ပွင့်ပေါ်လာသည်။
ထို့နောက် သူ၏ခါးမှဓားအားဖြုတ်ယူလိုက်သည်။ ဓားရှည်အား တစ်ချက်ဆကြည့်ကာ သစ်ပင်မှ နောက်သို့ ခြေလှမ်းအနည်းငယ်ခွာလိုက်သည်။
ထင်းရှောင်ယင်မှာ သူလုပ်သမျှအား စိတ်ဝင်စားစွာကြည့်နေသည် ။ ထိုကောင်စုတ်လေးအား သူမပင်ပန်းစေရန် ပန်းခူးခိုင်းခြင်းဖြစ်သည်။ ထိုအမြင့်အား ထင်းရှီကိုယ်ဖော့ပညာဖြင့် မတက်နိုင်သည်ကို သူသိသည်။
ထင်းရှီတစ်ယောက် သစ်ပင်အားဖတ်တွယ်၍တက်နေမည့်ပုံကိုမြင်ယောင်လာကာ သူမ မသိမသာ ပြုံးလိုက်မိသည်။
သို့သော် ထိုကောင်စုတ်မှ ထူးဆန်းသည့်အပြုအမူများပြုလုပ်နေသည်။ သူမလည်း အနည်းငယ်စိတ်ဝင်စား၍ တစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ စောင့်ကြည့်နေလိုက်သည်
ထင်းရှီမှာ သူ၏လက်ထှ် အဖြူရောင်ဓားအား ဆုတ်ကိုင်လိုက်သည် ။ ထို့နောက် သစ်ပင်၏ လူ့တစ်ရပ်ကျော်ကျော်အမြင့်သို့ လှမ်းပစ်လိုက်သည်။
" ရွှပ် "
" အား ကောင်စုတ် "
ဓားရှည်မှာ လေကိုခွင်းကာပြေးထွက်သွားပြီး သစ်ပင်တွင် ထင်းရှီမျှော်လင့်ထသည့်နေရာသို့စိုက်ဝင်နေသည်။
ဓားသွားမှာ သစ်ပင်ပင်စည်ထဲသို့ သုံးပုံတစ်ပုံခန့်နစ်ဝင်သွားကာ ကျန်ရှိနေသော ဓားကိုယ်ထည်နှင့်ဓားရိုးမှာတဆက်ဆက်လှုပ်ယမ်းနေသည်။
ထင်းရှီမှာ သူ၏မှန်းဆချက်တိကျသွား၍ ကျေနပ်သွားသည်။ ထို့နောက် သစ်ပင်အောက်မှ အလန့်တကြားခုန်ဆုတ်လာသောကောင်မလေးအားကြည့်ကာ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုပေါ်လာသည်။
ထိုကောင်မလေးမှာ ပုံမှန်အားဖြင့် ရဲရင့်သော်လည်း တစ်စုံတစ်ခုဆိုလျှင် လွန်စွာကြောက်တတ်သည်။
ယခုလည်း ထင်းရှီမှသူ၏ဓားအား သစ်ပင်သို့ပသ်လိုက်သောကြောင့် သူမခေါင်းပေါ်သို့ ပြန်ပြုတ်ကျလာမည်ကို ကြောက်ရွံ့ကာ အလန့်တြားအော်ဟစ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် သစ်ပင်တွင်စိုက်ဝင်နေသောဓားအားကြည့်ကာ သူမအနည်းငယ်ရှက်ရွံ့သွားသည်။
" ကောင်စုတ် ငါကြောက်အောင်လို့ နင်တမင်လုပ်တာမလား "
သူမမကျေနပ်ဖြင့်ရန်တွေ့လိုက်သည်။ သို့သော် ထင်းရှီမှာ သူမအား ဖြေရှင်းချက်ပေးရန်ပျင်းရိနေသည်။
ထိုကြောင့် မြေပြင်အားခြေတစ်ချက်ဆောင့်ကာ လေထဲသို့ခုန်တတ်လိုက်သည်။ သူ၏ခန္တာကိုယ်မှာလေထဲသို့ ပေါ့ပါးစွာရောက်ရှိသွားသည်။
ထင်းရှောင်ယင်၏ မကျေမနပ်စကားများမှာ တိတ်ကျ၍သွားသည် ။ ထို့နောက် ထင်းရှီအား ငေးမောနေသည်။
ထင်းရှီမှာ လေထဲသို့ရောက်ရှိသွားသည် ။ သို့သော် သစ်ခွပန်းရှိသည့်သစ်ကိုင်းသို့ရောက်ရှိရန်ကား အနည်းငယ်ကွာဝေးနေသေးသည်။
ထို့နောက် သစ်ပင်တွင် စိုက်ဝင်နေသောဓားအား ခြေဖြင့်တစ်ချက်ဆောင့်နင်း၍အားယူကာ အပေါ်သို့တက်သွားသည်။ သစ်ပင်ပင်စည်တွင်စိုက်ဝင်နေသောဓားမှာ တဆက်ဆက်တုန်ယင်နေခဲ့သည်။
ဓားကိုအားပြုကာခုန်ပြီးသည်နှင့် သစ်ခွပန်းရှိနေသောနေရာသို့ သူလွယ်ကူစွာရောက်ရှိသွားသည်။ ထို့နောက် သစ်ကိုင်းပေါ်တွင် အကျအနထိုင်ကာ သစ်ခွပန်းအား ဂရုတစိုက်ခူးယူလိုက်သည်။
ထင်းရှောင်ယင်မှာ ယခုအချိန်အထိ ငေးမောလျက်ပင်ရှိနေသေးသည်။ ထို့နောက်မှ သတိရသွားကာ သူမ၏မျက်နှာ ဖြန်းခနဲနီရဲသွားသည်။
" ဟွန့် ဒီကောင်စုတ် "
သူမ မကျေမနပ်ဖြင့်နှာခေါင်းရှုံ့လိုက်မိသည်။ သူမဝန်မခံချင်သော်လည်း ထိုကောင်စုတ်မှာ သူမထက်ကိုယ်ဖော့ပညာများစွာသာလွန်သည်ကို သူမသိသည်။
" ဝှစ် "
ထင်းရှီမှာ သစ်ခွပန်းအား လက်တစ်ဖက်မှကိုင်ကာ အပေါ်သို့တက်စဉ်ကအတိုင်း ပြန်ဆင်းလိုက်သည်။ ထို့နောက် သူမ၏ဘေးသို့ ပေါ့ပါးစွာကျဆင်းလာသည်။
" ရော့ နင့်အတွက် "
ထင်းရှီမှာ လှပသည့်အဖြူရောင်သစ်ခွပန်းအားကမ်းပေးလိုက်သည်။
သူမလည်း လှပသည့်အဖြူရောင်ပန်းအား ပျော်ရွှင်စွာယူလိုက်သည်။ ထို့နောက် မြတ်နိုးစွာကြည့်ကာ ရင်ခွင်ထဲတွင်ထွေးပိုက်ထားသည် ။
သူမတွင် လှပသည့်ပန်းပွင့်လေးများအား မြတ်နိုးသည့်စရိုက်ရှိသည်။ သူမ၏မျက်နှာသည်လည်း ကျေနပ်မှုကြောင့် ဝင်းပထလျက်ရှိသည်။
ထို့နောက် ထင်းရှီအား ပျော့ပြောင်းစွာကြည့်လိုက်သည် ။ သို့သော် ထင်းရှီအားမြင်လိုက်သည်နှင့် သူမ၏မျက်နှာမှ အပြုံးများပျောက်ကွယ်သွားကာ ဒေါသတကြီးပြောလိုက်သည်။
" နင့်ရဲ့လက်ထဲကပန်းက ဘယ်သူ့ကိုပေးဖို့လဲ ။ ငါ့ကိုအဲ့ပန်းပါပေး "
ထင်းရှီ၏လက်ထဲတွင် လှပသည့်သစ်ခွပန်းနောက်ထပ်တစ်ပွင့်ရှိနေသေးသည် ။ ထင်းရှီမှ ထိုသစ်ခွပန်းအား ဂရုတစိုက်ကိုင်ထားသည်။
ထင်းရှီလည်း သူမ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
" ငါ့ဘာသာငါဘယ်သူ့ကိုပေးပေးနင်နဲ့ဆိုင်လို့လား ။ နင့်ကိုငါပန်းခူးပေးထားပြီးပြီနော် နင့်ရဲ့ကိစ္စကပြီးသွားပြီ "
ထင်းရှီမှ တင်းမာစွာစွာပြောလိုက်သည် ။ ထိုကောင်မလေးမှာ အနည်းငယ်လွန်လာချေပြီ။
ထင်းရှောင်ယင်မှာ ထင်းရှီထံမှထွက်လာသည့် တင်းမာသည့်စကားများကြောင့် ဒေါသထွက်သွားသည်။
ထို့နောက် သူမအော်ဟစ်လိုက်သည်။
" မရဘူး ။ နင့်ဆီကပန်းကို ငါ့ကိုပေး "
ပြောပြောဆိုဆို ထင်းရှီ၏လက်ထဲမှပန်းအား ဆွဲယူလိုက်သည်။
ထင်းရှီမှာ သူမ၏အကျင့်အား ရင်းနှီးသူပီပီသူမ ယခုလိုပြုလုပ်မည်ကိုသိရှိသောကြောင့် ရှောင်တိမ်းလိုက်ကာ သူမ၏ပခုံးအားနောက်သို့တွန်းလိုက်သည်။
ထင်းရှောင်ယင်မှလည်း သူမ၏ပန်းအား လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ထင်းရှီဆီမှပန်းအား မရမကလိုက်လုနေသည်။
သူတို့ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်တွင် သစ်ပင်နောက်ကွယ်မှ ကောင်လေးတစ်ယောက်မှာ လက်ထဲတွင်အဖြူရောင်တောရိုင်းပန်းလေးများကိုင်ကာ ငိုင်နေသည်။
ထို့နောက် သူ၏ဦးခေါင်းအားတစ်ချက်ခါယမ်းကာ ထင်းရှီတို့အား ပြုံးလျက်ကြည့်လိုက်သည် ။
----------------------------------------------