← Chapters

ပြဿနာမလေး

Vol. 1 Ch. 34

ပြဿနာမလေး

Vol. 1 Ch. 34

ထင်းရှောင်ယင်မှာ ငိုမဲ့မဲ့ဖြစ်နေသည်။ သူမ မည်မျှပင်အားထုတ်‌စေကာမူ ထင်းရှီ၏လက်အတွင်းမှ သစ်ခွပန်းအား လုယူ၍မရပေ။

သူမတဖြည်းဖြည်းဖြင့် ဒေါသထွက်လာသည် ထို့အတူ ဝမ်းနည်းလာမိသည်။

" ထင်းရှီငါ့ကိုပေး "

ထင်းရှောင်ယင်မှာ မကျေမနပ်ဖြင့် ခြေကို ဆောင့်ကာပြောလိုက်သည်။

သူမ၏အသံမှာ ငိုသံပါလာသည်။ ထင်းရှီ၏လက်အတွင်းမှပန်းအား လုယူနေခြင်းကိုလည်း ရပ်တန့်လိုက်သည်။

ထင်းရှီမှ မူ သူမ၏ပြောင်းလဲမှုကို သတိမထားမိပေ။ သူကိုယ်တိုင်လည်း အနည်းငယ်ဒေါသထွက်လာမိသည်။ ထို့ကြောင့် ပြန်၍အော်ဟစ်လိုက်သည်။

" မပေးဘူးလို့ငါပြော‌ပြီးပြီ ။ နင်နားကန်းနေလား "

ထင်းရှီ၏အော်ငေါက်မှုကြောင့် ထင်းရှောင်ယင်မှာ နှာခေါင်းတရှုံ့ရှုံ့ဖြစ်လာသည် ။ သူမ၏မျက်လုံးဝိုင်းကြီးများအတွင်းမှလည်း ကြည်လင်နေသည့်မျက်ရည်စများဆွဲခိုလာကာ သူမ၏ဖြူဖွေးနုနယ်သည့်ပါးပြင်တစ်လျှောက်လိမ့်ဆင်းကျသွားသည်။

" အီးးး နင်ကငါ့ကိုအော်ငေါက်တယ် "

သူမ ငါးနှစ်သမီးတစ်ယောက်လို ခြေဆင်းထိုင်ကာ အော်ဟစ်ငိုယိုလိုက်သည်။ သို့ရာတွင် သူမ၏သစ်ခွပန်းကိုတော့ မထိခိုက်အောင်ဂရုတစိုက်ကိုင်ထားသည်။

ရုတ်တရက်ထွက်ပပေါ်လာသည့်အသံဗြဲကြီးကြောင့်ထင်းရှီမှာ အထိတ်တလန့်ဖြစ်သွားသည်။

ထို့နောက် အော်ဟစ်ငိုယိုနေသောထင်းရှောင်ယင်အားကြည့်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

" ဟေ့ ဟေ့ နင် မငိုနဲ့လေ ။ တိတ်တော့ "

ထင်းရှီမှာ မချော့တတ်ချော့တတ်ဖြင့် ချော့လိုက်သည်။ ထင်းရှောင်ယင်မှာ သူချော့သောအခါမှ ပို၍ဆိုးသွားသည်။

သူ့အားတစ်ချက်မော့ကြည့်ကာ ပိုမိုကျယ်လောင်စွာအော်ဟစ်တော့‌သည်။

" အီးး နင်ငါ့ကိုအနိုင်ကျင့်တယ်။ နင့်ကိုဖေဖေနဲ့တိုင်မယ် "

သူမ၏အော်သံမှာပိုမိုကျယ်လောင်လာသည်။ ထင်းရှီမှာ သူမ၏ဘေးတွင်ထိုင်ကာ ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက်မိသည်။

သူ၏နဖူးတွင်လည်း ချွေးများပြန်နေကာ ခေါင်းကိုက်ချင်သလိုလိုပင်ဖြစ်နေသည်။ သူ့မမည်သို့ပင်‌ငိုယိုစေကာမူ အချိန်တန်လျှင်တိတ်မည်ကို သူသိသည်။

သူမ၏ ' ဖေဖေနှင့်တိုင်မည် 'ဆိုသောစကားကြောင့် သူထိတ်လန့်သွားသည်။ သူမသွားတိုင်လျှင်လည်း သူတို့၏အကြောင်းအား ခရေစေ့တွင်းကျသိနေသည့်ဆရာမှ သူ့အားအပြစ်ပြောမည်မဟုတ်ပေ။

သို့သော်အေးအေးဆေးဆေးနေသောဆရာအား ထိုကောင်မလေးသွားရောက်နှောင့်ယှက်သလိုဖြစ်မည်ကို သူမလိုလားပေ။

ထင်းရှီမှာ အကြံကုန်ထုတ်စဉ်းစားနေရင်း ကြံရာမရဖြစ်နေသည်။ ထို့နောက် ဟိုဟိုသည်သည်လိုက်ကြည့်လိုက်သည်။

သစ်ပင်များနောက်ကွယ်တွင် ရပ်နေသည့်ရှောင်ကျင်းဖန်အား သူအမှတ်မထင်တွေ့သွားသောအခါ သူ၏မျက်လုံးများဝင်းလက်သွားသည် ။

" အစ်ကိုကြီး ဒီကိုမြန်မြန်လာကူပါဦး "

ရေနစ်သူမှ ကောင်ရိုးတစ်မျှင်အား အားကိုးတကြီးဆွဲသလို သူလည်း သူ၏အစ်ကိုကြီး‌အား အော်ခေါ်လိုက်သည်။

ထင်းရှောင်ယင်မှာ သူ၏အော်သံကြောင့် တစ်ချက်တန့်သွားသော်လည်း ငိုကြွေးနေခြင်းအား မရပ်နားပေ ။

ရှောင်းကျင်ဖန်မှာ ထင်းရှီမှ သူ့အားရှာ‌တွေ့သွားပြီဖြစ်ကြောင်းကိုသိလိုက်သည်။ ထို့ကြောင့် သူ၏လက်ထဲမှပန်းလေးများအား အောက်သို့အသာချကာ သစ်ရွက်ခြောက်များနှင့်ကမန်းကတန်းဖုံးအုပ်လိုက်သည်။

ထို့နောက်တွင် ထင်းရှီနှင့် ထင်းရှောင်ယင်တို့ဆီသို့ ဖြေးညင်းစွာလျှောက်သွားလိုက်သည်။

" အစ်ကိုကြီးကလည်း ရောက်နေတာကို အမြန်မလာဘူး ။ ဒီပြဿနာအိုးမကို ကျွန်တော်ထိန်းနေရတယ် "

အနားသို့မရောက်မီ ထင်းရှီ၏မကျေမနပ်ရေရွတ်သံအားကြားလိုက်ရသည် ။

" အီးး ငါကပြဿနာအိုးမဟုတ်ဘူး နင်ကမှအမှိုက်ထုပ် "

ထင်းရှောင်ယင်မှ ငိုကြွေးနေရင်းဖြင့်ရန်တွေ့လိုက်သည်။ ယခုအချိန်တွင် သူမအနည်းငယ်အငိုတိတ်သွားပြီဟုပြော၍ရသည် ။

ရှောင်ကျင်းဖန်လည်း သူ၏ညီနှင့်ညီမအားကြည့်ကာ ပြုံးလိုက်မိသည် ။ ထိုနှစ်ယောက်မှာ အတူရှိလျှင်မတည့်သကဲ့သို့ အတူမရှိလျှင်လည်းထင်းရှောင်ယင်မှ လိုက်လံရှာဖွေကာရန်ဖြစ်ကြသည်။

" ကဲ ဘယ်လိုစဖြစ်ကြတာလဲ "

ရှောင်ကျင်းဖန်းမှာ သက်ပြင်းတစ်ချက်ချကာမေးလိုက်သည်။ ထိုပြဿနာအား သူဖြေရှင်းပေးရဦးမည် ။

" အဲ့ကောင်စုတ်က ညီမလေးပန်းခူးခိုင်းတာကို ခူးပြီးသူယူသွားတာ သူ့လက်ထဲမှာ "

ထင်းရှောင်ယင်မှ ပန်းကိုင်ထား‌သော သူမ၏လက်အားနောက်သို့ပစ်ကာ ဦးစွာတိုင်တန်းလိုက်သည်။

ထင်းရှီလည်း သူမ၏စကားကြောင့် မျက်လုံးပြူးသွားသည်။

" မဟုတ်ဘူးအစ်ကိုကြီး သူ့ကိုလဲတစ်ပွင့်ပေးပြီးပြီ ။ ကျွန်တော့်ဟာပါ သူကလိုချင်နေတာ "

ထင်းရှီမှ အလျှင်အမြန်ရှင်းပြလိုက်သည်။ ထင်းရှောင်ယင်ကမူ သူ့အားလျှာထုတ်ကာပြောင်ပြနေသည်။

ဖြေရှင်းရန်လာသောရှောင်ကျင်းဖန်သည်ပင် သူတို့စကားများကြောင့်ခေါင်းကိုက်ချင်သလိုဖြစ်လာကာ ပြန်ပြေးချင်စိတ်ပင်ပေါက်လာသည်။

ထို့နောက် သူက ဆက်လက်အငြင်းပွားနေကြသော နှစ်ဦးအား ဟန့်တားကာပြောလိုက်သည်။

" ကဲ ငါမြင်သလောက်ပြောမယ် ။ ရှီလေး မင်းက ယင်ယင့်ကို ပန်းခူးပေးတယ်။ အဲဒီမှာ မင်းက ပန်းတစ်ပွင့်ကို မင်းအတွက်ယူထားပြီး တစ်ပွင့်ကို ယင်ယင့်ကိုပေးတယ်။

အဲဒါကို ယင်ယင်ကမကျေနပ်ပဲ နှစ်ခုလုံးလိုချင်တယ် ဟုတ်တယ်မလား "

ရှောင်ကျင်းဖန်မှ မေးလိုက်သည်။ ထင်းရှီလည်း ဟုတ်မှန်ကြောင်းပြောလိုက်သည်။

ထင်းရှောင်ယင်ကမူ သူတို့၏အဖြစ်အပျက်အားရှောင်ကျင်းဖန်အစအဆုံးသိနေကြောင်းကို သိလိုက်ရ၍ နှာခေါင်းတစ်ချက်ရှုံ့ကာ ဘာမှဝင်မပြောပေ။

သို့သော်ဤသည်က ထင်းရှီ၏လက်ထဲမှပန်းအား လက်လျော့လိုက်မည်ဟူသော အဓိပ္ပာယ်မဟုတ်ပေ ။ ထိုပန်းအား သူမမရရအောင်ယူရပေမည်။

ရှောင်ကျင်းဖန်မှာ သူမအား အမြဲအလျော့ပေးသူဖြစ်သည့်အတွက် ယခုလည်း ထင်းရှီ၏လက်ထဒမှပန်းအား သူမအတွက် တောင်းယူပေးမည်ကို သူမသိရှိနေသည် ။

ထို့ကြောင့် နှုတ်ခမ်းထောင့်စွန်းအား တွန့်ကွေးထားကာ ထီမထင်စွာပြုံးလိုက်သည်။

ရှောင်ကျင်းဖန်မှာ သူတို့နှစ်ဦးစလုံးငြိမ်သက်သွားသည်နှင့် သူအဖြေတစ်ခုအား အလျှင်အမြန်စဉ်းစားလိုက်သည် ။ ထို့နောက်ထင်းရှောင်ယင်အားကြည့်ကာ ပြောလိုက်သည်။

" ဒါဆိုရင် ကျန်တဲသစ်ခွပန်းတွေကို အစ်ကိုကြီးတက်ခူးပေးမယ် ဟုတ်ပြီလား "

ပြောပြောဆိုဆိုပင် သစ်ပင်အောက်သို့ရောက်သွာူကာ ဖတ်တက်ရန်ပြင်လိုက်သည် ။

သူ၏ကိုယ်ဖော့ပညာမှာ ထင်းရှီလောက်မကောင်းသဖြင့် သူကိုယ်‌ဖော့ပညာဖြင့် အလွယ်တကူမတက်နိုင်ပေ။

" မဟုတ်ဘူး ။ အပေါ်ကပန်းတွေကမကောင်းဘူး ။ သု့ဆီကပန်းကိုလိုချင်တာ "

ထင်းရှောင်ယင်၏စကားသံကြောင့် ရှောင်ကျင်းဖန်မှာ သစ်ပင်အားဖတ်လျက်တန်းလန်းကြီးဖြစ်သွားသည်။

ထင်းရှီလည်း သူ့အား ကန့်လန့်တိုက်နေသောကောင်မလေးအား ခတ်ထန်စွာကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူအလျော့ပေးတော့မည်မဟုတ်ပေ ။

ထင်းရှောင်ယင်မှာ ထင်းရှီ၏အကြည့်အားမသိကျေးကျွန်ပြုကာ လက်ထဲမှလှပသည့်သစ်ခွပန်းလေး‌အားကြည့်နေသည် ။

သို့သော် သူမ၏စိတ်ထဲတွင်တော့ ကြိတ်၍ပြုံးလိုက်မိသည် ။

ရှောင်ကျင်းဖန်မှာ သူတို့အနီးသို့ စိတ်ပျက်လက်ပျက်လျှောက်လာကာ ခေါင်းမှ ဆံပင်များအား ထိုးဖွလိုက်သည် ။

သူလည်း အကြံကုန်နေပြီဖြစ်သည် ။ ထို့နောက် ထင်းရှီအားတောင်းပန်သလိုကြည့်လိုက်သည်။

" ညီလေးရာ မင်းပဲအလျော့ပေးလိုက်ပါကွာ ။ သူ့အကြောင်းကိုမင်းလဲသိတာပဲ။ မင်းကို အစ်ကိုကြီး အပင်ပေါ်ကခူးပေးမယ်လေ "

သူလေသံပျော့ပျော့ဖြင့်ဖြောင်းဖြလိုက်သည်။ ထင်းရှောင်ယင်မှာ ထင်းရှီအား အောင်နိုင်သူတစ်ယောက်ကဲ့သို့ကြည့်နေသည်။

ထင်းရှီလည်း စိတ်ညစ်နေပုံရသော ရှောင်ကျင်းဖန်အားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူ၏လက်ထဲမှသစ်ခွပန်းအား ရှောင်ကျင်းဖန်အား ထိုးပေးလိုက်သည်။

" ရော့ ကျွန်တော် ဒေါ်လေးကျိဟွာကိုပေးမလို့လုပ်ထားတာ ။ အသစ်ပဲပြန်ခူးတော့မယ် "

ထင်းရှီမှ မကျေမနပ်ရေရွတ်ကာ သစ်ပင်ပေါ်သို့ တက်ရန်ပြင်လိုက်သည်။

သူ၏စကားကြောင့် ‌ထင်းရှောင်ယင်မှာ ဆက်ခနဲဖြစ်သွားသည်။ ထို့နောက် သူမ၏မျက်လုံးဝိုင်းလေးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ကာမေးလိုက်သည်။

" ကောင်စုတ် ဒီသစ်ခွပန်းက နင်ဒေါ်လေးကျိဟွာဖို့လား "

သူမ၏စကားကြောင့် ထင်းရှီမှာ ဒေါသပေါက်ကွဲသွားသည် ။

" ငါကဒေါ်လေးကျိဟွာကိုမပေးလို့ဘယ်သူ့ကိုပေးရမှာလဲ ။ နင်တို့အပြင်ငါရင်းနှီးတဲ့လူက ဘယ်သူရှိသေးလို့လဲ "

ထင်းရှီမှာ ထိုပြဿနာအိုးမလေးအား တင်းမာစွာကြည့်ကာ အော်ဟစ်လိုက်သည်။ သူ၏စကားကြောင့် သူမမှ ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ပျင်းရိနေပုံရသည့်လေသံဖြင့်ပြောလိုက်သည် ။

" ထားလိုက်တော့ ။ ဒီတစ်ခါငါအလျော့ပေးလိုက်မယ် ။ နင့်ရဲ့ပန်းအစုတ်အပျက်ကို ယူသွားတော့ "

ထင်းရှောင်ယင်မှ အလေးမထားသလိုပြောလိုက်သည်။ ထင်းရှီနှင့် ရှောင်ကျင်းဖန်လည်း အပြောင်းအလဲမြန်လှသောထိုကောင်မလေးအား အံ့အားသင့်စွာကြည့်လိုက်မိကြသည်။

ထင်းရှီမှာ စကားတစ်ခွန်းမှမဆိုတော့ပေ ။ ရှောင်ကျင်းဖန်၏လက်ထဲမှ အဖြူရောင်သစ်ခွပန်းအားယူကာ ထွက်သွားလိုက်သည်။

ရှောင်ကျင်းဖန်လည်း ယခုအချိန်မှ သက်မချလိုက်သည်။ ထိုနှစ်ယောက်နှင့်သာအတူရှိပါက သူ၏သက်တန်းမှာ ထက်ဝက်ခန့်တိုတောင်းသွားပေလိမ့်မည်။

သို့သော် ထင်းရှီမှာ လေးငါးလှမ်းသာလျှောက်ရသေးသော်လည်း နောက်ပြန်လှည့်လာသည်။ ထင်းရှောင်ယင်နှင့် ရှောင်ကျင်းဖန်တို့မှာ သူ့အား ပဟေဠိဖြသ်နေသည့်အမူအယာများဖြင့်ကြည့်လိုက်ကြသည်။

" ဓားကျန်နေခဲ့လို့ "

ထင်းရှီမှ ခပ်တည်တည်ပြောကာ လေပေါ်သို့ခုန်တက်လိုက်သည် ။ ထို့‌နောက် သစ်ပင်တွင်စိုက်ဝင်နေသောဓားအား ဆွဲနုတ်ကာ ချာခနဲလှည့်ထွက်သွားသည်။

ရှောင်ကျင်းဖန်နှင့် ထင်းရှောင်ယင်တို့မှာ ထင်းရှီ၏နောက်ကျောကိုကြည့်ကာ ရယ်ရမလိုငိုရမလိုဖြစ်ကာ ကျန်နေခဲ့ကြသည်။

---------------------------------------------

All Chapters