စိတ်ခံစားချက်ပါသောဓားသိုင်း
Vol. 1 Ch. 35
ဓားစံအိမ်၏နောက်ဘက် မိုးမခပင်များအုံ့ဆိုင်းနေသည့်နေရာ
မြေပြင်ပေါ်တွင် ဖျာကြမ်းတစ်ချပ်အားခင်းအားသည်။
အမြဲလိုလို ဖျင်ကြမ်းဝတ်စုံများကို ဝတ်ဆင်လေ့ရှိသည့် စံအိမ်သခင်ထင်းရှီယင်မှာ သူ၏ဝသီအတိုင်း အေးဆေးစွာထိုင်နေသည်။
သူ၏ရှေ့တွက် အကြမ်းရေတစ်အိုးနှင့် ရေနွေးခွက်သုံးလေးခွက်ရှိကာ တစ်ဦးတည်းရေနွေးကြမ်းသောက်ရင်း သဘာဝ၏အလှအပအား ခံစားနေပုံရသည်။
ယခုအချိန်တွင် ထင်းချီယင်မှာ မျက်လုံးများကိုမှိတ်ထားကာ တစ်စုံတစ်ရာအား စဉ်းစားနေပုံရသည်။
ရုတ်တရက် သူ၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
ထို့နောက် သူ၏မျက်လုံးများမှာ ပွင့်လာပြီးအနည်းငယ်လှုပ်ရှားသွားကာ နောက်သို့လှည့်မကြည့်ဘဲပြောလိုက်သည်။
" ကောင်လေး ရှီ ဘာကိစ္စရှိလို့လဲ "
သူနှင့်မနီးမဝေးတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ထင်းရှီမှာ သူ့ဆရာ၏စကားကြောင့် မတတ်သာဘဲ ရှက်ပြုံးပြုံးလိုက်မိသည်။
ထို့နောက် သူ့ဆရာ၏ရှေ့သို့လျှောက်လာလိုက်သည်။ ထင်းချီယင်အား အရိုအသေပေးကာရှေ့တွင်ဝင်ထိုင်လိုက်သည်။
" ဆရာ ကျွန်တော့် ဓားသိုင်း လေ့ကျင့်တဲ့နေရာမှ တစ်မျိူးဖြစ်နေလို့ "
ထင်းရှီမှပြောလိုက်သည် ။ သူ၏စကားကြောင့် ထင်းချီယင်မှ စိတ်ဝင်စားစွာမေးလိုက်သည်။
" ဘယ်လိုဖြစ်နေတာလဲ ဓားကွက်တွေလေ့ကျင့်တဲ့နေရာမှာ အဆင်မပြေတာလား "
ထင်းချီယင်၏မေးခွန်းကြောင့် ထင်းရှီလည်း ခေါင်းကုတ်ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူကြုံတွေ့နေရသည့်အခြေအနေအား ပြောပြလိုက်သည်။
" ဓားကွက်တွေလေ့ကျင့်တဲ့နေရာမှာလည်း အဆင်ပြေတယ်။ ဒါပေမယ့် ဓားသိုင်းက ကျွန်တော်နဲ့ တသားတည်းမဖြစ်သလိုပဲ ။ တစ်ခုခုလိုအပ်နေသလို ခံစားရတယ် "
ထင်းရှီမှ မျက်မှောင်ကြုတ်ကာပြောလိုက်သည် ။ သူ၏စကားကြောင့် ထင်းချီယင်မှာ မနေနိုင်လဲပြုံးလိုက်မိသည်။
" ကောင်လေး ရှီ မင်းရွေးခဲ့တဲ့ဓားသိုင်းက အထီးကျန်ဓားသိုင်း ။ အဲဒီဓားသိုင်းက စံအိမ်ကတခြားဓားသိုင်းတွေနဲ့မတူဘူး ။
သူက စိတ်ခံစားချက်ပါတဲ့သိုင်းပဲ ။ သိုင်းလောကမှာ တစ်ချို့သိုင်းတွေက စိတ်ခံစားချက်ကိုအခြေခံပြီးတီထွင်ထားခဲ့တာ ။။
တီထွင်ခဲ့တဲ့လူအလိုက် သိုင်းအမျိုးမျိုးရှိတယ် ။ ဥပမာ တစ်ချို့သိုင်းတွေက ဆုံးရှုံးစရာတွေလုံးဝမရှိတော့တဲ့အချိန် ကြေကွဲဝမ်းနည်းမှုတွေပြည့်နေမှ လူနဲ့သိုင်းကျမ်းတစ်ထပ်တည်းကျတာ ။
အခုမင်းရဲ့ဓားသိုင်းကလည်း အဲလိုပုံစံမျိုးပဲ။
ဓားသိုင်းနဲ့အသုံးပြုသူတစ်သားတည်းဖြစ်တယ်ဆိုတာအလွန်ရှားတယ် ။ ငါ့ရဲ့သစ်ရွက်ကြွေဓားသိုင်းက စိတ်ခံစားချက်မပါဝင်တဲ့ဓားသိုင်းပဲ
ဒါပေမာ့် ဒီဓားသိုင်းကို ဓားသိုင်းနဲ့လူ တစ်သားတည်းဖြစ်အောင် ဟောဒီမိုးမခပင်တွေအောက်မှာ ကြွေကျလာတဲ့သစ်ရွက်တွေကို နှစ်အတော်များများ ပိုင်းဖြတ်လာခဲ့တယ်။
နောက်ပြီးတော့ မင်းပိုပြီးတိုးတက်ချင်ရင် တိုက်ပွဲတွေကလည်း လိုအပ်သေးတယ်။ မသွေးပဲပစ်ထားတဲ့ဓားက ဘယ်အစွမ်းထက်ပါ့မလဲကွာ ။
ပန်းခင်းတဲ့လမ်းကိုလျှောက်ခဲ့တဲ့လူနဲ့ ခယောင်းလမ်းကိုလျှောက်လာတဲ့လူနဲ့ဘယ်တူမလဲ ။
အစစ်အမှန်သူသေကိုယ်သေတိုက်ပွဲတွေမှာဆိုရင် သိုင်းပညာအဆင့်ကတင် အဓိကမဟုတ်ဘူး ။ သေရေးရှင်ရေးအတွေ့အကြုံဘယ်လောက်ဖြတ်သန်းခဲ့ရတာလဲဆိုတာကလည်းအရေးပါတယ်။
ဒါကြောင့်ငါတို့ဓားစံအိမ်ကိုတည်ထောင်ခဲ့တဲ့လူက မျိုးဆက်သစ်တပည့်တွေကို သိုင်းလောကထဲကိုဆင်းပြီး အတွေ့အကြုံယူစေတာပေါ့။
သိုင်းလောကထဲကို အတွေ့အကြုံအတွက်ဆင်းသွားတဲ့လူတွေက စံအိမ်ရဲ့အကူအညီကို ဘာမှမရတော့ဘူး။
သိုင်းလောကထဲမှာ ကိုယ့်အားကိုကိုးပြီး မရေမတွက်နိုင်တဲ့တိုက်ပွဲတွေကိုတိုက်ပြီး အစွမ်းထက်အောင်ကြိုးစားရတယ် ။ အဲလိုကြိုးစားရင်းနဲ့ သေဆုံးသွားကြတဲ့ ဓားစံအိမ်ကလူတွေလည်း မနည်းမနောပဲ။
ဒါပေမယ့် သိုင်းလောကထဲကသုံးနှစ်နေပြီးလို့ပြန်ရောက်လာတဲ့လူမှန်သမျှ မသွားခင်ကထက်အများကြီးတိုးတက်လာကြတယ် ။ အဲဒီလူတွေက သူတို့ကိုသူတို့ ထက်မြတ်အောင်သွေးထားကြပြီးပြီ။ "
ထင်းချီယင်မှာ ရှည်လျားစွာပြောလိုက်သည်။ ထင်းရှီလည်း သူ့ဆရာ၏ ဆုံးမစကားများကို အလေးအနက်ထား နားထောင်နေသည်။
ထင်းချီယင်မှ ပြုံးလျက်ဆက်ပြောလိုက်သည်။
" မင်းတို့လဲ အချိန်တစ်ခုကိုရောက်ရင် သိုင်းလောကထဲကိုဆင်းရလိမ့်မယ် ။ ဒါကြောင့် အခုထဲကသိုင်းကိုကြိုးစားပြီးလေ့ကျင့်ထားကြ ။ ဘာမဟုတ်ျာလေးတွေနဲ့ နှစ်ယောက်သားရန်ခဏခဏဖြစ်မနေကြနဲ့ "
ထိုအချက်မှာ သူနှင့်ထင်းရှောင်ယင်အားရည်ရွယ်၍ပြောလိုက်ခြင်းဖြစ်ကြောင်းကို ရိပ်စားမိသည် ။
ထို့ကြောင့် သူလည်း မသက်မသာပြုံးလိုက်မိကာ သူ့ဆရာအား နှုတ်ဆက်ကာ ထွက်လာလိုက်သည်။
ထင်းချီယင်မှာ အလျှင်အမြန်ထွက်ခွာသွားသော သူ၏တပည့်အားကြည့်ကာပြုံးလိုက်မိသည်။ ထို့နောက် ထင်းရှီ၏နောက်ကျောအားကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
" သိုင်းလောကထဲကိုရောက်သွားပြီးရင် မင်းဒီကိုပြန်လာပါဦးမလား ကောင်လေးရှီ "
---------------------------------------------------------
လေများတဟူးဟူးတိုက်ခတ်နေသည်။ တောင်ပေါ်ရှိသစ်ပင်ကြီးငယ်များမှာ ယိမ်းထိုးလှုပ်ရှားနေကြသည်။
တစ်ခါတစ်ရံလေနှင့်အတူပါလာသောသဲမှုန်များမှ မျက်စေ့ကိုအနှောက်အယှက်ပေးနေသည်။
တောင်မြင့်ပေါ်တွင်ရှိသော တဲအိမ်တစ်လုံး၏မြေကွက်လပ်တွင် အသက်ရှစ်နှစ်ကိုးနှစ်ခန့်သာရှိဦးမည့်ကလေးငယ်နှစ်ယောက် သိုင်းလေ့ကျင့်နေကြသည်။
ထိုကလေးများမှာ အပေါ်ပိုင်းဗလာကျင်း၍ လက်သိုင်းလေ့ကျင့်နေကြသည်။ သူတို့၏လက်သည်းကုတ်ချက်များမှာ လေထဲတွင် တဟူးဟူးအော်မည်နေသည် ။
အနည်းငယ်အသက်ကြီးပုံရသော ကလေးငယ်တစ်ယောက်မှ ငယ်သောကလေးအား ရုတ်တရက်တိုက်ခိုက်လိုက်သည်။
သူ၏လက်နှစ်ဘက်မှာ အငယ်ကောင်လေး၏ နံဘေးအား ကုတ်ဆွဲချလိုက်သည် ။ ထိုလက်သည်းကုတ်ချက်သာထိမိပါက အငယ်ကောင်လေး၏နုနယ်သောအရေပြားမှာ အသားစများပဒ့ထွက်ကုန်ပေမည်။
သို့သော် အငယ်ကောင်လေးမှလည်း မခေပေ။ လက်နှစ်ဖက်အား ကြက်ခြေခတ်ကုတ်ဆွဲကာအကြီးကောင်လေး၏လက်ကို ကာကွယ်လိုက်သည်။
ထို့နောက် သူ၏တစ်ဖန် အကြီးကောင်လေး၏ဦးခေါင်းအားကုတ်ဆွဲချလိုက်သည်။
အကြီးကောင်လေးမှ သူ၏ဦးခေါင်းအားစောင်း၍ရှောင်တိမ်းလိုက်သောအခါ လက်သည်းကုတ်ချက်မှာ မျက်နှာဘေးမှ ဝှီးခနဲ ဖြတ်ကျော်သွားသည်။
အကြီးကောင်လေးမှာ သူ၏ပါးသို့တိုးလာသာလေအဟုန်ကိုပင်ခံစားမိလိုက်သည် ။ ထို့နောက် ပြုံးကာ အော်ဟစ်လိုက်သည်။
" ချွင်းရှန် မင်းသိထားနော် "
အော်ဟစ်သတိပေးလိုက်ပြီးသည်နှင့် သူ့ထံမှ ပြင်းထန်လှသည့်သိုင်းကွက်များ ထွက်ပေါ်လာသည်။
ထိုတိုက်ခိုက်မှုများနှင့်ယှဉ်ပါက စောစောကတိုက်ခိုက်မှုများမှာ ညင်သာသည်ဟုဆိုရမည်။ အမှန်တကယ်လည်း စောစောကတိုက်ခိုက်မှုများမှာ လက်ရည်စမ်းခြင်းဖြစ်သည်။
ချွင်းရှန်ဆိုသော အငယ်ကောင်လေးသည်လည်း သူ့အစ်ကို၏စကားကြောင့်ပြုံးကာ ညာသံပေးလိုက်သည် ။ ထို့နောက် သူလည်း တူညီသောသိုင်းကွင်များကိုထုတ်လိုက်သည်။
သူတို့နှစ်ဦးမှာ တူညီသည့်သိုင်းကွက်များကိုအသုံးပြုနေကြသဖြင့် မည်သူမှအသာစီးမကျကြပေ။
သူတို့၏ကုတ်ဆွဲချက်များမှာ လေထုအား တဟူးဟူးအော်မည်စေသည်။ သူတို့၏အတွင်းအားမှာ အသက်အရွယ်နှင့်စာလျှင် အံ့ဩဖို့ကောင်းသည်ဟုဆိုရမည်။
လက်လေးဖက်မှာ အချင်းချင်းမကြာခဏရင်ဆိုင်တွေ့နေကြသည်။ ထိုအချိန်မျိုးတွင် ဖောင်းခနဲမည်ကာ နှစ်ယောက်စလုံးနောက်သို့ဆုတ်သွားကြရသည်။
ထို့နောက် ဆက်လက်တိုက်ခိုက်ကြပြန်သည်။
သူတို့၏လက်များမှာ အသွေးအသားဖြင့်တည်ဆောက်ထားသည်မဟုတ်ဘဲ သံမဏိလက်များကဲ့သို့ မာကျောပုံရသည်။
တစ်ချက်ကလေးမှ နောက်တွန့်ခြင်းမရှိကြပေ ။ အမှန်မှာ နှစ်ဦးစလုံး သတိထားကာတိုက်ခိုက်နေရခြင်းဖြစ်သည်။
တစ်ဦး၏ဖမ်းချုပ်မှုကိုသာ ခံလိုက်ရပါက လွတ်ထွက်မသွားနိုင်ဘဲ ရှုံးနိမ့်ရပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးအလွတ်မပေးဘဲ ပြင်းထန်စွာတိုက်ခိုက်နေကြခြင်းဖြစ်သည် ။
" ထုံအာ ၊ ရှန်အာ အစားစားချိန်ရောက်ပြီ "
တဲအတွင်းဘက်မှ အသက်လေးဆယ်ကျော်ါရွယ်လူတစ်ယောက်မှ ထွက်လာကာအော်ပြောလိုက်သည်။
ထို့နောက် သူတို့၏အဖြေကိုစောင့်မနေဘဲ တဲအတွင်းဘက်သို့ ပြန်၍ ဝင်ရောက်သွားသည်။
ပြင်းပြင်းထန်ထန်တိုက်ခိုင်လျှက်ရှိသောကလေးငယ်နှစ်ဦးမှာ ပြိုင်တူပင်ရပ်တန့်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်မိကြသည်။
ယခုတစ်ခေါက်တွင်လည်း သူတို့၏တိုက်ခိုက်မှုမှာ အနိုင်အရှုံးမပေါ်ပြန်ပေ။
နှစ်ဦးစလုံး ချွေးများဖြင့် ရွှဲနစ်နေကြသည်။ သူတို့တစ်ယောက်လည်ပင်းကိုတစ်ယောက်ဖတ်ကာ တဲအိမ်ဆီသို့ လျှောက်သွားကြသည်။
" ဟေ့ ချွင်းရှန် ဘာလို့ဆရာကငါတို့ကို သု့ရဲ့ဓားသိုင်းကိုသင်မပေးတာလဲမသိဘူး "
အကြီးကောင်လေးမှမေးလိုက်သည်။ သူ၏မေးခွန်းကြောင့် အငယ်ကောင်လေးမှာ သူ၏ဦးခေါင်းအား ကုတ်လိုက်သည် ။ ထို့နောက်
" ဆရာ့မှာ အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့ "
သူမရေမရာပြန်ဖြေလိုက်သည်။ ထိုမေးခွန်း၏အဖြေကို သူကိုယ်တိုင်လည်းစဉ်းစားနေမိသည်။ သူတို့၏ဆရာကို မေးမြန်းသော်လည်း ပြောမပြခဲ့ပေ။
အကြီးကောင်လေးမှ တစ်စုံတစ်ခုအား သတိရသွားသလို မျက်မှောင်ကြုတ်ကာ တင်းမာစွာပြောလိုက်သည် ။
" ငါသိုင်းလောကထဲကိုဆင်းရင် မြစိမ်းရောင်ဓားသမားဆိုတဲ့လူကို လိုက်ရှာပြီးစိန်ခေါ်မယ် ။ သူ့ကိုအနိုင်ယူပြီးငါ့ဆရာရဲ့ဂုဏ်သတင်းကို ပြန်ရယူပေးရမယ်။ အဲဒါငါ့ရဲ့ရည်မှန်းချက်ပဲ "
အကြီးကလေးမှပြောလိုက်သည်။ သူ၏စကားကြောင့် အငယ်ကောင်လေးမှာ ဦးခေါင်းကိုခါယမ်းကာ အသာပြုံးလိုက်သည် ။ သို့သော် စကားတစ်ခွန်းမှတော့ မဆိုပေ။
-----------------------------------------------