ပထမဦးဆုံးမြို့
Vol. 1 Ch. 38
ဝင်္ကပါတောအုပ်အတွင်းမှထွက်လာသည့်ရှောင်ကျန်းမင်မှာ အသက်ကိုဝဝရှူကာ ပြင်ကလောကအားကြည့်လိုက်သည် ။
ပြာလဲ့သောကောင်းကင်တွင် နေရောင်ခြည်မှာ ကောင်းစွာတောက်ပနေကာ တိမ်မျှင်များထက်၌ ငှက်အုပ်အချို့ ပျံဝဲနေကြသည်။
သူ၏ရှေ့တွင် အိုဟောင်းနေပြီဖြစ်သော်လည်းကောင်းမွန် နေသေးသည့်လမ်းမတစ်ခုရှိနေသည်။
ထိုလမ်းမမှာ ဝင်္ကပါတောအုပ်၏အစပ်မှဖြတ်ကာ တစ်ဖက်မြို့များ၊ ပြည်နယ်များသို့ ဆက်သွယ်ထားသည့်လမ်းဖြစ်သည်။
ရှောင်ကျန်းမင်မှာ မွေးဖွားသည့်အချိန်မှစ၍ တောအုပ်အတွင်းနေထိုင်ခဲ့ရသဖြင့် ယခုလိုကျယ်ဝန်းပြန့်ပြူးသည့်နေရာသို့ ရောက်လာသောအခါ သူ့အတွက် အသစ်အဆန်းဖြစ်နေသည်။
သူနောက်သို့ ကမန်းကတန်းလှည့်ကြည့်လိုက်သောအခါ လူရိပ်လူယောင်ကိုပင် မမြင်ရတော့ပေ။
သူ၏ဆရာစံအိမ်သခင်ထင်းချီယင်မှာ မည်သည့်အချိန်ထဲက ပျောက်ကွယ်သွားသည်မသိပေ။ ရှောင်ကျန်းမင်လည်း သူ၏ဆရာရှိမည့်ဘက်သို့ခန့်မှန်း၍ ဂါရဝပြုလိုက်သည်။
ထို့နောက် သစ်ပင်များ အုံ့မှိုင်းနေသည့်တောအုပ်ကြီးအားကြည့်လိုက်သည်။ ထိုတောအုပ်ထဲတွင် သူမွေးဖွားခဲ့သည်။
ထိုတောအုပ်ထဲတွင်ပင်ကြီးပြင်းကာ သိုင်းပညာများကိုသင်ကြားခဲ့ရသည်။ ထိုတောအုပ်ထဲတွင်သူ၏ဆရာ၊ သူ၏ပညာသင်ဖက်ညီ၊ညီမနှင့် သူနှင့်ရင်းနှီးသူများရှိနေသည်။
ရှောင်ကျန်းမင်မှာ ဝဲတက်လာသောမျက်ရည်စအား လက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ပစ်ကာ သူ၏အကြည့်ကိုလွှဲဖယ်လိုက်သည်။
ပြင်ပလောကကြီးတွင် သူအသစ်အဆန်းအများအပြားကို ကြုံတွေ့ရဦးမည်။ သူမရင်းနှီးသောလူများနှင့် ဆက်ဆံရဦးမည်။ နေရာအနှံ့လျှောက်သွားရင်း သူအတွေ့အကြုံများစွာရရှိပေဦးမည် ။
" ပြင်ပလောကကြီး ငါလာပြီဟေ့ "
ရှောင်ကျင်းဖန်မှာ အသံထွက်၍ ကြုံးဝါးလိုက်ကာ လမ်းမတစ်လျှောက်ကိုယ်ဖော့ပညာသုံး၍ ပြေးသွားလိုက်သည်။
သူ၏ခန္တာကိုယ်မှာ တခဏအတွင်း အဝေးသို့ ရောက်ရှိသွားသည်။
တောအုပ်အတွင်းရှိသစ်ပင်တစ်ပင်ထက်မှ အသက်ငါးဆယ်ကျောအရွယ်လူကြီးတစ်လျှောက်ပေါ့ပါးစွာကျလာသည်။
ထိုလူကြီးမှာ ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏ခါးတွင် အစိမ်းရောင်ဓားတစ်ချောင်းကိုချိတ်ဆွဲထားသည် ။
သစ်ပင်ပေါ်မှ သူဆင်းလာပုံမှာ ဖက်ရွက်ကလေူကဲ့သို့ပေါ့ပါးလှသဖြင့် သိုင်းပညာအဆင့်မြင့်သော သိုင်းထိပ်သီးတစ်ဦးဖြစ်နိုင်သည် ။
" မင်းပြင်ပလောကမှာသင်ယူစရာအသစ်တွေရှိသေးတယ်။ မင်း အတွေ့အကြုံရင့်ကျက်ပြီးသိုင်းပညာတိုးလာလာမှာပါ "
လူကြီးမှာ ရှောင်ကျင်းဖန်ပျောက်ကွယ်သွားရာဆီသို့ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
------------------------------------------------------
ရှောင်ကျင်းဖန်မှာ ကိုယ်ဖော့ပညာအသုံးပြုကာ နာရီဝက်ခန့်ပြေးလွှားလာပြီးနောက်မြို့ငယ်တစ်မြို့စီသို့ရောက်ရှိလာသည် ။
လမ်းတွင် ခရီးသွားနေကြသူများကိုလည်း သူကျော်ဖြတ်လာသေးသည်။
လမ်းခရီးတွင် သူဖြတ်ကျော်လာသူများမှာ အချို့မှာခြေလျှင် ၊ အချို့မှာ မြင်းများအသုံးပြုကာ ခရီးဆက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ရှောင်ကျင်းဖန်လည်း ထိုလူများအားကြည့်ကာ မြင်းတစ်စီးကိုလွန်စွာလိုချင်လာသည်။ မြင်းဖြင့်ခရီးသွားရခြင်းမှာ လွန်စွာတွင်ကျယ်သည်။
ကိုယ်ဖော့ပညာဖြင့်သွားလျှင် မြင်းစီးသွားသည်ထက်လျှင်မြန်သော်လည်း ရေရှည်ခရီးတွင်မကောင်းပေ ။
ကိုယ်ဖော့ပညာကိုအသုံးပြုခြင်းမှာ လူကိုပင်ပန်းစေသလို အတွင်းအားကိုလည်း ကုန်ဆုံးစေသည်။
ထို့အတွက်ကြောင့်သူမြင်းစီးလာသူများကိုအားကျကာ မြင်းတစ်စီးပိုင်ဆိုင်လိုလာသည်။
သို့သော် သူ၏စိတ်ကူးအား ခေတ္တမြိုသိပ်ထားရသည်။ မြင်းဝယ်ပြီးလျှင်ပင် သူမြင်းမစီးတတ်ပေ။
ဓားစံအိမ်တွင်သူကြီးပြင်းလာခဲ့ရသဖြင့် မြင်းမစီးတတ်ခြင်းမှာ အထူးအဆန်းတော့မဟုတ်ပေ။ ဓားစံအိမ်တွင်မြင်းတစ်ကောင်မှမရှိသောကြေယင့်ဖြစ်သည် ။
မြို့တံခါးတွင် ချပ်ဝတ်များကိုဝတ်ဆင်ထားသည့်တပ်သားလေးငါးယောက်ခန့်ရှိသည်။ ထိုလူများမှာ မြို့တံခါးအား စောင့်ကြပ်ရသူများဖြစ်ကာ ညအချိန်တွင် မြို့တံခါးအားပိတ်ရသည်။
ရှောင်ကျင်းဖန်မှာ တောသားမြို့ရောက်ဆိုသကဲ့သို့ မြင်မြင်သမျှအား အထူးအဆန်းလုပ်၍ကြည့်ရှုကာ မြို့အတွင်းသို့ ဝင်လာကြသည်။
ရှောင်ကျန်းမင်အား မြင့်တွေ့သူများမှာ ကြိတ်၍ရယ်မောသွားကြသည်။
သူ၏ပုံစံမှာ ပတ်ဝန်းကျင်အားကျီးကန်းတောင်းမှောက်ကြည့်ကာ ယခုမှမြို့သို့ရောက်ဖူးသည့်ပုံဖြစ်နေသဖြင့် အချို့မှလည်းလှောင်ပြောင်လိုသေုမျက်ဝန်းများဖြင့် ကြည့်နေကြသည်။
သို့သော် ပေါ်တင်လှောင်ပြောင်ခြင်းကား မပြုဝံ့ကြပေ။ ရှောင်ကျန်းမင်၏နောက်ကျောတွင်ရှိသောဓားရှည်မှာ သူတို့အားကြောက်ရွံ့စေသည်။
ထိုလူများမှာ သိုင်းလောကသားများ၏ စိတ်ထင်ရာ လုပ်တတ်သောအကျင့်နှင့်ရင်းနှီးသဖြင့် ရှောင်ကျန်းမင်မှလာရောက်တိုက်ခိုက်မည်ကို ကြောက်ရွံ့ကြသည်။
ရှောင်ကျန်းမင်မှာမူ ထိုလူများ၏အကြည့်များအား ရိပ်စားမိသော်လည်း ဂရုမစိုက်ဘဲ မြို့အတွင်းသို့ ဝင်လာသည်။
မြို့ထဲတွင်တွေ့သော စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ထိုင်လိုက်သည်။ ဆိုင်လုလင်မှ ပျူငှာစွာလာရောက်ကြိုဆိုပြီးသည့်နောက်တွင် ရှောင်ကျန်းမင်မှ ကြက်သားခေါက်ဆွဲတစ်ပွဲအားမှာလိုက်သည်။
မကြာမီ ကြက်သားခေါက်ဆွဲတစ်ပွဲနှင့် အငွေ့တထောင်းထောင်းထနေသော ဟင်းချိုအား လာရောက်ချပေးသည်။
ရှောင်ကျန်းမင်မှာ သူ၏ရင်ဘက်ကြားထဲမှငွေအပ်ငယ်ကိုထုတ်ကာ ခေါက်ဆွဲနှင့်ဟင်းရည်များထဲသို့နှစ်ကြည့်လိုက်သည်။
အကယ်၍အစားအသောက်များထဲတွင် အဆိပ်တစ်စုံတစ်ရာရှိပါက ငွေအပ်မှာ အရောင်ပြောင်းသွားမည်ဖြစ်သည်။
ရှောင်ကျန်းမင်မှာ တစ်စုံတစ်ရာထူးခြားခြင်းမရှိမှ ပြုံးလိုက်ကာ မြိန်ရှက်စွာစားသောက်လိုက်သည်။ ထိုငွေအပ်မှာ သူသိုင်းလောကထဲသို့ဆင်းမလာမီ ထင်းရှောင်ယင်မှပေးလိုက်ခြင်းဖြစ်သည်။
ထင်းရှောင်ယင်မှငွေအပ်တစ်ဗူးပေးကာ သူ့အားသိုင်းလောကအတွင်းအစစအရာရာကို ဂရုစိုက်ရန်မှာကြားလိုက်သေးသည်။
ရှောင်ကျန်းမင်လည်း သိုင်းလောကထဲမှ ဗဟုသုတများအား အတော်အသင့်ကြားဖူးသည် ။ ထို့ကြောင့် ထင်းရှောင်ယင်ပေးသောငွေအပ်ဗူးအားမငြင်းဆန်ဘဲ ယူဆောင်လာခဲ့သည်။
မနက်စာတစ်စုံတစ်ရာမသားခဲ့ရသေးဘဲ လာခဲ့ရသဖြင့် သူ၏ဝမ်းဗိုက်မှာ တကြုတ်ကြုတ်မည်နေသည်။
ထို့ကြောင့်ခေါက်ဆွဲတစ်ပွဲလုံးအားကုန်စင်အောင်သားပြီးသည့်အချိန်မှ သူ၏ဆာလောင်နေသောဝမ်းဗိုက်မှာပြည့်သွားတော့သည်။
ရှောင်ကျန်းမင်မှာ ငွေရှင်းရန်ငွေအိတ်အားထုတ်ယူလိုက်သည်။ ထို့နောက် ဆိုင်လုလင်လေးအားခေါ်ကာ ကျသင့်ငွေအားရှင်းပေးလိုက်သည် ။
သူသိုင်းလောကထဲသို့မဆင်းလာမီ သူ၏ဆရာမှ ငွေတုံးအတော်များများပေးခဲ့သည်။ ထို့အတွက်ကြောင့် ငွေအတွက် သူပူပင်စရာမလိုခြင်းဖြစ်သည်။
ထို့နောက် လေချဥ်တစ်ချက်တတ်ကာ ဆိုင်တွင်းမှလူများအား အကဲခပ်လိုက်သည်။
ဆိုင်ထဲတွင် စားသူဆယ်ယောက်ကျော်ကျော်ရှိနေကာ သိုင်းသမားလေးငါးခြောက်ယောက်လည်းပါဝင်သည်။
" ညီလေး ဒီမြို့ကို အခုမှစရောက်တာလား "
စကားသံနှင့်အတူ ရှောင်ကျန်းမင်၏အနီးသို့ လူတစ်ယောက်ရောက်လာသည် ။
ထိုလူမှာ အသက်သုံးဆယ်ကျော်အရွယ်ရှိကာ ပြုံးရွှင်နေသောမျက်နှာနှင့် ခင်မင်ချင်စရာကောင်းသည့်ရုပ်ရှိသည်။
အဖြူရောင်ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားကာ စာပေသမားတစ်ယောက်ဖြစ်ပုံရသည်။ ရှောင်ကျန်းမင်မှာ ထိုလူအားတစ်ချက်အကဲခပ်ကြည့်လိုက်သည်။
ရှောင်ကျန်းမင်မှာ ထိုလူမည်သူမှန်းမသိသော်လည်း ထိုလူ၏ယဉ်ကျေးသည့်အမူအယာကြောင့်သူလည်း ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် ထိုလူအား သူ၏စားပွဲတွင်ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။ ထိုလူမှလည်းသဘောတူကာ သူ၏စားပွဲတွင်ဝင်ထိုင်လိုက်သည်။
" ညီလေးက ဒီမြို့ကို အခုမှစရောက်တာလား "
ထိုလူ၏မေးခွန်းကြောင့် ရှောင်ကျန်းမင်လည်း ဟုတ်မှန်ကြောင်းပြောလိုက်သည်။ ထိုလူမှဆက်ပြောလေသည်။
" အစ်ကိုက ညီလေးအကူအညီလိုရင်ကူညီပေးဖို့လာတာ။ အစ်ကိုကဒီမြို့သား ဒီမြို့မှာ အပ်ကျတာကအစသိတယ် ။ စာပေသမားဝမ်ဟိုဆိုရင် ဒီမြိုမှာ ဘယ်သူ့ကိုမေးမေးသိတယ်။
ဒီမြို့က ကျန်းပိုမြို့လိုခေါ်တယ်။ မြို့ကြီးတစ်မြို့မဟုတ်ပေမယ့် အတော်အသင့်တော့စည်ကားပါတယ်။
အရင်ကဆိုဒီမြို့ကိုသိုင်းလောကသားတွေအတော်များများလာလေ့ရှိတယ် ။ အခုလဲ လာနေကြတုန်းပဲ ။ သူတို့ဘာကြောင့်ဒီလိုမြို့လေးကိုလာတာလဲသိလား "
ဝမ်ဟိုင်မှ လေသံကိုနှိမ့်ကာမေးလိုက်သည်။ သူ၏စရိုက်မှာ စကားအလွန်များပုံရသည်။
ကျန်းရှောင်မင်လည်းထိုလူ၏မေးခွန်းကို သူမသိသောကြောင့် ခေါင်းယမ်းပြလိုက်သည်။ ထို့နောက်
" ကျုပ်မသိဘူး ဘာကြောင့်လဲ။ "
ထိုလူမှရှောင်ကျန်းမင်၏အဖြေကြောင့်ကျေနပ်သွားပုံပေါ်သည်။
" ဒီမြို့ကိုလာကြတဲ့သိုင်းလောကသားတွေက ဝင်္ကပါတောအုပ်နဲ့ဓားစံအိမ်ကြောင့်ပဲ "
ဝမ်ဟိုင်မှ ပြန်ဖြေလိုက်သည်။
" ဟင် ဓားစံအိမ် "
------------------------------------------