သိုင်းလောကမှအင်အားစုကြီးများ
Vol. 1 Ch. 39
ရှောင်ကျန်းမင်မှာ ဓားစံအိမ်ဆိုသောနာမည်ကြောင့် အံ့အားသင့်သွားသည်။ သူ၏အမူအယာကို ဝမ်ဟိုမှ နားလည့်အမူအယာဖြင့်ပြုံးလိုက်သည်။
" ဟုတ်တယ် ။ ညီလေးလည်း သိုင်းလောကမှာ ဓားစံအိမ်ဆိုတာ မသိသူမရှိတဲ့ဒဏ္ဍာရီဆန်တဲ့နေရာပဲ ။
အခုညီလေးရောက်နေတဲ့ဒီမြို့ကနေသွားရင် နာရီဝက်လောက်ဆို ဝင်္ကပါတောအုပ်ကိုရောက်တယ် ။ ဒီအကြောင်းတွေကို ညီလေးသိမှာပေါ့ ။
အခုပြောမှာက ဓားစံအိမ်နဲ့ပတ်သတ်တဲ့အကြောင်းပဲ "
ဝမ်ဟို၏စကားကို ရှောင်ကျန်းမင်မှ ခေါင်းမညိမ့်သလို ခေါင်းလည်းအခါပေ။ ဝမ်ဟိုဘာဆက်ပြောမည်ကို သိလိုသောကြောင့် ဆက်လက်နားထောင်နေလိုက်သည်။
" လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကျော်က သိုင်းလောကမှာ မသိသူမရှိအောင်ကျော်ကြားခဲ့တဲ့ မြစိမ်းရောင်ဓားသမားအကြောင်းကို ညီလေးကြားဖူးလား "
ဝမ်ဟိုမှမေးလိုက်သည် ။ သူ၏စကားကြောင့် ရှောင်ကျန်းမင်လည်းခေါင်းညိမ့်ပြလိုက်သည်။
မြစိမ်းရောင်ဓားသမားဆိုသည်မှာ သူ၏ဆရာအားသိုင်းလောကသားများမှခေါ်ဆိုသောနာမည်ဖြစ်ကြောင်းကိုသူသိသည်။
ရှောင်ကျန်းမင်၏စိတ်ဝင်စားပုံရသည့် အမူအယာကြောင့် ဝမ်ဟိုမှဆက်ပြောလိုက်သည်။
" မြစိမ်းရောင်ဓားသမားက သိုင်းလောကကိုဓားတစ်လက်စွဲပြီးတော့ရောက်လာခဲ့တယ် ။ ပြီးတော့ သိုင်းလောကက နာမည်ကြီးဓားသမားတွေအတော်များများကိုစိန်ခေါ်ပြီးတော့ တိုက်ခိုက်ခဲ့တယ်။
အရှေ့ပိုင်းသိုင်းလောကရဲ့ပြိုင်ဘက်ကင်းလို့ပြောရမယ့် အရှေ့ပိုင်းဓားသမားတောင်မှ သူ့ကိုရှုံးနိမ့်သွားခဲ့ရသေးတယ်။
ကောလဟာလတွေအရ သူကဓားစံအိမ်ကလူလို့ပြောကြတယ် ။ အသေအချာတော့ ဘယ်သူမှမပြောနိုင်ကြဘူး ။
အဲဒီအချိန်က သိုင်းလောကထဲမှာ သူ့ကိုယှဉ်နိုင်တဲ့ လူဆိုလို့ လက်ချိူးရေလို့တောင်ရလိမ့်မယ် ။ သူကအသက်ငယ်ငယ်လေးနဲ့ ပြိုင်ဘက်ကင်းဓားသမားဖြစ်လုနီးနီးအဆင့်ထိရောက်ပြီးမှ သိုင်းလောကကထွက်သွားခဲ့တယ် ။ စိတ်မကောင်းစရာဘဲ "
ဝမ်ဟိုမှ ဦးခေါင်းကိုခါယမ်းကာ စိတ်မကောင်းသည့်လေသံဖြင့်ပြောလိုက်သည်။
ရှောင်ကျန်းမင်မှာ ရယ်မောချင်သည့်စိတ်အား ကြိုးစား၍ထိန်းချုပ်ထားကာ စိတ်အားတတ်ကြွနေပုံရသည့် ဝမ်ဟိုအားကြည့်လိုက်သည်။
ဝမ်ဟိုမှာ သူ၏ရှေ့တွင်ထိုင်နေသောလူငယ်မှာ သူ၏စကားထဲမှ မြစိမ်းရောင်ဓားသမား၏တပည့်ဖြစ်ကြောင်းကို သူအိပ်မက်ပင်မတ်ဖူးလိမ့်မည်မဟုတ်ပေ။
ဝမ်ဟိုင်ဆက်ပြောလိုက်သောစကားကြောင့် ရှောင်ကျန်းမင်မှာ စိတ်ဝင်စားသွားသည်။
" အခုအရှေ့ပိုင်းဓားသမားရဲ့တပည့်နှစ်ယောက်ဖြစ်တဲ့ ချွင်းရှန်နဲ့ချွင်းထုံက မြစိမ်းရောင်ဓားသမားကို သိုင်းလောကအနှံ့လိုက်ရှာနေတယ်။ သူ့ဆရာရဲ့ရှုံးကြွေးကိုဆပ်ဖို့တဲ့ ။
ရယ်ချင်းစရာပါကွာ နှစ်ပေါင်းများစွာကျော်ကြားခဲ့ပြီး အရှေ့ပိုင်းသိုင်းလောကမှာပြိုင်ဘက်ကင်းဖြစ်ခဲ့တဲ့အရှေ့ပိုင်းဓားသမားကိုအနိုင်ယူခဲ့တဲ့လူကို သူတို့လိုသိုင်းသမားပေါက်စလေးတွေက ရှုံးကြွေးဆပ်ဖို့ လိုက်ရှာနေကြတယ်။ "
ဝမ်ဟိုမှ မကျေမနပ်ဖြစ်နေသည့်ပုံဖြင့်ပြောလိုက်သည်။ ရှောင်ကျန်းမင်လည်း ထိုအကြောင်းကို စိတ်ဝင်တစားမေးလိုက်သည်။
" ချွင်းရှန်နဲ့ချွင်းထုံတို့က ဓားသမားတွေလား "
သူ၏မေးခွန်းကို ဝမ်ဟိုမှခေါင်းယိမ်းပြလိုက်သည်။
" သူတို့နှစ်ယောက်က သိမ်းငှက်ညီနောင်ဆိုပြီးကျော်ကြားတယ်။ သူတို့သုံးတာက သိမ်းငှက်လက်သည်းသိုင်းပဲ ။
အံ့အားသင့်စရာကောင်းတာက သူတို့ရဲ့ဆရာအရှေ့ပိုင်းဓားသမားက အရှေ့ပိုင်းသိုင်းလောကကြီးမှာပြိုင်ဘက်ကင်းလို့ကျော်ကြားလောက်အောင် ဓားပညာထူးချွန်ပေမယ့် သူတို့ကဓားပညာမသင်ကြဘဲ သိမ်းငှက်လက်သည်းသိုင်းကို သင်ယူကြတာပဲ။
ဒါပေမယ့် သူတို့ကိုအထင်သေးလို့မရဘူးနော်။ နှစ်ယောက်စလုံးက အဆင့်လွန်သိုင်းအဆင့်ကိုရောက်နေကြပြီးတော့ သိုင်းလောကထဲကကျော်ကြားတဲ့လူငယ်တွေကို သိုင်းဆယ်ကွက်အတွင်းအနိုင်ယူထားကြတာ "
ရှောင်ကျန်းမင်၏တက်ကြွနေသောစိတ်ဓာတ်များမှာ ပြန်၍ကျသွားသည်။ ထိုသိမ်းငှက်ညီနောင်သာဓားသမားများဖြစ်ပါက သူချက်ခြင်းပင်လိုက်ရှာ၍စိန်ခေါ်မည်ဖြစ်သည်။
မြစိမ်းရောင်ဓားသမား၏တပည့်အနေဖြင့် စိန်ခေါ်မည်မဟုတ်ဘဲသာမန်သိုငိးသမားတစ်ယောက်အနေဖြင့် စိန်ခေါ်မည်ဖြစ်သည်။
သို့သော် ထိုနှစ်ယောက်မှ ဓားသမားများမဟုတ်ကြသဖြင့် သူအနည်းငယ်စိတ်ဓာတ်ကျသွားသည်။ ထို့ကြောင့် ထိုနှစ်ယောက်အား လမ်းကြုံမှပညာပေးရန်ဆုံးဖြတ်လိုက်သည် ။
" အစ်ကိုဝမ်ဟို သိုင်းလောကထဲအကြောင်းတွေနည်းနည်းလောက်ပြောပြပါ့လား ။ ကျုပ်ကအခုမှသိုင်းလောကထဲကိုဆင်းလာလို့ပါ "
ရှောင်ကျန်းမင်မှမေးလိုက်သည်။ ဝမ်ဟိုမှာ သိုငိးလောကနှင့်ပတ်သတ်၍ ဗဟုသုတများစွာရှိပုံရသည်။
သူသိုင်းလောကအကြောင်းကို ဓားစံအိမ်တွင်နေစဉ်က သိရှိထားခဲ့သော်လည်း လက်တလောအချိန်များမှအဖြစ်အပျက်များကိုမူ သူမသိပေ။
ဝမ်ဟိုမှအားရပါးရပြုံးလိုက်သည်။
" မင်းမေးလိုက်တာက လူမှန်သွားပြီ။ ငါမင်းကို မျက်မှောက်ခေတ်သိုင်းလောကအကြောင်းပြောပြမယ် ။
လက်ရှိသိုင်းလောကမှာ သိုင်းပညာမြင့်တဲ့လူတွေ မရေမတွက်နိုင်အောင်ပေါများလာတယ်။ ဒါပေမယ့် အဖြူအနက်သိုင်းလောကနှစ်ခုက တိုက်ပွဲတွေမဖြစ်ဘဲ ငြိမ်းချမ်းနေတာကြာပြီ ။
ဒါကလည်းနဂါးစိမ်းဂိုဏ်းရဲ့စွမ်းဆောင်မှုတွေကြောင့်ပေါ့ "
" နဂါးစိမ်းဂိုဏ်းဟုတ်လား "
ရှောင်ကျန်းမင်မှ ရေရွတ်လိုက်သည် ။ ဝမ်ဂိုမှခေါင်းညိမ့်ကာဆက်ပြောလိုက်သည် ။
" နဂါးစိမ်းဂိုဏ်းကြီးက သိုင်းလောကညီညွတ်ရေးကိုဦးစားပေးပြီး အေးချမ်းအောင်ဆောင်ရွက်ခဲ့တယ်။
သူတို့ရဲ့အင်အားကလည်းအံ့မခန်းပဲ ။ နဂါးစိမ်းဂိုဏ်းမှာ ဂိုဏ်းချုပ်ကြီးနဂါးစိမ်းဓားသမားသွမ့်ကျန်းမင်နဲ့ ရွှေနဂါးခုနစ်ကောင်လို့လူသိများတဲ့ ဂိုဏ်းရဲ့အကြီးအကဲခုနစ်ယောက်ရှိတယ်။
ဂိုဏ်းချုပ်သွမ့်ကျန်းမင်က လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်က သိုင်းလောကတစ်ခုလုံးကလေးစားခဲ့ရတဲ့ သမာဓိသိုင်းသမားသွမ့်ဟူရဲ့မျိုးဆက်ပဲ။
ပြီးတော့ သူ့ရဲ့သိုင်းပညာက အခုချိန်မှာ သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေပြီ။ အကြီးအကဲခုနစ်ယောက်ကသိုင်းဝိဇ္ဇာအဆင့်ကိုခြေလှမ်းတစ်ဝက်ဝင်ရောက်နေကြပြီ။
သူတို့ရဲ့အင်အားနဲ့တင် ဘယ်ထိပ်တန်းဂိုဏ်းကြီးတွေနဲ့မဆို ယှဉ်လို့ရနေပြီ ။ ဂိုဏ်းဝင်အင်အားကိုကြည့်ဦးမလား ဂိုဏ်းခွဲပေါင်းသုံးရာခြောက်ဆယ့်ငါးခုရှိတယ်။ "
ထိုစကားကြောင့် ရှောင်ကျန်းမင်မှာ မနေနိုင်ဘဲအော်ဟစ်လိုက်မိသည်။
" ဂိုဏ်းခွဲပေါင်းသုံးရာခြောက်ဆယ့်ငါးခုတောင် "
သူ၏စကားကို ဝမ်ဟိုမှထောက်ခံလိုက်သည်။
" ဟုတ်တယ် ဂိုဏ်းခွဲပေါင်းသုံးရာခြောက်ဆယ့်ငါးခုရှိတယ် ။ သိုင်းလောကမှာ နှစ်ပေါင်းများစွာအင်အားတောင့်တင်းပြီးဂိုဏ်းဝင်များပြားခဲ့တဲ့တေလေဂိုဏ်းကိုတောင် သူတို့ကကျော်ဖြတ်သွားခဲ့ပြီ ။
နဂါးစိမ်းဂိုဏ်းပြီးတော့ အင်အားကြီးဂိုဏ်းတွေက ရှောင်လင်၊ ဝူတန်း၊ ခွန်လွန် ၊ အော့မေ့ ၊ ဝါဆန်းနဲ့တေလေဂိုဏ်းတို့ပဲ ။
ဒါကအလယ်ပိုင်းသိုင်းလောကကအင်အားစုကြီးတွေပဲ ။ အရှေ့ပိုင်းသိုင်းလောက ၊ အနောက်ပိုင်းသိုင်းလောက ၊ တောင်ပင်လယ်နဲ့မြောင်ဒေသတို့မှာ ဒီလောက်အင်အားကြီးတဲ့အဖွဲ့အစည်းက အနဲအကျဉ်းပဲရှိတယ်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ရင်ဘောင်တန်းနိုင်တာဆိုလို့ အရှေ့ပိုင်းသိုင်းလောကမှာဆို မိုးကြိုးနတ်ဘုရားကျောင်း ၊ အနောက်ပိုင်းသိုင်းလောကမှာ ချီမျိုးနွယ်စုနဲ့ယင်မျိုးနွယ်စု ၊ တောင်ပင်လယ်မှာတောင်ပယ်လယ်ဂိုဏ်းနဲ့ မြောင်ဒေသမှာအဆိပ်စံအိမ်တို့ပဲရှိတယ်။
အလယ်ပိုင်းဒေသကိုမြေပြန့်သိုင်းလောကလို့လည်းခေါ်ကြပြီးတော့ သိုင်းလောကတစ်ခုလုံးကသိုင်းပညာရှင်တွေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်။
ဒါကြောင့်လဲအလယ်ပိုင်းသိုင်းလောကက ထင်ရှားနေရတာပဲ ။ကျန်တဲ့ပထမတန်းစားဂိုဏ်းတွေအိမ်တော်တွေလဲရှိသေးတယ် ။ သူတို့အကြောင်းကိုပါထိုင်ပြောနေရရင် မိုးချုပ်သွားလိမ့်မယ် ။
အနက်ရောင်သိုင်းလောကမှာ ပညာရှင်တွေပေါများပေမယ့် ဒီဂိုဏ်းတွေလောက်အင်အားကြီးတဲ့အဖွဲ့အစည်းမျိုးမရှိခဲ့သေးဘူး "
ဝမ်ဟိုမှာ ရှည်လျားစွာပြောကာ သူ၏စကားအား အသုံးသတ်လိုက်သည်။
သူ၏စကားများကြောင့် ရှောင်ကျန်းမင်မှာ သိုင်းလောကမှအင်အားစုကြီးများအကြောင်းကို အတော်အတန်သိရှိလာပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ဟိုအားကျေးဇူးတင်စွာကြည့်လိုက်သည်။
" အစ်ကိုဝမ်ဟို တစ်ခုခုစားပါဦးလား "
ရှောင်ကျန်းမင်မှ ဖိတ်ခေါ်လိုက်သည် ။ သို့သော် ဝမ်ဟိုမှ သူ၏ဦးခေါင်းကို ခါယမ်းကာ ငြင်းဆန်လိုက်သည် ။
" တော်ပါပြီ။ ငါကိစ္စလေးတစ်ခုရှိလို့သွားလိုက်ဦးမယ် ။ တစ်ခုခုလိုရင် စာပေသမားဝမ်ဟိုလို့မြို့ထဲကဘယ်သူ့ကိုမေးမေးရတယ်။ "
ဝမ်ဟိုမှ ပြောကာ ထရပ်လိုက်သည် ။ သို့သော် သူ၏ပခုံးအားဖိနှိပ်လိုက်သောလက်တစ်ဖက်ကြောင့် သူပြန်၍ထိုင်လိုက်ရသည်။
ဝမ်ဟိုမှာ နဖူးမှချွေးများကျဆင်းလာကာ လွန်စွာနာကျင်ဟန်ဖြင့် သူ၏ပခုံးအားလက်ဖြင့်အုပ်ကိုင်လိုက်ရသည်။ သို့သော် ထိုလူမှလွှတ်မပေးပေ။
" မင်းကဒီအတိုင်းသွားချင်တာလား "
ဝမ်ဟိုအားဖိနှိပ်လိုက်သည့်လူမှ ပြောလိုက်သည်။ သူ၏စကားမှာ အနည်းငယ်တင်းမာနေသည်။
-------------------------------------------