ဝင်ရောက်စွက်ဖက်ခြင်း
Vol. 1 Ch. 41
သူတို့၏အခြေအနေအား အကဲခပ်နေကြသူများမှာ အံ့အားသင့်သွားကြသည်။ ငွေတုံးနှစ်ဆယ်ရသည်ကိုပင် ထိုအနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်မှာ မကျေနပ်နိုင်သေးပေ။
ဆိုင်ရှင်မှာ လုံးဝဒေါသထွက်သည့်အမူအယာမပြရဲပေ။ ယောင်ကိုင်းနေသောပါးတစ်ခြမ်းအားအုပ်ကိုင်ကာ ထိုလူ၏လက်ထဲသို့ ငွေတုံးငါးတုံးထပ်၍ထည့်ပေးလိုက်သည်။
“ ဒီကိစ္စကိုသာ ငါတို့ရဲ့ဂိုဏ်းချုပ်ကြီးသိသွားရင် “
အနက်ရောင်ဝတ်စုံနှင့်လူများ၏ခေါင်းဆောင်မှ ငွေတုံးများအား မယူသေးဘဲ လှောင်ပြောင်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။
ဂိုဏ်းချုပ်ဆိုသောစကားကြောင့် ဆိုင်ရှင်၏အမူအယာအကြီးအကျယ်ပျက်ယွင်းသွားကာ သူ၏မျက်နှာလည်း သွေးမရှိတော့သလိုဖြူဖျော့သွားသည် ။
ထို့နောက် ရင်ဘက်ကြားထဲမှ နောက်ထပ်ငွေတုံးသုံးတုံးအားထုတ်ကာ ထိုလူ၏လက်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
“ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တောင်းပန်ပါတယ်။ ဒါက ဆရာကြီးအတွက်လက်ဆောင်ပါ “
ဆိုင်ရှင်မှ တုန်တုန်ယင်ယင်ပြောလိုက်သည်။ သူ၏လေသံအရ ဂိုဏ်းချုပ်ဆိုသူအား မည်မျှထိတ်လန့်နေကြောင်း မေးကြည့်စရာပင်မလိုပေ။
ထိုလူမှာ လက်ထဲသို့ရောင်လာသောငွေတုံးများအားကြည့်ကာ သဘောကျစွာပြုံးလိုက်သည်။
“ မင်းသာအစထဲက ဒီလိုမျိုးအလိုက်သိရင် ဘာမှလုပ်စရာတောင်မလိုဘူး ။ စိတ်ချပါ ငါကစိတ်ကောင်းရှိပါတယ် ။ ဒီကိစ္စကို ဂိုဏ်းချုပ်ကို လုံးဝမပြောပါဘူး “
ထိုလူ၏စကားကိုကြားမှဆိုင်ရှင်မှာ သက်ပြင်းမောကြီးအား မှုတ်ထုတ်လိုက်သည်။ ထို့နောက် ထိုလူအား ဆိုင်ရှင်မှ အထပ်ထပ်ဦးညွှတ်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူများမှာ ဆိုင်ရှင်၏အမူအယာအားကြည့်ကာ သဘောကျစွာရယ်မောလိုက်သည်။
ရှောင်ကျန်းမင်မှာမူ ထိုလူများအားကြည့်ကာ တွက်ချက်နေမိသည်။
ရှောင်ကျန်းမင်မြင်ရသလောက်ဆိုလျှင် ဤစားသောက်ဆိုင်မှာ တစ်လလျှင် ငွေတုံးနှစ်ဆယ့်ငါးတုံးပေးရသည်။
ငွေတုံးနှစ်ဆယ့်ငါးတုံးမှာ သာမန်မိသားစုတစ်ခု တစ်လခန့်လုံလုံလောက်လောက်စားသောက်နိုင်သည်။ အနည်းငယ်ပင်ပိုလျှံနိုင်သေးသည်။
ဤမြို့အနေအထားအရ ယခုလိုစီးပွားရေးလုပ်ငန်းပေါင်းဆယ်ခုထက်မနည်းရှိသည်။ ထိုလုပ်ငန်းများအားလုံးကသာ ထိုအဖွဲ့အစည်းအား လစဉ်ငွေပေးရပါကမည်သို့ရှိမည်နည်း။
ဤသို့ဆိုပါက သူတို့၏တစ်လဝင်ငွေမှာ များပြားလှစွာသောပမာဏအထိရောက်ရှိသွားပေမည်။
ထိုပမာဏမှာ တစ်နှစ်ခန့်ရရှိလျှင်ပင် ချမ်းသာကြွယ်ဝသူတစ်ဦးအဖြစ်ခံယူနိုင်သောပမာဏဖြစ်သည်။ အကယ်၍ ဆယ်နှစ် ၊ အနှစ်နှစ်ဆယ်သာဆိုပါက
ရှောင်ကျန်းမင်မှာ တစ်ဦးတည်းတွေးရင်းဖြင့် နှုတ်ခမ်းသပ်လိုက်မိသည်။ ကြည့်ရသည်မှာ ထိုလူများ၏အဖွဲ့အစည်းသို့ သူအလည်သွားရလောက်သည်။
သူ့အနေဖြင့် သူတော်ကောင်းတစ်ဦးဟုမဆိုနိုင်သော်လည်း ယခုလိုမျက်စေ့ရှေ့တွင် မတရားသည်ကိုမြင်ပါက မုချ ဝင်ပါမည်ဖြစ်သည်။
သို့သော် ထိုစားပွဲဝိုင်သို့သူမသွားမီ လူတစ်ယောက်မှာ ဦးစွာရောက်သွားသည်။ ထိုလူမှာ သူ့အားကူညီခဲ့သည့် အစ်ကိုဟူဆိုသူဖြစ်သည်။
အစ်ကိုဟူမှ ဆိုင်ရှင်အားလက်ပြကာနောက်သို့ ဆုတ်ခိုင်းလိုက်သည်။ ဆိုင်ရှင်လည်း အနက်ရောင်ဝတ်စုံနှင့်လူများအား မဝံ့မရဲကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူများမှာ သူတို့၏ရှေ့သို့ရောက်လာသည့်အစ်ကိုဟူအား မကျေမနက်ကြည့်လိုက်ကြသည်။ သို့သော် စကားတစ်ခွန်းမှမဆိုကြပေ။
“ မြေခွေးနက် မင်းလွန်နေပြီလို့မထင်ဘူးလား။ ငွေကိုလည်းယူတယ် ။ လူကိုလည်းရိုက်သေးတယ် “
အစ်ကိုဟူမှ အေးစက်စက်ပြောလိုက်သည်။ ထိုဖြစ်ရပ်ကြောင့် သူဒေါသထွက်နေကြောင်း ထင်ရှားပေသည်။
အနက်ရောင်ဝတ်စုံနှင့်လူမှ အစ်ကိုဟူ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏နာမည်မှာ မြေခွေးနက်ဖြစ်ပုံရသည်။
“ ဟူချင်း မင်းနေရာတကာဝင်ပါမနေနဲ့။ ငါ့ဘာသာလူကိုရိုက်ရုံမက ဘာပဲဖြစ်ဖြစ် မင်းနဲ့ဆိုင်လား ။ “
မြေခွေးနက်မှ ဟူချင်းကို မလိုလားသလိုကြည့်ကာပြောလိုက်သည်။
ဟူချင်းမှာ ထိုစကားကြောင့် ဒေါသထွက်သွားပုံပေါ်သည်။
“ မြေခွေးနက် မြိုထဲမှာ မင်းတို့လုပ်ရပ်တွေက တရားလွန်နေပြီနော် ။ ဒီထက်ဆိုးလာရင် ငါတို့နဲ့ထိတ်တိုက်တိုးရလိမ့်မယ် “
ဟူချင်းမှ သိပေးစကားပြောလိုက်သည်။ သူ၏စကားကြောင့် မြေခွေးနက်၏အမူအယာမှာမဲ့သွားသည်။
“ မင်းတို့ ကိုယ့်နေရာကိုနေတာကောင်းမယ်။ မင်းကနဂါးစိမ်းဂိုဏ်းကဂိုဏ်းခွဲမှူးဖြစ်တိုင်း ဖင်ခေါင်းကျယ်လို့ရမယ်ထင်နေတာလား ။
ငါတို့က နဂါးစိမ်းဂိုဏ်းကြီးကိုသာကြောက်ရင်ကြောက်လိမ့်မယ်။ မင်းလို ဂိုဏ်းခွဲမှုးလေးက ဘာမှမဟုတ်ဘူး။
ငါတို့ရဲ့ဂိုဏ်းချုပ်အကြောင်းကိုမင်းလဲသိသားပဲ။ ပြဿနာမရှာချင်စမ်းပါနဲ့ “
မြေခွေးနက်မှ ရိုင်းစိုင်းစွာပြောလိုက်သည်။
ဟူချင်းအား သူမယှဉ်နိုင်သော်လည်း သူ့၏နောက်ခံရှိသောကြောင့် မကြောက်ပေ။ သူ၏အဖော်အနက်ရောင်ဝတ်စုံနှင့်လူများမှာ လက်နက်ကိုယ်စီဆွဲထုတ်လိုက်ကြသည်။
ရှောင်ကျန်းမင်၏ခန့်မှန်းမှုမှာ မှန်ကန်သည်။ ဟူချင်းမှာ ဤမြို့တွင်ရှိသော နဂါးစိမ်းဂိုဏ်းမှ ဂိုဏ်းခွဲမှုးဖြစ်သည်။
မြေခွေးနက်မှာမူ ဤမြို့မှ အင်အားအကြီးမားဆုံးဂိုဏ်းဖြစ်သည့် ညနဂါးဂိုဏ်းမှဖြစ်သည်။
သူတို့၏ စကားအခြေအတင်ဖြစ်မှုကြောင့် ဟူချင်း၏ဘက်မှ အစိမ်းရောင်ဝတ်စုံနှင့်လူလေးယောက်လည်းရောက်လာသည်။ ထိုလူများသည်လည်း နဂါးစိမ်းဂိုဏ်းမှဖြစ်ပုံရသည်။
သူတို့ကြားရှိလေထုမှာ တင်းမာနေကာ သူတို့၏အခြေအနေမှာ အချိန်မရွေးပေါက်ကွဲထွက်တောမည်ကဲ့သို့ဖြစ်နေသည်။
“ အစ်ကိုဟူ စောင့်ပါဦး မတိုက်ခိုက်ပါနဲ့ဦး “
ဟူချင်း၏လက်အား လူတစ်ယောက်မှဆွဲကာပြောလိုက်သည်။ ဟူချင်းလည်းနောက်သို့လှည့်ကြည့်လိုက်ရာ အနည်းငယ်အံ့ဩသွားသည်။
သူ၏လက်ကိုဆွဲထားသူမှာရှောင်ကျန်းမင်ဖြစ်သ။ ဟူချင်းလည်း ရှောင်ကျန်းမင်မှာ အသက်ငယ်ငယ်ဖြင့် သိုင်းပညာသူ့ထက်မနိမ့်ကြောင်းသိသဖြင့် ရပ်တန့်လိုက်သည်။
သူ၏လူများမှာ ဟူချင်း၏အမူအယာကြောင့်အံ့ဩသွားသည်။ ဟူချင်း၏ပုံစံအရ ထိုလူရွယ်၏စကားကို အလေးထားပုံရသည်။
“ ဟွန့် မင်းတို့မတိုက်ခိုက်တာပဲကောင်းတယ်။ မဟုတ်ရင် ငါတို့ဂိုဏ်းချုပ်က အလွတ်ပေးမှာမဟုတ်ဘူး။ “
မြေခွေးနက်မှာ နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်သည်။ ထို့နောက် သူ၏လူများအားလက်ပြကာ ထွက်သွားရန်ပြင်လိုက်သည်။
သူ့အနေဖြင့် ဟူချင်းနှင့်လုံးဝမတိုင်ခိုက်လိုပေ ။ ဟူချင်းမှာ ထိပ်တန်းလွန်သိုင်းအဆင့်ကိုရောက်နေသော်လည်း သူထိပ်တန်းအဆင့်သိုင်းသမားသာဖြစ်သည် ။
ထို့အပြင် နဂါးစိမ်းဂိုဏ်းခွဲမှလူများမှာ အဆင့်မြင့်သိုင်းသမားများဖြစ်ကြသည်။ သူ၏လူများမှာမူ အလယ်အလက်အဆင့်သိုင်းသမားများဖြစ်ကြသည်။
အကယ်၍ ယခုအချိန်တွင် ထိတ်တိုက်တိုးပါက သူတို့ဘက်မှ အရေးနိမ့်မည်မှာ ဗေဒင်မေးစရာပင်မလိုပေ။
သူဟူချင်းအား မလေးမစားပြောရဲခြင်းမှာ သူ၏နောက်ခံဖြစ်သည့် သူတို့ဂိုဏ်းချုပ်ကြောင့်ဖြစ်သည်။ ဟူချင်းသာတကယ်တိုက်ခိုက်ပါက သူလုံးဝယှဉ်နိုင်မည်မဟုတ်ပေ ။
“ နေစမ်းပါဦး ခင်ဗျားကိုဘယ်သူကသွားလို့ရပြီလို့ပြောလို့်တုန်း “
ရှောင်ကျန်းမင်၏လက်တစ်ဖက်မှာ မြေခွေးနက်အားဟန့်တားလာသည်။ မြေခွေးနက်မှာ တားဆီခံလိုက်ရ၍ ဒေါသထွက်သွားသည်။
သူ့အားတားဆီးလိုက်သူကိုကြည့်သောအခါ အသက်နှစ်ဆယ်ကျော်လူရွယ်တစ်ယောက်ဖြစ်သည်ကိုတွေ့လိုက်သည်။
ထိုလူရွယ်မှာ သိုင်းလောကတွင်နာမည်ကြီးဖြစ်ပုံမရပေ။ သူထိုလူရွယ်၏အကြောင်းကို တစ်ခါမှကြားဖူးပေ။
ထို့ကြောင့် မြေခွေးနက်မှာ လူရွယ်အားကြည့်ကာ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
“ မင်းကများငါ့ကိုဟန့်တားရဲတယ်။ မသေချင်ရင် “
“ ဖြောင်း “
မြေခွေးနက်မှာ စကားမဆုံးမီမှာပင် လူရွယ်၏ပါးရိုက်ခြင်းကိုခံလိုက်ရသည်။ သူ၏မျက်နှာမှာ တစ်ပတ်လည်သွားကာ ပါးစပ်အတွင်းမှ ချိူမြသောအရသာနှင့်အတူ သွားနှစ်ချောင်းကျိုးထွက်သွားသည်။