ဆော့ကစားခြင်း
Vol. 1 Ch. 45
ခြံဝန်းထဲတွင် တိုက်ပွဲကြီးက နေရာအနှံ့ဖြစ်ပွားနေကြသည်။ ညနဂါးဂိုဏ်းသားများမှာ အင်အားအကုန်မရှိသည့်အပြင် ရုတ်တရက်အလစ်တိုက်ခိုက်ခံရသောကြောင့် အကျအဆုံးအလွန်များပြားသည်။
သူတို့နှင့်စာလျှင်ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ငည့်နဂါးစိမ်းဂိုဏ်းသားများမှာ အကျအဆုံးမရှိသလောက်နည်းသည် ။သို့သော် ဒဏ်ရာရသူများမှာတော့ များပြားစွာရှိသည် ။
တိုက်ခိုင်ရင်းဖြင့် ဒဏ်ရာရရှိသူများကို နောက်တန်းသို့ ပို့ဆောင်ပေးနေကြသည်။
ရှောင်ကျန်းမင်နှင့် ဟူချင်းမှာ နောက်ခြံဝန်းအုတ်တံတိုင်းပေါ်တွက်ရပ်ကာ တိုက်ပွဲအား အကဲခပ်နေကြသည်။
ယခုအချိန်အထိ ဆိုးယုတ်နဂါးမှာ ပေါ်မလာသေးပေ။ ထို့ကြောင့် ဆိုးယုတ်နဂါးထွက်ပေါ်လာပါက တားဆီရန် သူတို့စောင့်နေခြင်းဖြစ်သည်။
ခြံဝန်းပတ်လည်သို့ ရောက်နေကြသူများမှာ သူတို့တစ်ဖွဲ့ထဲမကပေ။ ခြံဝန်းအုတ်တံတိုင်းပေါ်တွင်သာမက သစ်ပင်မြင့်များထက်တွင်ပါ လူရိပ်များရှိနေသည်။
ထိုလူရိပ်များမှာ တိုက်ပွဲအား ဝင်ရောက်နှောင့်ယှက်ခြင်းမရှိဘဲ အေးအေးဆေးဆေးကြည့်နေကြသည်။
ရှောင်ကျန်းမင်မှာ ပထမတွင် ထိုလူများအား တိုက်ခိုက်ရန်ပြင်လိုက်သေးသည် ။
သို့သော် ဟူချင်းမှတားလိုက်ကာ ဤသည်မှာ သိုင်းလောကသားများ၏အကျင့်စရိုက်ဖြစ်ကြောင်း ၊ တိုက်ပွဲအား ဝင်ရောက်နှောင့်ယှက်ခြင်းမရှိဘဲ ပွဲကြည့်ရန်သက်သက်သာလာခြင်းဖြစ်ကြောင်းရှင်းပြလိုက်သည်။
ထို့ကြောင့် ရှောင်ကျန်းမင်လည်း ထိုလူရိပ်များကို ဒီအတိုင်းလွှတ်ထားလိုက်သည် ။
မကြာမီ စံအိမ်အတွင်းမှ ဒေါသတကြီးအော်ဟစ်သံကြီးထွက်ပေါ်လာသည်။
“ ညနဂါးဂိုဏ်းကို ဘယ်ကောင်တိုက်ခိုက်တာလဲကွ အသက်မရှင်ချင်တော့ဘူးလား “
ကျယ်လောင်ကာအတွင်းအပြည့်ဝသောအသံကြီးတစ်သံကို လူတိုင်းကြားလိုက်ရသည်။ ဟူချင်းသည်လည်း ထိုအသံကြီးကြောင့် လှုပ်ရှားသွားသည်။
ထိုအသံနှင့်မရှေးမနှောင်း စံအိမ်တံခါးဝတွင် လူတစ်ယောက်ပေါ်လာသည်။
ထိုလူမှာ အပေါ်ပိုင်းဗလာဖြင့်ဖြစ်ကာ လက်ထဲတွင် ဓားရှည်တစ်လက်အားကိုင်ဆောင်ထားသည်။ အသက်လေးဆယ်ကျော်အရွယ်ရှိကာ အနည်းငယ်ဝဖိုင့်သည်။
သူ၏ရုပ်ရည်မှာမှာမူ လေးစားဖွယ်ဥပတိရုပ်ဖြစ်သည် ။သို့သော် ယခုအချိန်တွင် ဒေါသကြောင့် သူ၏မျက်နှာလွန်စွာကြည့်ရဆိုးနေသည်။
ထိုလူကြီးမှာ ညနဂါးဂိုဏ်း၏အရှင်သခင် ဆိုးယုတ်နဂါးဖြစ်သည်။ ဆိုးယုတ်နဂါးအားမြင်သည်နှင့် ညနဂါးဂိုဏ်းသားများမှာ သူတို့၏မျက်နှာထက်၌ဝမ်းမြောက်သည့်အမူအယာများပေါ်ပေါက်လာကြသည်။
သူတို့နှင့်ဆန့်ကျင်ဘက် နဂါးစိမ်းဂိုဏ်းသားများမှာမူ မျက်နှာအသီးသီးပျက်ယွင်းသွားကြသည်။ ဂိုဏ်းခွဲခေါင်းဆောင်ဖြစ်သော ဟူချင်းသည်ပင် အနည်းငယ်မျက်နှာပျက်သွားသည်။
“ ဂိုဏ်းချုပ် ကျွန်တော်တို့ညီအစ်ကိုတွေအတွက် လက်စားချေပေးပါ “
ညနဂါးဂိုဏ်းသားများမှ အော်ဟစ်လိုက်သည်။ ထိုလူများမှာ တခြားလူများကို အမြဲတန်းအသာစီးဖြင့်ဆက်ဆံကြပြီး ယခုလိုနေ့မျိုးရောက်ရှိလာမည်ဟု ယောင်၍ပင်တွေးမထားမိကြပေ ။
ဆိုးယုတ်နဂါးမှာ ခြံဝန်းထဲတွင်သွေးအလူးလူးဖြင့်သေဆုံးနေကြသောသူ၏ဂိုဏ်းသားများအားကြည့်ကာ သူ၏မျက်လုံးများဒေါသကြောင့်နီရဲလာသည်။
“ နဂါးစိမ်းဂိုဏ်း “
ဆိုးယုတ်နဂါးမှ ဒေါသတကြီးရေရွတ်လိုက်သည် ။ထို့နောက် အနီးဆုံးတွင်ရှိနေသော နဂါးစိမ်းဂိုဏ်းသားတစ်ယောက်ကို ကြည့်လိုက်သည်။
ဆိုးယုတ်နဂါးမှ လျှင်မြန်စွာလှုပ်ရှားလိုက်ရာ ထိုဂိုဏ်းသား၏ရှေ့တွင်ပေါ်လာသည်။ ထို့နောက် သူ၏ဓားဖြင့်ပိုင်းချလိုက်သည်။
ဆိုးယုတ်နဂါးမှာအဆင့်လွန်သိုင်းသမားပီသသည်။
ယခုရှိနေသောလူအုပ်ထဲတွင် လူအနည်းစုသာ သူ၏လှုပ်ရှားမှုကို သေချာမြင်လိုက်ရသည်။ ကျန်လူများမှာမူ အရိပ်တစ်ခုကိုသာမြင်လိုက်ရသည်။
သူ၏လှုပ်ရှားမှုများမှာ လျှင်မြန်လွန်းလှသဖြင့် ထိုနဂါးစိမ်းဂိုဏ်းသားမှာ တုံ့ပြန်ချိန်မရလိုက်ဘဲကြက်သေသေနေမိသည်။ သူ၏ရင်ဘက်ဆီးသို့ ဆိုးယုတ်နဂါး၏ဓားမှာရောက်လာသည်။
“ ချွမ်းး “
ဘေးဘက်မှ ဓားတစ်လက်ပေါ်လာကာ ဆိုးယုတ်နဂါး၏ဓားကို ဟန့်တားလိုက်သည်။ ထို့နောက် ဓားပိုင်ရှင်မှာ နောက်သို့ ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။
“ ဟူချင်း ဒီတိုက်ပွဲက မင်းတို့ဘက်ကစတာနော် “
ဆိုးယုတ်နဂါးမှ ဟူချင်းအား သတ်ဖြတ်လိုသောအကြည့်ဖြင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
ဟူချင်းမှာ ကျဉ်တတ်သွားသောသူ၏ဓားကိုင်လက်အားတစ်ချက်ခါယမ်းလိုက်သည်။ သူအတွင်းအားအပြည့်အသုံးပြုထားသည်ကိုပင် ဆိုးယုတ်နဂါး၏တိုက်ကွက်တစ်ခုကြောင့် နောက်ဆုတ်ပေးရသေးသည်။
ထိပ်တန်းအဆင့်နှင့် အဆင့်လွန်အဆင့်မှာ သာမန်ခွဲခြားထားသည်မဟုတ်ပေ။ ဟူချင်းလည်း တုန်လှုပ်စိတ်အား ထိန်းချုပ်ကာ ဆိုးယုတ်နဂါးကိုပြန်ကြည့်လိုက်သည်။
“ ခင်ဗျားလို မြို့ကို လက်ဝါးကြီးအုပ်ပြီး မတရားအနိုင်ကျင့်နေတဲ့လူကိုတိုက်ခိုက်တာပါ “
ဟူချင်း၏စကားကြောင့် ဆိုးယုတ်နဂါးမှရယ်မောလိုက်သည်။
“ တကယ်ကောင်းတဲ့အကြောင်းပြချက်လေးပဲ။ ဒါပေမယ့် မင်းတို့ဘက်ကစပြီးတိုက်ခိုက်တဲ့အတွက် မင်းတို့နဂါးစိမ်းဂိုဏ်းခွဲကို ငါဖြိုဖျက်လို့ရသွားပြီ။
အဲဒီအတွက် အကြောင်းပြချက်ကတော့ နဂါးစိမ်းဂိုဏ်းခွဲက ငါတို့ကို စတင်တိုက်ခိုက်ခဲတာကြောင်ါပေါ့ ။ ဟားးဟားး “
ဆိုးယုတ်နဂါးမှ ထပ်မံ၍ရယ်မောလိုက်ပြန်သည်။ ယခုအချိန်တွင် သူ၏စိတ်ထဲတွင်ရှိသည်က ဟူချင်းနှင့်နဂါးစိမ်းဂိုဏ်းသားများအား သတ်ဖြတ်ရန်ပင်ဖြစ်သည်။
ထိုလုပ်ရပ်မှာ မြို့ထဲရှိအခြားလူများကို သတိပေးသည့်သဘောလည်းဖြစ်သည်။ နဂါးစိမ်းဂိုဏ်းခွဲမှသူတို့အားစတင်တိုက်ခိုက်ခဲ့သောကြောင့် ပင်မနဂါးစိမ်းဂိုဏ်းကြီးလည်း ဝင်ပါနိုင်မည်မဟုတ်ပေ။
သေဆုံးသွားခဲ့ကြသော ညနဂါးဂိုဏ်းသားများမှာ သူ၏ခေါင်းထဲတွင်မရှိတော့ပေ။ အကြံအစည်များသာပြည့်နှက်နေတော့သည်။
“ ချွမ်းး “
ဓားချင်းထိခတ်သံများထွက်ပေါ်လာသည်။ သူတို့၏တိုက်ခိုက်မှုများမှာ လျှင်မြန်လှသဖြင့် အဆင့်မြင့်သိုင်းသမားများပင် ကွဲကွဲပြားပြားမမြင်ရပေ။
ဟူချင်းမှာ ထိပ်တန်းလွန်အဆင့်ဖြစ်သည့်အပြင် သူ၏ဓားသိုင်းမှာလည်း အဆင့်မြင့်သည် ။ ထို့ကြောင့် သာမန်အဆင့်လွန်သိုင်းသမားတစ်ယောက်ကို လက်ရည်တူယှဉ်ပြုင်နိုင်သည်။
သို့သော် တစ်ဖက်လူမှာမည်သူနည်း။ ဆိုးယုတ်နဂါးဟူသောဘွဲ့ဖြင့် သိုင်းလောကတွင်နှစ်ပေါင်းများစွာကျင်လည်ခဲ့သည့် အဆင့်လွန်သိုင်းသမားကြီးဖြစ်သည်။
သူ၏နည်းလမ်းများကိုခဏထား သူ၏သိုင်းပညာသက်သက်ဖြင့်ပင် ဟူချင်းလိုသိုင်းသမားလေးအား ဖိနှိပ်ရန် ကောင်းစွာလုံလောက်မှုရှိသည်။
ထို့ကြောင့်ဟူချင်းမှာ တိုက်ပွဲစတင်သည့်အချိန်ထဲက ခံစစ်ကိုလုံခြုံစွာထားကာ တိုက်ခိုက်နေရသည်။
သို့သော် သိုင်းအဆင့်ကွာဟမှုမှာ သိသာသည်။ တဖြေးဖြေးနှင့် ဟူချင်းပို၍ အရေးနိမ့်လာသည်။ သူ၏ခန္တာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများတစ်ခုပြီးတစ်ခုပေါ်လာသည်။
ဆိုးယုတ်နဂါးမှာ တိုက်ပွဲအားထိန်းချုပ်ကာ ဟူချင်းအားဆော့ကစားနေခြင်းဖြစ်သည်။ ဤနည်းဖြင့် ကျန်ရှိနေသည့်နဂါးစိမ်းဂိုဏ်းသားများ၏စိတ်ဓာတ်ကို ပျက်ပြားသွားစေလိုသည်။
အကယ်၍ ဆိုးယုတ်နဂါးသာ ဟူချင်းအား ဆော့ကစားလိုသောရည်ရွယ်ချက်မရှိပါက ခပ်စောစောအချိန်ကပင် ဟူချင်းတစ်ယောက်သေဆုံးပြီးဖြစ်လိမ့်မည်။
သိုင်းသမားတစ်ယောက်အတွက် အရှက်ခွဲခံရသည်က သေရသည်ထက်ပင် ပို၍ဆိုးသေးသည်။
ယခုလည်း ဟူချင်းမှာ ဆိုးယုတ်နဂါး၏ရည်ရွယ်ချက်ကိုသိရှိသောကြောင့် အံကိုတင်းတင်းကြိတ်ကာ အပြင်းအထန်တိုက်ခိုက်လိုက်သည်။
သို့သော် မထိရောက်ပေ။ သူ၏ခန္တာကိုယ်ပေါ်တွင် သာဒဏ်ရာများတစ်ခုပြီးတစ်ခုတိုးလာသည်။
သူတို့နှစ်ဦးမှာ တိုက်ခိုက်ပြီးခေတ္တရပ်နားလိုက်ကြသည်။ ဆိုးယုတ်နဂါးမှာ ပုံမှန်ပင်ဖြစ်နေသေးကာ အနည်းငယ်မောပန်းဟန်ပင်မပြပေ။
သို့သော် ဟူချင်းသည်ကား အခြေအနေဆိုးနေချေပြီ။ သူ၏ခန္တာကိုယ်မှ သွေးများတစက်စက်ကျနေကာ ဓားအားတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
သူ၏မျက်နှာသည်လည်းဖြူဖျော့နေကာ အချိန်မရွေးလဲကျတော့မည်ကဲ့သို့ဖြစ်နေသည်။ ညနဂါးဂိုဏ်းသားများမှာ ဟူချင်းအားကြည်ကာ အမျိုးမျိုးလှောင်ပြောင်နေကြသည်။
နဂါးစိမ်းဂိုဏ်းသားများမှာ အံကိုတင်းတင်းကြိတ်ထားကြကာ ညနဂါးဂိုဏ်းသားများကို မီးတောက်မတတ်မျက်ဝန်းများဖြင့်ကြည့်နေကြသည်။
အားလုံး၏မျက်စေ့ရှေ့မှာပင် အနက်ရောင်အရိပ်တစ်ခုမှာရိပ်ခနဲပြေးသွားကာ ဟူချင်း၏ဘေးသို့ရောက်သွားသည်။
ထိုလူရိပ်၏လှုပ်ရှားမှုမှာ ဆိုးယုတ်နဂါးအောက်မကျပေ။ လူအတော်များများမှာ ထိုလူရိပ်၏လှုပ်ရှားမှုကိုပင်မမြင်လိုက်ရပေ။
ဆိုးယုတ်နဂါး၏မျက်ခုံးနှစ်ဖက်မှယ ထိစပ်လုမတတ်ကြုံ့သွားကာ ထိုလူရိပ်အား စူးစိုက်ကြည့်လိုက်သည်။
ဟူချင်းအတွက်မူ သူ၏ခန္တာကိုယ်မှဒဏ်ရာများထက် လှောင်ပြောင်သောစကားများက ပို၍ခံရခက်သည်။ သူအတွင်းအားဖောက်ပြန်ကာ သွေးတစ်လုပ်အန်တော့မည်ကဲ့သို့ဖြစ်လာသည်။
ထိုစဉ် သူ၏ပခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာပြီး အတွင်းအားလှိုင်းအချို့မှာ သူ့ခန္တာကိုယ်အတွင်းသို့ နွေးထွေးစွာစီးဝင်လာသည်။
ဟူချင်း၏အခြေအနေမှာ ပို၍ကောင်းမွန်သွားကာ မျက်နှာလည်းသွေးရောင်လွှမ်းလာသည်။
“ အစ်ကိုဟူတတ်နိုင်သလောက်လုပ်ပေးပြီးပြီ။ ကျန်တာကို ကျုပ်တာဝန်ထားလိုက် “
ထိုလူရိပ်မှပြောလိုက်သည်။