တိုက်ပွဲ
Vol. 1 Ch. 46
ဆိုးယုတ်နဂါးမှာ သူ၏ရှေ့သို့ရောက်လာသည့် အသက်သုံးဆယ်ပင်ပြည့်ပုံမရသေးသောလူရွယ်အားကြည့်လိုက်သည်။
သူ၏အမူအယာမှာတည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲတွင် အနည်းငယ်စိုးထိတ်နေသည်။
ထိုလူငယ်၏ လှုပ်ရှားမှုကိုကြည့်ကာ ထိုလူငယ်၏သိုင်းပညာမှာ သူ့ထက်မနိမ့်ကျသည်ကို ခန့်မှန်းမိလိုက်သည်မဟုတ်လား။
ဆိုးယုတ်နဂါးမှာ ဤမျှ မပါးနပ်လျှင် လွန်ခဲ့သည့်နှစ်များထဲက သေဆုံးပြီးဖြစ်နေလောက်ပြီ။
ထိုလူငယ်မှာ အသက်သုံးဆယ်မပြည့်သေးသော်လည်း သိုင်းပညာမှာ အဆင့်လွန်အဆင့်သို့ရောက်နေသည့်အတွက် သိုင်းလောကရှိ ထိပ်သီးဂိုဏ်းကြီးများ၊ အိမ်တော်ကြီးများမှဖြစ်နိုင်သည်။
ထိုလူငယ်ကို သူထိတ်လန့်နေသည့်အချက်မှာလည်း
ထို့ကြောင့်ပင်ဖြစ်သည်။ သို့မဟုတ်ပါက ထိုလူငယ်အားသတ်နိုင်ရန်သူယုံကြည်ချက်ရှိသည်။
သူ့ထက်သိုင်းပညာလွန်စွာကောင်းသူများကိုပင် သူသတ်လာသည်မဟုတ်လား ။သို့သော် ယခု လူငယ်၏နောက်ခံအား သူသေချာမသိပေ။
ထို့ကြောင့်လူငယ်အား သူသတ်မိလျှင် အင်အားကြီးအဖွဲ့အစည်းများ၏လိုက်လံသတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ ဆိုးယုတ်နဂါးမှာ တစ်ဦးတည်းများစွာတွေးတောနေတော့သည်။
“ ညီလေး ဂရုစိုက်ပါ “
ဟူချင်းမှ သတိပေးစကားပြောကာ နောက်သို့ဆုတ်သွားသည်။ သူ၏အတွင်းဒဏ်ရာများမှာ ရှောင်ကျန်းမင်၏ကုသပေးမှုကြောင့် အတော်ဘေးသက်သာသွားပြီဖြစ်သည်။
ရှောင်ကျန်းမင်မှာ ဟူချင်းအား ကုသပေးပြီးနောက် ဆိုးယုတ်နဂါးအားကြည့်လိုက်သည်။ သူ၏ရှေ့မှလူမှာ လေးစားဖွယ်ဥပတိရုပ်ရှိသော်လည်း လွန်စွာကောက်ကျစ်ရက်စက်သူမှန်း သူသိနေသည်။
အစက ထိုလူပေါ်လာသည်နှင့် သူတိုက်ခိုက်ရန်ကြံစည်ထားခဲ့သည်။ သို့သော် ဟူချင်းမှ ဦးစွာတိုက်ခိုက်သောကြောင့် သူဝင်မပါခဲ့ခြင်းဖြစ်သည်။
အကယ်၍ ဟူချင်းနှင့်တိုက်ခိုက်နေစဉ်ဝင်ပါ ပါက မမျှမတဖြစ်မည့်အပြင် ဟူချင်းကို အထင်သေးသည့်သဘောလည်းသက်ရောက်သွားနိုင်သည်။
ထို့ကြောင့်သူဝင်မပါဘဲ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။
သူထင်သည့်အတိုင်းပင် ဟူချင်းမှာ ဆိုးယုတ်နဂါးကို မတိုက်ခိုက်နိုင်ပေ ။ ဆိုးယုတ်နဂါး၏လက်ချက်ကြောင့် အသက်ပင်သေဆုံးသွားနိုင်သည်။
ထို့အတွက်ကြောင့် အချိန်မလွန်မီ သူဝင်ပါခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအားစောင့်ကြည့်နေကြသူများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သူတို့ရောက်ရှိလာသည်မှာလည်း ထိုလူငယ်နှင့်ဆိုးယုတ်နဂါးတို့၏တိုက်ပွဲကိုကြည့်လို၍ဖြစ်သည်။
ဟူချင်းလို ထိပ်တန်းလွန်သိုင်းသမားလေးက ဆိုးယုတ်နဂါးကိုရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း ရှေးမဆွထဲက သူတို့ သိရှထားပြီးဖြစ်သည်။
“ လူငယ်လေး မင်းဘယ်သူလဲ “
ဆိုးယုတ်နဂါးမှ ဖော်ရွေစွာပြုံးပြကာမေးလိုက်သည်။ သူ၏လေသံမှာ မိတ်ဆွေဟောင်းတစ်ဦးကို နှုတ်ဆက်သကဲ့သို့ဖြစ်သည်။
ရှောင်ကျန်းမင်မှာ တိုက်ခိုက်မည်ပြုပြီးမှ ဆိုးယုတ်နဂါး၏စကားကြောင့် အနည်းငယ်ကြောင်အန်းသွားသည်။ သို့သော် သူပြန်၍ဖြေကြားလိုက်သည်။
“ ကျုပ်နာမည်က ရှောင်ကျန်းမင် “
ရှောင်ကျန်းမင်၏အဖြေကြောင့် ဆိုးယုတ်နဂါးမှာ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အနည်းငယ်စဉ်းစားကာပြောလိုက်သည်။
“ ရှောင်ကျန်းမင် ဒီနာမည်ကိုသိုင်းလောကမှာတစ်ခါမှမကြားဖူးဘူး “
ဆိုးယုတ်နနဂါးမှ ပြောလိုက်သည်။ ယခုနှစ်များတွင် သူဤမြို့၌အခြေချနေထိုင်သော်လည်း သိုင်းလောကမှသတင်းများကို အဆက်မပြက်ဘဲ သိရှိထားသည်။
ထို့ကြောင့် လူငယ်မျိုးဆက်မှ ထိပ်သီးများအားလုံးကို သူကြားဖူးသည်။ ထိုအထဲတွင်ရှောင်ကျန်းမင်ဆိုသောနာမည်မပါဝင်ပေ။
ရှောင်ကျန်းမင်မှ ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဟုတ်တယ် ကျုပ်က နာမည်ကြီးသိုင်းသမားမဟုတ်ဘူး ။ သိုင်းလောကထဲကို အခုမှဝင်လာတဲ့ အညတရတစ်ယောက်ပဲ “
ရှောင်ကျန်းမင်၏အဖြေကြောင့် ဆိုးယုတ်နဂါး၏မျက်နှာထက်မှအပြုံးမှာ ပို၍ပီပြင်လာသည်။
ဆိုးယုတ်နဂါး၏အမူအယာကိုကြည့်ကာ ရှောင်ကျန်းမင်မှ တစ်စုံတစ်ရာကိုသိရှိသွားသည်။ ထိုလူမှာ သူ့ထံမှ စကားနှိုက်၍ သူ့ထံတွင်အင်အားကောင်းသောနောက်ခံရှိမရှိ စုံစမ်းနေခြင်းဖြစ်သည်။
ရှောင်ကျန်းမင်လည်း ဆိုးယုတ်နဂါး၏အကြံကြောင့် ခပ်ဟဟရယ်မောကာပြောလိုက်သည်။
“ ကျုပ်က နာမည်မရှိတဲ့လူဆိုပေမယ့် ခင်ဗျားရဲ့ညနဂါးဂိုဏ်းကို ဒီညဖြိုခွင်းတော့မှာ ပြဿနာရှိလား “
ရှောင်ကျန်းမင်မှ ပြုံးလျက်မေးလိုက်သည်။ ဆိုးယုတ်နဂါးမှာ သူ၏စကားကို စိတ်ဆိုးပုံမရဘဲ ရယ်မောလိုက်သည်။
“ ကောင်းတယ် ။ မင်းဒီလိုစကားတွေပြောပြီးတဲ့နောက်မှတော့ ငါ့ကိုဒူးထောက်တောင်းပန်ရင်တောင်အချိန်မမှီတော့ဘူး “
ဆိုးယုတ်နဂါးမှ သူ၏စကားဆုံးသည်နှင့် ရှောင်ကျန်းမင်ထံသို့ လျှင်မြန်စွာပြေးဝင်သွားသည်။ သူ၏လှုပ်ရှားမှုမှာလျှင်မြန်လှသောကြောင့် ရှောင်ကျန်းမင်၏အနားသို့ ချက်ခြင်းရောက်ရှိသွားသည် ။။
ရှောင်ကျန်းမင်မှဟူချင်းအားတွန်းထုတ်လိုက်သည်။ ဟူချင်းမှာ ရှောင်ကျန်းမင်တွန်းထုတ်သည့်အားနှင့်အလိုက်သင့်ပါသွားကာ နောက်အတော်ဝေးဝေးသို့ရောက်သွားသည်။
ရှောင်ကျန်းမင်မှ ဟူချင်းအားနောက်သို့တွန်းပို့ပြီးနောက်သူ၏လက်ကိုလှုပ်ရှားလိုက်သည်။
အလင်းရောင်တစ်ချက်လက်သွားကာ ဓားတစ်လက်မှာ ရှောင်ကျန်းမင်၏လက်အတွင်း၌ ထွက်ပေါ်လာသည်။ ထိုဓားမှာ သူ၏နောက်ကျောမှဓားဖြစ်သည်။
“ ချွမ်းး “
ကျယ်လောင်သည့်အသံပေါ်လာကာ ရှောင်ကျန်းမင်နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
အလားတူပင် ဆိုးယုတ်နဂါးသည်လည်း ခြေတစ်လှမ်းဆုတ်လိုက်ရကာ သူ၏အမူအယာမှာကြည့်ရဆိုးသွားသည် ။
သူ့ထက်နှစ်အတော်ငယ်သောကောင်လေးမှသူ့ထက် အတွင်းအားများစွာနိမ့်ကျမနေပေ။ ဤသည်ကမည်သို့ဖြစ်နိုင်ပါမည်နည်း ။
စောစောကတိုက်ခိုက်မှုထဲတွင် သူအားအပြည့်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရှောင်ကျန်းမင်အားလျှင်လျှင်မြန်မြန်ဖြင့်ပွဲဖြတ်ရန်သူစဉ်းစားထားသည် ။
သို့သော် ယခုပုံစံအရ သူ၏သိုင်းပညာအပြင် လှည့်ကွက်အချို့ပါ အသုံးပြုရမည့်ပုံရှိသည်။ သူ၏ဝှက်ဖဲအချို့ထွက်ပေါ်သွားမည်ဖြစ်သော်လည်း ရှောင်ကျန်းမင်ကိုအသေသတ်နိုင်လျှင် ထိုက်တန်သည်။
ဆိုးယုတ်နဂါးမှာ သူ့အတွေးနှင့်သူဟုတ်နေသည်။ စောစောကတိုက်ခိုက်မှုတွင်ရှောင်ကျန်းမင်မှ အတွင်းအားခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာအသုံးပြုထားသည်ကိုတော့ သူသိရှိခြင်းမရှိပေ။
ဓားစံအိမ်သခင်၏ တပည့်သုံးယောက်အတွင်းအားအကောင်းဆုံးဖြတ်သောရှောင်ကျန်းမင်မှာ ဆိုးယုတ်နဂါးလိုလူမျိုးထက် မည်သည့်အတွက် မသာလွန်ဘဲနေမည်နည်း။
ဆိုးယုတ်နဂါးမှာ ဆုံးဖြတ်ချက်ပြီးသည်နှင့် ရှောင်ကျန်းမင်အား တရကြမ်းဝင်တိုက်တော့သည်။ သူ၏သိုင်းပညာမှာ ကျော်ကြားမှုနှင့်ထိုက်တန်သည်ဟုဆိုရမည်။
သာမန်အဆင့်လွန်သိုင်းသမားတစ်ယောက်ဆိူလျှင် သိုင်းကွက်အနည်းငယ်အတွင်းရှုံးနိမ့်သွားနိုင်သည်။ သို့သော် သူရင်ဆိုင်နေရသည်က ရှောင်ကျန်းမင်ဖြစ်သည် ။
ပွဲအစတွင်ဆိုးယုတ်နဂါးမှ အနည်းငယ်သာလွန်သယောင်ရှိသော်လည်း ရှောင်ကျန်းမင်၏တိုက်ကွက်အနည်းငယ်အတွင်း အောက်စည်းသို့ပြန်ရောက်သွားသည် ။
ရှောင်ကျန်းမင်၏ဓားကွက်များမှာ ပြင်းထန်တိကျကာ မုန်တိုင်းတိုက်ခိုက်နေသလိုဖြစ်သည် ။
ပြင်းထန်သောဓားကွက်များနှင့် သူ၏ကောင်းမွန်သောအတွင်းအားနှင့်သာပေါင်းစပ်ပါက အဆင့်လွန်သိုင်းအဆင့်တွင် လူအနည်းငယ်သာသူ့အားယှဉ်နိုင်ပေလိမ့်မည်။
ဆိုးယုတ်နဂါးမှာ ရှောင်ကျန်းမင်၏ဖိနှိပ်မှုကြောင့် တိုက်ကွက်ပြောင်းလိုက်သည်။
“ မြွေနဂါးဓားသိုင်း နဂါးအမောက် “
ဆိုးယုတ်နဂါးမှခပ်တိုးတိုးရေရွတ်ကာ ရှောင်ကျန်းမင်အား ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းတွင်အပြုံးတစ်ခုရှိနေသည်။
ဆိုးယုတ်နဂါး၏ ဓားကွက်များမှာ ပြောင်းလဲသွားသည်။ ရှောင်ကျန်းမင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခုခံနေရာမှ ဓားကွက်ပြောင်းလိုက်ခြင်းဖြစ်သည်။
ရှောင်ကျန်းမင်မှာ အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်သောကြောင့် သူ၏ဓားကွက်ကိုရုတ်သိမ်းကာ ဝှေ့ယမ်းလိုက်သည်။
“ ချွင် “
တိုးညင်းသောအသံနှင့် သေးငယ်သောအရာလေးမှာလွင့်စင်သွားသည်။ ဆိုးယုတ်နဂါး၏မျက်နှာမှအပြုံးမှာ ပျောက်ကွယ်မသွားသေးပေ ။
ရှောင်ကျန်းမင်မှာ ထိုအရာမည်သည့်အရာဖြစ်သည်ကိုမသိသော်လည်း ဆိုးယုန်နဂါး၏အမူအယာအရ သူ့ကိုအန္တရာယ်ကြီးစွာပေးနိုင်ကြောင်းကိုသိထားသည်။
ထို့ကြောင့် သူ၏နောက်ထပ်တိုက်ခိုက်မှုများတွင် သတိကြီးကြီးထား၍တိုက်ခိုက်နေရသည်။
ဆိုးယုတ်နဂါးဆီမှ နောက်ထပ်အလင်းတန်းတစ်ခုပြေးဝင်လာပြန်သည်။ ဤသည်ကသေးငယ်သောအလင်းတန်းလေးဖြစ်ကာ ရှောင်ကျန်းမင်၏အောက်ပိုင်းသို့ဝင်လာသည် ။
ရှောင်ကျန်းမင်မှာ ယခုတစ်ကြိမ်တွင်တော့ သေချာသိလိုက်လေပြီ။ သေးငယ်သည့်အလင်းတန်းများမှာ လွန်စွာသေးငယ်သည့်အပ်ချောင်းလေးများဖြစ်ကာ အပ်ပေါ်တွက် ပြင်းထန်လှသည့်အဆိပ်တစ်မျိုးသုတ်လိမ်းထားနိုင်သည်။
ထိုအပ်ချောင်းလေးများမှာ ဆိုးယုတ်နဂါး၏ဓားထိပ်မှထွက်ပေါ်လာခြင်းဖြစ်သည်။
ရှောင်ကျန်းမင်လည်း အဆိပ်အပ်လေးကြောင့်မြေပြင်ကိုခြေတစ်ချက်ဆောင့်ကာခုန်တက်လိုက်သည်။ ထို့ကြောင့် အဆိပ်လေးမှာ မြေပြင်တွင်စိုက်ဝင်သွားသည်။
သို့သော် ဤသည်က ဆိုးယုတ်နဂါးလိုချင်သောအကွက်ပင်ဖြစ်သည် ။ သူ၏ဓားအားလျှင်မြန်စွာဝှေ့ယမ်းလိုက်ရာ လွန်စွာများပြားလှသောအဆိပ်အပ်များမှာ လေထဲတွင်ရှိနေသည့်ရှောင်ကျန်းမင်ထံသို့ လျှင်မြန်စွာတိုးဝင်သွားကြသည်။