← Chapters

ဆိုးယုတ်နဂါးသေဆုံးခြင်း

Vol. 1 Ch. 47

ဆိုးယုတ်နဂါးသေဆုံးခြင်း

Vol. 1 Ch. 47

သူတို့၏တိုက်ပွဲအားကြည့်နေကြသူများမှာ ရှောင်ကျန်းမင်၏တိုက်ခိုက်မှုများအားလျော့သွား၍ အံ့အားသင့်သွားကြသည်။

သူတို့၏စိတ်ထံတွင်လည်း ဆိုးယုတ်နဂါးနိုင်မည်ဟု ထင်လိုက်မိကြသည်။

ရှောင်ကျန်းမင်၏သိုင်းပညာကောင်းသည်မှန်သော်လည်း နှစ်ပေါင်းများစွာလေ့ကျင့်လာသောဆိုးယုတ်နဂါးလောက် အတွင်းအားပြည့်ဝခြင်းမရှိဟုတွေးလိုက်မိကြသည်။

ထိုလူများမှာ ရှောင်ကျန်းမင်မှ အဆိပ်အပ်များကိုသတိထား၍တိုက်ခိုက်နေရသည်ကို တျုက်ပွဲကြာ၍ အတွင်းအားလျော့နည်းလာခြင်းဟု ထင်လိုက်ကြခြင်းဖြစ်သည်။

လွန်စွာသေးငယ်လှသည့်အဆိပ်အပ်လေးများကြိ သူတို့သတိမပြုမိကြပေ။ သူတို့၏နေရာမှာ တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်လှမ်းသဖြင့် ကောင်းစွာမမြင်ရခြင်းဖြစ်သည် ။

ထို့အပြင် ညပိုင်းဖြစ်သောကြောင့် ဆံခြည်မျှင်အရွယ်အစားရှိသောအဆိပ်အပ်လေးများကိုမမြင်ရသည်မှာ သဘာဝကျသည်။

ရှောင်ကျန်းမင်တစ်ဦးတည်းသာ ကိုယ်တိုင်တိုက်ခိုက်နေရသည့်အတွက်ကြောင့်လည်းကောင်း အမြင်စူးရှသူဖြစ်သည့်အတွက်ကြောင့်လည်းကေယင်း အဆိပ်အပ်များကိုရှင်းလင်းစွာမြင်ရကာ ကောင်းစွာကာကွယ်နိုင်သည်။

အကယ်၍ ရှောင်ကျန်းမင်သာအတွင်းအားမကောင်းဘဲ အမြင်မစူးရှပါက ပထမဦးဆုံးအဆိပ်တွင်ပင်သူ၏အသက်ပါသွားနိုင်သည်။

လက်ရှိရှောင်ကျန်းမင်မှာ ရှောင်တိမ်းရန်ခက်ခဲသောအခြေအနေသို့ရောက်ရှိနေသည်။ လေထဲတွင်ဖြစ်နေသောကြောင့် အဆိပ်အပ်အများအပြားကိုရှောင်တိမ်းရန်မှာခက်ခဲလှသည်။

ရှောင်ကျန်းမင်လည်း အံကိုတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည် ။

“ လေပွေမုန်တိုင်း “

ထိုသိုင်းကွက်ကိုထုတ်သုံးလိုက်သည်နှင့် လေထဲရှိရှောင်ကျန်းမင်၏ခန္တာကိုယ်မှာ ဂျင်တစ်လုံးကဲ့သို့ မွတ်မွတ်လည်သွားသည်။

ဓားရောင်တလက်လက်တောက်ပနေကာ သူ့ထံသို့တိုးဝင်သွားကြသည့်များပြားလှသည့်အဆိပ်အပ်များမှာ ဘေးသို့လွင့်စင့်ကုန်ကြသည်။

ထိုသိုင်းကွက်အားထုတ်သုံးသည့်အချိန်တွင် ရှောင်ကျန်းမင်ကို လက်နက်ပုန်းများမသက်ရောက်‌နိုင်ပေ ။

ကြည့်ရှုနေကြသောလူများမှာ သူတို့အနီးသို့ပင်ရောက်ရှိလာသည့်အဆိပ်အပ်များကိုကြည့်ကာ ထိတ်လန့်သွားကြသည် ။

တစ်ဆက်တည်း တစ်စုံတစ်ရာကို သဘောပေါက်သွားကာ သူတို့အားလုံး ကျောချမ်းသွားကြသည်။ ဆိုးယုတ်နဂါးမှ ရှောင်ကျန်းမင်အား အဆိပ်အပ်များနှင့်တိုက်ခိုက်နေခြင်းဖြစ်ရမည်။

အပ်ချောင်းလေးများမှာ မီးအလင်းရောင်အောက်တွင် စိမ်းလဲ့နေကြသည်။ အပ်ချောင်းများကို လွန်စွာပြင်းထန်လှသည့်အဆိပ်တစ်မျိုးသုတ်လိမ်းထားမည်မှာသေချာလှသည်။

အကယ်၍ အဆိပ်အပ်တစ်ချောင်းချောင်းသာ သူတို့ထံသို့ မတော်တဆစိုက်ဝင်သွားပါက

ထိုလူများမှာ ဆက်မတွေးဝံ့တော့ပေ။

ဆိုးယုတ်နဂါးမှာ သူ၏မြွေအဆိပ်အပ်များကို အောင်မြင်စွာခုခံနိုင်သည့်ရှောင်ကျန်းမင်ကိုကြည့်ကာ ထိတ်လန့်သွားသည် ။

ရှောင်ကျန်းမင်အား သူတိုက်ခိုက်ခြင်းမှာ မှားယွင်းသွားပြီဟု သဘောပေါက်လိုက်ကာ ချက်ခြင်းပင်ထွက်ပြေးလိုက်သည်။

သို့သော်ဤအဖြစ်ကိုခန့်မှန်းထားပြီးဖြစ်သောရှောင်ကျန်းမင်မှာ သူ၏ဘေးသို့ ခုန်ပျံ၍ရောက်လာကာ ရင်ဝကိုခြေထောက်ဖြင့်ကန်လိုက်သည်။

“ ဝုန်းး “

ကျယ်လောင်သောအသံကြီးနှင့်အတူ ‌ဆိုးယုတ်နဂါးမှာ မြေပြင်ပေါ်သို့လဲကျသွားကာ ဖုန်တလုံးလုံးထသွားသည်။

“ ဝေါ့ “

အဆိပ်နဂါးမှာ လဲကျနေရာမှ ကုန်းရုံးထလိုက်သော်လည်း မဟန်နိုင်ဘဲ သွေးတစ်ပွက်အန်ထုတ်ကာ ပြန်၍လဲကျသွားသည်။

ရှောင်ကျန်းမင်၏ခြေကန်ချက်မှာ ပြင်းထန်လွန်းသည် ။ အကယ်၍ရှောင်ကျန်းမင်သာသက်ညှာလိုက်ခြင်းမရှိဘဲ အတွင်းအားအကုန်သုံး၍ကန်ပါက သူနေရာတွင်ပင် အသက်ထွက်သွားနိုင်သည်။

ယခုလည်း အခြေအနေမကောင်းပေ။ သူ၏အကောင်းဆုံးအခြေအနေတွင်ရှိနေလျှင်ပင် ထိုဒဏ်ရာပျောက်ကင်းစေရန် တစ်လခွဲခန့်အချိန်ယူရပေမည်။

သို့သော် ယခုရှောင်ကျန်းမင်မှသူ့အားအလွတ်ပေးမည်လား မဖြစ်နိုင်ပေ ။

ညနဂါးဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းချုပ်အားကြည့်ကာ ဆွံ့အနေကြသည်။ သန်မာ၍ မယိုင်လဲနိုင်သောသူတို့၏ဂိုဏ်းချုပ်မှာယခု မြေပြင်ပေါ်တွက် လွန်စွာအားနည်းသည့်ဟန်ဖြင့်ရှိနေသည် ။

ဤသည်က သူတို့ညနဂါးဂိုဏ်း၏အဆုံးသတ်လော။

ရှောင်ကျန်းမင်မှာ လဲကျနေသောဆိုးယုတ်နဂါးအနီးသို့လျှောက်သွားလိုက်သည် ။ ဤလူမှာ သိုင်းပညာဤမျှမဟုတ်‌သော်လည်း လှည့်ကွက်အများအပြားရှိကာ ရင်ဆိုင်ရခက်သည်။

“ မိတ်ဆွေလေး ငါ့ကိုလွှတ်ပေးပါကွာ မင်းကို ငါ့ရဲ့စုဆောင်းထားတဲ့ရတနာတွေရှိတဲ့နေရာကိုပြောပြမယ်လေ “

ဆိုးယုတ်နဂါးမှ လဲကျနေရာမှ ရှောင်ကျန်းမင်အားကြည့်ကာ တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သည် ။

ရှောင်ကျန်းမင်၏သိုင်းပညာကိုကြည့်ကာ သိုင်းကျမ်းတစ်ခုခုဖြင့် ဆွဲဆောင်၍ရမည်ဟု သူမထင်ပေ ။

ထို့ကြောင့်လူတို့၏သည်းခြေကြိုက်ဖြစ်သော ရွှေငွေဥစ္စာနှင့်ဆွဲဆောင်ခြင်းဖြစ်သည်။

ညနဂါးဂိုဏ်းကိုအုပ်ချုပ်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သူ၏ပစ္စည်းဥစ္စာများမှာ တော်ရုံတန်ရုံသူဌေးတစ်ဦးကပင် မနာလိုဖြစ်သွားနိုင်သည်အထိများပြားသည်။

ကြည့်ရှုနေကြသောလူများမှာ ရှောင်ကျန်းမက်မည်သို့ဆုံးဖြတ်မည်ကို သိလိုကြသည်။ ဟူချင်းမှာ တစ်စုံတစ်ရာပြောမည်ပြုသော်လည်း မပြောဘဲ သူ၏စကားလုံးများကို ပြန်၍ မျိုချလိုက်သည်။

“ အင်း ခင်ဗျားနည်းနည်းလောက်တော့ ရိုးသားမှာရှိသင့်တယ် “

ရှောင်ကျန်းမင်မှ ဦးခေါင်းအား ခါယမ်းကာ ပြောလိုက်သည် ။

ထို့‌နောက် သူ၏လက်ကို လျှပ်တပြတ်လှုပ်ရှားလိုက်ရာ ဓားရောင်တစ်ချက်လက်သွားပြီး ဆိုးယုတ်နဂါး၏လည်ပင်းတွင် သေးငယ်သည့်သွေးစီးကြောင်းတစ်ခုပေါ်လာသည်။

ထို‌နေရာမှ သွေးများဆက်လက်စီးကျလာပြီးနောက် ဆိုးယုတ်နဂါး၏မျက်လုံးများမှိတ်သွားသည်။

“ ဟူးး “

ရှောင်ကျန်းမင်မှာ ဆိုးယုတ်နဂါး၏အလောင်းအားကြည့်ကာ သက်ပြင်းမောတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။

ယခုတစ်ကြိမ်မှာ သူပထိဦးဆုံးအကြိမ်လူတစ်ယောက်အား သတ်ဖူးပြီး အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ငေးငိုင်နေသော ရှောင်ကျန်းမင်၏အနားသို့လူတစ်ယောက်ရောက်လာသည်။

“ သိပ်လည်းစိတ်မကောင်းဖြစ်မနေပါနဲ့ သူ့လိုလူမျိုးက ဒီလိုအဆုံးသတ်ဖို့ထိုက်တန်ပါတယ် ။

သူ့ရဲ့လက်ထဲမှာ အပြစ်မဲ့တဲ့အသက်တွေအများအပြားသေကြေခဲ့ရတယ် ။ အမှန်ဆိုရင်သူက ဒီ့ထက်ဆိုးဆိုးဝါးဝါးသေသင့်တာ “

ဟူချင်းမှ ရှောင်ကျန်းမင်၏ပခုံးအားပုတ်ကာပြောလိုက်သည်။

ရှောင်ကျန်းမင်၏မျက်နှာအမူအယာကို သူရိပ်မိသည် ။ထို့ကြောင့် ရှောင်ကျန်းမင်စိတ်သက်သာရာရစေရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှောင်ကျန်းမင်မှ ဦးခေါင်းအားခါယမ်းလိုက်သည်။

“ အစကကျုပ်လဲ သိုင်းပညာဖျက်ဆီးတာလောက်ပဲလုပ်မလို့ ဒါပေမယ့် သူကနောင်တမရဘူး ရှုံးနိမ့်နေတဲ့အချိန်မှာတောင် လုပ်ကြံဖို့စိတ်ကူးခဲ့သေးတယ် “

ရှောင်ကျန်းမင်မှ ဆိုးယုတ်နဂါးအားကြည့်ကာ စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်။

ဟူချင်းလည်းရှောင်ကျန်းမင်ကြည့်နေရာသို့ အကြည့်ရောက်သွားသောအခါတုန်လှုပ်၍သွားသည်။

ဆိုးယုတ်နဂါး၏လက်တစ်ဖက်မှာ အရိုးဖြူဖြူပင်ကျန်ခဲ့ကာ ဘေးနားတွင်အဖြူရောင်အမှုန့်များကိုလည်းတွေ့ရသည် ။

“ အရိုးစားအဆိပ်မှုန့် “

ဟူချင်းမှ တုန်လှုပ်စွာရေရွတ်လိုက်သည်။ အရိုးစား

အဆိပ်မှုန့်မှာ သိုင်းလောကတွင်တားမြစ်ထားသောအဆိပ်တစ်မျိုးဖြစ်သည် ။

အကာအကွယ်မရှိဘဲအသုံးပြုပါက အသုံးပြုသူကိုပါပြန်၍ ထိခိုက်စေနိုငိသည်။ ထိုအဆိပ်မှုန့်နှင့်ထိမိပါက ထိမိသောနေရာမှာ စက္ကန့်ပိုင်းအတွင်းအရိုးသာကျန်ခဲ့ကု အလွန်ပြင်းထန်သည့်အဆိပ်မှုန့်တစ်မျိုးဖြစ်သည်။

ဆိုးယုတ်နဂါးမှ ရှောင်ကျန်းမင်အား စကား‌ဖြင့်သွေးဆောင်ကာထိုအဆိပ်မှုန့်ဖြင့်ပတ်ရန်ကြံစည်ထားခြင်းဖြစ်သည်။

ရှောင်ကျန်းမင်မှလက်ဦးသွားသောကြောင့် သူ၏လက်ပေါ်သို့ကျသွားကာ ယခုလိုအရိုးသာကျန်ခဲ့ခြင်းဖြစ်သည်။

ဆိုးယုတ်နဂါး၏ခန္တာကိုယ်ပေါ်တွင် အပေါ်အင်္ကျီမရှိသည့်အတွက် အဆိပ်များကို ခါးစည်းအတွင်းဆောင်ထားခြင်းဖြစ်ရမည်။

“ ညီလေး မင်းဒီဂိုဏ်းသားတွေကိုဘယ်လိုလုပ်ချင်တာလဲ “

ဟူချင်းမှ ညနဂါးဂိုဏ်းသားများကိုညွှန်ပြကာ ရှောင်ကျန်းမင်အားမေးလိုက်သည်။

ရှောင်ကျန်းမင်အနိုင်ယူခဲ့ခြင်းဖြစ်သည့်အတွက်

ဟူချင်းမှရှောင်ကျန်းမင်၏ဆန္ဒကို မေးလိုက်ခြင်းဖြစ်သည်။

ယခုအချိန်တွင် သူတို့၏ဂိုဏ်းချုပ်သေဆုံးသွားပြီးဖြစ်သဖြင့် ညနဂါးဂိုဏ်းသားများမှာ လွန်စွာစိတ်ဓာတ်ကျဆင်းနေကာ တိုက်ခိုက်ရန်စိတ်မပါတော့ဘဲ နဂါးစိမ်းဂိုဏ်းသားများထံတွင်လက်နက်ချပြီးဖြစ်သည်။

“ ညီလေး တစ်ခုရှိတာက သူတို့ကဆိုးယုတ်နဂါးရှိတုန်းက ရက်စက်တဲ့မကောင်းမှုတွေအများကြီးကျူးလွန်ခဲ့တဲ့လူတွေနော် ။ သူတို့ကို ဒီအတိုင်းလွှတ်ပေးလို့ကတော့မဖြစ်ဘူး ။ ဒါပေမယ့် ညီလေးဘယ်လိုဆုံးဖြတ်ဆုံးဖြတ်ပါ “

ဟူချင်းမှ သတိပေးလိုက်သည် ။ ရှောင်ကျန်းမင်၏စရိုက်ကို သူအနည်းငယ်သဘောပေါက်သောကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

ထိုလူများအားကြည့်ကာ ရှောင်ကျန်းမင်မှာ အနည်းငယ်ခေါင်းကိုက်သလိုခံစားလိုက်ရသည်။

ပင်ကိုအားဖြင့်ကြင်နာတတ်သူဖြစ်သည့်အတွက် လက်နက်ချသူများအား ဆိုးဆိုးရွားရွားအပြစ်မပေးလိုပေ။

All Chapters