ကျန်းနမ်မှ နေလသိုင်းကျမ်း
Vol. 1 Ch. 51
ဝမ်းတုနှငိ့ဝမ်းတတို့၏ပုံစံအားကြည့်ကာ နှင်းငွေ့မိစ္ဆာသခင်မှာကျေနပ်သွားသည်။ ထိုနှစ်ယောက်အား သူ၏ပညာများသင်ကြားပေးကာ ပျိုးထောင်ရကျိုးနပ်သည်။
လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်က သူတောင်းစားသာသာကောင်လေးများမှာ ယခုအချိန်တွင်သိုင်းလောကတွင်နာမည်ကျော်ကြားသည့် ကြောက်မက်ဖွယ်သိုင်းပညာရှင်များဖြစ်နေလေပြီ။
အဖြူအနက်သိုင်းလောကသားများမှ ငရဲဓားနှင့်အမှောင်လက်ဝါးဆိုလျှင် ဝေးဝေးမှရှောင်ကြကာ နဂါးစိမ်းဂိုဏ်း၏ အလိုအရှိဆုံးစာရင်းတွင် ပါဝင်ကြသည်။
နဂါးစိမ်းဂိုဏ်းမှ သိုင်းလောကမှ သိုင်းသမားဆိုးများအား အလိုအရှိဆုံးစာရင်းထုတ်ပြန်ထားသည်။
စာရင်းထဲတွင်ပါဝင်သူများမှာ သွေးဆာရက်စက်သည့်သိုင်းသမားဆိုးများဖြစ်ကြကာ သူတြိုအား အသေသို့မဟုတ် အရှင်ဖမ်းမိလျှင်ဆုငွေများစွာရရှိမည်ဖြစ်သည် ။။
သို့သော် ထိုစာရင်းထဲမှသိုင်းသမားများမှာ သိုင်းပညာကြောက်မက်ဖွယ်ကောင်းသူများဖြစ်ကြကာ သူတို့အား လုံလောက်သောအင်အားမရှိဘဲနှင့် မည်သူမှပစ်မှတ်မထားဝံ့ကြပေ။
ဝမ်းတုနှင့်ဝမ်းတတို့မှာ အသက်သုံးဆယ်မပြည့်မီပင် အလိုအရှိဆုံးစာရင်းတွင်ပါဝင်နေကာ အလိုအရှိဆုံးစာရင်းမှ အသက်အငယ်ဆုံးသိုင်းသမားများဖြစ်ကြသည်။
ဤသို့ဖြစ်ရန်လည်း နှင်းငွေ့မိစ္ဆာသခင်မှ သူတို့စိတ်ကြိုက်လုပ်ခွင့်ပေးထားသည်။ နှင်းငွေ့မိစ္ဆာသခင်မှာ သူ့တပည့်နှစ်ယောက်အကြောင်းတွေးကာ ပြုံးလိုက်သည်။
သို့သော် သူ၏အပြုံးမှာ ခံစားချက်ကင်းမဲ့နေသူကဲ့သို့ဖြစ်နေသည်။
“ မင်းတို့ကို သိုင်းကျမ်းလုပွဲမှာ ပါဝင်စေချင်တယ် “
နှင်းငွေမိစ္ဆာသခင်မှ ပြောလိုက်သည် ။ သူ၏စကားကြောင့် ဝမ်းတုနှင့်ဝမ်းတတို့မှာ ခေါင်းရှုပ်သွားကြသည်။
“ ဘယ်သိုင်းကျမ်းကိုပြောတာလဲဆရာ “
သိုင်းလောကကြီးအေးချမ်းနေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ မည်သည့်အစွမ်းထက်သိုင်းကျမ်းမှ ထွက်ပေါ်လာသည်ဟူ၍ သူတိူ့မကြားမိပေ။
နှင်းငွေ့မိစ္ဆာသခင်မှာ သူတို့၏အတွေးများကိုနားလည်သည်။ ထို့ကြောင့်ပြုံးလျက်ပြောလိုက်သည်။
“ နောက်ထပ် သုံးလနေရင် အလယ်ပိုင်းဒေသမှာ သိုင်းကျမ်းလုပွဲအကြီးအကျယ်ပေါ်လာလိမ့်မယ် ။ မင်းတို့ကသိုင်းကျမ်းလုပွဲမှာပါဝင်ပြီးတော့ ပွဲဆူအောင်လုပ်လိုက်ကြ “
ဝမ်းတုနှင့်ဝမ်းတုတို့မှာ ဆက်၍မမေးကြတော့ပေ ။ သူတို့ဆရာ၏အမိန့်များမှာ သူတို့မသွေမတိမ်းလိုကနာရမည့်အရာများဖြစ်သည်။
“ ကောင်းပါပြီ ဆရာ “
သူတို့နှစ်ယောက် ဒူးထောက်အရိုအသေပြုကာ ထွက်သွားလိုက်ကြသည် ။
သူတို့ထွက်သွားပြီးနောက် နှင်းငွေ့မိစ္ဆာသခင်မှာ မျင်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကိုအတွေးနက်နေသည့်ပုံဖြစ်သွားသည် ။
အလယ်ပိုင်းဒေသ ကျန်းနန်မြို့
ကျန်းနန်မြို့မှာ အလယ်ပိုင်းဒေသ၏အချက်အချာဟုခေါ်၍ပင်ရသည်။
အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းများရှိကာ ကျန်းနန်မြိုလယ်မှ အပျော်အပါးနေရာများနှင့် သာယာလှပသော နတ်ရေကန်တည်ရှိသောအတွက်ကြောင့် အလယ်ပိုင်းသိုင်းလောကတွင် မသိသူမရှိနာမည်ကြီးသောနေရာဖြစ်သည်။
သူဌေးကြီးကျန်းလီ
သူဌေးကြီးကျန်းလီမှာ ကျန်းနန်မြို့တွင်သာမကအနီးအနားရှိနယ်များတွင်ပါ ကျော်ကြားသောသူဌေးသူကြွယ်တစ်ဦးဖြစ်သည်။
သူဌေးကြီးကျန်းလီမှာ လွန်ခဲ့သည့်ဆယ့်ငါးနှစ်မှစ၍ ကျန်းနန်မြို့သို့ရောက်ရှိလာသည်။ သူ၏ဇာတ်မြစ်ကိုရေရေရာရာမသိကြသော်လည်း နယ်ခြားမှကုန်သည်တစ်ဦးဖြစ်သည်ဟု ဆိုကြသည် ။
သူဌေးကြီးကျန်းလီမှာ ကျန်းနန်မြို့တွင်အခြေချကာ စီးပွားရေလုပ်ငန်းများကိုလုပ်ကိုင်သည်။
မြို့ထဲတွင်လည်း သူ၏ရတနာစုရပ်စားသောက်ဆိုင်များ ၊ ရတနာစုရပ် အာမခံလုပ်ငန်း စသည်ဖြင့် စီးပွားရေးလုပ်ငန်းများစွာအားလုပ်ကိုင်နေသည်။
သူ၏လုပ်ငန်းများမှာ အလယ်ပိုင်းဒေသတွင်မကဘဲ အခြားဒေသများသို့ပါ ဖြန်ကျန့်ထားသည်။
နာမည်ကြီးနန်ကုန်းမိသားစုမှလူများပင် သူဌေးကြီးကျန်းလီကိုချီးကျူးရသည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သူဌေးကြီးကျန်းလီမှာ စီးပွားရေးတွင်မည်မျှပါရမီပါကြောင်းကိုသိနိုင်သည်။
သူဌေးကြီးကျန်းလီမှာ စီးပွားရေးတွင် အလွန်အကွင်မြင်ကာ အလှူအတန်းဆိုလျှင်လည်း လက်မနှေးပေ ။။
သိုင်းလောင၏အင်အားအကြီးဆုံး နဂါးစိမ်းဂိုဏ်းကြီး၏ ပင်မထောက်ပံ့သူများထဲမှတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် သူဌေးကြီးကျန်းလီမှာ ကျန်းနန်တွင်လူချစ်လူခင်များကာ ဂုဏ်သတင်းကျော်ကြားသည့်သူဌေးကြီးဖြစ်သည်။
သို့သော် ယခုသိုင်းလောကတွင် သတင်းတစ်ခုထွက်ပေါ်လာသည်။ သူဌေးကြီးကျန်းလီမှာ နေလသိုင်းရာဇာ၏မျိုးဆက်ဖြစ်ကာ သူဌေးကြီးကျန်းလီထံတွင် နေလသိုင်းကျမ်းရှိသည်ဟူသောသတင်းပင်ဖြစ်သည်။
ဤသတင်းမှာ မည်သူကစ၍ဖြန့်လိုက်သည်ဟူ၍မသိသော်လည်း အချိန်တိုအတွင်း သိုင်းလောကမှအင်အားစုများ ၊တစ်ကိုယ်တော်သိုင်းသမားများအကြားတွင် အလျှင်အမြန်ပျံ့နှံ့သွားကာ သိုင်းလောကတွင်နာမည်အကြီးဆုံးသတင်းတစ်ခုဖြစ်လာခဲ့သည်။
ထိုသတင်းမှန်သည်မှားသည်မသဲကွဲသော်လည်း မြောက်များစွာသောသိုင်းသမားများမှာ ကျန်းနန်မြို့သို့ ဦးတည်၍လာနေကြသည်။ နေလသိုင်းကျမ်း၏ဆွဲဆောင်အားမှာ ကြီးမားလှပေစွ
နေလသိုင်းရာဇာမှာ လွန်ခဲ့သည့်နှစ်များက သွေးစွန်းသိုင်းရာဇာ ၊ ပြိုင်ဘက်ကင်းဓားသမားတို့နှင့်ခေတ်ပြိုင်ဖြစ်သော သိုင်းလောကတွင် မသိသူမရှိနာမည်ကြီးသောသိုင်းဇာရာဖြစ်သည်။
သူ၏ဇာတ်မြစ်မှာ တိဗက်ဒေသမှဖြစ်သည်။ နှင်းကဲ့သို့ဖြူဖွေးသောဝတ်စုံကိုဝတ်ဆင်တက်ကာ သိုင်းလောကတွင်ရှားပါးလှသော အပူအအေးအတွင်းအားကိုပိုင်ဆိုင်ထားသည်။
ဗျပ်စောင်း၊ ပုလွေစသည့်အနုပညာရပ်များတွင်ကျွမ်းကျင်ကာ သူ၏နေသူရိန်ဓားသိုင်းမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည်။
နေလသိုင်းရာဇာမှာ သိုင်းပညာအထွတ်အထိပ်ရှိသော်လည်းသိုသိုသိပ်သိပ်နေတတ်သည်။ ထင်ပေါ်ကျော်ကြားခြင်းကိုအလိုမရှိပေ ။
သို့သော် ရှောင်လင်ကျောင်းထိုင် ၊ ဝူတန်းဂိုဏ်းချုက်နှင့် တေလေဂိုဏ်းချုပ်တို့ကို အကွက်သုံးရာအတွင်းအနိုင်ယူခဲ့ခြင်းက သူ့ကိုနာမည်ကျော်ကြားစေသည်။
ဤသည်မှာလည်း သူ၏သိုင်းပညာကို စမ်းသပ်လို၍ဖြစ်သည် ။ ထိုတိုက်ပွဲများပြီးနောက်တွင် နေလသိုင်းရာဇာမှာ သိုင်းလောကမှထွက်ခွာသွားခဲ့သည်။
ကောလဟာလများအရ နေလသိုင်းရာဇာမှာ ပူတာလကျောင်းတော်၏တပည့်တစ်ဦးဖြစ်သည်ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ သူ၏အချိန်အခါက သိုင်းလောကကြီးတစ်ခုလုံးကို ချောက်ခြားအောင်ပြုလုပ်ခဲ့သောသွေးစွန်းသိုင်းရာဇာပင် သူနှင့်ထိတ်တိုက်မတွေ့အောင်သတိထားခဲ့ရသည်။
ယခုနေလသိုင်းရာဇာ၏ သိုင်းကျမ်းမှာ သူဌေးကြီးကျန်းလီထံတွင်ရှိနေကြောင်း သတင်းထွက်ပေါ်လာသဖြင့် သိုင်းလောကသားများမှာ ကျန်းနန်မြို့သို့ တဖွဲဖွဲရောက်ရှိလာကြသည် ။
သိုင်းကျမ်းအား အလိုရှိသူများထဲတွင် အဖြူရောအနက်ပါပါဝင်ပြီး ဂိုဏ်းအမြောက်အများပါဝ်ုကာ လွန်စွာအင်အားများပြားသည်။
ထို့အတွက်ကြောင့် နဂါစိမ်းဂိုဏ်းကြီးသည်ပင် မတတ်နိုင်ဘဲ လွှတ်ထားရသည်။
သူတို့၏ရည်ရွယ်ချက်မှာတစ်ခုသာရှိသည်။ နေလသိုင်းကျမ်းကို အရယူနိုင်ရန်ဖြစ်သည် ။
ထို့အတွင်ကြောင့်လည်း ကျန်းနန်မြို့၏တည်းခိုခန်းများတွင်သိုင်းလောကသားများဖြင့်ပြည့်နှက်နေကာ အန္တရာယ်အငွေ့အသက်များမှာလည်းနေရာတိုင်းတွင်ရှိနေကြသည် ။
သို့သော် သူဌေးကြီးကျန်းလီ၏စံအိမ်ကိုတော့ မည်သူမှ စတင်တိုက်ခိုက်ခြင်းမရှိသေးပေ။ အကြောင်းမှာ သူတို့ထိ၍မရသည့်အင်အားစုကြီးဖြစ်သောနဂါးစိမ်းဂိုဏ်းကြောင့်ဖြစ်သည်။
သူဌေးကြီးကျန်းလီမှာ နဂါးစိမ်းဂိုဏ်း၏အဓိကထောက်ပံ့သူများထဲမှတစ်ဦးဖြစ်သဖြင့် သိုင်းလောကသားများမှာ ကျန်းလီကို လွယ်လွယ်ကူကူနှင့်မထိဝံ့ကြပေ။
ထို့အပြင် ကျန်းနန်နဂါးစိမ်းဂိုဏ်းခွဲ၏ဂိုဏ်းခွဲမှူး အဆင့်လွန်သိုင်းသမား တုံးဖန်းရှန်မှာ သူဌေးကြီးကျန်းလီနှင့်လွန်စွာရင်းနှီးသည့်မိတ်ဆွေများဖြစ်ကြသည်။
သူဌေးကြီးကျန်းလီထံတွင်နေလသိုင်းကျမ်းရှိသည်ဟူသောသတင်းထွက်ပေါ်လာသည်နှင့် တုံးဖန်းရှန်မှာ ကျန်းလီကိုအစွမ်းကုန်ကာကွယ်ပေးမည်ဟု ကြေညာခဲ့သည်။
သိုင်းလောကသားများမှာ ပထမအချက်အား များစွာဂရုစိုက်ခြင်းမရှိကြသော်လည်း ဒုတိယအချက်မှာ သူတို့ကို ဘေးကြပ်နံကြပ်ဖြစ်စေသည်။
ကျန်းနန်မှ နဂါးစိမ်းဂိုဏ်းခွဲမှူးတုံးဖန်းရှန်မှာ နဂါးစိမ်းဂိုဏ်း၏ကာကွယ်သူခုနစ်ဦးထဲမှတစ်ဦးဖြစ်သော ရွှေခြင်္သေ့တုံးဖန်းလီ၏သားဖြစ်သည်။
ထို့အတွက်ကြောင့် ကျန်းလီထံမှသိုင်းကျမ်းကိုလိုချင်သူများမှာ ကျန်းလီ၏ရှေ့တွင်မားမားမက်မက်ရပ်နေသည့် တုံးဖန်းရှန်ကြောင့် အကြပ်ရိုက်ကာ ငြိမ်သက်နေခြင်းဖြစ်သည် ။
သို့သော် ဤသည်က အချိန်အတိုင်းအတာတစ်ခုအထိသာဖြစ်ပေမည် ။ အကယ်၍ ကျန်းလီထံမှတစ်စုံတစ်ယောက်မှသိုင်းကျမ်းရရှိသွားပါက သွေးချောင်းစီးလူသတ်ပွဲများဖြစ်ပေါ်လာပေလိမ့်မည်။
သိုင်းကျမ်းအား လက်ဝယ်ရရှိသွားသူမှာ များပြားလှစွာသောဂိုဏ်းများ၊ တစ်ကိုယ်တော်သိုင်းသမားများ၏အမဲလိုက်ခြင်းကို ခံရမည်ဖြစ်သည်။
ထို့ကြောင့်ကျန်းနန်မြို့၏ အခြေအနေမှာ ကြော်မက်ဖွယ်ကောင်းလောက်အောင်ငြိမ်သက်နေသည်။
လက်ရှိအခြေအနေမှာ ပေါက်ကွဲလုဆဲဆဲဗုံးတစ်လုံးကဲ့သို့ဖြစ်နေကာ စနစ်တံကိုမီးရှို့သူပေါ်လာပါက အခြေအနေမှာ ထိမ်းမနိုင်သိမ်းမရအောင်ဖြစ်လာပေလိမ့်မည်။