← Chapters

ရှောင်လင်ကျောင်းသို့ပို့ရန်

Vol. 1 Ch. 53

ရှောင်လင်ကျောင်းသို့ပို့ရန်

Vol. 1 Ch. 53

အတန်ကြာစဉ်းစားပြီးနောက် သူဌေးကြီးကျန်းလီက ဝမ်းသာအားရဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဒီသိုင်းကျမ်းကို ဂိုဏ်းခွဲမှူးတို့နဂါးစိမ်းဂိုဏ်းကို ကျုပ်ပေးလိုက်လို့မရဘူးလား “

ထိုသိုင်းကျမ်းအား နဂါးစိမ်းဂိုဏ်း၏လက်ထဲသို့အပ်လိုက်ပါက သူ့အပေါ်တွင်ကျရောက်နေသည့်အန္တရာယ်များပျောက်ကွယ်သွားပေမည်။

ထို့အတူ နဂါးစိမ်းဂိုဏ်းကြီးမှာ သိုင်းလောက၏အင်အားအကြီးဆုံးဂိုဏ်းကြီးဖြစ်သလို တရားမျှတမှုကိုလည်း ကိုယ်စားပြုပေသည်။။

သိုင်းကျမ်းသာနဂါးစိမ်းဂိုဏ်းကြီး၏လက်ထဲသို့ကျရောက်သွားပါက ထိုသိုင်းကျမ်းကိုလိုချင်တပ်မက်သူများအနေဖြငိ့ သွားရေတမြားမြားကျနေရုံသာတတ်နိုင်ပေမည် ။

သိုင်းကျမ်းတစ်ခုအတွက် နဂါးစိမ်းဂိုဏ်းကြီးကိုအပြစ်ပြုဝံ့သည်အထိမည်သူမှမိုက်မဲခြင်းမရှိပေ။

ကျန်းလီပြောသည့်နည်းလမ်းကလက်ရှိအခြေအနေကိုဖြေရှင်းရန်သင်‌လျော်သည့်နည်းလမ်းဖြစ်သည် ။

ကျန်းလီတစ်ဦးထဲ၏သဘောဖြင့်ဆိုပါက ထိုသိုင်းကျမ်းကိုသူ၏မိတ်ဆွေဖြစ်သည့်တုန်းဖန်းရှန်ကိုပင်ပေးပစ်နိုင်သည် ။

သို့သော် တုန်းဖန်းရှန်အနေဖြင့်ထိူသိုင်းကျမ်းကိုလက်ခံမည်မဟုတ်သလို သိုင်းကျမ်းလက်ဝယ်ရရှိသူမှာ သိုင်းလောကသားများ၏ဝိုင်းဝန်းတိုက်ခိုက်မှူကိုကျိန်းသေပေါက်ခံရပေမည်။

ထို့ကြောင့် ကျန်းလီလည်း သူစဉ်းစားမိသမျှထဲ၌အသင့်လျော်ဆုံးနည်းလမ်းကိုပြောလိုက်ခြင်းဖြစ်၏။

သူ၏စကားကြောင့် တုန်းဖန်းရှန်၏မျက်နှာဝင်းလက်သွားသော်လည်းအနည်းငယ်စဉ်းစားပြီးခေါင်းယမ်းပြလိုက်သည်။

“ ဒီလိုလုပ်ရင်အဆင်ပြေနိုင်ပေမယ့် ကျုပ်တိူ့ဂိုဏ်းချုပ်က သိုင်းကျမ်းကိုလုံးဝလက်ခံမှာမဟုတ်ဘူး ။

ဘာကြောင့်လဲဆိုတော့ သိုင်းကျမ်းကိုကျုပ်တို့သာယူလိုက်ရင် တခြားလူတွေက နဂါးစိမ်းဂိုဏ်းကြီးရဲ့အင်အားကိုသုံးပြီးအနိုကျင့်ယူဆောင်သွားတယ်လို့စွပ်စွဲမှာအသေအချာပဲ။

ဒါဆိုရင် ကျုပ်တို့နဂါးစိမ်းဂိုဏ်းကြီးရဲ့ရည်ရွယ်ချက်ကို မလိုလားတဲ့လူတွေက မေးခွန်းထုတ်စရာဖြစ်သွားနိုင်တယ်။

ဂိုဏ်းကိုစတင်တည်ထောင်တဲ့အချိန်ထဲက ကျုပ်တို့မှာ များပြားလှတဲ့ရန်သူတွေရှိခဲ့ပြီး အခုချိန်အထိသူတို့ကအမှောင်ထဲကနေကျားချောင်းသလိုချောင်းနေကြတာ ။

ကျုပ်တို့ရဲ့မှားကွက်တစ်ခုခုကိုတွေ့တာနဲ့ ချက်ခြင်းကောလဟာလတွေဖြန့်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကတောင် သတင်းတုတွေကြားကမနည်းရုန်းထွက်ထားကတဲ့အတွက် ကျုပ်တို့နဂါးစိမ်းဂိုဏ်းက ဒီကိစ္စကိုဝင်ပါမှာမဟုတ်ဘူး...”

တုန်းဖန်းရှန်၏ရှင်းပြချက်ကြောင့် ကျန်းလီ၏ပူံစံကစိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ခပ်တိုးတိုးညည်းလိုက်သည်။

“ ဒီလိုဆိုရင် သိုင်းကျမ်းကိုလိုချင်နေတဲ့သိုင်းသမားတစ်ယောက်ယောက်ရဲ့လက်ထဲထည့်ပေးလိုက်တာက အဆင်ပြေသွားဦးမယ် ..”

ကျန်းလီ၏စကားကြောင့် တုန်းဖန်းရှန်၏မျက်လုံးများပြူးကျယ်သွားပြီး ချက်ခြင်းဟန့်တားလိုက်သည်။။

“ ဒီလိုဆိုရင်ပိုပြီးဆိုးရွားသွားဖို့ရှိတယ်။ သိုင်းကျမ်းသာမသမာသူတစ်ယောက်ယောက်ရဲ့လက်ထဲရောက်သွားရင်သိုင်းလောကအတွက်ဘေးဒုက္ခတွေကျရောက်လာနိုင်တယ်။

နောက်ပြီး သိုင်းကျမ်းကိုပထမဆုံးပိုင်ဆိုင်မယ့်လူက တခြားလူတွေရဲ့ပစ်မှတ်ဖြစ်ပြီးကျန်းနန်မြို့ထဲကတောင်အသက်ရှင်လျက်ထွက်ခွာနိုင်မှာမဟုတ်ဘူး ။

ဒီသိုင်းကျမ်းအတွက် သွေးချောင်းစီးတိုက်ပွဲတွေတစ်ခုပြီးတစ်ခုဖြစ်ပွားလာပြီးဘယ်အချိန်မှရပ်တန့်နိုင်မယ့်မသိဘူး။

သိုင်းလောကသားတွေအတွက် ရွှေငွေဥစ္စာပစ္စည်းတွေထက်ပိုပြီးအဖိုးတန်တာ အစွမ်းထက်သိုင်းကျမ်းတွေပဲ ။ ဒီသိုင်းကျမ်းရဲ့သတင်းက‌ နေရာအနှံ့ပျံ့ပြီးပြီဆိုတော့ သူတို့က လုံးဝလက်လွတ်ခံကြမှာမဟုတ်ဘူး ။

နောက်တစ်ချက်က သိုင်းကျမ်းထဲကပညာရပ်တွေကအစွမ်းထက်လွန်းတော့ သိုင်းကျမ်းကိုနောက်ဆုံးပိုင်ဆိုင်ခွင့်ရတဲ့လူက မကောင်းတဲ့စိတ်သာရှိနေရင် ကျားကိုအတောင်တပ်ပေးသလိုဖြစ်ပြီး သိုင်းလောကထဲမှာ သူ့ကိုဟန့်တားနိုင်မယ့်လူတောင်ရှိမှာမဟုတ်ဘူး။

ဒီလိုတွေသာဖြစ်လာရင်လွန်ခဲ့တဲ့အနှစ်ငါးဆယ်က သွေးစွန်းသိုင်းရာဇာထက်ပိုပြီးဆိုးရွားတဲ့လူတောင်ပေါ်ထွက်လာနိုင်တယ် “

တုန်းဖန်းရှန်က ရှည်လျားစွာပြောလိုက်ရင်း သူ၏စကားကိုအဆုံးသတ်လိုက်သည်။

တုန်းဖန်းရှန်၏တားမြစ်မှုကြောင့် ကျန်းလီမှာ သူ၏လက်ထဲမှသိုင်းကျမ်းကိူမကျေမနပ်ကြည့်လိူက်မိ၏ ။

ထိုသိုင်းကျမ်းမှာ အစွမ်းထက်သိုင်းပညာများစွာပါဝင်နေသော်ငြား သူ့အတွက်အသုံးမဝင်ဘဲ အာလူးပူပူတစ်လုံးကဲ့သို့ဖြစနေပြီး သူ့ကိုပင်အန္တရာယ်ဖြစ်စေနိုင်ပေသည် ။

သိုင်းကျမ်းကို တိတ်တဆိတ်ဖျက်ဆီးပစ်ရန်လည်းမဖြစ်နိုင်ဘဲ ထိုသို့ပြုလုပ်လိုက်လျှင်ပင် သူ့၏လုပ်ရပ်ကိုမည်သူမှယူံကြည်ကြမည်မဟုတ်ဘဲ သိုင်းကျမ်းကိုရှာမတွေ့ပါက သူ့ကိုညှဉ်းပန်းနှိုပ်စက်ကြပေမည်။

ထိုအခိုက် တုန်းဖန်းရှန်၏မျက်နှာက ဝင်းပသွားပြီး သူ၏ဝမ်းမြောက်သွားဟန်တူသည့်အသံကထွက်ပေါ်လာသည်။။

“ ဟုတ်ပြီသူ‌ဌေးကျန်း ဒီသိုင်းကျမ်းကိုထားဖို့အဆင်ပြေမယ့်နေရာကိုကျုပ်စဉ်းစားမိပြီ “

သူ၏ပုံစံက ယခုပြဿနာကိုအဆင်ပြေနိုင်မည့်နည်းလမ်းတစ်ခုကိုစဉ်းစားရရှိသွားသည့်အလား ရွှင်ပြနေသည်။

“ ဘာများလဲဂိုဏ်းခွဲမှူး..”

ကျန်းလီ၏အသံက များစွာစိတ်မပါလှဘဲ သူစိတ်ပျက်အားလျော့နေကြောင်းအလွယ်တကူသိရှိနိုင်သည်။

“ ဒီလိုလေ အခု သူ‌ဌေးကျန်းဆီမှာရှိနေတဲ့သိုင်းကျမ်းကို ရှောင်လင်ကျောင်းကိုအပ်လိုက်ရင်ဘယ်လိုလဲ ။

ရှောင်လင်ကျောင်းမှာ ခေတ်အဆက်ဆက်ကသိုင်းသမားတွေရဲ့အစွမ်းထက်သိုင်းကျမ်းတွေအများကြီးရှိပြီးတော့ ရှောင်လင်ကျောင်းကသိုင်းကျမ်းတွေကိုခိုးယူဖို့ကြိူးစားတဲ့သူတွေမရေမတွက်နိုင်အောင်ရှိပေမယ့် လက်တစ်ဆုပ်စာပဲအောင်မြင်ခဲ့တာ ။

ပြီးတော့ ရှောင်လင်ကျောင်းဆိုတာ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာခေါင်းဆောင်ဖြစ်ပြီး သူတို့ရဲ့အင်အားကအလွန်ကြီးမားတော့ အစွမ်းထက်သိုင်းထိပ်သီးတွေတောင် ရှောင်လင်ကိုရန်မစဝံ့ကြဘူး။

ဒါကြောင့် ရှောင်လင်ကျောင်းကိုသာ သိုင်းကျမ်းအပ်လိုက်ရင် ပြဿနာတွေအားလုံး ရှင်းလင်းသွားလိမ့်မယ်...”

တုန်းဖန်းရှန်၏စကားကြောင့် သူ‌ဌေးကြီးကျန်း၏မျက်လုံးများတောက်ပလာသော်လည်း အနည်းငယ်စိတ်ပူသည့်ဟန်ဖြင့်ပြန်ပြောလိုက်သည်။

“ ဒါပေမယ့် သိုင်းကျမ်းရဲ့သတင်းက ဒီလောက်အထိပျံ့နှံ့နေတာ ရှောင်လင်ကျောင်းအထိအဆင်ပြေပြေနဲ့ပို့နိုင်ပါ့မလား...”

ကျန်းလီ၏ပူပန်မှုကိုသိရှိ၍ တုန်းဖန်းရှန်ကပြုံး၍ ယုံကြည်မှုရှိသည့်လေသံဖြင့်ပြန်ပြောလိုက်သည် ။

“ ဒါကတော့စိတ်ပူစရာမရှိဘူး ။ကျုပ်ရှောင်လင်ကျောင်းကအစွမ်းထက်ဘုန်းကြီးတွေကိုအသိပေးပြီး ကျန်းနန်မြို့ကိုအလာခိုင်းလိုက်မယ်။

ရှောင်လင်ကသိုင်းလောကအရေးကိစ္စတွေမှာဝင်ပါလေ့မရှိပေမယ့် အခုလိုမျိုးသွေးချောင်းစီးနိုင်လောက်တဲ့ကိစ္စတွေကိုသူတို့ကျိန်းသေပေါက်ထိုင်ကြည့်မနေပါဘူး။။

တစ်ချိန်ထဲမှာပဲ သိုင်းကျမ်းကိုလမ်းမှာစောင့်ရှောက်ဖို့ကျုပ်တို့နဂါးစိမ်းဂိုဏ်းကအစွမ်းထပ်သိုင်းထိပ်သီးတွေကိုလည်းအကူအညီတောင်းလိုက်မယ် ။

အင်အားစုနှစ်ခုရဲ့ပူးပေါင်းကာကွယ်မှုနဲ့ဆို သိုင်းဝိဇ္ဇာတွေတောင် သိုင်းကျမ်းကိုလုယူဖို့နှစ်ခါပြန်စဉ်းစားရလိမ့်မယ် ။

တုန်းဖန်းရှန်၏လေသံကတက်ကြွနေပြီး သူ၏အစီအစဉ်များကိုဆက်၍ရှင်းပြလိုက်သည်။

“ ကျုပ်တို့လိုအပ်တာက အချိန်အနည်းငယ်ပဲ။ ရှောင်လင်ကျောင်းကဘုန်းကြီးတွေနဲ့ နဂါးစိမ်းဂိုဏ်းကအစွမ်းထက်သိုင်းသမားတွေဒီကိုရောက်လာဖို့ဆိုရင်အလွန်ဆုံးနှစ်ရက်ပဲလိုလိမ့်မယ်။။

ဒီအတောအတွင်းမှာ သိုင်းကျမ်းကိုတခြားလူတွေလက်ထဲမရောက်အောင်နဲ့ သူဌေးကျန်းကိုအန္တရာယ်မကျရောက်အောင် ကျုပ်တို့နဂါးစိမ်းဂိုဏ်းခွဲကအစွမ်းကုန်ကာကွယ်ပေးမယ် “

တုန်းဖန်းရှန်၏တည်ကြည်လေးနက်သည့်လေသံကြောင့် ကျန်းလီလည်းဘာပြန်ပြောရမှန်းပင်မသိတော့ဘဲ သူ၏စိတ်ထဲတွင်လည်းနွေးထွေးမှုကိုခံစားလိုက်မိ၏။

အခက်အခဲကြုံရချိန်တွင် မိမိ၏အနားတွင်ရှိနေသူသာ မိတ်ဆွေစစ်ဖြစ်ပြီး ထိုသို့သောမိတ်ဆွေမျိုးသည်လည်း တစ်ရာတွင်တစ်ယောက်ရှိရန်ခက်ခဲလှ၏။

ဤလောကတွင်မိတ်ဆွေအပေါင်းအသင်းအများစုက အပေးအယူအပေါ်အခြေခံထားပြီး အပေါ်ယံသကာဖြူးထားသည့်အတုအယောက်ယဉ်ကျေးမှုရှိသူများသာဖြစ်သည်။။

ထို့ကြောင့်လည်း တုန်းဖန်းရှန်လိုအန္တရာယ်ကျရောက်နေချိန်တွင်ပင်နောက်မတွန့်ဘဲအစွမ်းကုန်ကူညီပေးသည့်မိတ်ဆွေစစ်တစ်ဦးရှိခြင်းအတွက် ကျန်းလီလည်းလွန်စွာဝမ်းမြောက်မိပေသည်။

“ ကျုပ် ဂိုဏ်းခွဲမှူးကိုဘယ်လိုတောင်ကျေးဇူးတင်ရတော့မယ့်မသိဘူး...”

ကျန်းလီ၏လှိုက်လဲသည့် ကျေးဇူးတင်စကားကြောင့်တုန်းဖန်းရှန်လည်းသဘောကျစွာပြုံးလိုက်ပြီး ကျန်းလီ၏ပခုံးကိူအသာပုတ်လိုက်သည်။

“ သူ‌ဌေးကျန်းက ကျုပ်ရဲ့မိတ်ဆွေအနည်းငယ်ထဲကတစ်ဦးပဲ။ ခင်ဗျားအန္တရာယ်ကျရောက်မှာကိုကျုပ်ဘယ်လိုကြည့်နေရက်မှာလဲ။ ကျုပ်တို့ကြားထဲမှာဒီလိုမျိုးအရာတွေမလိုအပ်ပါဘူး...”

တုန်းဖန်းရှန်၏စိတ်ရင်းကိုခံစားမိ၍လည်း ကျန်းလီမှစကားတစ်ခွန်းမှမဆိုတော့ပေ။

ထို့နောက် တုန်းဖန်းရှန်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး အဝေးသို့ငေးကာ ခပ်တိုးတိုးပြောလိုက်သည် ။

“ ကျုပ်လည်း နဂါးစိမ်းဂိုဏ်းခွဲမှူးအဖြစ်တာဝန်ယူပြီးသိုင်းလောကမှာကျင်လည်နေတာအနှစ်နှစ်ဆယ်ပြည့်တော့မယ်။

ဒီကိစ္စတွေပြီးသွားရင်တော့ သိုင်းလောကကိုနှုတ်ဆက်ပြီး ကျုပ်ရဲ့သမီးလေးနဲ့အတူ ကျန်းနန်မှာပဲအနားယူတော့မယ်လို့စိတ်ကူးထားတယ် ...”

တုန်းဖန်းရှန်၏ရုတ်တရက်အနားယူမည့်စကားကြောင့် ကျန်းလီလည်းအနည်းငယ်အံ့အားသင့်သွားပြီးပြန်မေးလိုက်သည်။။

“ ခင်ဗျားရဲ့အသက်က ငယ်ရွယ်ပါသေးတယ်။ အခုချိန်သိုင်းလောကကအနားယူဖို့ဆိုတာစောသေးပါတယ်။ သိုင်းလောကအတွက်တော့နှမျောစရာပေါ့...။

ဒါနဲ့ ခင်ဗျားရဲ့သမီးက ဒီနှစ်ဆိုဆယ့်ရှစ်နှစ်ပြည့်လောက်မီမလား။ ဒီကလေးမလေးက ခင်ဗျားဆီကိုတစ်နှစ်တစ်ခါလာလည်တယ်လေ ...”

ကျန်းလီ၏မေးခွန်းကို တုန်းဖန်းရှန်ကခေါင်းညိမ့်ပြရင်း ပြုံးဒပြောလိုက်သည် ။

“ သမီးလေးက ဒီနှစ်ဆိုရင်ဆယ့်ရှစ်နှစ်ပြည့်ပြီ ။ သူ့ရဲ့အမေဆုံးပြီးထဲကသူ့အဖိုးနဲ့နေပြီး စာပေနဲ့ဂီတကိုပဲလေ့လာနေတော့သိုင်းပညာမှာ သိပ်မထူးချွန်ဘူး။။

ဒါပေမယ့် ကျုပ်ကလည်းသူ့ကိုသိုင်းလောကသားတစ်ယောက်ဖြစ်လာမှာထက်သာမန်မိန်းကလေးတစ်ယောက်အဖြစ်အေးအေးချမ်းချမ်းကြီးပျင်းလာစေချင်တယ်လေ ။

ကျုပ်လည်းဒီနှစ်တွေမှာ ဂိုဏ်းခွဲကိစ္စတွေကြောင့်သူ့ကိုသိပ်အချိန်မပေးနိုင်သလို သူ့အဖေကလည်း ကျုပ်ထက်သူ့ကိုအများကြီးပိုချစ်တော့ သမီးလေးကိုသူနဲ့ပဲအမြဲခေါ်ထားတာ ။

ဟူး...ဒီလူအိုကြီးကအတော်လေးခေါင်းမာတဲ့အပြင်အသက်ကြီးနေတာတောင်သိုင်းလောကကအနားယူဖို့စိတ်မကူးသေးဘူး...”

သူ့သမီးအကြောင်းပြောရာ၌ တုန်းဖန်းရှန်၏မျက်နှာထက်၌နူးညံ့မှုများပြည့်နေပြီး သူ၏သမီးဖြစ်သူအားမည်မျှချစ်မြတ်နိုးသည်ကိုသိရှိနိုင်သည် ။

“ ကောင်းတယ်ဂိုဏ်းခွဲမှူး.... ။ ခင်ဗျားအနားယူဖို့ဆိုရင် ကျန်းနန်ကအသင့်လျော်ဆုံးပဲ။ ကျုပ်ရှိနေစမျှကာလပတ်လုံး ခင်ဗျားတို့သားအဖကိုဆယ်သက်အထိတင်ကြွေးထားနိုင်တယ်...’

ကျန်းလီ၏စနောက်သည့်စကားကြောင့် တုန်းဖန်းရှန်လည်းရယ်မောလိုက်မိသည်။။

All Chapters