သွေးလွှမ်းသောည
Vol. 1 Ch. 55
တုန်းဖန်းရှန်မှာ တစ်စုံတစ်ခုကိုသိလိုက်ရသည့်အတွက် သူ၏အမြင်အာရုံများပင်မှောင်မိုက်သွားသလိုခံစားလိုက်မိပြီး အေးစက်မာကျောသည့်လေသံဖြင့်မေးလိုက်သည်။
“ ခြံဝန်းထဲမှာရှိတဲ့ ငါ့ရဲ့ဂိုဏ်းသားတွေက …”
တုန်းဖန်းရှန်၏စကားမဆူံးမီ ဝမ်းတက တစ်ချက်ရယ်မော၍လှောင်ပြောင်လိုသည့်လေသံဖြင့်ပြောလိုက်သည်။
“ သူတို့အားလုံး ငရဲကိုရောက်ကုန်ကြပြီလေ ။ အင်း..အယောက်လေးဆယ်ကျော်ငါးဆယ်တော့ရှိမယ်နဲ့တူတယ် .. “
ဝမ်းတ၏မထိမထိစကားအဆုံး၌ တုန်းဖန်းရှန်၏မျက်နှာကပို၍ဖြူလျော်သွားပြီး စိတ်ထိခိုက်ခြင်းကိုထိမ်းချုပ်မထားနိုင်တော့ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်မိတော့၏။
“ ဝေါ့…”
လက်ရှိအချိန်တွင် တုန်းဖန်းရှန်၏စိတ်ထဲတွင်လွန်စွာခံစားနေရသည့်အပြင် မျက်လုံးများလည်းနီရဲနေပြီး ဝမ်းတုနှင့်ဝမ်းတကိုကြည့်၍ ကြောက်မက်ဖွယ်ကောင်းသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။
“ မင်းတို့ကိုငါသတ်မယ်…”
တုန်းဖန်းရှန်က ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံဖြင့်ကြုံးဝါးလိုက်ရင်း သူ၏ဓားကိုရွှမ်းခနဲဆွဲထုတ်ကာ အနီးဆုံးတွင်ရှိသည့်ဝမ်းတကိုလျှင်မြန်စွာခုတ်ပိုင်းလိုက်၏ ။
တုန်းဖန်းရှန်၏ဓားကွက်ကပြင်းထန်လှပြီးအားကုန်အသုံးပြုထား၍လွန်စွာလျှင်မြန်နေသည့်တိုင် ဝမ်းတကလည်း သတိလက်လွတ်မနေပေ။
စင်စစ် ဝမ်းတကတစ်ဖက်လူကို ဒေါသတကြီးဖြစ်စေရန်ဆွပေးခြင်းအားလွန်စွာနှစ်သက်သလို သတိကြီးပြီးအမြဲလိုလိုရန်သူကိုအထင်သေးခြင်းလည်းမရှိပေ။
ထို့ကြောင့် တုန်းဖန်းရှန်ကရုတ်တရက်တိုက်ခိုက်လာသည့်တိုင် သူ၏ခန္ဆာကိုယ်ကိုပေါ့ပါးစွာလှုပ်ရှားလိုက်ပြီး နောက်ဘက်သို့ခုန်ဆုတ်လိုက်သည်။။
“ ဟားဟား.. ခင်ဗျားက တကယ်စိတ်လောတာပဲ..”
ဝမ်းတက တုန်းဖန်းရှန်ကိုလှောင်ပြောင်ရင်း သူ၏လက်ဝါးနှစ်ဖက်ကိုပြိုင်တူဆန့်ထုတ်လိုက်သည်။။
ဝမ်းတ၏ပုံစံကအလေးအနက်ရှိဟန်မတူသော်လည်း သူ၏တိုက်ခိုက်မှုများကလွန်စွာပြင်းထန်လှပြီး လေထုပင်တုန်ခါသွားသည်ဟုထင်ရလောက်အောင်ကြောက်မက်ဖွယ်ကောင်းလှ၏ ။
အကယ်၍ ဝမ်းတ၏ပြင်းထန်သည့်လက်ဝါးကိုသာထိမှန်ပါက တုန်းဖန်းရှန်အနေဖြင့်တစ်ကွက်ထဲဖြင့်အတွင်းဒဏ်ရာရရှိသွားနိုင်သည်။
များစွာကျယ်ဝန်းခြင်းမရှိသည့်ဧည်ခန်းထဲတွင်ပြင်းထန်လှသည့်တိုက်ပွဲကဆက်လက်ဖြစ်ပွားနေပြီးသူတို့၏တိုက်ကွက်များကလည်းလွန်စွာပြင်းထန်လှသည်။
သိုင်းပညာအရဆိုလျှင်တုန်းဖန်းရှန်မှာ ဝမ်းတကိုမမှီသော်ငြား သူ၏အသက်ကိုပင်ဂရုမစိုက်ဘဲ သူသေကိုယ်သေတိုက်ခိုက်နေသည့်အတွက် ဝမ်းတလည်း ရူးသွပ်နေသည့်တုန်းဖန်းရှန်ကိုဂရုစိုက်နေရသည် ။
ထို့ကြောင့် သူတို့၏တိုက်ပွဲကအနိုင်အရှုံးပေါ်မည့်ပုံမရသေးဘဲ ဝမ်းတကအနည်းငယ်အသာစီးယူထားနိုင်သည် ။
ငရဲဓားဝမ်းတုကား နောက်ဘက်သို့အနည်းငယ်ခုန်ဆုတ်လိုက်ပြီး သူ၏လက်စွဲတော်ဓားကိုပိုက်၍ ခပ်အေးအေးပုံစံဖြင့်တိုက်ပွဲကိုကြည့်ရှုနေသည် ။
ဝမ်းတု၏ပုံစံက ပို၍သွေးအေးပြီး သူ၏အေးစက်စက်မျက်နှာကခဲစားချက်ကင်းမဲနေသည်နှင့်တူလှ၏ ။ သူ၏စိတ်ထဲတွင်ဂရုစိုက်သည်က ဝမ်းတနှင့်သူ၏ဆရာနှင်းငွေမိစ္ဆာသခင်သာရှိပေသည် ။
ယခုလက်ရှိ၌ ဝမ်းတက တုန်းဖန်းရှန်နှင့်ပြင်းထန်စွာတိုက်ခိုက်နေသော်လည်း ဝမ်းတအတွက်စိုးရိမ်ခြင်းမရှိပေ။
အကြောင်းကား ဝမ်းတ၏သိုင်းပညာကိုသူကောင်းစွာသိရှိထား၍ဖြစ်ပြီး ဝမ်းတသာအစွမ်းကုန်ထုတ်၍တုန်းဖန်းရှန်ကိုသိုင်းကွက်တစ်ရာအတွင်းအနိုင်ယူနိုင်ပေသည် ။
ထိုအခိုက် တစ်စုံတစ်ခုကိုပြန်၍သတိရလိုက်မိပြီး ဝမ်းတု၏အေးစက်စက်မျက်ဝန်းများထဲတွင်အလင်းတစ်ချက်လက်သွားပြီး အခန်းထောင့်တွင်တုန်ရီနေသည့်သူဌေးကြီးကျန်းလီကိုကြည့်လိုက်၏။
သူဌေးကြီးကျန်းလီကား တိုက်ပွဲနှင့်ဝေးရာသို့ဆုတ်ခွာသွားပြအခန်းထောင့်မှနေ၍ တုန်းဖန်းရှန်အတွက်စိုးရိမ်နေမိသည် ။
သူ့အနေဖြင့်သိုင်းပညာနကန်းတစ်လုံးမှမသိရာ တုန်းဖန်းရှန်ကိုကူညိရန်မဖြစ်နိုင်သလို ဤအခန်းတွင်းမှထွက်သွားနိုင်စွမ်းလည်းမရှိပေ။
အကယ်၍ သူတစ်ဦးထဲအခန်းထဲမှထွက်သွားနိုင်လျှင်ပင် အပြင်းအထန်တိုက်ခိုက်နေသည့်တုန်းဖန်းရှန်ကိုထားသွားမည်မဟုတ်ပါချေ။
ယနေ့ညကြုံရသည့်အဖြစ်အပျက်များကသူ၏ပယောဂမကင်းဘဲ ခြံဝန်းထဲတွင်သတ်ဖြတ်ခံရသည့်သိုင်းသမားများမှာသူနှင့်ဆက်နွယ်နေသလို တုန်းဖန်းရှန်လည်းသူ့အတွက်ကြောင့် အန္တရာယ်ကြားသို့ကျရောက်နေပေသည်။
ထိုအခြေအနေမျိုးတွင်မည်သည့်စိတ်ဓာတ်ဖြင့်သူကိုယ်လွတ်ရုန်းသွားရမည်နည်း ။
ထိုအခိုက် သူ့ဆီသို့လျှောက်လာနေသည့်ဝမ်းတုကိုမြင်လိုက်ရသည့်အတွက် ကျန်းလီ၏မျက်နှာကပို၍ဖြူဖျော့သွားပြီး တုန်လှုပ်နေသည့်ဟန်ဖြင့်အလျှင်အမြန်ပြောလိုက်သည် ။
“ မင်းတို့ကိုသိုင်းကျမ်းပေးမယ် ဂိုဏ်းခွဲမှူးကိုဆက်ပြီးမတိုက်ခိုက်ပါနဲ့တော့ ငါတို့ကိုအလွတ်ပေးပါ…”
ကျန်းလီကသူ၏လက်ကိုမြောက်၍ သိုင်းကျမ်းကိုထုတ်မည်ပြုလိုက်သော်လည်း သူ၏နားထဲ၌ဝမ်းတု၏အေးစက်စက်အသံကိုသာကြားလိုက်ရပြီး သွေးစွန်းနေသည့်ဓားရှည်ကလျှင်မြန်စွာဝင်ရောက်လာသည် ။
“ ခင်ဗျားကိုသတ်ပြီးမှယူလို့လည်းရတယ်လေ…”
ဝမ်းတု၏ဓားရှည်က သူဌေးကြီးကျန်းလီ၏ဘယ်ဘက်ရင်အုံကိုဖောက်ဝင်သွားကာ ကျန်းလီမှာအော်ဟစ်ချိန်ပင်မရလိုက်ဘဲ တအိအိလဲပြိုသွားသည် ။
ဝမ်းတု၏တိုက်ကွက်ကိုရှောင်တိမ်းလိုက်သော်လည်း သိုင်းပညာလုံးဝတတ်မြောက်ခြင်းမရှိသည့်လူက အစွမ်းထက်သိုင်းထိပ်သီးတစ်ဦး၏တိုက်ခိုက်မှုကိုမည်သို့ရှောင်တိမ်းနိုင်မည်နည်း။
ဝမ်းတုက ကျန်းလီလဲကျသေဆုံးသွားမှ သူ၏ဓားရှည်ကိုပြန်သိမ်းလိုက်ပြီးကျန်းလီ၏ခန္တာကိုယ်ပေါ်တွင်သိုင်းကျမ်းကိုရှာဖွေလိုက်သည် ။
“ ဟူး တော်ပါသေးရဲ့ ငါ့ရဲ့ဓားနဲ့ထိခိုက်မိတော့မလို့..”
ဝမ်းတုလည်း ကျန်းလီ၏ဘယ်ဘက်ရင်ဘက်ကြားရှိသွေးများစွန်းပေနေသည့်သိုင်းကျမ်းကိုသိမ်းယူလိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဝမ်းတနှင့်အပြင်းအထန်တိုက်ခိုက်နေသည့် တုန်းဖန်းရှန်လည်း ဝမ်းတကိုအနိုင်မယူနိုင်မှန်းသိ၍ သိုင်းကျမ်းကိုချန်ရစ်ကာ ကျန်းလီကိုခေါ်၍ထွက်ပြေးရန်စိတ်ကူးနေသည် ။
ဝမ်းတကအမှောင်လက်ဝါးဆိုသည့်ဘွဲ့အမည်နှင့်လိုက်အောင် သူ၏လက်ဝါးသိုင်းကအစွမ်းထက်လှပြီး အခန်းထဲတွင်ယခုအချိန်ထိတိုက်ပွဲကိုဝင်မပါသေးသည့်ဝမ်းတုလည်းရှိနေသေးသည် ။
ထို့ကြောင့် တုန်းဖန်းရှန်လည်း သူ၏ဒေါသများကိုခေတ္တရုတ်သိမ်း၍ ကျန်းလီကိုကယ်တင်ကာထွက်ပြေးမည်ဟုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူ၏ဂိုဏ်းခွဲမှဂိုဏ်းသားများအတွက်တော့ နောက်ပိုင်းတွင်လက်စားချေပေးရမည်ဖြစ်ပြီး ဝမ်းတုနှင့်ဝမ်းတကို သူလုံးဝအလွတ်ပေးမည်မဟုတ်ပေ။
ထိုအခိုက် ဝမ်းတုသူ၏နေရာတွင်မရှိတော့သည်ကိုသတိပြုမိလိုက်ပြီး အခန်းတွင်းအခြေအနေကိုအကဲခပ်လိုက်ရာ လဲကျသေဆုံးနေသည့်သူဌေးကြီးကျန်းလီနှင့် လက်ထဲတွင်သိုင်းကျမ်းကိုကိုင်ထားသည့်ဝမ်းတုတို့ကိုတွေ့လိုက်ရသည် ။
တုန်းဖန်းရှန်၏စိတ်ထဲရှိဒေါသများကိုဖော်ပြ၍မရနိုင်တော့ပေ။ ကျန်းလီကိုကာကွယ်ရန် သူ၏ဂိုဏ်းသားများသတ်ဖြတ်ခံရသည့်အပြင် ကျန်းလီကိုလည်းကာကွယ်နိုင်ခြင်းရှိရာ တုန်းဖန်းရှန်၏စိတ်များလွတ်ထွက်သွားတော့၏ ။
“ ဝမ်းတု…”
တုန်းဖန်းရှန်လည်း ကျယ်လောင်စွာအော်ဟစ်လိုက်ရင်း ဝမ်းတုဆီသို့ခုန်ဝင်သွားတော့သည် ။
သို့သော် ဝမ်းတ၏ပြင်းထန်သည့်လက်ဝါးချက်ကသူ၏နောက်ကျောပေါ်သို့တည့်မက်စွာကျရောက်လာပြီး လှောင်ပြောင်သံစွက်သည့်စကားသံကိုလည်းကြားလိုက်ရ၏ ။
“ ခင်ဗျားကကျုပ်နဲ့တိုက်ခိုက်ရင်းတောင် အာရုံပျံ့ရဲတာပဲ…”
ဝမ်းတ၏အသံကိုသူ၏နားထဲတွင်မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေပြီး တုန်းဖန်းရှန်၏ခန္တာကိုယ်ကတောင့်တင်းနေကာ သူ၏ခန္တာကိုယ်ထဲတွင်ကြောက်မက်ဖွယ်ကောင်းသည့်အတွင်းအားကလှည့်ပတ်၍ဖျက်ဆီးနေသည် ။
“ ခင်ဗျားကံကောင်းတယ် ဝမ်းတုနဲ့ဓားချက်နဲ့သေရင်ပိုပြီးခံစားရမှာ…”
ဆက်၍လှောင်ပြောင်နေသည့်ဝမ်းတု၏အသံကိုနောက်ဆုံးအနေဖြင့်ကြားလိုက်ရပြီး တုန်းဖန်းရှန်၏အာရုံများတဖြေးဖြေးမည်းမှောင်သွားတော့သည်။
“ ဝမ်းတု ဒါက နေလသိုင်းကျမ်းလား…”
ဝမ်းတက တုန်းဖန်းရှန်၏အလောင်းကိုခွကျော်လာရင်း သ်ုးကျမ်းစာအုပ်ကိုဖတ်ရှုနေသည့်ဝမ်းတုကိုမေးလိုက်သည်။
ဝမ်းတုကား သိုင်းကျမ်းကိုဖတ်ရှုရင်းအခန်းထောင့်တွင်မလှူပ်မယှက်ရပ်နေကာ တုန်းဖန်းရှန်သေဆုံးသွားခြင်းကိုလုံးဝဂရုစိုပ်ဟန်မတူပေ။
ထို့နောက် ဝမ်းတ၏မေးခွန်းကြောင့်ခေါင်းညိမ့်ပြလိုက်ရင်း သိုင်းကျမ်းကို ဝမ်းတ၏လက်ထဲသို့ထည့်ပေးလိုက်သည်။။
“ ဖြစ်နိုင်တယ် ဒီထဲကသိုင်းပညာတွေက ထိပ်တန်းအဆင့်တွေပဲ..”
ဝမ်းတု၏စကားကြောင့် ဝမ်းတလည်း သွေးများစွန်းပေနေသည့်သိုင်းကျမ်းကိုအနည်းငယ်လှန်လှောကြည့်လိုက်သည် ။
သိုင်းကျမ်းမှာ သူဌေးကြီးကျန်းလီ၏ခန္တာကိုယ်ပေါ်မှယူထားခြင်းဖြစ်ပြီး ကျန်းလီ၏သွေးများဖြင့်စွန်းထင်းနေသည်။။
ဝမ်းတကိုသိုင်းကျမ်းကိုအနည်းငယ်သာဖတ်ရှု၍ စိတ်မဝင်စားသည့်ဟန်ဖြင့်ခေါင်းယမ်း၍ပြောလိုက်သည်။
“ သွားရအောင် အပြင်မှာဧည်သည်တွေစောင့်နေလောက်ပြီ ငါတို့ကဒါကြီးကိုလိုမှမလိုချင်တာ…”
ဝမ်းတ၏စကားက ဟန်ဆောင်နေခြင်းမဟုတ်ဘဲ ပေါ့ပါးလှပြီး လူတိုင်းလိုချင်တပ်မက်နေသည့်နေလသိုင်းကျမ်းအပေါ်သူတို့နှစ်ဦးလုံးလုံးဝဂရုစိုက်ဟန်မတူပေ။
သို့သော် ထိုသိုင်းကျမ်းအတွက်လူပေါင်းများစွာကိုတစ်ညထဲသတ်ဖြတ်ခဲ့သည့်သူတို့၏လုပ်ရပ်ကားနားလည်နိုင်၍ပင်မရပေ။ ထို့နောက် သူတို့နှစ်ဦးလုံး စံအိမ်ထဲမှထွက်လာကြသည် ။
ထိုနေရာတွင်အခြားလူတစ်ယောက်ယောက်ဆိုပါကသိုင်းကျမ်းကိုရရှိပြီးနောက်အမြန်ဆုံးထွက်ပြေးလွတ်မြောက်ရန်ကြိုးစားကြမည်ဖြစ်သော်လည်း သူတို့နှစ်ဦးကား လျှောက်လမ်းအတိုင်း တိတ်ဆိတ်စွာလျှောက်လာကြပြီး ခြံဝန်းတံခါးမကြီးဆီသို့ဦးတည်လာကြသည် ။
လမ်းတစ်လျှောက်တွင် နဂါးစိမ်းဂိုဏ်းသားများနှင့် သူဌေးကြီးကျန်းလီ၏အစောင့်အရှောက်များ၏အလောင်းများစွာရှိနေပြီး သူတို့ထဲမှအချို့က ရက်စက်သည့်ဓားကွက်များဖြင့်သတ်ဖြတ်ခံရခြင်းဖြစ်ပြီးအချို့ကား အပြင်ပိုင်းဒဏ်ရာမရှိဘဲသေဆုံးနေကြသည် ။
သူတို့၏ခန္တာကိုယ်မှထွက်သည့်သွေးများကမြေပြင်ထက်တွင်အိုင်ထွန်းနေကြကာ အလောင်းများကြားမှဖြတ်လျှောက်လာရင်း ဝမ်းတု၏အေးစက်စက်မျက်နှာထက်၌အပြုံးတစ်ခုထွက်ပေါ်လာသည်။။
“ သွေးနံ့က တကယ်ကောင်းတာပဲ…”
ဝမ်းတုက လေအဝှေ့တွင်လှိုကတက်လာသည့်သွေးညှီနံ့များကိုရှူရှိုက်ရင်းရေရွတ်လိုက်ခြင်းဖြစ်သည် ။
ယနေ့ညမှာ သွေးလွှမ်းသည့်ညပင်ဖြစ်တော့၏။