← Chapters

အဆင့်လွန်သိုင်းထိပ်သီးများ

Vol. 1 Ch. 56

အဆင့်လွန်သိုင်းထိပ်သီးများ

Vol. 1 Ch. 56

“ ဟား. ခင်ဗျားတို့က အပင်ပန်းခံပြီးအပြင်ကနေဝိုင်းထားကြတယ်။ ကျုပ်တို့နဲ့အတူအထဲကိုလိုက်ပြီးဝိုင်းကူသတ်ပေးရင် အခုချိန်လောက်ဆိုသိုင်းကျမ်းကိုရနေလောက်ပြီ…”

ဝမ်းတ၏စူးရှ‌တောက်ပသည့်မျက်လုံးများက ဘေးပတ်လည်သို့ဝေ့ကြည့်လိုက်ရင်း ရယ်မော၍ပြောလိုက်သည်။။

သူ၏စကားအဆုံးသည်နှင့် အမှောင်ထဲမှလူရိပ်များစွာကထွက်ပေါ်လာပြီး သူတို့ကိုဝိုင်းထားလိုက်ကြ၏။ အနီးရှိအဆောင်အဦးတစ်ခုထက်မှလည်းလူရိပ်တစ်ရိပ်ပေါ့ပါးစွာကျဆင်းလာပြီး သူတို့နှစ်ယောက်၏အနီးသို့ရောက်လာသည် ။

“ ဘယ်သူများလဲလို့ သံကတ်ကြေးဘွဲ့ရထားတဲ့စွန်းဟိုပဲ ။ ဘာလဲတောင်ပိုင်းမှာဆံပင်ညှပ်စရာမရှိတော့လို့လား…”

ဝမ်းတက သူတို့အနီးသို့ရောက်လာသည့်သိုင်းသမားကိုကြည့်၍လှောင်ပြောင်လိုက်သည်။ သူ၏စကားကို အေးစက်စက်မျက်နှာရှိသည့်ဝမ်းတုကပင်ခေါင်းညိမ့်ထောက်ခံလိုက်သည်။။

“ သူ့ရဲ့ဆိုးရွားတဲ့မျက်နှာနဲ့ဆိုရင်ဘယ်သူမှဆံပင်ညှပ်ဖို့မငှားတာစိုးမိတယ်…”

သူတို့၏လှောင်ပြောင်သည့်စကားများကြောင့် အနက်ရောင်ဝဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူကမျက်နှာပျက်သွားသည် ။

ခါးကြားတွင်ကြီးမားသည့်သံမဏိကပ်‌ကြေးတစ်လက်ကိုချိတ်ဆွဲထားသည့် ထိုလူမှာ တောင်ပိုင်းမှနာမည်ကျော်သိုင်းထိပ်သီးတစ်ယောက်ဖြစ်ပြီး သူ၏လက်နက်ကြောင့်သံကပ်ကြေးဘွဲ့ကိုရခဲ့ခြင်းဖြစ်သည် ။

သို့သော် စွန်းဟို၏ရုပ်ရည်ကအတော်လေးဆိုးရွားပြီး ထိုအချက်ကိုသူ၏ရှေ့တွင်မည်သူမှထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိကြပေ။

အကြောင်းကား စွန်းဟို၏သံကပ်ကြေးလက်နက်ကထူးခြားသလို သူ၏သိုင်းပညာကထူးဆန်း၍အစွမ်းထက်ပြီး နဂါးစိမ်းဂိုဏ်း၏အလိုအရှိဆုံးစာရင်း၌နေရာတစ်နေရာချိတ်၍ဖြစ်သည်။

ယခု ဝမ်းတုနှင့်ဝမ်းတတို့၏လှောင်ပြောင်သည့်စကားများကြောင့် စွန်းဟို၏မျက်နှာကြီးမည်းမှောင်သွားသော်လည်း သူ၏စိတ်ကိုထိမ်း၍တင်းမာခတ်ထန်သည့်လေသံဖြင့်ပြောလိုက်သည်။

“ စကားများမနေနဲ့ သိုင်းကျမ်းကိုထုတ်မပေးရင် မင်းတို့ရဲ့ဦးခေါင်းကို တိခနဲနေအောင်ငါညှပ်ပေးမယ်…”

စွန်းဟိုက သူ၏ခါးရှိသံကပ်ကြေးကြီးကိုလက်ဖြတ်ပွတ်သတ်၍ဝမ်းတုတို့ကိုပြောလိုက်သည်။

ငရဲဓားဝမ်းတုနှင့်အမှောင်လက်ဝါးဝမ်းတဆိုသည့်နာမည်များက သိုင်းလောကထဲရှိသိုင်းသမားအတော်များများကိုတုန်လှုပ်စေနိုင်သော်လည်း စွန်းဟိုကိုယ်တိုင်ကအလိုအရှိဆုံးစာရင်းတွင်ပါဝင်သည့် ရက်စက်သည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည် ။

ထို့ကြောင့် ဝမ်းတနှင့်ဝမ်းတုတို့ကိုအခြားလူများကြောက်လန့်ကြမည်ဖြစ်သော်လည်းသူ့အနေဖြင့်လုံးဝဂရုမစိုက်ပေ ။

“ ကျုပ်တို့ကဘာလို့ ခင်ဗျားကိုသိုင်းကျမ်းပေးရမှာလဲ ..”

ဝမ်းတုကအေးစက်စက်လေသံဖြင့်ပြော၍ စွန်းဟိုကိုစိုက်ကြည့်လိုက်သည်။

“ ဘာလို့လဲဆိုတော့ ဒီနေ့ည မင်းတို့သိုင်းကျမ်းကိုမင်းတို့ထိမ်းသိမ်းထားနိုင်မှာမဟုတ်လို့ပဲ …”

အေးဆေးသည့်စကားသံနှင့်အတူ သူတို့၏အနီးသို့လူတစ်ယောက်ဖြေးညင်းစွာလျှောက်လှမ်းလာသည် ။

ထိုလူကယခုအချိန်မှပေါ်ထွက်လာသော်လည်း ဝမ်းတုတို့သုံးယောက်ကား ထူးထူးထွေထွေအံ့အားသင့်နေခြင်းမရှိပေ။

အကြောင်းကား ဤနေရာတွင်အခြ းသိုင်းသမားများစွာလည်းရှိနေပြိး အများစုကအမှောင်ထဲတွင်ပုန်းအောင်နေကြခြင်းကြောင့်ဖြစ်သည်။

အပြင်သို့ထွက်၍ ဝမ်းတုတို့ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ရဲသည်က သူတို့ထက်မနိမ့်ကျသည့်အစွမ်းထက်သိုင်းထိပ်သီးများဖြစ်ပြီး ပို၍သိုင်းပညာနိမ့်ကျသူများက အရှုပ်အထွေးဖြစ်လျှင်အခွင့်ကောင်းယူနိုင်ရန်ဆက်လက်ပုန်းအောင်းနေကြသည် ။

“ ကင်းမြီးကောက်ကျင်းဆု မင်းကရော ကျုပ်တို့ကိုဟန့်တားနိုင်မှာလား…”

ဝမ်းတုက နောက်ထပ်ရောက်လာသည့်လူကိုကြည့်၍မေးလိုက်ပြန်သည်။

ထိုလူက အနက်ရောင်သိုင်းလောကတွင်ကျော်ကြားသည့်ကင်းမြီးကောက်ကျင်းဆုဖြစ်ပြီး သူ၏သိုင်းပညာနှင့်အစွမ်းထက်အဆိပ်ပညာက ကြောက်မက်ဖွယ်ကောင်းပေသည်။

ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ကျင်းဆု၏ကောက်ကျစ်သည့်နည်းလမ်းများပင်ဖြစ်ပေသည်။

“ ကျုပ်တစ်ယောက်ထဲဆို မင်းတို့နှစ်ယောက်ကိုဟန့်တားဖို့ယုံကြည်ချက်မရှိပါဘူး…”

ကျင်းဆုက ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည် ။သူ၏သိုင်းပညာက အဆင့်လွန်ထိပ်သီးအဆင့်ရှိသော်လည်း ဝမ်းတနှင့်ဝမ်းတုတို့လို အစွမ်းထက်သိုင်းထိပ်သီးများကိုတစ်ဦးချင်းပင်အနိုင်ယူရန်မသေချာပေ။

သို့သော် ကျင်းဆု၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်သည်။

“ အခုကျုပ်မှာ အကူအညီတွေပါလာတယ်လေ…”

သူ၏စကားအဆုံး၌ အမှောင်ထဲမှလူသုံးယောက်ထွက်ပေါ်လာပြီး ကျင်းဆု၏နောက်တွင်ရပ်လိုက်သည်။

“ ပေ့စန်းဓားသုံးလက်..”

ယခုတစ်ကြိမ်အံ့အားသင့်စွာရေရွတ်လိုက်သူက သံကပ်ကြေးပင်ဖြစ်သည်။ ကျင်းဆုရောက်ရှိနေသည်ကို သူသိသော်လည်းပေ့စန်းဓားသုံးလက်ပင် ကျင်းဆုနှင့်ပူးပေါင်းထားမည်ဟု သူတွေးမထားခဲ့မိပေ ။

ကျင်းဆု၏နောက်တွင်ရပ်နေသည့်အဝါရောင်ဝတ်စုံဝတ်လူသုံးယောက်က ပေ့စန်းဓားသုံးလက်ဟုကျော်ကြားသည့်ညီအစ်ကိုများဖြစ်ကြပြီး သူတို့တစ်ဦးချင်းဆီကထိပ်တန်းလွန်သိုင်းအဆင့်သာရှိသော်လည်း သုံးယောက်ပူးပေါင်းတိုက်ခိုက်ပါက များစွာအစွမ်းထက်သွားပြီး သူကိုယ်တိုင်ပင်ထွက်ပြေးရပေမည်။

ပို၍အံ့ဩဖွယ်ကောင်းသည်ကား ပေ့စန်းဓားသူံးလက်မှာ ကျင်းဆုလိုနာမည်ဆိုးနှင့်ကျော်ကြားသူတစ်ဦးနှင့်ပူးပေါင်းထားခြင်းဖြစ်သည်။

ပေ့စန်းဓားသုံးလက်သည်လည်း သူတို့သုံးယောက်သာပူးပေါင်းတိုက်ခိုက်ပါက အစွမ်းထက်သိုင်းထိပ်သီးများကိုပင်အနိုင်ယူနိုင်သော်လည်း ဤမြို့သို့အစွမ်းထက်သိုင်းသမားများစွာရောက်နေ၍ သူတို့သုံးယောက်ထဲဆိုပါကသိုင်းကျမ်းကိုအရယူနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်သူတို့ကိုလာရောက်ဖိတ်ခေါ်သည့်ကင်းမြီးကောက်ကျင်းဆုနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အရေးအကြီးဆုံးကသိုင်းကျမ်းကိူအရယူရန်ဖြစ်ကာ ကျန်ကိစ္စများကိုနောက်မှဖြေရှင်းရပေမည်။

ကင်းမြီးကောက်ကျင်းဆုက သံကပ်ကြေး၏မေးခွန်းကိုဂရုမစိုက်တော့ဘဲ မလှမ်းမကမ်းတွင်ရှိနေသည့်သစ်ပင်ကြီးတစ်ပင်ဆီသို့လှမ်းကြည့်လိုက်ရင်း အော်ဟစ်ပြောဆိုလိုက်သည် ။

“ နတ်ပုလွေ မင်းကလည်းအခုထိဆင်းမလာသေးဘူးလား…”

ကျင်းဆု၏စကားကြောင့်သံကပ်ကြေး၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး သစ်ပင်ထိပ်ဖျားတွင်တည်ငြိမ်စွာရပ်နေသည့်လူကိုသတိထားသည့်မျက်လုံးများဖြင့်ကြည့်လိုက်မိ၏။

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခါးတွင်ပုလွေတစ်ချောင်းကိုထိုးထားသည့် ထိုလူကအဖြူရောင်သိုင်းလောကတွင်ကျော်ကြားသည့်ချုံယန်းဂိုဏ်း၏အကြီးအကဲဖြစ်ကာ သူနှင့်အတူ ချုံယန်းဂိုဏ်းမှလူများလည်းရှိနေသည် ။

ကျင်းဆုတို့လို အစွမ်းထက်သည့်လူအနည်းငယ်မှလွဲ၍ ကျန်သူများလည်း ယခုအခါမှနတ်ပုလွေနှင့်သူ၏လူများကိုသတိထားမိကြပြီးအံ့အားသင့်သွားကြဟန်တူသည် ။

ချုံယန်းဂိုဏ်းလိုအဖြူရောင်သိုင်းဂိုဏ်းတစ်ခုက သိုင်းကျမ်းလုပွဲတွင်စောစောစီးစီးပါဝင်လာခြင်းကအံ့ဩဖွယ်ရာပင်။ ။

“ နေလသိုင်းကျမ်းလိုအစွမ်းထက်သိုင်းကျမ်းတစ်ခုကို မင်းတို့လိုအနက်ရောင်သိုင်းသမားတွေလက်ထဲမရောင်အောင်ငါတို့ကတားဆီးရမှာပဲ .”

နတ်ပုလွေ၏တည်ငြိမ်သည့်စကားသံကြောင့်ကျန်လူများ၏အမူအယာလည်းအနည်းငယ်ထူးဆန်းသွားကြသည် ။

များသောအားဖြင့် ယခုလိုသိုင်းကျမ်းလုပွဲများ၌ အဖြူရောင်သိုင်းဂိုဏ်းများပါဝင်ကြသော်လည်း ထိုလူများက အဆုံးသတ်ကာနီးမှအသံကောင်းဟစ်၍ပါဝင်ကြခြင်းဖြစ်ပေသည် ။

သူတို့လိုအနက်ရောင်သိုင်းသမားအများစုက ရက်စက်ယုတ်မာကြသော်လည်း သူတို့၏အပြုအမူများကိုဖုံးကွယ်ခြင်းမရှိဘဲ ပွင့်လင်းကြပြီး ချုံယန်းဂိုဏ်းလို တရားမျှတမှုအရေခြုံအဖြူရောင်သိုင်းဂိုဏ်းများကိုကား အတော်လေးရွံရှာပေသည်။

“ မင်းတို့လည်း နေလသိုင်းကျမ်းကိုလိုချင်လို့လာတာပဲမဟုတ်လား အပိုတွေပြောမနေစမ်းပါနဲ့ ။

မင်းတို့အဖြူရောင်သိုင်းလောကသားတွေကဒီလိုပဲ တရားမျှတမှုဆိုပြီးအသံကောင်းဟစ်နေကြပေမယ့် တကယ့်အရေးကြရင်ကိုယ်ကျိုးမကြည့်တဲ့လူဆိုတာ နည်းနည်းပဲရှိတယ် “

ကျင်းဆု၏ချက်ကျသည့်စကားကြောင့် နတ်ပုလွေ၏မျက်နှာကပျက်ယွင်းသွားသည် ။ ထိုစဉ် ချုံယန်းဂိုဏ်းမှလူများ၏ ထောင့်မကျိုးသည့်ပုံကို အမြင်ကပ်နေသည့် သံကပ်ကြေးကလည်းဝင်၍ပြောလိုက်၏။

“ အေးလေ နေလသိုင်းကျမ်းကိုလိုချင်လို့အင်နဲ့အားနဲ့ရောက်လာပြီး အခုကျငါတို့လက်ထဲမရောက်အောင်တားဖို့သက်သက်ပဲတဲ့။ ချီးစားပြောရင်တောင်မယုံဘူး…”

သံကပ်ကြေး၏စကားက ရိုင်းစိုင်းသော်လည်း နတ်ပုလွေကိုအနာပေါ်ဆားသည့်သည့်အလားဖြစ်သွားပြီး ကျန်လူများ၏ဝိုင်းဝန်းရယ်မောမှုကြောင့် သူ၏မျက်နှာကြီးက တင်းမာခတ်ထန်နေရာမှ မည်းမှောင်လာသည် ။

အကယ်၍ ယနေ့ညသာသိုင်းကျမ်းအတွက်အရေးမကြီးပါက အနက်ရောင်သိုင်းသမားများကိုသူချက်ခြင်းတိုက်ခိုက်ပြီးဖြစ်ပေမည်။

ထိုလူများမှာ ပထမက ဝမ်းတုနှင့်ဝမ်းတတို့၏လက်ထဲရှိသိုင်းကျမ်းအတွက်ရောက်လာခြင်းဖြစ်သော်လည်း ယခုအခါသူတို့ချင်းစကားစစ်ထိုးနေကြပေသည် ။

အဖြူရောင်သိုင်းသမားများနှင့် အနက်ရောင်သိုင်းလောကသားများတွေ့ဆုံမိပါင အချင်းချင်းရန်စောင်နေကြသည်မှာ များစွာထူးဆန်းခြင်းမရှိပေ။

အမှောင်ထဲမှနောက်ထပ်အဖြူရောင်သိုင်းသမားအချို့နှင့် အနက်ရောင်သိုင်းထိပ်သီးများထွက်‌ပေါ်လာပြီး သူတို့ကလည်းအချင်းချင်းမီးပွင့်မတတ်ကြည့်ရှုနေကြသည် ။

ယခုနှစ်များတွင်နဂါးစိမ်းဂိုဏ်းကြီး၏ညီညွတ်စွာနေထိုင်နေရးဦးတည်ချက်ကြောင့် သိုင်းလောကထဲတွင်တိုက်ပွဲများနည်းပါးနေသော်ငြား အဖြူအနက်ဆိုသည်ကယှဉ်တွဲမနေနိုင်သည့်အတွက် သူတို့ချင်းမကျေနပ်ချက်များကိုယ်စီရှိကြပေသည်။။

ထိုလူများ၏ပေါက်ကွဲတော့မည့်အခြေအနေကြောင့် ဝမ်းတုနှင့်ဝမ်းတတို့လည်း အချင်းချင်းအံ့ဩစွာကြည့်လိုက်မိကြပြီး ဝမ်းတကရှေ့ထွက်၍ ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည် ။

“ ဒါနဲ့ ခင်ဗျားတို့အားလုံးက ‌ဒီသိုင်းကျမ်းအတွက်ရောက်လာကြတာနော်…”

ဝမ်းတကသူ၏လက်ထဲရှိသိုင်းကျမ်းကိုမြောက်ပြ၍ အသံကျယ်ကျယ်ဖြင့်မေးလိုက်သည့်အတွက် ကျန်လူများလည်းတိတ်ကျသွားပြီး ဝမ်းတ၏လက်ထဲရှိသွေးစွန်းနေသည့်သိုင်းကျမ်းစာအုပ်ကို မီးဝင်းဝင်းတောက်နေကြသည့်မျက်လုံးများဖြင့်စူးစိုက်ကြည့်နေကြသည် ။

သူတို့အားလုံးက သူ‌ဌေးကြီးကျန်းလီ၏ခြံဝန်းကို နေ့ညမပျက်စောင့်ကြည့်နေသူများဖြစ်ရာ ဝမ်းတနှင့်ဝမ်းတုတို့၏လုပ်ရပ်များကိုကောင်းစွာတွေ့မြင်ပြီးဖြစ်သည် ။

အကယ်၍သာ သူဌေးကြီးကျန်းလီကိုစောင့်ရှောက်ပေးနေသည့်နဂါးစိမ်းဂိုဏ်းခွဲမှလူများသာမရှိပါက ကျန်းလီ၏အသက်မှာ ယနေ့ညအထိပင်ခံမည်မဟုတ်ပေ။

ထိုလူများက အချင်းချင်းမည်မျှမကျေနပ်ချက်များရှိသည်ဆိုဦးတော့ သူတို့၏ရည်ရွယ်ချက်က နေလသိုင်းကျမ်းကိုအရယူရန်ဖြစ်ပြီး သူတို့၏လမ်းတွင်ပိတ်နေသည့်မည်သူမဆိုရှင်းလင်းပစ်ရန်ခိုင်မာစွာဆုံးဖြတ်ပြီးဖြစ်သည် ။

ယခုလည်း သူတို့သာ ဝမ်းတတို့နှစ်ဦး၏သိုင်းပညာနှင့်ရက်စက်မှုကိုဂရုစိုက်နေခြင်းမရှိပါက သူတို့၏လက်ထဲရှိသိုင်းကျမ်းကိုချက်ခြင်းပြေးဝင်လုယူလိုက်ပြီးဖြစ်ပေမည် ။

All Chapters