← Chapters

သိုင်းကျမ်းလုပွဲ

Vol. 1 Ch. 57

သိုင်းကျမ်းလုပွဲ

Vol. 1 Ch. 57

ထိုလူများ၏ လိုချင်တပ်မက်စိတ်များပြည့်လျှံနေသည့်အမူအယာများကိုကြည့်ရင်း ဝမ်းတကစိတ်ကျေနပ်စွာပြုံးလိုက်ပြီး ခပ်အေးအေးလေသံဖြင့်ထပ်မေးလိုက်သည် ။

“ ဒီသိုင်းကျမ်းက သူ‌‌ဌေးကြီးကျန်းလီပိုင်ဆိုင်တာနော် ။ သူက နဂါးစိမ်းဂိုဏ်းကြီးရဲ့အဓိကထောက်ပံ့သူတွေထဲကတစ်ဦးဖြစ်တဲ့အပြင် သိုင်းကျမ်းအတွက် နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်တောင်အသတ်ခံလိုက်ရပြီ။

ဒါကြောင့် သိုင်းကျမ်းကိုသာခင်ဗျားတို့ရပြီးရင် နဂါးစိမ်းဂိုဏ်းကြီးရဲ့ဒေါသကိုခံရမှာမကြောက်ကြဘူးလား…”

ဝမ်းတ၏မေးခွန်းကသူတို့အားလုံးကိုပါးစပ်အဟောင်းသားဖြစ်သွားစေပြီး အချိန်အနည်းငယ်အံ့အားသင့်သွားစေသည် ။

ထို့နောက် သူတို့ထဲတွင်ဉာဏ်အများဆုံးဖြစ်သည့်ကင်းမြီးကောက်ကျင်းဆုက ဝမ်းတတို့နှစ်ဦးကိုကြည့်၍ပြောလိုက်သည်။။

“ မင်းတို့ရူးနေတာလား .. သူ‌ဌေးကြီးကျန်းလီနဲ့ နဂါးစိမ်းဂိုဏ်းခွဲကလူတွေကို တစ်ယောက်မှအလွတ်မပေးဘဲရက်ရက်စက်စက်သတ်ခဲ့တာမင်းတို့လေ ။ ငါတို့ကဘာကိုကြောက်နေရမှာလဲ ။

ပြီးတော့မင်းတို့ဆီကသိုင်းကျမ်းကိုပြန်လုမှာဆိုတော့ နဂါးစိမ်းဂိုဏ်းကငါတို့ကိုဘာလုပ်လို့ရမှာလဲ။ သိုင်းကျမ်းရဲ့သတင်းကပျံ့နေတာရက်နည်းနည်းကြာပြီ သူတို့သာဝင်ပါချင်ရင်အခုချိန်အထိတောင်စောင့်နေစရာမလိုဘူး။။

ဘာပဲဖြစ်ဖြစ် သူဌေးကြီးကျန်းလီနဲ့နဂါးစိမ်းကလူတွေကိုသတ်ခဲ့တဲ့မင်းတို့ကိုတော့ နဂါးစိမ်းဂိုဏ်းကလုံးဝအလွတ်ပေးမှာမဟုတ်တာသေချာတယ် “

တွေးတွေးဆဆဖြင့်ပြောလိုက်သည့်ကျင်းဆု၏စကားကြောင့် ကျန်လူများ၏မျက်နှာလည်းဝင်းပသွားကြသည် ။

မူလကသူတို့လည်းသိုင်းကျမ်းကိုလွန်စွာလိုချင်နေကြသော်ငြား နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်ကြောင့်အနည်းငယ်နောက်တွန့်နေကြခြင်းဖြစ်၏။။

တုန်းဖန်းရှန်၏သိုင်းပညာကသူတို့အနေဖြင့်အလေးထားစရာမဟုတ်သော်လည်း တုန်းဖန်းရှန်၏ဖခင်က နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းထိန်းကြီးခုနစ်ယောက်ထဲမှဖြစ်သည် ။

ထို့ကြောင့်တုန်းဖန်းရှန်နှင့်တိုက်ပွဲဖြစ်ပွားပြီး လက်လွန်ခြေလွန်များဖြစ်မိပါက နဂါးစိမ်းဂိုဏ်းကြီးကသူတိူ့ကိုလုံးဝအလွတ်ပေးမည်မဟုတ်ပေ။

ယခု သူတို့စိုးရိမ်နေသည့်ပြဿနာကိုဝမ်းတုနှင့်ဝမ်းတက ဝင်ရောက်ရှင်းလင်းပေးသည့်အပြင် ထိုနှစ်ယောက်က ရူးသွပ်နေသည့်ပမာ ခြံဝန်းထဲရှိနဂါးစိမ်းဂိုဏ်းမှလူအားလုံးကိုသညမက တုန်းဖန်းရှန်နှင့်သူ‌‌ဌေးကြီးကျန်းလီကိုပင်သတ်ဖြတ်ခဲ့သည် ။

ထိုကိစ္စကိုနဂါးစိမ်းဂိုဏ်းကြီးကလုံးဝအလွတ်ပေးမည်မဟုတ်ဘဲ ဝမ်းတုနှင့်ဝမ်းတကိုကျိန်းသေပေါက်လိုက်လံသတ်ဖြတ်ပေမည် ။

မည်သို့ပင်ဖြစ်စေထိုကိစ္စကသူတို့နှင့်မပတ်သတ်ဘဲ သူတို့အလိုရှိသည်က ဝမ်းတ၏လက်ထဲရှိနေလသိုင်းကျမ်းသာဖြစ်ပေသည် ။

“ ဝမ်းတုနဲ့ဝမ်းတ မင်းတို့ကသိုင်းကျမ်းကိုလွှဲပေးမလားအသေခံမလား…”

အနက်ရောင်သိုင်းထိပ်သီးတစ်ဦးက သူ၏ဓားကိုရွှမ်းခနဲဆွဲထုတ်လိုက်ရင်း အော်ဟစ်လိုက်သည် ။

သူ၏စကားကြောင့်ကျန်လူများ၏အမူအယာကလည်းအေးစက်လာကြပြီး သူတို့၏မျက်လုံးများကဝမ်းတုတို့နှစ်ဦးကိုစူးစိုက်ကြည့်နေကြကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာကြသည်။

ဝမ်းတုနှင့်ဝမ်းတမှာ အစွမ်းထက်သိုင်းထိပ်သီးများဖြစ်သည့်တိုင် ယခုလိုများပြားလှသည့်သိုင်းထိပ်သီးများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကိုလုံးဝခုခံနိုင်မည်မဟုတ်ပေ ။

ထိုလူများ၏သတ်ဖြတ်လိုသည့်အမူအယာကိုရိပ်စားမိ၍ ဝမ်းတ၏မျက်လုံးထဲတွင်လည်းအရောင်တစ်ချက်လက်သွားပြီးတည်ကြည်သည့်ဟန်ဖြင့်ပြောလိုက်သည် ။

“ ကောင်းပြီ သိုင်းကျမ်းကိုငါလွှဲပေးမယ် …”

အစွမ်းကုန်ခုခံမည်ဟုထင်မှတ်‌နေကြသည့် ဝမ်းတထံမှထင်မှတ်မထားသည့်စကားကြောင့်ကျန်လူများလည်းအံ့အားသင့်ကုန်ကြ၏ ။

ဝမ်းတ၏စကားက သူတို့မျှော်လင့်ထားသည်နှင့်ကွဲပြားနေပြီးလူများစွာကိုသတ်ဖြတ်ပြီးနဂါးစိမ်းဂိုဏ်းကြီးနှင့်ပင်ရန်သူအဖြစ်ခံခဲ့သည့်သိုင်းကျမ်းအား အလွယ်တကူလွှဲပေးမည်ဟုဆိုနေသည် ။

ဝမ်းတုကပို၍ပင်ဆိုးသေးသည် ။ သွေးများစိုရွှဲနေသည့်ဝတ်စုံဖြင့်မိစ္ဆာတစ်ကောင်ပမာအေးစက်သော်လည်းသူ၏ပုံစံက သိုင်းကျမ်းကိုလုံးဝစိတ်ဝင်စားပုံမရပေ။

ယခုအခါမှ ထိုနှစ်ယောက်၏စိတ်သဘောကိုသူတို့လုံးဝမခန့်မှန်းနိုင်ကြောင်းသိလိုက်ကြရ၏ ။

“ လိုချင်တဲ့လူယူကြတော့…”

ဝမ်းတက ထိုလူများ၏အံ့အားသင့်သည့်ပုံကိုရယ်မောရင်း သူ၏လက်ထဲရှိသိုင်းကျမ်းစာအုပ်ကိုအတွင်းအားထည့်၍အပေါ်သို့ပစ်လွှတ်လိုက်၏ ။

ပြင်းထန်သည့်အင်အားကြောင့်သိုင်းကျမ်းစာအုပ်မှာ စကြာတစ်ခုပမာ အတော်မြင့်သည့်နေရာသို့မြောက်တက်သွားပြီး အစောပိုင်းက ချုံယန်းဂိုဏ်းမှလူများရှိနေခဲ့သည့်သစ်ပင်ထိပ်နားတွင်တင်နေသည်။

မြေပြင်ထက်တွင်‌ရောက်နေပြီဖြစ်သည့် ချုံယန်းဂိုဏ်းမှလူများကား ထိုအဖြစ်ကြောင့်မျက်နှာပျက်သွားကြပြီး ကြိတ်မနိုင်ခဲမရဟန်ဖြင့်လက်သီးဆုပ်လိုက်ကြသည် ။

“ ဝှစ်….”

သစ်ပင်နှင့်အနီးဆုံးတွင်ရှိသည့်နတ်ပုလွေက ပထမဆုံးလှုပ်ရှားသူဖြစ်ပြီး သူ၏ကိုယ်ဖော့ပညာကိုသုံးကာလေပေါ်သို့လျှင်မြန်စွာခုန်တက်လိုက်သည်။

သို့သော် ကျင်းဆု၏လက်နက်ပုန်းများက နတ်ပုလွေဆီသို့လျှင်မြန်စွာတိုးဝင်လာသလို အခြားသိုင်းသမားများ၏ဝိုင်းဝန်းတိုက်ခိုက်မှုများကိုရင်ဆိုင်လိူက်ရ၍ နတ်ပုလွေလည်းအသက်ဘေးမှလွတ်မြောက်စေရန်အသဲအသန်ခုခံရင်းမြေပြင်ထက်သို့ပြန်ကျလာသည် ။

နတ်ပုလွေမှာ ကျန်လူများ၏ပူးပေါင်းတိုက်ခိုက်မှုကိုမကျေမနပ်ဖြစ်နေမိသော်လည်း သူတတ်နိုင်သည့်အရာမရှိပေ ။

အကြောင်းကားလက်ရှိအခြေအနေက သိုင်းကျမ်းကိုရယူရန်ကြိုးစားသူမှာ ကျန်လူများ၏ပစ်မှတ်ဖြစ်သွားပြီး သိုင်းကျမ်းပိုလက်ဖြင့်မထိရသေးခင် အစိတ်စိတ်အမွာမွာဖြစ်သွားနိုင်သည်။

ထို့နောက်ဤနေရာတွင်ရှိနေသည့်လူများက ချက်ခြင်းပင်အနီးအနားရှိလူများကိုထိုးခုတ်သတ်ဖြတ်‌လိုက်ကြပြီး အချိန်အနည်းငယ်အတွင်းလွန်စွာပြင်းထန်လှသည့်တိုက်ပွဲကြီးတစ်ခုစတင်၍ဖြစ်ပွားတော့သည်။

သိုင်းကျမ်းစာအုပ်မှာ သူတို့၏မျက်‌စေ့ရှေ့တွင်ရှိနေပြီဖြစ်ရာ အမှောင်ထဲတွင်ပုန်းကွယ်နေကြသူများလည်းဆက်လက်စောင့်ဆိုင်းမနေနိုင်တော့ဘဲ သူတို့၏ဘက်တော်သားမဟုတ်သူများကိုတိုက်ခိုက်လိုက်ကြ၏ ။

အစောပိုင်းက အေးချမ်းနေသည့်နေရာလေးမှာ တိုက်ခိုက်သံများ၊ အော်ဟစ်ညည်းတွားသံများနှင့်ငရဲတမျှပွတ်ပွတ်ဆူသွားပြီး မြို့ထဲရှိအခြားသိုင်းလောကသားများလည်း ဆူညံနေသည့်အသံများကြောင့်ဤနေရာသို့အပြေးလာနေကြပြီဖြစ်သည်။

တိုက်ပွဲမှာ ထင်မှတ်မထားသည်အထိရက်စက်လှပြီးအချိန်အနည်းငယ်အတွင်းထိပ်တန်းအဆင့်သိုင်းသမားအတော်များများနှင့်အဆင့်လွန်ထိပ်သီးတစ်ဦးနှစ်ဦးပင်သေဆုံးသွားပြိဖြစ်သည်။

ဤတိုက်ပွဲကိုစတင်ဖြစ်ပွား‌စေခဲ့သည့်ဝမ်းတနှင့်ဝမ်းတုကား ခပ်လှမ်းလှမ်းသို့ခုန်ဆုတ်၍အသဲအသန်တိုက်ခိုကနေကြသူများအား မျောက်ပွဲကြည့်သည့်ပမာ အေးဆေးစွာကြည့်ရှုနေကြ၏ ။

သူတို့မှာတိုက်ပွဲတွင်မပါဝင်ဘဲဘေးထွက်နေသော်လည်း မည်သူမှလာရောက်တိုက်ခိုက်ဝံ့ခြင်းမရှိပေ။

အကြောင်းကားလက်ရှိ ရှိနေကြသည့်လူများထဲတွင် ဝမ်းတတို့နှင့်ယှဉ်နိုင်သူမှာအနည်းငယ်သာရှိပြီး ဝမ်းတတို့နှစ်ယောက်ကလည်းသိုင်းကျမ်းကိုစိတ်ဝင်စားပုံမရသည့်အတွက်ဖြစ်သည်။။

“ ဟူး… တကယ်မလွယ်တဲ့လူတွေပဲ…”

ဝမ်းတက သိုင်းကျမ်းကိုလိုချင်တပ်မက်မှုကြောင့် ကိုယ့်အသက်ကိုပင်ဂရုမစိုက်ကြတော့သည့်သိုင်းသမားများကိုကြည့်၍ရေရွတ်လိုက်သည် ။

သူ၏လေသံကထိုလူများကိုသနားနေဟန်တူသော်လည်း မျက်နှာထက်တွင်ကတောက်ပသည့်အပြုံးတစ်ခုရှိနေသည် ။

“ ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲဆူအောင်လုပ်ပေးခဲ့ပြီးပြီ မကြာခင်ရက်တွေအတွင်းသိုင်းလောကထဲမှာသွေးချောင်းစီးတိုက်ပွဲတွေတွေ့ရတော့မှာပေါ့…”

ဝမ်းတုကလည်း အေးစက်သည့်အပြုံးဖြင့်ပြောလိုက်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။။

ထို့နောက် သူတို့နှစ်ဦးကဤနေရာမှတိတ်ဆိတ်စွာထွက်ခွာသွားကြပြီးနောက်ဘက်တွင် တစ်ဦးကိုတစ်ဦးရန်သူကြီးများပမာ တိုက်ခိုက်သတ်ဖြတ်နေကြသည့်သိုင်းသမားများသာကျန်ရစ်ခဲ့တော့သည် ။

ဝမ်းတနှင့်ဝမ်းတုတို့ထွက်ခွာသွားပြီး အချိန်အနည်းငယ်ကြာသည်နှင့် အမှောက်ရိပ်ထဲမှအဖြူရောင်အရိပ်တစ်ခုပြေးထွက်လာပြီးသိုင်းကျမ်းရှိနေသည့်သစ်ပင်ထိပ်သို့ပေါ့ပါးစွာခုန်တက်လိုက်သည် ။

ထိုလူ၏ကိုယ်ဖော့ပညာကလွန်စွာကောင်းမွန်လှပြီး လှုပ်ရှားမှုများကသွက်လက်လွန်း၍ မည်သူမှဟန့်တားချိန်မရပေ။

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူက သစ်ပင်ထိပ်ဖျားသို့လျှင်မြန်စွာရောက်ရှိသွားကာ သိုင်းကျမ်းကိုယူလိုက်သည် ။

ထို့နောက် သူ၏ခန္တာကိုယ်ကမီးခိုးတန်းပမာလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားသွားပြီး အနီးအနားရှိအဆောက်အဦးများ၏ခေါင်မိုးထက်မှနေ၍ပြေးထွက်သွားတော့သည် ။

အောက်ဘက်တွင် သိုင်းကျမ်းအတွက်သွေးသံရဲရဲဖြင့်တိုက်ခိုက်နေကြသူများကား ဆွံ့အနေကြသည် ။ သူတို့ထဲမှတစ်ယောက်ယောက်သစ်ပင်ပေါ်သို့တက်ရန်ကြိုးစားပါကလုံးဝဖြစ်နိုင်မည်မဟုတ်သော်လည်း အဖြူရောင်ဝတ်စုံဝတ်လူ၏ကိုယ်ဖော့ပညာကကလွန်စွာကောင်းမွန်လှ၏။

အဆိုးရွားဆုံးကား ထိုလူ၏ရုပ်သွင်ကိုပင်မည်သူမှရှင်းလင်းစွာမမြင်လိုက်ရဘဲ လျှင်မြန်လှသည့်ထိုလူ၏နောက်ကျောကိုသာမြင်လိုက်ကြရသည် ။

“ အရှေ့အရပ်ကလေကိုစီးနင်းပြီး ကောင်းကင်ဘုံအထိပျံသန်းမယ် ငါ့နာမည်ကတိမ်နဂါးယွင်ဖေး…”

ကျယ်လောင်သည့်အသံကနောက်ဘက်တွင်ကျန်ခဲ့ပြီး အဖြူရောင်ဝတ်စုံဝတ်လူကား အချိန်အနည်းငယ်အတွင်းအဝေးသိူ့ရောက်ရှိသွားသည်။

“ ဒါက ယွင်ဖေး တိမ်နဂါးယွင်ဖေးပဲ ..”

“ ဟုတ်တယ် သိုင်းလောကမှာ ဒီလောက်အထိကိုယ်ဖောပညာကောင်းတာ လူနည်းနည်းပဲရှိတယ်…”

ထိုနေရာတွင်ကျန်ရှိနေသည့်လူများကား တစ်စုံတစ်ရာကိုသိရှိသွားဟန်ဖြင့်ရေရွတ်လိုက်ကြပြီး အဖြူရောင်ဝတ်စုံဝတ်လူ၏နောက်သို့ လျှင်မြန်စွာလိုက်သွားကြတော့သည် ။

တိမ်နဂါးယွင်ဖေး

ထိုနာမည်ကိုကြားလိုက်ပါက သိုင်းပညာထိပ်တန်းလွန်အဆင့်သာရှိသော်လည်း ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်လှသည့်လူတစ်ဦးကိုပြေးမြင်ကြပေမည် ။

ယွင်ဖေး၏ကိုယ်ဖော့ပညာက သာမန်သိုင်းဝိဇ္ဇာများထက်ပင်သာလွန်ပြီး ပျော်ပျော်နေတတ်ကာ စိတ်ထင်ရာလုပ်တတ်ပေသည်။

သူတို့အနေဖြင့် ယွင်ဖေး၏နောက်သို့မီအောင်လိုက်နိုင်မည်မဟုတ်သော်လည်း သိုင်းကျမ်းအားယွင်ဖေးအလစ်သုတ်သွားသည်ကိုသိရှိပြီးဖြစ်ရာ လိုက်လံရှာဖွေပါက ပို၍လွယ်ကူပေသည် ။

အဖြူရောင်ဝတ်စုံဝတ်လူက သူကိုယ်သူယွင်ဖေးဟုကြေငြာကာ ကိုယ်သေတွင်းကိုယ်တူးသည့်အပြုအမူမျိုးကိုပြုလုပ်ခဲ့သော်လည်း မည်သူမှသူ၏စကားကိုသံသယမရှိကြပေ။

အကြောင်းကား သိုင်းလောကတွင် ကိုယ်ဖော့ပညာအံ့မခန်းကောင်းမွန်၍ ယခုလိုမျိုးရူးကြောင်ကြောင်လုပ်ရပ်ကို စိတ်ရှိသလိုလုပ်ဆောင်တတ်သူကားယွင်ဖေးတစ်ဦးသာရှိပေသည် ။

All Chapters