ဆီးကြိုနေသည့်ဖြစ်ရပ်များ
Vol. 1 Ch. 58
နံနက်ခင်း
ကျန်းနန်မြို့တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်နေကြပြီး လူမရှိသည့်မြို့တော်ကြီးတစ်ခုလိုချောက်ခြားဖွယ်ကောင်းနေပေသည်။
အကြောင်းကား ညဘက်ကမြို့ထဲတွင်သွေးချောင်းစီးလူသတ်ပွဲများဖြစ်ပွားခဲ့ကြပြီး တစ်မြို့လုံးလွန်စွာထိတ်လန့်တုန်လှုပ်နေကြသည့်အတွက်ဖြစ်သည်။
ညက သူဌေးကြီးကျန်းလီ၏ခြံဝန်းမှအစပြု၍ သိုင်းလောကသားများ၏သတ်ဖြတ်ပွဲများဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူအယောက်နှစ်ဆယ်ကျော်သေဆုံးခဲ့ရသည်။
ဤသည်က သူဌေးကြီးကျန်းလီ၏ခြံဝန်းမှအဖြစ်ဆိုးကိုထည့်တွက်ရခြင်းမရှိသေးပေ။
အကြောင်းကား သိုင်းလောက၌ကျော်ကြားသည့်လူငယ်မျိုးဆက်မှ အမှောင်လက်ဝါးဝမ်းတနှင့်ငရဲဓားဝမ်းတုတို့က ဂိုဏ်းခွဲမှူးတုန်းဖန်းရှန်အပါအဝင် နဂါးစိမ်းဂိုဏ်းခွဲမှသိုင်းသမားများစွာနှင့် သူဌေးကြီးကျန်းလီ၏အစောင့်အရှောက်သိုင်းသမားများကိုတစ်ဦးမှအလွတ်မပေးဘဲသတ်ဖြတ်ခဲ့၍ဖြစ်သည်။။
ထိုမှတစ်ဆင့် ခြံဝန်းဝင်ပေါက်တွင်သိုင်းလောကသားအချင်းချင်းတိုက်ပွဲများဖြစ်ကြခြင်းဖြစ်ပြီး တိမ်နဂါးယွင်းဖေးက သိုင်းကျမ်းကိုအလစ်သုတ်သွားသည့်အချိန်မှ သိုင်းသမားများလည်း သိုင်းကျမ်းနောက်သို့လိုက်ပါရင်း ကျန်းနန်မြို့ထဲမှ ညတွင်းလျင်းထွက်ခွာကုန်ကြသည် ။
အံ့ဩဖွယ်ကောင်းသည့်အချက်မှာ ထိုဖြစ်ရပ်များကို အစပြုခဲ့သည့် ဝမ်းတနှင့်ဝမ်းတုတို့ကားသိုင်းကျမ်းလုပွဲတွင်မပါဝင်ဘဲ အေးအေးဆေးဆေးထွက်သွားကြခြင်းဖြစ်သည် ။
သူတို့နှစ်ယောက်မှာ သိုင်းကျမ်းအတွက် နဂါးစိမ်းဂိုဏ်းလို နံပါတ်တစ်အင်အားစုကြီးတစ်ခုကိုရန်စခဲ့သော်လည်း သိုင်းကျမ်းကိုများစွာလိုချင်တပ်မက်ဟန်မတူသည့် သူတို့၏လုပ်ရပ်ကနားမလည်နိုင်စရာကောင်းလှ၏။
မည်သို့ပင်ဖြစ်စေ ကျန်းနန်မြို့ထဲရှိပရမ်းပတာအခြေအနေများကတည်ငြိမ်သွားပြီဟုဆိုနိုင်သော်လည်း သိုင်းလောကထဲတွင်ကား ဆူပွက်လာတော့ပေမည်။
နေလသိုင်းကျမ်းလိုအစွမ်းထက်သိုင်းကျမ်းတစ်ခုက မြောက်များလှစွာသောအစွမ်းထက်သိုင်းသမားများကိုဆွဲဆောင်နိုင်စွမ်းရှိပြီး များမကြာမီအချိန်အတွင်း သိုင်းကျမ်းအတွက်သွေးချောင်းစီးတိုက်ပွဲများကိုနေရာအနှံ့စတင်မြင်တွေ့ရတော့ပေမည်။
ထို့အပြင် နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်နှင့် သူ၏လူများကိုသတ်ဖြတ်ခဲ့သည့် ဝမ်းတတို့၏လုပ်ရပ်က ကျားမှီးဆွဲသည်နှင့်မခြားပေ။
နဂါးစိမ်းဂိုဏ်းကြီးတည်ထောင်ခဲ့သည့်ဆယ့်ငါးနှစ်အတွင်း ယခုဖြစ်ရပ်က အဆိုးရွားဆုံးဟုဆိုနိုင်ပြီး ဂိုဏ်းခွဲမှူးတစ်ဦးနှင့် အဆင့်မြင့်ဂိုဏ်းသားများစွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းက နဂါးစိမ်းဂိုဏ်းကြီး၏မျက်နှာကိုဖျက်ရိုက်လိုက်ခြင်းသာဖြစ်သည်။
ယခုအခါ ဝမ်းတနှင့်ဝမ်းတုတို့၏နာမည်များက နဂါးစိမ်းဂိုဏ်းကြီး၏အလိုအရှိဆုံးစာရင်းတွင်ပင်အနီရောင်အဆင့်ထိရောက်ရှိနေပြီဖြစ်သည် ။
အလိုအရှိဆုံးစာရင်း၏အနီရောင်အဆင့်ရှိလူများက သာမန်အလိုအရှိဆုံးစာရင်းရှိလူများနှင့်များစွာကွဲပြားသည် ။
အကြောင်းကား ထိုအဆင့်တွင်ရှိသူများက လွန်စွာဆိုးသွမ်းရက်စက်ပြီးလူပေါင်းများစွာကိုသတ်ဖြတ်ဖူးသည့် သွေးအေးလူသတ်သမားများ ၊ အဖွဲ့အစည်းတစ်ခုလုံးကိုပင်အမြစ်ပြတ်သုတ်သင်ဖူးသည့် အစွမ်းထက်သိုင်းသမားဆိုးများနှင့် ယုတ်ညံ့သည့်အောက်လမ်းသိုင်းပညာများကိုလေ့ကျင့်ထားကြသည့် အနက်ရောင်ထိပ်သီးများဖြစ်ကြသည်။
အလိုအရှိဆုံးစာရင်း အနီရောင်အဆင့်ရှိသိုင်းသမားများအတွက်ထုတ်ထားသည့်ဆုကြေးများက သာမန်လူများအတွက်တစ်သတ်စားမကုန်သည့်ပမာဏရှိသည့်အပြင် သိုင်းလောကသားများကိုဆွဲဆောင်နိုင်သည့် အစွမ်းထပ်သိုင်းကျမ်းများ ၊ ကောင်းမွန်လှသည့်လက်နက်များပင်ပါဝင်သည် ။
ထို့ကြောင့် အချို့အစွမ်းထပ်သိုင်းထိပ်သီးများက ရမည်မရမည်မသေချာသည့်နေလသိုင်းကျမ်း၏နောက်ကိုလိုက်ခြင်းထက် ဝမ်းတနှင့်ဝမ်းတုကိုသတ်ဖြတ်ခြင်းက ပို၍တွက်ချေကိုက်သဖြင့် လိုက်လံရှာဖွေနေကြပေသည်။
ကျန်းနန်မှ နေလသိုင်းကျမ်း၏ဂယက်ကားသိုင်းလောကတွင်တစ်ရက်အတွင်းပျံ့နှံ့နေပြီး သိုင်းသမားများစွာသေဆုံးခဲ့ရသည်။
ကျန်းနန်မြို့မှ သိုင်းကျမ်းကိုအလစ်သုတ်လာပြီး တိမ်နဂါးယွင်ဖေးသည်လည်း သူ၏လက်ထဲ၌သိုင်းကျမ်းကိုထိမ်းသိမ်းထားနိုင်စွမ်းမရှိသည်ကိုကောင်းစွာသိရှိ၍ သိုင်းကျမ်းနောက်သို့လိုက်လာသည့်နတ်ပုလွေထဲသို့လက်လွှဲပေးခဲ့သည် ။
ယွင်းဖေးအတွက် သိုင်းကျမ်းကိုလက်လွှဲပေးရန်ဆုံးဖြတ်ချက်က သူ၏အသက်ကိုကယ်တင်လိုက်ခြင်းဖြစ်ပြီးကျန်လူများကား သူ့လိုကံမကောင်းကြပေ။
ကျန်းနန်မြို့မှနေ၍ယွင်ဖေး၏နောက်သို့တောက်လျှေ က်လိုက်လာကြသည့်လူများကား သိုင်းကျမ်းကိုလုပွဲ၌အသက်ပေးရသည့်ပထမဆုံးလူစုပင်ဖြစ်သည် ။
သိုင်းကျမ်းကို ဒုတိယလက်ဝယ်ရရှိခဲ့သည့်နတ်ပုလွေကား သူကိုယ်တိုင်ကအစွမ်းထက်သိုင်းထိပ်သီးတစ်ဦးဖြစ်ပြီး သူ၏နောက်လိုက် ဂိုဏ်းသားဆယ်ယောက်ကျော်ပါဝင်သည် ။
သို့သော် နတ်ပုလွေသာမက သူ၏ဂိုဏ်းသားများအားလုံး အခြားလူများ၏သတ်ဖြတ်ခြင်းကိုခံရပြီး အင်အားတောင့်တင်းသည့်မဟာမိတ်ဖြစ်သည့် ကင်းမြီးကောက်ကျင်းဆုနှင့် ပေ့စန်းဓားသူံးလက်က ခေတ္တိပိုင်ဆိုင်ခဲ့သည်။။
ကျင်းဆုကိုဝိုင်းဝန်းသတ်ဖြတ်၍ သိုင်းကျမ်းကိုရရှိခဲ့ကြသည့် ပေ့စန်းဓားသုံးဖော်သည်လည်းကြာကြာမပျော်လိုက်ရပေ။
သူတို့၏အကြံအစည်ကိုကောင်းစွာကြိုတွေးမိခဲ့သည့်ကင်းမြီးကောက်ကျင်းဆု၏အဆိပ်က သူတို့မသိလိုက်ခင်မှာပင် သူတို့၏ခန္တာကိုယ်ထဲတွင်ပျံ့နှံ့နေပြီး သိုင်းကျမ်းအားလက်ပူအောင်မကိုင်ရသေးမီ သေဆုံးသွားကြသည်။
ဤသို့ဖြင့် အဆင့်ဆင့်ကူးပြောင်းရင်း လူများစွာသတ်ဖြတ်ခံရကာ ယခုအခါတွင်သိုင်းကျမ်းလုပွဲ၌ များပြားလှသည့်အဆင့်လွန်ထိပ်သီးများနှင့် ပထမတန်းစားအင်အားစုများပင်ပါဝင်လာပြီဖြစ်သည်။
ထို့ကြောင့် ပါးနပ်သည့်လူအချို့က လမ်းလျှောက်နေသည့်ရွှေအိုးကြီးကဲ့သို့သော ဝမ်းတုတို့နှစ်ယောက်ကိုပစ်မှတ်ထားနေကြပြီး ထိုနှစ်ယောက်ကိုဖြစ်သည့်နည်းဖြင့်သတ်ဖြတ်ရန်လိုက်လံရှုဖွေနေကြသည် ။
ဝမ်းတနှင့်ဝမ်းတုတို့ကလည်း ကျန်းနန်မြို့မှထွက်သွားပြီးနောက်တွင် သိုင်းလောကထဲမှအငွေ့ပျံသလိုပျောက်ကွယ်သွားပေသည်။
သို့သော်လည်း သိုင်းလောကသားများ၏စိတ်ထဲတွင်တော့ ထိုနှစ်ယောက်များမကြာမီပြန်လည်ပေါ်ထွက်လာမည်ဟုယုံကြည်နေကြသည်။
&&&
ကျနိးနန်မြို့၏လမ်းမအတိုင်း လူတစ်စုမြင်းကိုယ်စီဖြင့် အပြင်းစိုင်းနင်လာကြသည် ။
အယောက်သုံးဆယ်ကျော်ရှိမည့်ထိုလူစုမှာ အစိမ်းရောင်ဝတ်စုံကိုတူညီစွာဝတ်ဆင်ထားကြသည့်နဂါးစိမ်းဂိုဏ်းသားများဖြစ်ကြပြိး သူတို့ထဲမှအနိမ့်ဆုံးကသိုင်းပညာထိပ်တန်းအဆင့်ရှိကြောင်းအံ့ဩဖွယ်ရာတွေ့ရပေမည်။
အခြေအနေများငြိမ်သက်စဖြစ်၍ ကျန်းနန်မြို့ခံများသည်လည်း ထိုလူများကိုစိုးရိမ်တကြီးကြည့်ရှုနေကြသော်လည်း နဂါးစိမ်းဂိုဏ်းမှလူများကားမည်သူ့ကိုမှဂရုမစိုက်ဘဲ ကျန်းနန်တွင်ရှိသည့်နဂါးစိမ်း၏ဌာနခွဲသို့ဦးတည်၍သွားနေကြသည်။
ခြံဝန်း၏ရှေ့၌ငိုသံများကြာနေရပြီး အထဲတွင်အသုဘအခမ်းအနားကိုပြင်ဆင်ထားသည် ။ အဖြူရောင်ပိတ်စများကလေထဲတွင်လွင့်နေပြီး ခြံဝန်းတစ်ခုလုံးမှုန်မှိုင်းသည့်လေထုကကြီးစိုးနေသည်။။
ခြံဝန်း၏ရှေ့သို့ရောက်သည်နှင့် မြင်းတစ်စီးပေါ်ရှိအသက်ဆယ့်ရှစ်နှစ်ခန့်ရှိမည့်မိန်းမချောလေးက ခြံဝန်းထဲသို့အလျှင်အမြန်ပြေးဝင်သွားပေသည်။
သူမ၏အပြုအမူကြောင့် နဂါးစိမ်းဂိုဏ်းမှသိုင်းသမားများ၏မျက်နှာထက်၌ စိတ်မကောင်းသည့်အမူအယာများရှိနေကြသည် ။
ထို့နောက် သူတို့၏အနီးသို့အပြာဖျော့ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့် ဘုန်းကြီးများရောက်ရှိလာပြီး သူတို့ကိုအသက်ခြောက်ဆယ်ခန့်ရှိမည့်ဆရာတော်တစ်ပါးကဦးဆောင်ပေသည် ။
သိုင်းလောကတွင်ညတွင်းချင်းပျံ့နှံ့သွားသည့်သတင်းများကြောင့် ခြံဝန်းထဲရှိအဖြစ်အပျက်များကိုသိရှိနေသည့်အတွက် ဘုန်းကြီးများလည်း မျက်နှာမကောင်းကြဘဲ ရှေ့ဆုံးရှိဘုန်းကြီးက လက်အုပ်ချီ၍ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ အောမီတောဖု ဘုန်းကြိးတို့နောက်ကျသွားခဲ့ပြီ…”
ဆရာတော်၏တည်ငြိမ်သည့်မျက်နှာထက်တွင်ပင် စိတ်မကောင်းသည့်အမူအယာများရှိနေသည် ။
သူဌေးကြီးကျန်းလီထံတွင်ရှိသည့်နေလသိုင်းကျမ်းကို လက်လွှဲယူရန် ရှောင်လင်ကျောင်းမှဘုန်းကြီးအပါးနှစ်ဆယ်နှင့် နဂါးစိမ်းဂိုဏ်းမှသိုင်းသမားများစွာထွက်လာခဲ့ကြသည်။။
သိုင်းကျမ်း၏အန္တရာယ်ကိုသိရှိနေသည့်သူတို့အနေဖြင့် အမြန်ဆုံးလာရောက်ခဲ့ပြီး သက်မှတ်အချိန်တွင်ရောက်ရှိခဲ့သော်ငြား အချိန်အနည်းငယ်နောက်ကျသည်ဟုဆိုရမည်။
ထို့အတွက်ပေးဆပ်လိုက်ရသည်ကားများပြားလှသည့် ညကသေဆုံးသွားသည့်အပြစ်မဲ့အသက်များနှ့င့်သိုင်းလောကထဲတွင်ဖြစ်ပွားနေသည့်သွေးချောင်းစီးတိုက်ပွဲများပင်ဖြစ်ပေသည်။
ထို့နောက် သူတို့အားလုံးခြံဝန်းထဲသို့ဝင်လိုက်ကြသည် ။
ကျယ်ဝန်းသည့်ဧည့်ခန်းမထဲတွင် မည်းနက်နေသည့်အခေါင်းများစွာရှိနေပြီး သေဆုံးသူတို့၏မိသားစုဝင်များကလည်းကျယ်လောင်စွာအော်ဟစ်ငိုကြွေးနေကြ၏ ။
အခေါင်းများမှာ အတော်လေးများပြားပြီးသူတို့ထဲမှအလောင်းအချို့ဆိုလျှင်ကိုယ်လက်အင်္ဂါပင်မစုံကြတော့ပေ။
ထိုအလောင်းများကားညက ဝမ်းတုနှငိ့ဝမ်းတတို့သတ်ဖြတ်သွားသည့် နဂါးစိမ်းဂိုဏ်းမှသိုင်းသမားများဖြစ်ကြပြီး အယောက်လေးဆယ်ခန့်ရှိသည့်သိုင်းသမားများအားလုံးတစ်ယောက်မကျန်သတ်ဖြတ်ခံခဲ့ရသည် ။
ထိုမြင်ကွင်းကြောင့် ယခုမှရောက်ရှိလာသည့်နဂါးစိမ်းဂိုဏ်းသားများပင် ဆို့နစ်သွားကြပြီး သူတို့၏ခန္တာကိုယ်မှလည်းသတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာကြသည် ။
ထိုအချိန်တွင် စံအိမ်ထဲသို့ဦးစွာပြေးဝင်သွားသည့်မိန်းမလှလေးကား ဧည့်ခန်းအလယ်ရှိဂိုဏ်းခွဲမှူးတုန်းဖန်းရှန်၏အခေါင်းဘေးတွင်အရုပ်ကျိုးပြတ်ရှိနေပြီး သူမ၏မျက်ဝန်းများထဲမှမျက်ရည်စများတသွင်သွင်စီးကျနေကာ အသံမထွက်ဘဲရှိုက်ငိုနေပေသည်။
သနားစရာကောင်းသည့် မိန်းမလှလေးကား ဂိုဏ်းခွဲမှူးတုန်းဖန်းရှန်၏သမီးချောလေးဖြစ်ကာ မိန်းမလှလေး၏ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုကြောင့် ဟာလာဟင်းလင်းဖြစ်နေသည်။
ဖခင်မှာ နဂါးစိမ်းဂိုဏ်းကြီး၏ဂိုဏ်းခွဲမှူး ၊ အဖိုးဖြစ်သူမှာ ဂိုဏ်း၏စောင့်ရှောက်သူခုနစ်ယောက်ထဲမှတစ်ယောက်ဖြစ်သည့်တိုင်သိုင်းပညာဝါသနာမပါသောသူမ ။
အေးဆေးကြင်နာတတ်ပြီး သူတစ်ပါးနစ်နာမည်ကိုလွန်စွာစိုးထိတ်သည့်ထိုမိန်းကလေးအပေါ်တွင်မည်သည့်အတွက် ထိုကံကြမ္မာဆိုးကြီးကျရောက်လာပေသနည်း။
အမှောင်လက်ဝါးဝမ်းတ၏လက်ဝါးရိုက်ချက်ကြောင့်သေဆုံးသွားသည့်တုန်းဖန်းရှန်ကား ပြင်ပအဖြစ်အပျက်များကိုမသိနိုင်တော့ဘဲ အိပ်စက်နေသည့်ပမာလဲလျောင်းလျက်ရှိပြီး သူ၏မျက်နှာက အနည်းငယ်မည်းနက်နေပေသည်။။
တုန်းဖန်းရှန်၏ခေါင်းဘေး၌ ဒူးထောက်ထိုင်နေသည့်လူတစ်ယောက်လည်းရှိနေသေးသည်။
ထိုလူမှာ ပုံမှန်ဆိုလျှင်အကောင်းစားပိုးဖဲဝတ်စုံများဝတ်ဆင်တတ်သော်လည်း ယခုအခါအဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုသာဝတ်ဆင်ထားပြီး သူ၏မျက်နှာကလည်းပြိုတော့မည့်မိုးလိုမည်းမှောင်နေပေသည်။
တစ်ချက်တစ်ချက် မိန်းမလှလေးကို တောင်းပန်သည့်မျက်ဝန်းများဖြင့်လှမ်းကြည့်နေတတ်သည့်ထိုလူကြီးကား ငရဲဓားဝမ်းတု၏သတ်ဖြတ်ခြင်းကိုခံရသော်လည်း ကံကောင်းထောက်မစွာဖြင့်အသက်မသေခဲ့သည့် သူဌေးကြီးကျန်းလီပင်ဖြစ်ပေသည်။