စားသောက်ဆိုင်ထဲမှသတ်ဖြတ်ပွဲ
Vol. 1 Ch. 60
နဂါးစိမ်းဂိုဏ်းမှထုတ်ထားသည့်ဆုကြေးများကြောင့်သိုင်းလောကသားအတော်များများ ဝမ်းတနှင့်ဝမ်းတုတို့ကိုလိုက်လံရှာဖွေနေပြစဉ် ထိုနှစ်ယောက်ကားအစအနရှာမရအောင်ပျောက်ကွယ်နေကြသည် ။
အချို့လူများကလည်း ဝမ်းတနှင့်ဝမ်းတုတို့မှာ တစ်နေရာရာတွင်ပုန်းအောင်းနေကြသည်ဟူ၍လည်းကောင်း ၊ အရှေ့ဘက်ကမ်းခြေဒေသတွင်ဝမ်းတနှင့်ဝမ်းတုကိုတွေ့လိုက်သူများရှိသည်ဟုလည်းကောင်း ကောလဟာလများအမျိူးမျိုးပျံ့နှံ့နေသည်။
စင်စစ် ဝမ်းတနှင့်ဝမ်းတုတို့က ထိုလူများ၏မျက်စေ့ရှေ့တွင် ရိုးရှင်းစွာကိုယ်ယောင်ဖျောက်နေခြင်းဖြစ်ပြီး သူတို့ရှိနေသည့်နေရာကား…..
မြောက်ပိုင်းဒေသရှိစားသောက်ဆိုင်တစ်ခုထဲတွင်
မြို့နှင့်အနည်းငယ်လှမ်းပြီး လမ်းမကြီး၏ဘေး၌ဖွင့်လှစ်ထားသည့်စားသောက်ဆိုင်လေးမှာ ယခုအခါငရဲတမျှဆူပွတ်နေသည်။
ဆိုင်ထဲတွင်စားသောက်နေကြသူများမရှိကြတော့သလို ဆိုင်လုလင်များနှင့်ဆိုင်ရှင်များလည်း ဘယ်ရောက်၍ဘယ်ပေါက်သွားကြမှန်းမသိကြရပေ။
ယခုအခါ ဆိုင်ထဲ၌ကျန်ရှိနေသည့်လူများကား တစ်ယောက်ကိုတစ်ယောက်အပြင်းအထန်တိုက်ခိုက်သတ်ဖြတ်နေကြသည့်သိုင်းသမားများသာဖြစ်ပြီး ဆိုင်ကြမ်းပြင်ထက်တွင်သွေးများအိုင်ထွန်းနေကာ အလောင်းများကနေရာအနှံ့ပြန့်ကျဲနေကြသည် ။
ကျိုးကြေပဲ့ရွဲ့နေသည့် စားပွဲထိုင်ခုံများ၏အလယ်အနည်းငယ်ကျယ်ဝန်းသည့်နေရာတွင် တစ်ဖက်ကိုတစ်ဖက်ရန်စောင်နေကြသည့်သိုင်းသမားနှစ်စုရှိနေသည် ။
ထိုလူများကား တိုက်ပွဲတွင်နောက်ဆုံးကျန်ရစ်သူများဖြစ်ပြီး မူလကလူတစ်ရာကျော်ခန့်ရှိမည့်လူအုပ်ကြီးမှာ ယခုအခါအနည်းငယ်သာကျန်ရှိတော့ခြင်းဖြစ်၏ ။
တစ်ကိုယ်တော်သိုင်းသမားများ၊ အင်အားစုငယ်လေးများမှသိုင်းသမားများကား လောကကြီးမှစောလျှင်စွာထွက်ခွာသွားကြလေပြီ ။
ဆိူင်ထဲရှိမြင်ကွင်းက အသဲငယ်တတ်သူများဆိုလျှင် မူးမေ့လဲကျသွားစေနိုင်သည့်မြင်ကွင်းဖြစ်သည်။
သွေးများက ချောင်းစီးလုမတတ်ဖြစ်နေသည့်အပြင် ကိုယ်လက်အင်္ဂါမစုံတော့သည့်အလောင်းကောင်များကလည်းထိတ်ခန့်ဖွယ်ကောင်းလှ၏ ။
ဤသည်ကိုကြည့်၍ ဆိုင်ထဲတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြီးမည်မျှပြင်းထန်ခဲ့သည်ကိုမှန်းဆကြည့်နိုင်သည် ။
ကျန်ရှိနေသည့်လူများသည်လည်း သွေးအလိမ်းလိမ်းကပ်ညိနေသည့်ခန္တာကိုယ်များနှင့်တင်းမာခတ်ထန်သည့်အမူအယာရှိကာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည် ။
အုပ်စုနှစ်ခုလုံးတွင် ဒဏ်ရာရရှိသူများစွာပါဝင်နေသော်လည်း သူတို့၏မျက်လုံးများကနီရဲနေကာ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေကြ၏ ။
“ ဒီကောင်တွေကိုသေအောင်သတ်ရမယ် ..”
ထိုစကားက သူတို့နှစ်ဘက်စလုံးရှိလူများ၏အတွေးဖြစ်ကာ သူတို့နှစ်ဘက်လုံးသဲကြီးမည်းကြီးဖြစ်နေသည်ကအကြောင်းရင်းရှိသည် ။
နေလသိုင်းကျမ်း..
မှန်ပေသည်။
သိုင်းလောကတစ်ခုလုံးကိုသွေးချောင်းစီးစေခဲ့သည့်နေလသိုင်းကျမ်း၏ဂယက်က ဤနေရာသို့ပင်ရိုက်ခတ်နေပြီဖြစ်သည် ။
နေလသိုင်းကျမ်းမှာ သုံးရက်အတွင်းတိုက်ပွဲများစွာဖြစ်စေခဲ့သလို လူရာနှင့်ချီ၍သေဆုံးစေခဲ့သည် ။။
ထိုသုံးရက်အတွင်း ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့ပြီး သိုင်းကျမ်းကိုနောက်ဆုံးရရှိသူက မြောက်ပိုင်းဒေသမှအစွမ်းထက်သိုင်းထိပ်သီးတစ်ဦးဖြစ်သည် ။
ထိုသိုင်းသမားမှာ မည်သူမှမသိစေဘဲ မြောက်ပိုင်းဒေသသို့လျှိူ့ဝှက်၌ပြန်လာခဲ့ပြီး သူ၏စိတ်ထဲတွင်တော့ သိုင်းကျမ်းကိုအောင်မြင်စွာလေ့ကျင့်ပြီး၍ သိုင်းလောကတွင်ပြိုင်ဘက်ကင်းဖြစ်နေသည့်သူ့ကိုယ်သူမြင်ယောင်မိနေသည် ။
သို့သော် သိုင်းကျမ်းကိုအနံ့ခံ၍လိုက်လာကြသည့် ပထမတန်းစားအင်အားစုနှစ်ခုအပါအဝင် ကျန်သိုင်းသမားများက သူရှိနေသည့်စားသောက်ဆိုင်သို့ဆိုင်းမဆင့်ဗုံမဆင့်ရောက်ရှိလာကာ ထိုသိုင်းသမားမှာ အချိန်တိုအတွင်းသတ်ဖြတ်ခြင်းခံလိုက်ရသည် ။
ကျန်လူများသည်လည်း သိုင်းကျမ်းကိုလုယူရင်း အချင်းချင်းအပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး စားသောက်ဆိုင်ထဲရှိသိုင်းသမားအချို့ပင် ထိုတိုက်ပွဲအတွင်းပါဝင်ခဲ့ကြ၏။
မူလရှိနေသည့်လူအများစုကား သူတို့၏အသက်ကိုထိခိုက်မည်စိုး၍ အလျှင်အမြန်ထွက်ခွာသွားကြပြီးဖြစ်ကာ ထိူသို့ဉာဏ်ကောင်းခဲ့ခြင်းက သူတို့ကိုယ်သူတို့ကယ်တင်ခဲ့ခြင်းမည်၏။
အကြောင်းကား ဆိုင်ထဲရှိတိုက်ပွဲကြီးမှာ လွန်စွာပြင်းထန်ခဲ့ပြီး အဆင့်လွန်ထိပ်သီးများအပါအဝင်သေဆုံးသူခုနစ်ဆယ်ရှစ်ဆယ်ခန့်အထိရှိနေပြီး ကျန်ရှိနေသူဟူ၍ အင်အားတောင့်တင်းသည့်ပထမတန်းစားအဖွဲ့အစည်းနှစ်ခုမှလူများသာဖြစ်သည် ။
။ခုအချိန်ထိကျန်ရှိနေသည့်အင်အားစုနှစ်ခုက အဖြူရောင်သိုင်းဂိုဏ်းဟုခေါ်ဆိုနိုင်သည့်ချူံယန်းဂိုဏ်းနှင့် အနက်ရောင်သိုင်းလောကတွင်ကျော်ကြားသည့်ကြာနီအဖွဲ့အစည်းတို့ဖြစ်ပေသည် ။
သူတို့အင်အားစုနှစ်ခုက လူများစွာပါဝင်ပြီးအစွမ်းထက်သိုင်းသမားများစွာရှိ၍ ယခုအချိန်ထိကျန်ရစ်နေခြင်းဖြစ်သည် ။
သို့တိုင် သူတို့၏သိုင်းသမားအများစုက တိုက်ပွဲကြီးတွင်သေဆုံးခဲ့ရပြီး ကျန်ရှိနေသူများသည်လည်း ဒဏ်ရာများစွာဖြင့်အကောင်းဆူံးအခြေအနေတွင်ရှိမနေတော့ပေ။
လက်ရှိသိုင်းကျမ်းက ချုံယန်းဂိုဏ်း၏လက်တွင်ရှိပြီး ကြာနီအဖွဲ့ကလည်း အပြင်းအထန်ဆန့်ကျင်တိုက်ခိုက်နေသည် ။
လက်ရှိအချိန်တွင်သာသိုင်းကျမ်းကိုလက်လျော့လိုက်ပါက သူတို့နှစ်ဖွဲ့လုံးထိပ်တန်းအင်အားစုတစ်ခုအဖြစ်ကျန်ရှိမနေနိုင်တော့သည်ကသိရှိ၍ အားကုန်ထုတ်တိုက်ခိုက်နေကြခြင်းဖြစ်သည် ။
သူတို့အတွက် နေလသိုင်းကျမ်းမှာ ကောင်းကင်သို့ခြေတစ်လှမ်းထဲဖြင့်ခုန်တက်နိုင်မည့်အခွင့်အရေးဖြစ်ပြီးသိုင်းကျမ်းကိုသာရရှိပါက သိုင်းလောက၏ပထမနေရာမှာ စိတ်ကူးယဉ်သက်သက်သာမဟုတ်တော့ပေ။
“ မင်းတို့အနက်ရောင်သိုင်းသမားတွေလက်မလျော့ကြသေးဘူးလား ။ အခုနေသာ ငါတို့အဖြူရောင်သိုင်းလောကသားတွေရောက်လာရင် မင်းတို့သေချာပေါက်သတ်ဖြတ်ခံရမှာ…”
ချုံယန်းဂိုဏ်းချုပ်က တင်းမာသည့်လေသံဖြင့်ခြိမ်းခြောက်လိုက်ရင်း သူ၏မျက်လုံးများကကြာနီအဖွဲ့ခေါင်းဆောင်ဆီသို့ကျရောက်နေသည် ။
စင်စစ် သူ၏စကားက တစ်ဖက်အဖွဲ့ကိုလက်လျော့ရန်အကြံပြုခြင်းဖြစ်ရုံသာမက ယခုအတိုင်းသာဆက်သွားပါက သူ၏ဂိုဏ်းသားများလည်းအသက်ရှင်နိုင်ရန်မလွယ်ကူသည်ကိုရိပ်မိနေ၍ဖြစ်သည် ။
သို့သော် အနက်ရောင်သိုင်းလောကတွင်နှစ်များစွာကျင်လည်ခဲ့သည့်ကြာနီအဖွဲ့ခေါင်းဆောင်က ချုံယန်းဂိုဏ်းချုပ်၏လှည့်ကွက်ကိုမည်သို့မမြင်ဘဲနေမည်နည်း ။
“ ဖွီ…အဖြုရောင်သိုင်းလောကသားဟုတ်လား ။ အသံကောင်းမဟစ်ချင်စမ်းပါနဲ့။ ဒီရက်တွေထဲမှာ မင်းတို့လက်ထဲသေဆုံးသွားရတဲ့အဖြူရောင်သိုင်းသမားတွေဘယ်နှစ်ယောက်ရှိနေပြီလဲ ။
နေလသိုင်းကျမ်းအတွက်မင်းတို့အချင်းချင်းလည်းသတ်ဖြတ်နေတာကို ငါမမြင်ဘူးထင်နေတာလား …
မင်းတို့ကိုငါက ခွေးချေးလောက်တောင်အထင်မကြီးဘူး …”
ကြာနီအဖွဲ့ခေါင်းဆောင်က တံတွေးတစ်ချက်ထွေး၍ ရွံ့ရှာသည့်ဟန်ဖြင့်ပြောလိုက်သည့်အတွက် ချုံယန်းဂိုဏ်းချုပ်မှာ အနာပေါ်တုတ်ကျဖြစ်သွားပြီး သူ၏မျက်နှာကကြောက်မက်ဖွယ်ကောင်းလာသည်။။
ကြာနီအဖွဲ့ခေါင်းဆောင်ပြောသွားသည်ကလည်းအမှန်ပင်ဖြစ်ပြီး ချုံယန်းဂိုဏ်းက သူတို့၏အကြီးအကဲနတ်ပုလွေသတ်ဖြတ်ခံရသည်ကိုအကြောင်းပြကာ သိုင်းကျမ်းလုပွဲတွင်ပါဝင်ခဲ့ခြင်းဖြစ်သည် ။
ထို့နောက်တွင်သိုင်းကျမ်းကိုရရှိရန် အနက်ရောင်သိုင်းလောကသားများကိုသာမက သူတို့၏လမ်း၌ပိတ်နေသည့်အဖြူရောင်သိုင်းသမားများကိုပါမချန်ရှင်းလင်းခဲ့သည်။။
ဂိုဏ်းအဖွဲ့မရှိဘဲအင်အားနည်းပါးသည့်သိုင်းသမားအများစုက ချုံယန်းဂိုဏ်းလိုအင်အားတောင့်တင်းလှသည့်အဖွဲ့အစည်းတစ်ခုကိုမည်သို့ယှဉ်နိုင်ပါမည်နည်း ။
ဂိုဏ်းခေါင်းဆောင်များကိုဖယ်ထားပါက ကြာနီဂိုဏ်း၏အင်အားမှာ ထိပ်တန်းအဆင့်သိုင်းသမားသုံးယောက်နှင့်အဆင့်လွန်ထိပ်သီးဆယ်ယောက်ခန့်ရှိသည် ။
ချုံယန်းဂိုဏ်း၏ဘက်တွင်မူ ထိပ်တန်းအဆင့်သိုင်းသမားရှစ်ယောက်နှင့် အဆင့်လွန်ထိပ်သီးနှစ်ယောက်သာကျန်ရှိတော့၍ သူတို့၏အင်အားကနည်းပါးနေသည်ဟုဆိုနိုင်သော်လည်း ချုံယန်းဂိုဏ်းချုပ်မှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ယောက်ဖြစ်၏။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဆိုသည်မှာ အတွင်းအားကသာမန်သိုင်းဝိဇ္ဇာတစ်ယောက်၏အဆင့်ရှိသော်လည်း သိုင်းပညာအပေါ်ထိုးထွင်းသိမြင်မှုအားနည်းသည့်အဆင့်လွန်ထိပ်သီးပင်ဖြစ်သည် ။
ထိုလူများမှာ အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ထက်များစွာအားနည်းသော်လည်း အဆင့်လွန်ထိပ်သီးများထက်ပို၍သာလွန်ပေသည်။
ထို့ကြောင့်သူတို့နှစ်ဘက်၏အင်အားမှာ တူညီနေသည်ဟုဆိုနိုင်ပြီး သူသေကိုယ်သေဆုံးဖြတ်၍တိုက်ခိုက်ကြပါကမညါသူအနိုင်ရမည်ကိုပြောရခက်လှ၏။
ဂိုဏ်းခေါင်းဆောင်များကလည်း ထိုအချက်ကိုသိရှိ၍ အဆုံးသတ်တိုက်ပွဲဆင်နွဲရန် ချီတုံချီချဖြစ်နေကြခြင်းပင်။
သို့သော်နှစ်ဘက်စလုံးက ကြီးမားစွာရင်းနှီးထားရ၍ နေလသိုင်းကျမ်းကိုအရယူရန်ဆုံးဖြတ်ထားကြပြီးဖြစ်သည်။ ။
ကြာနီဂိုဏ်းခေါင်းဆောင်က ဆိုင်ထဲတွင်ပြန့်ကျဲနေသည့်အလောင်းများကိုဝေ့ကြည့်ရင်းဥာဏ်များသည့်အပြုံးဖြင့်ဆိုလိုက်သည်။
“ ပြီးတော့ ဒီဆိုင်ထဲမှာသေသွားတဲ့လူတွေရဲ့သုံးပုံတစ်ပုံကအဖြူရောင်သိုင်းလောကသားတွေ သူတို့သာချုံယန်းဂိုဏ်းရဲ့လက်ချက်ကြောင့်သေသွားတာကို သိုင်းလောကသားတွေသိသွားရင် မင်းရဲ့ဂိုဏ်းက ဆက်ပြီးတည်ရှိမနေမှာကို ငါသံသယဖြစ်မိတယ်…”
ကြာနီအဖွဲ့ခေါင်းဆောင်၏စကားက ချုံယန်းဂိုဏ်းချုပ်၏စိုးရိမ်မှုကိုတိုက်ရိုက်ထိမှန်သွားသည် ။
မှန်ပေသည်။
ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့်သိုင်းကျမ်းလုပွဲတွင် အဖြူရောင်သိုင်းလောကသားများစွာပါ၍ လူရာနှင့်ချီသေဆုံးပြီးဖြစ်သော်လည်း ထိုအထဲတွင်ပါဝင်သည့်ချုံယန်းဂိုဏ်းလို ကျော်ကြားသည့် ပထမတန်းစားအင်အားစုများကားနည်းပါးလှသည်။
သိုင်းလောက၏ထိပ်တန်းအင်အားစုကြီးများမှာ သိုင်းကျမ်းလုပွဲတွင်မပါဝင်ကြဘဲ သူတို့၏နက်ရှိုင်းသည့်အရင်းအမြစ်များဖြင့်ဆိုလျှင် ထိုသိုင်းကျမ်းကိုများစွာစိတ်ဝင်စားစရာမရှိပေ။
အကယ်၍ ထိုသိုင်းကျမ်းကသာ နေလသိုင်းကျမ်းဖြစ်သည်ဟုရာနှုန်းပြည့်သေချာပါက ထိုအင်အားစုကြီးများပါဝင်ကောင်း ပါဝင်လာမည်ဖြစ်သော်လည်း ယခုအခါထိုသိုင်းကျမ်းက နေလသိုင်းကျမ်းဖြစ်ကြောင်းမည်သူမှ တရားသေမပြောနိုင်ဘဲ အခြားထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်သည်ဟုလည်းထင်ကြေးပေးထား၍ သူတို့အနေဖြင့်ဝင်မပါခြင်းဖြစ်သည် ။
ထိပ်တန်းအင်အားစုကြီးများမှာ နက်ရှိုင်းသည့်အခြေခံအုတ်မြစ်ရှိပြီးသူတို့ထံတွင်ထိပ်တန်းအဆင့်သိုင်းပညာများလည်းရှားပါးမနေပေ။
သို့သော် ချုံယန်းဂိုဏ်းလိုပထမတန်းစားအင်အားစုများနှင့် အခြားဂိုဏ်းအဖွဲ့ငယ်များ ၊ တစ်ကိုယ်တော်သိုင်းသမားအတွက်ကား ပိုင်ရှင်မဲ့နေသည့်ထိပ်တန်းအဆင့်သိုင်းပညာကလွန်စွာတန်ဖိုးကြီးနေပြီး နေလသိုင်းကျမ်းမဟုတ်လျှင်ပင် သူတို့အနေဖြင့်အရယူကြပေမည်။
“ သတ်…”
ချုံယန်းဂိုဏ်းချုပ်က စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့်ကျယ်လောင်စွာအော်ဟစ်ကာ ကြာနီအဖွဲ့ခေါင်းဆောင်ဆီသို့လှစ်ခနဲခုန်ဝင်သွားတော့သည်။
နေလသိုင်းကျမ်းကိူအရယူနိုင်ရန်ဖြစ်စေ ဤနေရာမှသတင်းမပေါက်ကြားစေရန်ဖြစ်စေ ထိုလူများကိုသူသုတ်သင်မှရပေမည်။
ကြာနီအဖွဲ့ခေါင်းဆောင်ကလည်း ပြိုင်ဘက်၏လှုပ်ရှားမှုများကိုသတိကြီးစွာစောင့်ကြည့်နေ၍ ချုံယန်းဂိုဏ်းချုပ်လှုပ်ရှားလာသည်နှင့် ချက်ခြင်းခုခံတိုက်ခိုက်လိုက်သည်။။
သူတို့၏ဂိုဏ်းချုပ်လှုပ်ရှားလာသည်နှင့်ကျန်ဂိုဏ်းသားများကပြေးဝင်တိုက်ခိုက်လိုက်ကြသလို ကြာနီအဖွဲ့သားများကလည်း လက်နက်ကိုယ်စီဖြင့် တိုက်ခိုက်လိုက်ကြသည်။
ဤသို့ဖြင့် တခဏခန့်ငြိမ်သက်ခဲ့သည့်ဆိုင်ငယ်လေးထဲရှိတိုက်ပွဲက နောက်တစ်ကြိမ်အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေကာ အဆုံးသတ်တိုက်ပွဲဖြစ်၍ အစောပိုင်းကတိုက်ပွဲထက်ပင်ပို၍ကြောက်မက်ဖွယ်ကောင်းနေသည် ။