နောက်ကွယ်မှ လူ
Vol. 1 Ch. 61
ချုံယန်းဂိုဏ်းချုပ်မှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပီသစွာလွန်စွာအစွမ်းထက်လှပြီး သူတစ်ဦးထဲဖြင့် ကြာနီအဖွဲ့ခေါင်းဆောင်နှင့် အခြားအဆင့်လွန်ထိပ်သီးတစ်ဦးကိုယှဉ်ပြိုင်တိုက်ခိုက်နေသည်။
နှစ်ယောက်တစ်ယောက်တိုက်ပွဲဖြစ်သည့်တိုင် ချုံယန်းဂိုဏ်းချုပ်က အသာစီးရနေသလို သူ၏ဂိုဏ်းသားများကလည်းစနစ်တကျလေ့ကျင့်ထားကြသူများဖြစ်၍ အနက်ရောင်သိုင်းသမားအများစုဖြင့်စုဖွဲ့ထားသည့် ကြာနီအဖွဲ့သားများမှာ တဖြေးဖြေးအရေးနိမ့်လာကြသည်။
ထိုအခိုက် ချုံယန်းဂိုဏ်းချုပ်မှာ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်မိ၍ တိုက်ခိုက်နေရာမှအလျှင်အမြန်နောက်ဆုတ်၍လှည့်ကြည့်လိုက်ရာ သူ့ကိုအလစ်ဝင်ရောက်တိုက်ခိုက်သည့် ချုံယန်းဂိုဏ်းသားတစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။
သူ့ကိုအလစ်ဝင်တိုက်သည့်လူက သူ၏ဂိုဏ်းသားတစ်ဦးဖြစ်နေ၍ ချုံယန်းဂိုဏ်းချုပ်မှာ ဒေါသအပြင်းအထန်ထွက်လာပြီး သူ၏လက်ဝါးတွင်အတွင်းအားများစုစည်း၍ကြာနီဂိုဏ်းချုပ်နှင့်သူ၏လူကို အပြင်းအထန်တိုက်ခိုက်လိုက်သည် ။
ကြာနီအဖွဲ့ခေါင်းဆောင်မှာ ပြိုင်ဘက်၏အကြပ်အကျဥ်းကိုအခွင့်ကောင်းယူလိုသော်လည်း ချုံယန်းဂိုဏ်းချုပ်၏ပြင်းထန်လှသည့်လက်ဝါးရိုက်ချက်များကြောင့်မတတ်သာဘဲနောက်ဆုတ်ပေးလိုက်ရသည် ။
ထိုစဉ် ချုံယန်းဂိုဏ်းချုပ်ကနောက်သို့ချက်ခြင်းလှည့်ကာ သူ့ကိုအလစ်ဝင်တိုက်သည့်ဂိုဏ်းသားအား အားကုန်ရိုက်ထုတ်လိုက်သည်။
“ ဝုန်း…”
လက်ဝါးနှစ်ဘက်ထိတ်တိုက်တွေ့ဆုံသွားပြီး ကျယ်လောင်လှသည့်မည်သံကြီးက ဆိုင်တစ်ခုလုံးကိုပင်တုန်ဟည်းသွားစေနိုင်သည်။
အားကောင်းသည့်အတွင်းအားလှိုင်းများကဘေးဘက်သို့ပင်လွင့်ပျံ့လာ၍ ဆိုင်ထဲရှိလူတိုင်းအလန့်တကြားဖြစ်သွားကြသည် ။။
သူတို့၏အနီးဝန်းကျင်မှခုံအကျိုးအပဲ့များက အားလှိုင်းဒဏ်ကြောင့် ဘေးဘက်သို့လွင့်စင်ကုန်ရာ အနီးရှိလူများလည်း အလျှင်အမြန်ရှောင်တိမ်းလိုက်ကြရပြီး သူတို့၏တိုက်ပွဲများပင် ခေတ္တရပ်တန့်သွားရသည် ။
အပြင်းအထန်တိုက်ခိုက်နေကြသည့်ကျန်လူများလည်း သူတို့၏တိုက်ပွဲများကိုအလိုလိုရပ်တန့်မိကာ ဆိုင်အလယ်သို့တုန်လှုပ်စွာကြည့်လိုက်မိသည်။
ချုံယန်းဂိုဏ်းချုပ်မှာ သူ၏နေရာတွင်တင်းမာခတ်ထန်သည့်မျက်နှာဖြင့်ရပ်နေပြီး သူ့ကိုအလစ်ဝင်တိုက်သည့်ဂိုဏ်းသားကား ခြေလှမ်းအတော်များများနောက်ဆုတ်သွားသည်ကို သူတို့တွေ့လိုက်ကြရ၏ ။
ချုံယန်းဂိုဏ်းချုပ်မှာ အလစ်ဝင်တိုက်သည့်ဂိုဏ်းသား၏လက်ဝါးကိုအချိန်မီကာကွယ်နိုင်လိုက်၍ စိတ်သက်သာရာရသွားသည်။။
သို့သော် ထိုဂိုဏ်းသား၏မျက်နှာထက်တွင်ထူးဆန်းသည့်အပြုံးတစ်ခုရှိနေသလို အန္တရာယ်အငွေ့အသက်ကပျောက်ကွယ်သွားခြင်းမရှိဘဲ ပို၍ပြင်းထန်လာသည့်အတွက် သူ၏စိန်ထဲတွင်ထိတ်လန့်သွားကာ ဘေးဘက်သိူ့အလျှင်အမြန်ခုန်ဆုတ်လိုက်သည် ။
“ ရွှပ်….”
တောက်ပသည့်အလင်း တစ်ချက်လက်သွားသည်ကို ဆိူင်ထဲရှိလူအားလုံးတွေ့မြင်လိုက်ရပြီး ချုံယန်းဂိုဏ်းချုပ်၏လည်ပင်းကို အေးစက်သည့်ဓားသွားတစ်ခုကပိုင်းဖြတ်သွားသည်။
လျှပ်မြန်သည် ။
ထိုဓားချက်ကိုဖော်ပြပါက လျှင်မြန်လှသည်ဟုဆိုနိုင်ပြီး တိကျသည့်အချိန်ကိုက်လုပ်ကြံမှုက ကြည့်ရှုနေကြသူများကိုပင်ပါးစပ်အဟောင်းသားဖြစ်သွားစေသည် ။
ချုံယန်းဂိုဏ်းချုပ်မှာ ချက်ခြင်းရှောင်တိမ်းခဲ့သည့်တိုင် ဓားချက်ကိုမရှောင်တိမ်းနိူင်ဘဲ သူ့တစ်ကိုယ်လုံးရှိအားအင်များလျော့ပါးသွားသည်ဟုခံစားမ်ိလိုက်ပြီး သူ၏ခန္တာကိုယ်ကြီးက အနည်းငယ်ခွေညွှတ်သွားသည်။
“ မင်း…မင်းဘယ်သူလဲ…”
ချုံယန်းဂိုဏ်းချုပ်မှာ စားပွဲတစ်လုံးကို အားပြု၍ရပ်နေရင်း အစောပိုင်းက သူရှိနေသည့်နေရာတွင်ရပ်နေသည့်လူကိုကြည့်၍ တုန်လှုပ်စွာမေးလိုက်သည် ။
ထိုနေရာတွင်ရပ်နေသူက အေးစက်စက်မျက်နှာရှိသည့်လူရွယ်တစ်ယောက်ဖြစ်ကာ သူ၏လက်ထဲတွင် သွေးစွန်းနေသည့်ဓားရှည်ကိုကိုင်ဆောင်ထားသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့်ထိုလူရွယ်က ချုံယန်းဂိုဏ်း၏ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏မျက်နှာက ယခုအခါ အေးစက်တည်ငြိမ်လှသည် ။
လူရွယ်၏မျက်လုံးများက စူးရှလှပြီး သူ၏အကြည့်က ဝံပုလွေတစ်ကောင်လိုဖြစ်သည်။ ချုံယန်းဂိုဏ်းချုပ်၏မေးခွန်းကြောင့် လူရွယ်၏နှုတ်ခမ်းကအနည်းငယ်မြင့်တက်လာပြီးရက်စက်သည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။ ။
ထိုအပြုံးကြောင့်ပင် ချုံယန်းဂိုဏ်းချုပ်မှာ ထိုလူရွယ်မည်သူမည်ဝါဖြစ်သွားသည်ကိုပြန်၍မှတ်မိသွားသည်။။
အစောပိုင်းက သူ့ကိူအလစ်ဝင်တိုက်သည့်ဂိုဏ်းသားက သူ၏ဂိုဏ်းမှလူမဟုတ်သလို ဓားသမားလူရွယ်သည်လည်း ယခင်ကသူတွေ့ဖူးသည့်လွန်စွာကြောက်စရာကောင်းသူတစ်ယောက်ဖြစ်သည်။
“ မင်းက င ..ငရဲဓား…”
ချုံယန်းဂိုဏ်းချုပ်၏မျက်နှာကဆိုးရွာစွာပျက်ယွင်းနေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်ရေရွတ်ကာ သူ၏လည်ပင်းကိုဆုပ်ကိုင်ထားသည့်လက်ကြားမှသွေးများစီးကျလာပြီး ဝုန်းခနဲလဲကျသွားတော့သည်။
“ ဂိုဏ်းချုပ်….”
ချုံယန်းဂိုဏ်းသားများက သူတို့၏ဂိုဏ်းချုပ်ကိုပြေး၍ပွေ့ထူလိုက်ကြသော်လည်း ချုံယန်းဂိုဏ်းချုပ်မှာ အသက်မရှိတော့ပြီဖြစ်သည်။
ကျန်ရှိနေသည့်ဂိုဏ်းသားများက သူတို့၏ဂိုဏ်းချုပ်ကိုလုပ်ကြံသတ်ဖြတ်ခဲ့သည့်ဓားသမားကိုဒေါသတကြီးကြည့်လိုက်ကြသော်လည်း မည်သူမှရှေ့မထွက်ဝံ့ကြပေ။
သူတို့ထက်သိုင်းပညာများစွာမြင့်မားသည့်ဂိုဏ်းချုပ်ပင်သတ်ဖြတ်ခံရပြီဖြစ်ရာ ကျန်လူများမှာ ထိုလူရွယ့်ကိုမည်သူမှရင်မဆိုင်ရဲကြခြင်းဖြစ်သည် ။
ပုံမှန်ဆိုလျှင် ထိုလူရွယ်က အေးဆေးတိတ်ဆိတ်သော်လည်း ယခုအခါ သူ၏ပုံစံကများစွာပြောင်းလဲနေပြီး သူတို့၏ဂိုဏ်းချုပ်ကိုပင်ပြန်၍လုပ်ကြံသတ်ဖြတ်ခဲ့သည် ။
“ မင်းဘယ်လိုလုပ်လိုက်တာလဲ…”
ဓားသမားနှင့်ရင်းနှီးသည့် ဂိုဏ်းသားတစ်ယောက်က တင်းမာသည့်လေသံဖြင့်မေးလိုက်သော်လည်း ဓားသမားလူရွယ်ကအဖြေမပေးဘဲ အေးစက်စက်ကြည့်လိုက်သည် ။
ထိုစဉ် ကျယ်လောင်သည့်ညည်းတွားသံကထွက်ပေါ်လာသည်။။
“ အား…သိုင်းဝိဇ္ဇာအဆင့်အတွင်းအားက ဖြုံလောက်စရာပါလား…”
အစောပိုင်းက ချုံယန်းဂိုဏ်းချုပ်ကိူအလစ်ဝင်တိုက်ပြီး ပြင်းထန်သည့်လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ဆုတ်ပေးခဲ့ရသည့်ဂိုဏ်းသားက ရှေ့သို့လျှောက်လာပြီး သူ၏မျက်နှာကိုပွတ်သတ်၍ရေရွတ်လိုက်ခြင်းဖြစ်သည် ။
သူ၏မျက်နှာက ဖြူဖျော့နေပြီး အစောပိုင်းကထိတ်တိုက်တွေ့ဆုံမှူတွင် အတွင်းဒဏ်ရာအပြင်းအထန်ရရှိကြောင်းသိသာနေသည့်တိုင် အပြုံးတစ်ခုရှိနေသည် ။
“ အမှောင်လက်ဝါးဝမ်းတ…”
ထိုဂိုဏ်းသား၏ရုပ်ရည်ကပြောင်းလဲသွားပြီး အသက်နှစ်ဆယ်ကျော်ခန့်ရှိမည့်လူရွယ်တစ်ယောက်၏မျက်နှာထွက်ပေါ်လာ၍ ကျန်လူများထိတ်လန့်တကြားရေရွတ်လိုက်မိကြသည်။
မှန်ပေသည် ။
ထိုလူရွယ်က အမှောင်လက်ဝါးဝမ်းတဖြစ်ပြီးသူ၏အလစ်ဝင်တိုက်မှုကြောင့် ဓားသမားလူရွယ်က ချုံယန်းဂိုဏ်းချုပ်ကိုသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည် ။
ဤသို့ဆိုလျှင် အေးစက်စက်ပုံစံရှိသည့်ဓားသမားလူရွယ်က မည်သူမည်ဝါဖြစ်သည်ကို သူတို့ခန့်မှန်းနေစရာပင်မလိုတော့ပေ။
ငရဲဓားဝမ်းတုနှင့်အမှောင်လက်ဝါးဝမ်းတ
ယခုရက်ပိုင်းတွင် ဟိုးလေးတကျော်ကျော်ဖြစ်နေသည့်ထိုလူရွယ်နှစ်ယောက်က သူတို့၏မျက်စေ့ရှေ့သို့ရောက်ရှိနေသည် ။
ဝမ်းတုနှင့်ဝမ်းတမှာ နေလသိုင်းကျမ်းအရှုပ်တော်ပုံကိုစတင်ဖြစ်ပေါ်ခဲ့သူများဖြစ်သလို ကျန်းနန်တွင် နဂါးစိမ်းဂိုဏ်းခွဲတစ်ခုလုံးကိုသုတ်သင်ခဲ့သူများလည်းဖြစ်ကြ၏ ။
ထို့ကြောင့်ပင် သူတိူ့နှစ်ယောက် နဂါးစိမ်းဂိုဏ်း၏အလိုအရှိဆုံးစာရင်းအနီရောင်အဆင့်သို့ရောက်ရှိသွားရုံသာမက သူတို့ကိုဖမ်းဆီသတ်ဖြတ်နိုင်ပါက လွန်စွာကောင်းမွန်လှသည့်ဆုလာဒ်များကိုပင်ရရှိမည်ဖြစ်သည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် သိုင်းလောကသားအတော်များများသူတို့ကိုအပူတပြင်းရှာဖွေနေကြစဉ် ထိုနှစ်ယောက်က ချုံယန်းဂိုဏ်းသားနှစ်ယောက်ပုံသဏ္ဍန်ရုပ်ဖျက်၍ သိုင်းကျမ်း၏နောက်သို့တစ်ချိန်လုံးလိုက်နေခြင်းဖြစ်ပေသည်။
သိုင်းလောကသားအားလုံးက သူတို့ကိုလိုက်ရှာနေကြစဉ် ဝမ်းတနှင့်ဝမ်းတုမှာ ချုံယန်းဂိုဏ်းသားနှစ်ယောက်ကိုဖမ်းဆီးသတ်ဖြတ်၍ သူတို့အယောင်ဆောင်ကာ ရိုးရှင်းစွာကိုယ်ယောင်ဖျောက်နေခြင်းဖြစ်၏ ။
ပုံမှန်အချိန်များတွင် ကျန်လူများက သူတို့၏မတူညီမှုများကိုသေချာပေါက်သိရှိကြမည်ဖြစ်သော်လည်း ယခုရက်များက သိုင်းကျမ်း၏နောက်သို့သဲကြီးမဲကြိးလိုက်နေကာ တိုက်ပွဲပေါင်းများစွာတိုက်ခိုက်နေရ၍ သူတို့နှစ်ယောက်ကိုမည်သူမှသတ်မထားမိကြခြင်းဖြစ်သည်။။
ထိုစဉ် ငရဲဓားဝမ်းတုက ချုံယန်းဂိုဏ်းသားများကိုဂရုမစိုက်တော့ဘဲ ရုပ်ဖျက်ထားသည်များကို အေးဆေးစွာပယ်ဖျက်ရင်း ကြာနီအဖွဲ့ခေါင်းဆောင်ကို အေးစက်စွာဖြင့်စိုက်ကြည့်လိုက်သည်။
ဝမ်းတု၏အကြည့်ကြောင့် အဖြစ်အပျက်များကိုအံ့အားသင့်နေသည့် ကြာနီအဖွဲ့ခေါင်းဆောင်မှာ တုန်လှုပ်သွားပြီး ချက်ခြင်းဦးညွှတ်အရိုအသေပေးလိုက်သည် ။
“ အာဏာရှင်နှစ်ယောက်ကို ကျုပ်နှုတ်ဆက်ပါတယ်…”
အစောပိုင်းကဖြစ်ရပ်များကြောင့် တုန်လှုပ်မှုမပျယ်သေးသည့်သိုင်းသမားများကား ယခုအဖြစ်အပျက်ကြောင့် ကျောက်ရုပ်များသဖွယ်ဖြစ်သွားကြ၏။
ဝမ်းတနှင့်ဝမ်းတုကား ထိုလူ၏လုပ်ရပ်ကိုအံ့အားသင့်ခြင်းမရှိဘဲ ဝမ်းတကပြုံး၍မေးလိုက်သည် ။
“ ခင်ဗျားဒီနေ့လုပ်ခဲ့တာတွေကဘယ်လောက်ရူးမိုက်လဲနားလည်လား ။ ဘာမဟုတ်တဲ့သိုင်းကျမ်းအတွက် ကိုယ့်ရဲ့အင်အားကိုအများကြီးအထိခိုက်ခံခဲ့တယ်
သိုင်းကျမ်းကိုရတော့ရော ခင်ဗျားတို့လက်ထဲကနေ တခြားလူတွေက ပြန်ပြီးလုယူဖို့ကြိုးစားကြဦးမှာပဲ အခုလို ဉာဏ်မရှိတဲ့လုပ်ရပ်က သိပ်ပြီးစိတ်ပျက်ဖို့ကောင်းတယ်။ ဒီအကြောင်းကို ဆရာသာသိသွားရင်မလွယ်ဘူး .."
ဝမ်းတ၏လေသံကများစွာတင်းမာခြင်းမရှိသော်လည်း ကြာနီဂိုဏ်းခေါင်းဆောင်မှာ အနည်းငယ်တုန်ယင်သွားသည် ။
အမြဲလိုလိုအေးစက်တည်ကြည်ပြီးရက်စက်သည့်ဝမ်းတုထက် ပြုံးနေသည့်ဝမ်းတ၏နည်းလမ်းများကအဆများစွာပို၍ကြောက်မက်ဖွယ်ကောင်းသည်ကိုသူကောင်းစွာနားလည်ထားသည်။။
ထို့ကြောင့် ချက်ခြင်းပင်အကြိမ်ကြိမ်ဦးညွှတ်၍ တောင်းပန်စကားဆိုလိုက်သည်။
“ ကျေးဇူးပြုပြီး ဒီအကြောင်းတွေကို သခင်ကြီးကိုပြန်မပြောလိုက်ပါနဲ့။ ဆုံးရှုံးသွားတဲ့အင်အားတွေကိုနှစ်ဝက်အတွင်းပြန်ပြည့်စေရမယ်လို့ကျုပ်ကတိပေးပါတယ်။။
ကျေးဇူးပြုပြီး အခွင့်အရေးတစ်ကြိမ်လောက်ပေးပါဦး…”
ကြာနီအဖွဲ့ခေါင်းဆောင်၏ပုံစံက သူ၏စကားထဲတွင်ပါဝင်သည့် သခင်ကြီးဆိုသူကို လွန်စွာကြောက်လန့်ဟန်တူပြီး သူတို့ခေါင်းဆောင်၏သေးထွက်မတတ်တုန်လှူပ်နေပုံကိုကြည့်၍ အံ့ဩဆွံ့အနေကြ၏ ။
ထိုလူ၏ရိုကျိုးသည့်တောင်းပန်မှုကြောင့် ဝမ်းတလည်း အေးစက်စက်ပုံစံဖြင့်ရှိနေသည့်ဝမ်းတုကိုတစ်ချက်ကြည့်ကာ ဝမ်းတုကခေါင်းညိမ့်ပြသည်ကိုတွေ့လိုက်၍ သူလည်းသက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည် ။
“ ကောင်းပြီလေ ဒီတစ်ကြိမ်တော့ ဆရာ့ကိုကျုပ်တို့ပြောပေးမယ်ပြီးတော့ ခင်ဗျားတို့အားလုံးရဲ့လှုပ်ရှားမှုတွေကိုကျုပ်တို့ဆရာက ကောင်းကောင်းကြီးသိထားတယ်ဆိုတာ အမြဲတမ်းသိထားပါ…”
ဝမ်းတ၏စကားကြောင့်ကြာနီအဖွဲ့ခေါင်းဆောင်က သေတွင်းထဲမှလက်မတင်လေးလွတ်မြောက်လာသလိုခံစားလိုက်မိပြီး ကျေးဇူးတင်စကားအဆက်မပြက်ဆိုလိုက်ကာ သူ၏နောက်ကျောတွင်မူ ချွေးများစိုရွှဲနေသည် ။
ကြာနီအဖွဲ့ခေါင်းဆောင်မှာ အစွမ်းထက်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သော်လည်း ယခုလိုလွန်စွာကြောက်လန့်နေရသည်က အကြောင်းရင်းရှိပေသည် ။
ဝမ်းတနှင့်ဝမ်းတုတို့၏ဆရာကမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကောင်းစွာသိနေပြီး ထိုပုဂ္ဂိုလ်၏သိုင်းပညာက သူမြင်တွေ့ဖူးသမျှလူများထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည့်အပြင်ထိုလူ၏အင်အားက လွန်စွာမှကြောက်မက်ဖွယ်ကောင်းလှ၏ ။