အဆုံးသတ်
Vol. 1 Ch. 64
ဝမ်းတ၏စကားက ဆိုင်ထဲရှိသိုင်းသမားအားလုံး၏နားထဲသို့ ကြောက်မက်ဖွယ်ကောင်းစွာဝင်ရောက်သွားသည်။
သူ၏လေသံက တင်းမာခတ်ထန်ခြင်းမရှိသည့်အပြင် မိတ်ဆွေတစ်ဦး၏လေသံကဲ့သို့နွေးထွေးလှ၏။
သို့သော် ချုံယန်းဂိုဏ်းမှအဆင့်လွန်ထိပ်သီး၏အဖြစ်ကိုမြင်တွေ့နေရသည့်လူများကား ဝမ်းတ၏နွေးထွေးသည့်စကားသံကို တစ္ဆေတစ်ကောင်၏အော်မည်သံအလား တုန်လှုပ်ချောက်ခြားသွားမိကြ၏။
သွေးများပေလူးနေသည့်ကြမ်းပြင်ထက်တွင် လဲကျနေသည့်လူ၏ခန္တာကိုယ်ကတွန့်လိန်နေသည် ။
ထိုလူက အစွမ်းထက်သိုင်းသမားတစ်ဦးဖြစ်၍ သေခြင်းရှင်ခြင်းတိုက်ပွဲများကိုဖြတ်ကျော်ဖူးပြီး စိတ်ဓာတ်ခိုင်မာသူတစ်ဦးဟုဆိုနိုင်သည့်တိုင် ယခုအခါ သူ၏မျက်လုံးထဲမှမျက်ရည်များအဆက်မပြက်ကျဆင်းနေပြီး နှုတ်ခမ်းတို့ကလည်း တဆက်ဆက်တုန်ရီနေသည်။
အနည်းငယ်တွန့်လိန့်သည့်ပုံစံဖြင့်ရှိနေသည့်သူ့ခန္တာကိုယ်ရှိအရိုးတို့က ထူးဆန်းသည့်ပုံသဏ္ဍာန်သို့ပြောင်းလဲနေကာ သာမန်လူများမလုပ်နိုင်သည့်အနေအထားသို့ပင်ရောက်ရှိလာသည်။။
လွန်စွာဆိုးရွားလှသည့်ဝေဒနာကိုခံစားနေရသည့်တိုင် သူ၏နှုတ်မှအသံတစ်စက်ကလေးမှမထွက်နိုင်၍ ပုံပျက်ပန်းပျက်မျက်နှာကြီးဖြင့်ရှိနေပေသည်။။
ထိုလူ၏အဖြစ်က သေသည်ထက်ပင်ဆိုးသည်ဘဝဟုဆိုနိုင်သည်။
ကြာနီအဖွဲ့သားများမှာ ချုံယန်းဂိုဏ်းမှလူ၏အဖြစ်ကိုကြည့်ရင်း ဝမ်းတအပေါ်ထိတ်လန့်ကြောက်ရွံ့စိတ်များကဆထက်တန်ပိုးတိုးပွားလာတော့သည်။
ဝမ်းတမည်သို့ပြုလုပ်ခဲ့သည်မသိသော်လည်း ထိုလူ၏ဝေဒနာက လွန်စွာဆိုးရွားမည်ဖြစ်ကြောင်းကောင်းစွာခန့်မှန်းမိနိုင်ကာ သူတို့ပင်ယခုလိုမျိုးသိရှိနေရာ ကိုယ်တိုင်ခံစားနေရသည့်ထိုလူမှာမည်သို့ရှိမည်ကိုတွေးတောကြည့်၍ပင်မသင့်လျော်ပေ။
ထို့အပြင် ထိုလူ့ကိုနှိပ်စက်ခြင်းမပြုမီက ဝမ်းတပြောခဲ့သည့်စကားကိုလည်းပြန်၍တွေးတောမိလာသည် ။
“ ချိုမြိန်သော သေဆုံးခြင်း…”
ထိုနာမည်ကိုပြန်၍တွေးမိသည်နှင့် ကြာနီအဖွဲ့သားများမှာ ဝမ်းတ၏အနီးမှအလိုလိုပင်နောက်ဆုတ်လိုက်မိကြ၏ ။
ဝမ်းတကား ကြာနီအဖွဲ့သားများ၏အပြုအမူကိုကြည့်၍ သဘောကျစွာရယ်မောရင်း ပြောလိုက်သည် ။
“ ငါတို့နှစ်ယောက်နဲ့မင်းတို့ခေါငးဆောင်ဘယ်လိုပတ်သတ်နေတာလဲမသိချင်နဲ့။ မင်းတို့လုပ်ရမှာက မင်းတို့ခေါင်းဆောင်ရဲ့စကားကို တသဝေမတိမ်းလိုက်နာရုံပဲ ။
မဟုတ်ရင် ဒီနည်းလမ်းကို သုံးဆယ့်ခုနစ်ယောက်မြောက်အဖြစ်ခံစားရမယ့်လူက မင်းတို့ထဲကဖြစ်သွားနိူင်တယ်…”
ဝမ်းတက အေးဆေးသည့်လေသံဖြင့်ပြောရင်း ကြာနီအဖွဲ့သားများကိုဝေ့ကြည့်လိုက်သည် ။
ကြာနီအဖွဲ့သားများထဲတွင် လူကောင်းဟူ၍တစ်ယောက်မှမပါဘဲ အနည်းနှင့်အများဆိုးသွမ်းရက်စက်သူများဖြစ်သည့်တိူင် ယခုအချိန်တွင် အသံတစ်စက်ကလေးမှမထွက်ဝံ့သည့်အပြင် ဝမ်းတ၏အကြည့်ရောက်လာသည့်အခါ အလိုလိုပင်ခေါင်းငုံ့သွားမိကြ၏ ။
ချုံယန်းဂိုဏ်းမှသိုင်းထိပ်သီးကိုလုပ်ပြသည့်လုပ်ရပ်က ထိုလူ့ကိုနှိပ်စက်လိုရုံသက်သက်မဟုတ်ဘဲ သူတို့ကိုပါနမူနာပြ၍ချိန်းခြောက်ခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာသိရှိကြသည် ။
သို့သော် အစောပိုင်းကပင် ဝမ်းတနှင့်ဝမ်းတု၏ဂုဏ်သတင်းကြောင့် ထိတ်လန့်တုန်လှုပ်နေမိရာ ယခုလိုလူမဆန်သည့်ရက်စက်မှုမျိုးကိုမျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် သူတို့ထဲတွင်မည်သူမှဆန့်ကျင်မည့်စိတ်ကူးမရှိကြတော့ပေ။
“ ရွှပ်…”
“ ဘုန်း…”
ရုတ်တရက်ထွက်ပေါ်လာသည့်ဓားအလင်းတစ်ခုနှင့်အတူ တွန့်လိန်ကောက်ကွေးကာ လေပေါ်ကိုယ်တစ်ပိုင်းရောက်နေသည့် ချုံယန်းဂိုဏ်းမှသိုင်းထိပ်သီး၏ခန္တာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။
ထိုလူ၏လည်ပင်းထက်တွင်သေးငယ်သည့်သွေးစီးကြောင်းလေးတစ်ခုထွက်ပေါ်လာပြီး ဆိုင်ကြမ်းပြင်ရှိသွေးကွက်များနှင့်လျှင်မြန်စွာပင်ရောနှောသွားတော့သည်။
ထိုမျှမြန်ဆန်တိကျသည့်ဓားချက်ပိုင်ရှင်ကား ငရဲဓားဟုနာမည်ကြီးသည့် ဝမ်းတုမှလွဲ၍အခြားမဟုတ်ပေ။
“ ဝမ်းတ ငါတို့သွားရအောင်…”
ဝမ်းတုက သူ၏ဓားကိုဓားအိမ်အတွင်းသို့ပြန်ထည့်လိုက်ပြီး အေးစက်စက်ပုံစံဖြင့်ပြောလိုက်သည်။
အပြုံးဖြင့်လူသတ်လေ့ရှိသည့်ဝမ်းတနှင့်ခြားနားစွာ ဝမ်းတုက အတော်လေးတည်ကြည်အေးစက်ပြီး သူ၏ဓားသွားထက်တွင်ကား လူပေါင်းများစွာ၏အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည် ။
ဝမ်းတု၏စကားကြောင့် ဝမ်းတလည်းခေါင်းညိမ့်ပြလိုက်ပြီး ကြာနီအဖွဲ့ခေါင်းဆောင်ကိုမှာကြားလိုက်သည်။
“ ဒီကကိစ္စတွေ ဘယ်လိုရှင်းရမယ်ဆိုတာခင်ဗျားနားလည်တယ်မလား။ ကျုပ် ဒီနေရာမှာဖြစ်ခဲ့တာနဲ့ပတ်သတ်ပြီး သတင်းတစ်ခုမှမထွက်စေချင်ဘူးနော်…”
ဝမ်းတ၏စကားကြောင့် ကြာနီအဖွဲ့ခေါင်းဆောင်လည်းဦးညွှတ်အရိုအသေပေးလိုက်ပြီး အကြိမ်ကြိမ်အာမခံလိုက်သည်။။
ထို့နောက် ဝမ်းတက အသက်ရှင်လျက်ရှိနေသေးသည့် ချုံယန်းဂိုဏ်းသားနှစ်ယောက်ကိုစူးစိုက်ကြည့်၍ပြောလိုက်သည် ။
“ မင်းတို့နှစ်ယောက်…”
ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေသေးသည့်ချုံယန်းဂိုဏ်းသားနှစ်ယောက်ကား ဝမ်းတ၏ခေါ်သံကြောင့်ဆက်ခနဲဖြစ်သွားကြပြီး သူတို့၏စိတ်ထဲတွင်လည်းထိတ်လန့်တုန်လှုပ်နေကြသည်။
အပြုံးမျက်နှာဖြင့်ရှိနေသည့်ထိုလူရွယ်က ငရဲဓားဟုနာမည်ကျော်သည့်ဝမ်းတုထက်ပင်များစွာကြောက်မက်ဖွယ်ကောင်းပြီး သူ၏ရက်စက်သည့်နည်းလမ်းများက ဤနေရာရှိလူတိုင်းကိုခြောက်ချားစေသည်။
သူတို့နှစ်ယောက်သည်လည်းအသွေးအသားဖြင့်ဖွဲ့စည်းထားသည့်လူသားများဖြစ်၍ အသက်သေဆုံးရခြင်းထက် ဆိုးရွားစွာနှိပ်စက်ခံရမည်ကိုပို၍စိုးရွံ့ကြသည် ။
ရှေ့တွင် ချုံယန်းဂိုဏ်း၏အဆင့်လွန်ထိပ်သီးက နမူနာရှိနေသည်မဟုတ်ပါလား။
ကံကောင်းထောက်မစွာဖြင့် ဝမ်းတက သူတို့ကိုတစ်စုံတစ်ခုပြုလုပ်မည့်ဟန်မတူဘဲ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ မင်းတို့ငါနဲ့လိုက်ခဲ့ကြ….”
ထို့နောက် ဝမ်းတ ၊ ဝမ်းတုနှင့်ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ဆိုင်အပြင်သို့ထွက်ခွာသွားကြသည်။။
ထိုအခါမှ ဆိုငိထဲတွင်ကျန်ရစ်သည့်ကြာနီအဖွဲ့သားများမှာ အသက်ဝဝရှူဝံ့ကြပြီး လက်ရှိဖြစ်ပျက်သွားသည့်အဖြစ်အပျက်များကိုပြန်တွေးမိရင်း ကျောချမ်းသွားမိကြ၏။
ကြာနီအဖွဲ့သားများမှာ ဆိုင်ထဲရှိအလောင်းများကိုရှင်းလင်းခြင်းမပြုရသေးမီ ချုံယန်းဂိုဏ်းမှအဆင့်လွန်ထိပ်သီး၏အလောင်းကိုကြည့်လိုက်မိသည့်အခါ သူတို့၏မျက်လုံးများကပြူးကျယ်သွားကြ၏။
လည်ပင်းတွင် သေသပ်တိကျသည့်ဓားဒဏ်ရာတစ်ခုနှင့်သေဆုံးနေသည့် ထိုလူ၏မျက်နှာကား ပြုံး၍နေသည် ။ထိုအပြုံး၍ လွန်စွာကျေနပ်နှစ်သိမ့်၍ပြုံးလိုက်သည့်အပြုံးမျိုးဖြစ်ကြောင်းကိုသူတို့အားလုံးသိရှိကြသည် ။
ထိုလူမှာ သူတိူ့၏မျက်စေ့ရှေ့တွင် လူမဆန်သည့်ဝေဒနာကိုဆိုးရွားစွာခံစားခဲ့ရပြီးယခုလိုလွန်စွာကျေနပ်သည့်အပြုံးတစ်ခုပြုံးနေရန်မှာလုံးဝမဖြစ်နိုင်ပေ။
သို့သော် ထိုလူ၏မျက်နှာထက်တွင်အပြုံးတစ်ခုကအမှန်တကယ်ရှိနေသည်။
အနည်းငယ်တွေးတောပြီးသည်နှင့် ကြာနီအဖွဲ့သားများမှာ မျက်နှာပျက်ယွင်းသွားကြပြီး သူတို့၏စိတ်ထဲရှိတုန်လှုပ်မှုက ပို၍ပင်များပြားလာရသည်။
ချုံယန်းဂိုဏ်း၏အဆင့်လွန်ထိပ်သီးမှာ ဝမ်းတ၏ဓားချက်ထိပြီးနောက်ပိုင်းမသေမီစပ်ကြားပြုံးခဲ့ခြင်းဖြစ်ပေသည်။
ထိုအပြုံးက သူ၏ဝေဒနာများမှလွတ်မြောက်ခွင့်ရခြင်းကိုကိုယ်စားပြုနေကာ ယခုလိုအပြုံးမျိုးဖြစ်လာသည်အထိ မည်မျှဆိုးရွားသည့်ဝေဒနာများခံစားခဲ့ရမည်ကိုတွေးကြည့်ရန်ပင်ခက်ခဲလှသည် ။
“ ချိုမြိန်သောသေဆုံးခြင်း..”
ဝမ်းတပြောခဲ့သည့်နည်းလမ်း၏အမည်ကိုပြန်တွေးလိုက်မိရင်း ကြာနီအဖွဲ့သညးများ၏ရင်ထဲတွင်အေးစိမ့်သွားကြ၏။
ထိုနည်းဖြင့်နှိပ်စက်ခံရသူမှာ သေဆုံးခြင်းကိုတောင့်တမိသည့်အထိဆိုးရွားစွာခံစားမိပေသည်။
သူတို့အတွက်သေဆုံးခြင်းက ခံစားနေရသည့်ဝေဒနာမှလွတ်မြောက်နိုင်မည့်နည်းလမ်းဖြစ်ကာ ဆုလာဒ်တစ်မျိုးဟုပင်ဆိုနိုင်သည် ။
ထို့ကြောင့် ဝမ်းတက ထိုနှိပ်စက်နည်း၏အမည်ကိုချိုမြိန်သောသေဆုံးခြင်းဟုပေးခဲ့ခြင်းဖြစ်ပေမည် ။
“ ကဲ..ကဲ…တွေးနေတာ တော်လိုက်တော့ ..ငါတို့ရဲ့ဂိုဏ်းသားတွေအလောင်းတွေကို ဆိုင်အနောက်ဘက်မှာမြုပ်ပေးရအောင်။
သူတို့ကငါတို့နဲ့အတူလက်တွဲတိုက်ခိုက်ရင်းကျဆုံးသွားတဲ့လူတွေ။ သူတို့ကိုကောင်းကောင်းမြေမြုပ်ပေးရမယ့်အပြင် ကျန်ရစ်သူမိသားစုတွေရှိရင် စောင့်ရှောက်ပေးရမယ်…”
ကြာနီအဖွဲ့ခေါင်းဆောင်က တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။
သူတို့ခေါင်းဆောင်၏အမိန့်ကြောင့် ကျန်အဖွဲ့သားများလည်း သွေးချောင်းစီးနေသည့်နေရာရှိ အလောင်းများကြားတွင်လဲကျနေသည့် သူတို့ညီနောင်များ၏အသက်မဲ့ခန္တာကိုယ်များကိုကြည့်ရင်း စိတ်ထိခိုက်လာကြသည်။
ထို့နောက် သူတို့အဖွဲ့သားမျာစ၏အလောင်းများကို သယ်ထုတ်သူကသယ်ထုတ်လိုက်ရင်း အချို့ကလည်း ဆိုင်နောက်ဘက်တွင် ကျင်းကြီးတစ်ခုကိုတူးနေကြသည်။
ကျန်လူများက ဆိုင်ထဲရှိကျန်လူများ၏အလောင်းများကိုနေရာတစ်ခုထဲတွင်စုပုံကာ မီးရှို့ရလွယ်ကူစေရန်အရက်များဖြင့်ပတ်ဖြန်းနေကြသည်။
ထို့နောက် သူတို့အဖွဲ့သားများ၏အလောင်းများကိုမြေမြုပ်ပြီးသည့်အခါ သူတို့အားလုံးဆိုင်နောက်ဘက်၌အချိန်အနည်းငယ်ကြာအောင်ရပ်နေမိကြ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင်သူတို့နှင့်သေရည်သောက်စားနေကြသည့်အဖွဲ့သားအများစုမှာ ယခုအခါ မြေကျင်း၏အောက်ခြေတွင်အသက်မဲ့စွာဖြင့်လဲလျောင်းနေကြရသည်။
အလောင်းအများစုကကိုယ်လက်အင်္ဂါမစုံလင်ကြတော့ဘဲ ခေါင်းနှင့်ကိုယ်တခြားစီဖြစ်နေသည့်အဖွဲ့သားအနည်းငယ်ပင်ရှိသည် ။
သိုင်းကျမ်း၏နောက်သို့လိုက်ခဲ့စဉ်က အယောက်သုံးဆယ်ကျော်သည့်အဖွဲ့သားများမှာ ယခုအခါအသက်ရှင်ကျန်ရစ်သူဆယ်ယောက်ကျော်သာကျန်ရှိတော့ပြီး ဂိုဏ်း၏အင်အားသည်လည်းဆိုးရွားစွာထိခိုက်သွားပေသည် ။
ထိုအဖြစ်ကသူတို့ကြာနီအဖွဲ့စတင်တည်ထောင်ခဲ့သည့်ဆယ့်ငါးနှစ်အတွင်အကျအဆုံးအများဆုံးတိုက်ပွဲလည်းဖြစ်သည်။။
ကြာနီအဖွဲ့သားများမှာ ဆိုးသွမ်းရက်စက်သည့်အနက်ရောင်သိုင်းသမားများဖြစ်ကြသည့်တိုင်ရင်းနှီးသည့်ဂိုဏ်းတူညီနောင်များစွာကျဆုံးခဲ့ရ၍ ဝမ်းနည်းကြေကွဲစွာဖြင့်ရှိနေကြသည် ။
ထို့နောက် သူတို့အဖွဲ့သားများ၏အလောင်းများကိုနောက်တစ်ကြိမ်ပြန်၍အရိုအသေပေးလိုက်ကြရင်း ဤနေရာမှထွက်ခွာခဲ့ကြတော့သည်။
ဆိုင်ထဲရှိအလောင်းများကိုသာမက စားသောက်ဆိုင်တစ်ခုလုံးကိုပါ အသင့်ရှိနေသည့်အရက်များဖြင့်ပတ်ဖြန်း၍မီးရှို့ခဲ့သည့်အတွက် ဆိုင်တစ်ခုလူံးအချိန်အနည်းငယ်အတွင်းမီးဟုန်းဟုန်းတောက်သွားခဲ့ပေသည် ။
နှစ်များစွာကြာလျှင်ပင် ကြာနီအဖွဲ့သားများ၏စိတ်ထဲတွင် ဤအဖြစ်အပျက်ကိုမေ့လျော့နိုင်ကြမည်မဟုတ်ပေ။