← Chapters

ထိန်းချုပ်ခြင်း

Vol. 1 Ch. 65

ထိန်းချုပ်ခြင်း

Vol. 1 Ch. 65

ဆိုင်ငယ်လေးထဲမှထွက်ခွာလာပြီးနောက် ဝမ်းတနှင့်ဝမ်းတုတို့က တစ်ဖက်ရှိတောအုပ်ငယ်လေးထဲသို့ ဖြေးညင်းစွာလျှောက်သွားကြသည် ။

ချုံယန်းဂိုဏ်းမှသိုင်းသမားနှစ်ဦးမှာ ဝမ်းတတို့၏နောက်သို့အလျှင်အမြန်လိုက်ပါလာကြပြီး သူတို့၏မျက်နှာများက အမူအယာအမျိုးမျိုးရှိနေကြသည်

သူတို့နှစ်ဦးစလုံးမှာ ထွက်ပြေးရန်ကိုယောင်လို့ပင်မစဉ်းစားဝံ့ကြပေ ။

ဝမ်းတ၏ရက်စက်သည့်နည်းလမ်းများကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီးနောက် သူတို့၏စိတ်ထဲရှိကြောက်ရွံ့ထိတ်လန့်မှုက စွဲစပ်နေပြီဖြစ်သည် ။

သိုင်းလောကရှိသတင်းများက ဝမ်းတနှင့်ဝမ်းတုတို့မှာ စိတ်ထင်ရာလုပ်တတ်ပြိးရက်စက်သည့်ဂုဏ်သတင်းဖြင့်ကျော်ကြားသည်။

သို့သော်လည်း ထိုနှစ်ယောက်၏အကြောင်းကိုကောင်းစွာသိလိုက်ရပြီးနောက် ဝမ်းတနှင့်ဝမ်းတုတို့က ကောလဟာလများထက်ပင်အဆများစွာကြောက်မက်ဖွယ်ကောင်းသည့်သွေးအေးရက်စက်သူများဖြစ်ကြောင်းကို တုန်လှူပ်ဖွယ်သိခဲ့ရပေသည်။

ထို့ကြောင့် ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ထိုနှစ်ယောက်၏လက်ထဲမှထွက်ပြေးရန်သတ္တိမရှိသလို ထွက်ပြေးလျှင်လည်း လွတ်မြောက်မည်ဟုယုံကြည်ချက်မရှိပေ။

တောအုပ်အတွင်းဘက်သို့အနည်းငယ်ကြာအောင်လျှောက်သွားလိုက်ပြီးနောက်တွင်ဝမ်းတနှင့်ဝမ်းတုတို့က သူတို့၏ခြေလှမ်းများကိုရပ်လိုက်ကြသည် ။

ထိုနေရာာ စားသောက်ဆိုင်ရှိရာလမ်းနှင့်အနည်းငယ်ကွာဝေးသည့်အတွက် တိတ်ဆိတ်ခြောက်ကပ်နေပြီးဘေးပတ်လည်တွင်သစ်ပင်ကြီးများသာရှိသည် ။

ဝမ်းတက ချုံယန်းဂိုဏ်းသားနှစ်ယောက်ကိုအချိန်အနည်းငယ်ကြာအောင်စူးစိုက်ကြည့်လိုက်ပြီးပြုံး၍ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက်ကိုငါအသက်ရှင်ခွင့်ပေးမယ် ဘာကြောင့်လဲဆိုတာ ခန့်မှန်းကြည့်…”

ဝမ်းတ၏စကားက သူတို့နှစ်ဦးစလုံးကိုအံ့ဩထိတ်လန့်သွားစေပြီး တစ်ယောက်က မဝံ့မရဲဖြင့်ပြန်ဖြေလိုက်သည် ။

“ ကျုပ်တို့ကို ခိုင်းစရာတစ်ခုခုရှိလို့လား…”

ထိုလူ၏အဖြေကို ဝမ်းတကသဘောကျသွားဟန်တူပြီး လက်ဖြောက်တစ်ချက်တီး၍ပြောလိုက်သည် ။

“ မင်းမဆိုးဘူး ငါမင်းတို့ကို တကယ်ပဲခိုင်းစရာတစ်ခုရှိတယ် မင်းတို့နဲ့သင့်လျော်တဲ့အလုပ်ပေါ့…”

ဝမ်းတ၏စကားက လျှို့ဝှက်လှသော်လည်း ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ရွေးချယ်စရာလမ်းမရှိမှန်းသိထား၍ ထပ်မေးလိုက်သည်။

“ ကျုပ်တို့ဘာလုပ်ပေးရမလဲ …”

သူတို့၏မေးခွန်းကြောင့် ဘေးတွင်ရပ်နေသည့်ဝမ်းတုက အေးစက်စက်လေသံဖြင့်ဝင်ပြောလိုက်သည် ။

“ မင်းတို့ကို ငါတို့ခိုင်းစရာတစ်ခုရှိတယ်။ အဲဒီကိစ္စအောင်မြင်ဖို့ဆယ်နှစ်လည်းကြာရင်ကြာမယ် အနှစ်နှစ်ဆယ်လည်းကြာရင်ကြာမယ် တစ်သက်လုံးလည်းဖြစ်ချင်ဖြစ်မယ်…”

ဝမ်းတုက သူ၏စကားကိုချုံယန်းဂိုဏ်းသားနှစ်ယောက်နားမလည်နိုင်သေးမှန်းသိ၍ဆက်ပြောလိုက်သည် ။

“ ငါတို့က မင်းတို့ကိုအသက်ရှင်လျက်လွတ်ပေးပြီးချုံယန်းဂိုဏ်းဆီကိုပြန်ခွင့်ပေးမယ်။။ မင်းတို့က ဂိုဏ်းကိုထိမ်းချုပ်နိုင်ဖို့အစွမ်းကုန်ကြိုးစားပြီး အရင်တုန်းကလို အင်အားတောင့်တင်းတဲ့ပထမတန်းစားအင်အားစုတစ်ခုဖြစ်အောင်ပြန်လုပ်ပေးရမယ်…”

ဝမ်းတု၏စကားကြောင့် ချုံယန်းဂိုဏ်းသားနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ခေါင်းညိမ့်ပြလိုက်ကြ၏။

ယခုအချိန်တွင် သူတို့၏မျက်စေ့ရှေ့တွင် အသက်ရှင်နိုင်မည့်လမ်းစတစ်ခုကိုတွေ့နေရာ သူတို့နှစ်ဦးစလုံးမည်သို့အလွတ်ပေးနိုင်ပါမည်နည်း။

ဝမ်းတု၏ခိုင်းစေမှုက သူတို့၏ဂိုဏ်းကိုပြန်၍သစ္စာဖောက်ရမည်ဖြစ်သော်လည်း ဂိုဏ်းချူပ်နှင့်အကြီးအကဲများ၏အကြံအစည်ကိုသိရပြီးနောက်၌ ဂိုဏ်းအပေါ်လုံးဝဂရုမစိုက်တော့ပေ။

ဝမ်းတုက သူတို့၏ဉာဏ်ကောင်းသည့်အပြုအမူကြောင့်ကျေနပ်သွားပြီး အင်္ကျီအတွင်းမှပုလင်းငယ်လေးတစ်လုံးကိုထုတ်ယူလိူက်သည်။

ထို့နောက် ပုလင်းထဲမှအဖြူရောင်ဆေးလုံးနှစ်လုံးကိုထုတ်ကာ ချုံယန်းဂိုဏ်းသားနှစ်ယောက်ကိုတစ်ယောက်တစ်လုံးစီပေးလိုက်သည် ။

ဆေးလုံးများမှာ နူးညံ့ပြီးအဖြူရောင်ရှိသည့်အပြင် မွှေးပျံ့သည့်ရနံ့ကြောင့်နှစ်လိုဖွယ်ပင်ကောင်းနေသည်။။

သို့သော် ထိုဆေးလုံးကမည်သည့်အဓိပ္ပာယ်ဖြစ်သည်ကိုရိပ်စားမိနေသည့်ချုံယန်းဂိုဏ်းသားများကား တုန်လှုပ်နေမိကြသည်။

ထိုဆေးလုံးမှာ အဆိပ်ဆေးလုံးဖြစ်ပြီး ဝမ်းတုက သူတို့နှစ်ယောက်သစ္စာမဖောက်စေရန်ယခုလိုပြုလုပ်ခဲ့သည်ကိုလည်းသိသာပေသည်။။

သို့သော် ထိုဆေးလုံးကိုသာသောက်ရန်ငြင်းပယ်လိုက်ပါက နေရာတွင်ပင်အသက်နှင့်ကိုယ်အိုးစားကွဲသွားနိုင်၍ ချုံယန်းဂိုဏ်းသားနှစ်ယောက်လည်း ဆေးလုံးကိုပါးစပ်အတွင်းပစ်ထည့်၍ မြိုချလိုက်ကြသည်။

ဝမ်းတု၏အမူအယာကအေးစက်နေပြိး သတ်ဖြတ်လိုသည့်အငွေ့အသက်များပင်ထွက်‌ပေါ်နေ၍ ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ အချိန်မဆွဲဝံ့ကြခြင်းဖြစ်၏။

ထိုနှစ်ယောက်၏အပြုအမူကို ဘေးမှဂရုတစိုက်ကြည့်ရှုနေသည့်ဝမ်းတ၏မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာပြီး နွေးထွေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ မင်းတို့ ဦးနှောက်စားဆေးလုံးကိုကြားဖူးလား…”

ဝမ်းတ၏လေသံကတင်းမာခြင်းမရှိသည့်တိုင် ချုံယန်းဂိုဏ်းသားနှစ်ယောက်၏စိတ်ထဲတွင်မိုးကြိုးပစ်သလိုမည်ဟည်းလာပြီးတစ်ယောက်က တုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည် ။

“ ဒါက ဦးနှောက်စားဆေးလုံးလား…”

ဦးနှောက်စားဆေးလုံးမှာ လွန်စွာပြင်းထန်သည့်အဆိပ်ဆေးလုံးတစ်မျိုးဖြစ်ပြီး သိုင်းလောကတွင်တားမြစ်ထားသည့်ဆေးလည်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက အဆိပ်ဝိဇ္ဇာဆိုသည့် အစွမ်းထပ်သိုင်းပညာရှင်တစ်ဦးတီထွင်ခဲ့သည့်ထိုဆေးလုံးမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး ဆေးလုံးအာနိသင်ပြသည့်အချိန်တွင် ဦးခေါင်းထဲ၌ ပိုးကောင်များကိုက်ဝါးနေသလိုနာကျင်လှသည့်ဝေဒနာကိုခံစားရပေမည် ။

အဆုံး၌ ဖြေဆေးမရပါက ဦးခေါင်းတစ်ခုလုံးပေါက်ကွဲ၍သေဆုံးရမည်ဖြစ်သော်လည်း ဆေးလူံးသောက်ထားသူအများစုက ထိုသို့မသေဆုံးမီဆိုးရွားလှသည့်ဝေဒနာကြောင့် ကိုယ့်ကိုယ်သေသတ်သေသွားကြသည်သာဖြစ်သည်။

ထိုဆေးလုံး၏အာနိသင်ကိုထိမ်းချုပ်ရန် ထိမ်းချုပ်ဆေးများကိုပြင်ဆင်ထားကြပြီး ဦးနှောက်စားဆေးလုံးနှင့်ထိမ်းချူပ်ဆေးများကို အဆိပ်ပညာတွင်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သည့်အဆိပ်ပညာရှင်များသာဖော်စပ်နိုင်ကြသည် ။

ဆေးလုံးဖြင့်ထိမ်းချုပ်ခံရသူမှာ ဖြေဆေးမရမီစပ်ကြား ထိပ်ချုပ်ဆေးများဖြင့်အသက်ဆက်နေရပြီး ထိုဆေးလုံးပိုင်ရှင်ကို အရှင်သခင်တစ်ပါးလိုဆက်ဆံရပေသည်။

ထိုလူခိုင်းသမျှ တသဝေမတိမ်းလုပ်ဆောင်ရသည်ဆိုသည်ကိုတော့ ပြောနေစရာပင်မလိုပေ။

ဆေးလုံးအစွမ်းပြနေသည်ချိန်တွင်ဖြေဆေးနှင့်ထိမ်းချူပ်ဆေးမှလွဲ၍ အခြားအစွမ်းထက်ဆေးဝါးများလုံးဝမတိုးဘဲနာကျင်မှုကိုလည်းအနည်းငယ်လေးမျှပင်လျော့ပါးသွားစေမည်မဟုတ်ပေ။

ထို့ကြောင့် ဦးနှောက်စားဆေးလုံး စတင်ပေါ်ထွက်လာချိန်မှစ၍ အဖြူအနက်သိုင်းလောကသားအားလုံးထိတ်လန့်တုန်လှုပ်ကြရပြီး ထိုဆေးလုံးများ၏တီထွင်သူအဆိပ်ဝိဇ္ဇာသည်လည်း သိုင်းလောကသားများ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည် ။

သို့သော် သူ၏ဆေးညွှမ်းများကသိုင်းလောကတွင်ကျန်ရစ်ခဲ့၍ ထိုဆေးလုံးများမှာ သိုင်းလောကတွင်မကြာခဏထွက်ပေါ်လာတတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှပျောက်ဆုံးသွားကြပေသည်။

ယခု ဝမ်းတက ဦးနှောက်စားဆေးလုံးဟုပြောလာသဖြင့် ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ တုန်လှုပ်မှုနှင့်အတူ ဆိုးရွားသည့်ခံစားချက်တစ်ခုကိုပါရရှိလာကြသည် ။

ချုံယန်းဂိုဏ်းသားနှစ်‌ယောက်၏ကြောက်လန့်တကြားမေးခွန်းကို ဝမ်းတက အသာပြုံး၍ခေါင်းယမ်းပြလိုက်သည် ။

“ မဟုတ်ဘူး ဝမ်းတုမင်းတို့ကိုပေးခဲ့တာ နှလုံးကြွေဆေးလုံးပဲ။ အဆိပ်ဝိဇ္ဇာရဲ့ဖန်တီးမှုနောက်တစ်ခုပေါ့။ တကယ်ဆိုရင် သူ့ရဲ့အာနိသင်က ဦးနှောက်စားဆေးလုံးထက်တောင်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောလို့ရတယ်။

ထိမ်းချုပ်ဆေးပုံမှန်မရရင် ခန္တာကိုယ်အတွင်းပိုင်းကအစိတ်ပိုင်းတွေတဖြေးဖြေးပုတ်သိုးဆွေးမြေ့လာပြီး အဆုံးမှာ နှလံားအထိရောက်ပြီး တတိတိနဲ့ပဲ့ကျပြီးသေဆုံးရမှာ ။ ဒါကြောင့်လည်း နှလုံးကြွေဆေးလုံးလို့ခေါ်တာပေါ့…”

ဝမ်းတ၏အဖြေကြောင့် ချုံယန်းဂိုဏ်းသားနှစ်ယောက်၏အမူအယာက သွေးမရှိသလိုဖြူလျော်သွားကြ၏ ။

သို့‌သော် လျှာပေါ်ရောက်သည်နှင့်အရည်ပျော်ကာ ဝမ်းဗိုက်အတွင်းဝင်ရောက်သွားသည့်ထိုဆေးလုံးကို ပြန်၍အန်ထုတ်ရန်ပင်မဖြစ်နိုင်တော့၍သူတို့နှစ်ဦးစလုံး ပျက်ယွင်းသည့်မျက်နှာဖြင့်ရှိနေကြတော့သည်။

သူတို့၏အမူအယာကိုအကဲခပ်၍ ဝမ်းက ဖြေးညင်းစွာဆက်ပြောလိုက်သည်။

“ ဒါပေါ့ စွန့်စားမှုနဲ့အတူအကျိုးအမြတ်က ကပ်ပါလာပြီးသားပဲ။ နှလုံးကြွေဆေးလုံးရဲ့ထိမ်းချုပ်ဆေးက အတွင်းအားတိုးစေတဲ့အစွမ်းပါဝင်လို့ သုံးလတစ်ကြိမ်ထိမ်းချုပ်ဆေးပုံမှန်သောက်ရင်းမင်းတို့ရဲ့အတွင်းအားကအလိုလိုတိုးပွားလာလိမ့်မယ်။

အခု မင်းတို့ကထိပ်တန်းအဆင့်သိုင်းသမားတွေဆိုတော့ ပုံမှန်အတိုင်းဆက်သွားရင် အဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ဖို့ အနည်းဆုံးဆယ့်ငါးနှစ်လိုအပ်ပေမယ့် ထိမ်းချုပ်ဆေးကိုပုံမှန်သောက်ပေးရင် ခုနစ်နှစ်အတွင်းအဆင့်လွန်ထိပ်သီးတွေဖြစ်လာကြမယ်…”

မျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ ချုံယန်းဂိုဏ်းသားနှစ်ယောက်၏အမူအယာများပြောင်းလဲသွားကြပြီး သူတို့၏မျက်ဝန်းများကတောက်ပလာကြသည်။

ပထမတန်းစားအင်အားစုတစ်ခုမှဂိုဏ်းသားများဖြစ်၍ သူတို့၏သိုင်းပညာရပ်များကများစွာအဆင့်မမြင့်လှဘဲ အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်လာရန်ပင်ခက်ခဲလှသည် ။

သို့သော်လည်း ဝမ်းတ၏စကားအရသူတို့သာ ထိမ်းချုပ်ဆေးကိုပုံမှန်ရနေပါက သူတို့၏သိုင်းပညာများပင်အလိုလိုမြင့်မားသွားပေမည်။

ဤသည်က မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ဗျူဟာဖြစ်ပြီး ချိန်းခြောက်မှုနှင့်ဆုလာဒ်ကိုယှဉ်တွဲပြလိုက်သည့်အခါ ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ဝမ်းတုတို့အပေါ်လုံးဝသစ္စာစောင့်သိပေကြတော့ပေ။

သူတို့၏စိတ်တွင်းရှိအကြောင်းအရာများကိုအကဲခပ်မိ၍ ဝမ်းတက ကျေနပ်စွာပြောလိုက်သည်။

“ ငါတို့ခိုင်းစေတဲ့အလုပ်တွေကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်သရွေ့မင်းတို့နှစ်ယောက်လုံးထိမ်းချုပ်ဆေးကိုပုံမှန်ရနေမယ့်အပြင် သိုင်းပညာပါတိုးတက်လာဦးမယ်။

ပြီးဝောာ့ မင်းတို့သာ ငါတို့ကိုသစ္စာစောင့်သိပြီးအလုပ်ကြိုးစားရင် ဒီ့ထက်ပိုတဲ့အကျိုးအမြတ်တွေလည်းရလာဦးမယ်။

အခုတော့ ချုံယန်းဂိုဏ်းကိုဟန်မပျက်ပြန်နေပြီး ငါတို့ရဲ့ကြားကကိစ္စကလွဲလို့ ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အမှန်အတိုင်းဖွင့်ပြောလိုက်ပါ။

မင်းတို့ကတော့ ကံကောင်းလို့လွတ်မြောက်လာတဲ့လူတွေပေါ့။ ပြီးရင် ဘာဆက်လုပ်ရမယ်ဆိုတာကို ငါတို့ကဆက်သွယ်လာမယ်….”

ဝမ်းတ၏စကားအဆုံး၌ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ရိုသေလေးစားသည့်အမူအယာဖြင့်ဦးညွှတ်အရိုအသေပေးလိုက်ကြသည် ။

ထိုအချိန်တွင် မီးဟုန်းဟုန်းတောက်လောင်နေသည့်ဆိုင်ငယ်လေးအနီးသို့ လူရိပ်များစွာရောက်ရှိလာပြီး သူတို့၏ဦးဆောင်သူက တည်ကြည်သည့်မျက်နှာအမူအယာရှိသည့်အသက်သုံးဆယ်အရွယ်ဘုန်းကြီးတစ်ပါးပင်ဖြစ်ပေသည်။

All Chapters