ပြင်းထန်သည့်တိုက်ပွဲ
Vol. 1 Ch. 67
ရှောင်ကျန်းမင်နှင့်ဝမ်းတုတို့မှာ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကြပြီး သူတို့၏အမူအယာများကလည်း လွန်စွာတည်ကြည်လေးနက်နေကြသည်။
သူတို့နှစ်ယောက်မှာ ယခင်က တစ်ကြိမ်မှတိုက်ခိုက်ဖူးခြင်းမရှိသော်လည်း ခက်ခဲမည့်ပြိုင်ဘက်များဖြစ်ကြောင်းကိုအလိုလိုသိရှိနေသည့်အတွက် မတိုက်ခိုက်မီကပက် သတိအပြည့်ရှိနေကြခြင်းဖြစ်၏။
သို့သော် သူတို့ကိုယ်သူတို့ယုံကြည်မှုပြည့်ဝနေကြသည့်အပြင် ပြိုင်ဘက်ကိုလည်းအထင်မသေးဝံ့ဘဲ အစွမ်းကုန် ယှဉ်ပြိုင်တိုက်ခိုက်ကြပေမည်။
ရုတ်တရက် ဝမ်းတု၏ခန္တာကိုယ်က မြားတစ်စင်းလိုရိပ်ခနဲပြေးထွက်လာပြီးရှောင်ကျန်းမင်၏အနီးသို့ရောက်လာသည်။
ရှောင်ကျန်းမင်၏အနီးသို့ရောက်ရှိလာသည့််အခါ ဝမ်းတုက သူ၏လက်ထဲမှဓားဆီသို့အတွင်းအားများစွာပို့လွှတ်လိုက်ပြီး ပြေးဝင်လာသည့်အရှိန်အဟုန်ကိုပါပေါင်းစပ်၍ခုတ်ပိုင်းလိုက်သည်။
ဝမ်းတု၏ပြင်းထန်သည့်ဓားချက်နှင့် လျှင်မြန်လှသည့်လှုပ်ရှားမှူတို့ကြောင့် ရှောင်ကျန်းမင်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသော်ငြား ပြိုင်ဘက်၏ပြင်းထန်လှသည့်ဓားကွက်ကိုတည်ငြိမ်စွာဖြင့်ခုခံလိုက်သည်။
ဝမ်းတု၏တိုက်ကွက်ကိုထိတ်တိုက်ရင်ဆိုင်လျှင်ရနိုင်သော်လည်းအရှိန်အဟုန်ဖြင့်ပေါင်းစပ်တိုက်ခိုက်ခြင်းဖြစ်၍ သူမရေးနိမ့်သွားနိုင်သည့်အဖြစ်ကိုတွေးမိကာ ရှောင်ကျန်းမင်လည်း သူ၏လက်ထဲရှိဓားကိုဒေါင်လိုက်ခုခံလိုက်ပြီးခန္တာကိုယ်ကိုနောက်ဘက်သို့အလိုက်သင့်လှဲချလိုက်သည် ။
“ ရွှီး…”
ဓားနှစ်ဘက်အကြားတွင်ပြင်းထန်သည့်ပွတ်တိုက်မှုဖြစ်ပေါ်လာပြီး ဝမ်းတ၏ခန္တာကိုယ်က ရှောင်ကျန်းမင်ကိုဖြတ်ကျော်သွားသည် ။
ဝမ်းတု၏တိုက်ကွက်ကြောင့်ရှောင်ကျန်းမင်၏လက်များ ထုံကျင်သွားသလို ဝမ်းတုသည်လည်း ရှောင်ကျန်းမင်၏အတွင်းအားကိုခန့်မှန်းမိဥ မျက်နှာတစ်ချက်ပျက်သွား၏။
သူတို့နှစ်ဦးစလုံးမှာ အစွမ်းထက်ဓားသမားများဖြစ်ရာ အစောပိုင်းကထိတ်တိုက်တွေ့ဆုံမှုတစ်ခုထဲဖြင့်တစ်ယောက်၏ပညာကိုတစ်ယောက်ခန့်မှန်းမိလိုက်ကြသည်။
ထိုတွေ့ဆုံမှုမှတစ်ဆင့်ပြောနိုင်သည်မှာ ဝမ်းတုထက်ရှောင်ကျန်းမင်၏အတွင်းအားကသာလွန်နေကြောင်းသိနိုင်သည်။
ထိတ်တိုက်တွေ့ဆုံမှုတွင်မည်သူမှအသာစီးမရခဲ့သော်လည်း ဝမ်းတမှာ အဝေးမှပြေးဝင်လာသည့်အရှိန်အဟုန်နှင့်သူ၏အတွင်းအားကိုပေါင်းစပ်တိုက်ခိုက်မှရှောင်ကျန်းမင်ကိုလက်ရည်တူခဲ့ခြင်းဖြစ်သည် ။
အကယ်၍ မျက်နှာချင်းဆိုင်ထိတ်တိုက်ရင်ဆိုင်ပါက ဝမ်းတု၏ဓားကွက်မှာ သိသိသာသာအားနည်းသွားမည်ဖြစ်ပြီး ရှောင်ကျန်းမင်၏အတွင်းအားကများစွာအားကောင်းလှသည် ။
သို့သော် ဝမ်းတု၏ပုံစံကတည်ငြိမ်နေဆဲဖြစ်ပြီး သူ၏စိတ်ထဲတွင် တုန်လှုပ်သည့်စိတ်တစ်စက်ကလေးမှရှိမနေပေ။
မူလကပင် သူ၏ဓားသိုင်းကလျှင်မြန်တိကျမှုကိုအသားပေးထားပြီးရက်စက်သည့်ဓားကွက်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြူနှင်းငရဲဓားသိုင်းက ပြိုင်ဘက်၏သေကွင်းသေကွက်နေရုများသို့သာဦးတည်တိုက်ခိုက်ရသည့်ရက်စက်သည့်တိုက်ကွက်များစွာပါဝင်သလိုသူ၏အမြန်နှုန်းက အချိန်တခဏအတွင်းဓားချက်များစွာထုတ်နိုင်သည်အထိမြန်ဆန်လှသည် ။
ထို့ကြောင့်ရှောင်ကျန်းမင်၏ဓားသိုင်းကလွန်စွာအားကောင်းသော်လည်း အမြန်နှုန်းတွင်သူ့ကိုယှဉ်နိုင်မည်မဟုတ်ဟု ဝမ်းတယုံကြည်နေပြီး သူအားသာသည့်အမြန်နှုန်းကိုအသုံးပြုကာ ရှောင်ကျန်းမင်ကိုတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။။
ခပ်လှမ်းလှမ်းမှနေ၍ တိုက်ပွဲကိုကြည့်ရှုနေသည့်ဝမ်းတမှာ အားမလိုအားမရဖြစ်နေမိသည်။
ဝမ်းတုနှင့်ရှောင်ကျန်းမင်တို့မှာ တစ်ကွက်သာထိတ်တိုက်တွေ့ဆုံပြီးနောက် နှစ်ဦးစလုံးငြိမ်သက်နေကြပြီး လေးနက်သည့်အမူအယာများဖြင့်ရှိနေကြသည်။
သူတို့၏ပုံစံက ကျောက်ရုပ်များအလားထင်ရပြီး အကယ်၍ ဝမ်းတသာသူတို့၏နေရာတွင်ဆိုပါက ပြိုင်ဘက်၏အခြေအနေကိုအခွင့်ကောင်းယူကာ အလစ်ဝင်တိုက်ပေမည် ။
သူ၏ပင်ကိုယ်စိတ်သဘောကပင် ဖြောင့်မက်သည့်စိတ်မရှိသည့်ဝမ်းတမှာ အနိုင်ရမည်ဆိုလျှင်ဘာမဆိုလုပ်ဆောင်နိုင်ပေသည်။
သို့သော် ဝမ်းတုနည်းတူ ရှောင်ကျန်းမင်ကလည်း ပြိုင်ဘက်၏သိုင်းပညာကိုအကဲခပ်နေပြီးအားသာချက်အားနည်းချက်များကိုတွက်ဆနေသည် ။
သူ၏မိုးကြိုးမုန်တိုင်းဓားသိုင်းမှာ ပြင်းထန်အားကောင်းသည့်ဓားကွက်များစွာပါဝင်ပြီး ခံစစ်အသာပေး၍တည်ငြိမ်စွာတိုက်ခိုက်ရသည့်ဓားသိုင်းဖြစ်သည် ။
ခံစစ်အသားပေးဟုဆိုနိုင်သည့်တိုင် သူ၏တိုက်စစ်ကလည်းအားမနည်းဘဲ ပြင်းထန်သည့်ဓားကွက်များကို သူ၏အားကောင်းသည့်အတွင်းအားနှင့်ပေါင်းစပ်အသုံးပြုလိုက်ပါက ခုခံနိုင်သူအနည်းငယ်သာရှိပေမည် ။
ထို့နောက် သူတို့နှစ်ဦးစလုံးမှာ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်လိုက်မိကြပြီး သူတို့၏ခန္တာကိုယ်များကဖျက်ခနဲရွေ့လျားသွားကြသည် ။
ယခုတစ်ကြိမ်တွင်တော့ သူတို့၏အစွမ်းအထက်ဆုံးတိုက်ကွက်များကိုအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ရာတိုက်ပွဲ၏အရှိန်ကအချိန်တိုအတွင်းလွန်စွာမြင့်တက်လာသည်။
ဘေးမှကြည့်နေသည့်ဝမ်းတသည်ပင်သူတို့၏တိုက်ကွက်များကိုရှင်းလင်းစွာမမြင်ရတော့ပေ။
တိုက်ပွဲဖြစ်နေသည့်ပတ်ဝန်းကျင်တစ်ခုလုံး တလက်လက်တောက်ပနေသည့်ဓားရိပ်များ၊ ထက်ရှသည့်ဓားလှိုင်းများနှင့် အဆက်မပြက်ဓားချင်းထိခတ်သံများကဆူညံနေကြသည်။
သူတို့၏တိုက်ပွဲမှထွက်ပေါ်နေသည့်ဓားလှိုင်းများကြောင့် ဘေးဘက်ရှိသစ်ပင်ကြီးများထက်တွင်ဓားရာများအလျှိုအလျှိုထွက်ပေါ်လာပြီး သစ်ပင်ငယ်များဆိုလျှင် အပိုင်းပိုင်းပြတ်တောက်ကုန်ပေသည်။
ဝမ်းတုက သူ၏အားသာချက်ဖြစ်သည့်အမြန်နှုန်းကိုအပြည့်အဝအသုံးပြုနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ကွက်များဖြင့်ဆက်တိုက်တိုက်စစ်ဆင်နေသည် ။
ရှောင်ကျန်းမင်ကား ခံစစ်ကိုလုံခြုံစွာထား၍ ပြင်းထန်အားကောင်းသည့်ဓားကွက်များဖြင့်တည်ငြိမ်စွာတုန့်ပြန်တိုက်ခိုက်နေသည်။
ရှောင်ကျန်းမင်၏ဓားကွက်များကများစွာလျှင်မြန်ခြင်းမရှိသည့်တိုင် တစ်ချက်ဆို ဆိုသလောက် အားကောင်းလှသည့်အတွက် တန်ပြန်ဓားကွက်များက ဝမ်းတု၏ဓားကွက်များကိုပင်ပျက်စီးလုမတတ်ဖြစ်လာစေသည် ။
သူတို့၏တိုက်ပွဲက သိုင်းကွက်နှစ်ရာကျော်လာပြီဖြစ်သော်လည်း ပြိုင်ဘက်၏ခံစစ်ကိုလုံးဝမထိုးဖောက်နိုင်၍ ဝမ်းတ၏မျက်နှာကပို၍အေးစက်တင်းမာလာသည်။
ရှောင်ကျန်းမင်၏ဓားသိုင်းသည်လည်း လွန်စွာအစွမ်းထက်လှပြီး သူ၏မြူနှင်းငရဲဓားသိုင်းနှင့်ပင်နှိုင်းယှဉ်နိုင်စွမ်းရှိပေသည် ။
ထို့ကြောင့် ယခုပုံစံအတိုင်းသာဆက်သွားပါက ပြိုင်ဘက်၏ခံစစ်ကိုမထိုးဖောက်နိုင်ဘဲ အတွင်းအားကွာခြားချက်ကြောင့်အချိန်ကြာလေလေသူအရေးနိမ့်လာလေဖြစ်မည်ကို ကောင်းစွာရိပ်စားမိပေသည်။
ထို့ကြောင့် ဝမ်းတုလည်း သူ၏အစွမ်းအထက်ဆုံးဓားကွက်များကိုအသုံးပြုမည်ဟုဆုံးဖြတ်လိုက်ရင်း သူ၏ဓားကွက်များကိုပြောင်းလဲတိုက်ခိုက်လိုက်သည်။
“ မြူနှင်းပိတ်လှောင်….”
ဝမ်းတု၏အော်ဟစ်မာန်သွင်းသံနှင့်အတူ သူ၏လက်ထဲရှိဓားက ဓားရိပ်များစွာခွဲဖြာ၍ပြေးထွက်သွားသည်။
ယခုတစ်ကြိမ်တွင် ထိုဓားရိပ်များကအနည်းငယ်နှေးကွေးလာသော်လည်းလွန်စွာများပြားလှပြီး ရှောင်ကျန်းမင်၏ခန္တာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံ၍ သူရှောင်တိမ်းလွတ်မြောက်နိုင်မည့်နေရာများကိုပါ ကြိုတင်ပိတ်ဆို့ထားပေသည်။
ရှောင်ကျန်းမင်လည်း ဝမ်းတု၏ဓားကွက်များပြောင်းလဲသွားသည်ကိုမြင်တွေ့လိုက်ရ၍ မျက်မှောင်ကြုတ်လိုက်မိ၏။
တိုက်ပွဲစတင်ချိန်မှစ၍ ဝမ်းတုက သူ၏ခံစစ်ကိုထိုးဖောက်နိုင်ရန်အားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး ယခုအခါ သူ၏တိုက်ခိုက်ပုံကပြောင်းလဲသွားသည့်အပြင် ပို၍ပင်အစွမ်းထက်လာသည်ကိုတွေ့လိုက်ရသည် ။
ဝမ်းတု၏ပုံစံကတစ်စုံတစ်ခုပြုလုပ်မည်ကိုဦးတည်နေပြိး သူ၏ဓားကွက်များကို ရှောင်ကျန်းမင်မဖျက်ဆီးနိုင်သေးမီ ဝမ်းတု၏နောက်ဆက်တွဲဓားကွက်ကထွက်ပေါ်လာသည် ။
“ ငရဲပြည်မှမီးလျှံ..”
ဝမ်းတု၏အေးစက်စက်စကားသံနှင့်အတူ အနီရင့်ရောင်ဓားလှိုင်းကြီးက ရှောင်ကျန်းမင်ဆီသို့လျှင်မြန်စွာတိုးဝင်လာသည်။
ယခုဓားကွက်မှာ ဝမ်းတုအသုံးပြုခဲ့ဖူးသည့်ဓားကွက်များထဲတွင်အပြင်းထန်ဆုံးဖြစ်ပြီး အားကောငါးသာ့်အပူဓာတ်အတွင်းအားများကိုထည့်သွင်းအသုံးပြုထား၍ ပူလောင်သည့်အငွေ့အသက်များကိုပင်ခံစားမိနေသည်။
ထိုဓားကွက်ကြောင့် ရှောင်ကျန်းမင်၏မျက်နှာမှာ လွန်စွာတည်ကြည်သွားပြီး သူ၏မျက်နှာကလည်းလုံးဝတည်ငြိမ်သွားသည် ။
ဝမ်းတုက သူ့ကိုဓားရိပ်များကြားတွင်ပိတ်လှောင်ကာ လွန်စွာပြင်းထန်သည့်ဓားကွက်ဖြင့်အနီးကပ်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ထိုဓားကွက်ကိုရှောင်တိမ်းခုခံနိုင်ရန် သူ့အတွက်ပင်အနည်းငယ်ခက်ခဲနိုင်ပြီး လွတ်မြောက်ရန်မဖြစ်နိုင်သည့်ရှောင်တိမ်းခြင်းထက် ထိတ်တိုက်ရင်ဆိုင်ရန်ဆုံးဖြတ်ကာ သူ၏လက်ထဲရှိဓားကိုလျှင်မြန်စွာလှုပ်ရှားလိုက်သည် ။
“ မိုးကြိုးအလင်းတန်း…”
တောက်ပသည့်ဓားလှိုင်းသုံးခုက ဆက်တိုက်ထွက်ပေါ်လာပြီး ဝမ်းတု၏အနီရင့်ရောင်ဓားရိပ်ကြီးနှင့်ထိတ်တိုက်ဆုံတွေ့သွားသည်။
အကယ်၍ အချိန်ကောင်းစွာရပါက ဝမ်းတု၏ဓားကွက်ကိုခုခံရန်အခြားဓားကွက်များရှိနေသေးသော်လည်း ယခုလိုအကြပ်အတည်းကြား၌ ထိုတိုက်ကွက်ထက်ပို၍သင့်လျော်သည့်ဓားကွက်မရှိပေ။
ယခု ရှောင်ကျန်းမင်အသုံးပြုခဲ့သည့်ဓားကွက်မှာ မိုးကြိုးမုန်တိုင်းဓားကွက်၏အလျှင်မြန်ဆုံးဓားကွက်ဖြစ်ပြီးသူ၏ပြင်းထန်မှုက အခြားတိုက်ကွက်များထက်သိသိသာသာလျော့ကျသည့်တိုင် အမြန်နှုန်းက သာမန်ဓားကွက်များထက်ငါးဆမျှလျှင်မြန်ပေသည် ။
ထို့ကြောင့်ပင် အချိန်တခဏအတွင်းဓားသုံးချက်အထိထုတ်ဖော်လိုက်ပြီးဝမ်းတု၏ပြင်းထန်လှသည့်ဓားကွက်ကိုထိတ်တိုက်ရင်ဆိုင်လိုက်ခြင်းဖြစ်သည် ။
“ ချွမ်း…ချွမ်း…”
ဓားချင်းထိခတ်သံများအဆက်မပြက်ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်မှာလူချင်းကွဲသွားကြသည် ။
ရှောင်ကျန်းမင်မှာနောက်သိူ့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရပြီးသူ၏အဖြူရောင်ဝတ်စုံထက်တွင် ပြက်ရှရာတစ်ခုထွက်ပေါ်လာသည်။။
ထိုနေရာမှသွေးများစိမ့်ထွက်လာသော်လည်း ဒဏ်ရာကများစွာပြင်းထန်ခြင်းမရှိသလို ရှောင်ကျန်းမင်၏မျက်နှာကလည်းတည်ငြိမ်နေသည်။
ဝမ်းတု၏ငရဲပြည်မှမီးလျှံတိုက်ကွက်ကလျှင်မြန်ပြင်းထန်ရုံသာမက အားကောင်းသည့်အပူဓာတ်အတွင်းအားများကြောင့် ရှောင်ကျန်းမင်ကိုအတော်လေးဒုက္ခပေးနိုင်ခဲ့ပြီး ဓားကွက်ကိုချေဖျက်လိုက်နိုင်သည့်တိုင် ဓားလှိုင်းအနည်းငယ်ကြောင့် ဒဏ်ရာရရှိခဲ့သေးသည် ။
တစ်ဖက်တွင် ဝမ်းတုသည်လည်း တည်ငြိမ်အေးစက်သည့်အမူအယာဖြင့်ရှိနေသည့်တိုင်သူ၏စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်မှုနှင့်အတူ အံ့အားသင့်နေမိ၏။
သူ၏တိုက်ကွက်နှစ်ခုမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး တစ်ခုနှင့်တစ်ခုဆက်တိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်၍ ရှောင်ကျန်းမင်ကိုမသတ်နိုင်လျှင်ပင် ဒဏ်ရာအပြင်းအထန်ရစေမည်ဟုထင်မှတ်ထားခဲ့ပေသည် ။
ယခုအခါတွင်ကားရှောင်ကျန်းမင်က ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီးသူ၏ဓားကွက်ကိုချေဖျက်နိုင်ခဲ့ရာ ဝမ်းတုလည်း ထိုလူရွယ်၏ဓားပညာက သူတွက်ဆထားသည်ထက်ပင်သာလွန်နေကြောင်းသိရှိလိုက်သည် ။
သို့သော် ထိုမျှနှင့်ကြောက်ရွံ့ထိတ်လန့်သွားပါက ငရဲဓားဝမ်းတုဆိုသည့်သူ၏နာမည်ကိုပြောင်းပြန်လှန်ရေးပစ်ရပေမည်။
“ သေစမ်း…”
ဝမ်းတု၏ခန္တာကိုယ်က လျှင်မြန်စွာရွေ့လျားသွားပြီး ရှောင်ကျန်းမင်ကိုလျှင်မြန်ရက်စက်လှသည့်ဓားကွက်များဖြင့်ဆက်တိုက် တိုက်ခိုက်ခိုက်သည်။
ရှောင်ကျန်းမင်သည်လည်း ဒဏ်ရာအနည်းငယ်ရရှိထားသည့်တိုင် ထိတ်လန့်မသွားဘဲ တိုက်ခိုက်လိုစိတ်ပင်ပို၍တက်ကြွလာသည့်အတွက် သူ၏လက်ထဲရှိဓားကိုမြောက်ကာ တန်ပြန်တိုက်ခိုက်လိုက်သည် ။