← Chapters

ရှောင်လင်မှဗုဒ္ဓလက်ဝါး

Vol. 1 Ch. 69

ရှောင်လင်မှဗုဒ္ဓလက်ဝါး

Vol. 1 Ch. 69

“ ဝမ်းတ မင်းအဲဒီဆေးလုံးကိုသုံးလိုက်တာလား…”

ဝမ်းတုက သူ၏ကိုယ်ပေါ်ရှိဒဏ်ရာများကိုဂရုစိုက်ဟန်မတူဘဲ ဝမ်းတ၏ဘေးသို့ရိပ်ခနဲရောက်လာပြီးစိုးရိမ်ပူပန်သည့်လေသံဖြင့်မေးလိုက်၏ ။

သူ၏မေးခွန်းကိုပြန်မဖြေဘဲ ဝမ်းတက ပခုံးတွန့်ပြလိုက်သည် ။

ဝမ်းတ၏အပြုအမူကြောင့် ဝမ်းတုလည်းမျက်နှာတစ်ချက်ပျက်သွားပြီး တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ အတွင်းအားပေါက်ကွဲဆေးလုံးက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးလည်းရှိသေးတာမမေ့နဲ့ဦး ။ မင်းပေါ့ပျက်ပျက်လုပ်မနေနဲ့…”

ဝမ်းတု၏ စကားကြောင့် ဝမ်းတလည်း သူ၏နားနှစ်ဖက်ကိုလက်ဖြင့်ပွတ်လိုက်ပြီး အလေးမထားသည့်လေသံဖြင့်ပြန်မေး လိုက်သည်။

“ အဲ့တော့ မင်းရဲ့လည်ပင်းကိုဟိုကောင်ဖြတ်သွားတဲ့အချိန်ထိထိုင်ကြည့်နေရမှာလား…”

ဝမ်းတ၏တန်ပြန်မေးခွန်းကြောင့် ဝမ်းတုလည်းမည်သို့ပြန်ဖြေရမှန်းပင်မသိတော့ပေ။

အစောပိုင်းက ဝမ်းတသာအလစ်ဝင်တိုက်ခြင်းမပြုပါက ရှုံးနိမ့်ရမည့်သူမှာ သူသာဖြစ်ပေသည် ။

ရှောင်ကျန်းမင်ဆိုသည့်လူရွယ်က ဓားပညာထူးချွန်လှသလို အရွယ်နှင့်မမျှအောင်အတွင်းအားလည်းကောင်းမွန်လှပေသည် ။

အကယ်၍ သူတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်လျှင်ပင် ရှောင်ကျန်းမင်ကိုအနိုင်ယူနိုင်ရန်ဖြစ်နိုင်သော်လည်း သတ်ဖြတ်နိုင်မည်တော့မဟုတ်ပေ။

သို့သော်လည်းယခု အလစ်ဝင်တိုက်သည့်ဝမ်းတ၏လက်ဝါးချက်မိသွားသည့်အတွက် ရှောင်ကျန်းမင်မှာ အသက်ရှင်နိုင်ရန်ရာခိုင်နှုန်းနည်းပေမည် ။

ဝမ်းတလေ့ကျင့်သည့်မိစ္ဆာအမှောင်လက်ဝါးသိုင်းမှာ ထူးခြားဆန်းကြယ်ပြီး ကိုယ်ပိုင်အတွင်းအားများကိုအမှောင်အတွင်းအားဆိုသည့်ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသည့်အတွင်းအားအဖြစ်ပြောင်းလဲပစ်ရသည် ။

အမှောင်အတွင်းအားကိုလေ့ကျင့်ရန်မှာ လွန်စွာခက်ခဲလှသလို အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့ပါက ရန်သူနှင့်တိုက်ကွက်ချင်းထိတ်တိုက်တွေ့ရုံဖြင့် အမှောင်အတွင်းအားများမှာ တစ်ဖက်လူ၏ခန္တာကိုယ်အတွင်းသို့ဝင်ရောက်၍ ကိုယ်တွင်းအင်္ဂါများကိုဖျက်ဆီးပေလိမ့်မည် ။

ဝမ်းတအသုံးပြုခဲ့သည့်အမှောင်အထိအတွေ့သိုင်းကွက်က တစ်ဖက်လူ၏ခန္တာကိုယ်ကိုထိမိရုံဖြင့် သေဆုံးရန်သေချာသလောက်ရှိနေပြီး ထိုသိုင်းကွက်က သူ၏အတွင်းအားသုံးပုံတစ်ပုံကိုကုန်ဆုံးစေခဲ့သည်။

လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင်အတွင်းဒဏ်ရာပြင်းထန်စွာရရှိနေသည့်ဝမ်းတက အကောင်းပကတိဖြစ်လာသည်မှာ မေးခွန်းထုတ်စရာဖြစ်ပေသည်။

သို့သော် အစောပိုင်းကဝမ်းတသောက်သုံးခဲ့သည့်ဆေးလုံးအကြောင်းကိုသိရှိလျှင်ကား ထိုအဖြစ်ကိုထူးဆန်းသည်ဟုတွေးထင်တော့မည်မဟုတ်ပေ။

ဝမ်းတအသုံးပြုခဲ့သည့်ဆေးလုံးကအတွင်းအားပေါက်ကွဲဆေးလုံးဟုအမည်ရပြီး ယခုခေတ်တွင်တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်သည့်အစွမ်းထက်ဆေးတစ်မျိုးဖြစ်သည် ။

သူတို့၏ဆရာ နှင်းငွေ့မိစ္ဆာသခင်ဖော်စပ်ထားသည့်ထိုဆေးလုံးက မည်မျှပြင်းထန်သည့်အတွင်းဒဏ်ရာပင်ဖြစ်စေ အသက်ရှူချိန်အနည်းငယ်အတွင်းပျောက်ကင်းစေနိုင်သလို ကိုယ်ပိုင်အတွင်းအားများကိုလည်းချက်ခြင်းပြန်ပြည့်လာစေသည်။

သဘာဝနှင့်ဆန့်ကျင်နေသည့်ထိုဆေးလုံးတွင် တန်ပြန်ဆိုးကျိုးတစ်ခုလည်းရှိနေပြီး ဆေးလုံးကိုအသုံးပြုပြီးပါက နာရီအနည်းငယ်အတွင်းဘေးထွက်ဆိုးကျိုးကိူခံစားရပေမည်။

ဘေးထွက်ဆိုးကျိုးက ခန္တာကိုယ်တစ်ခုလုံးပေါက်ကွဲမတတ်နုကျင်မှုကိုခံစားရမည့်အပြင် နောက်ထပ်သုံးနှစ်အတွင်းအတွင်းအားလုံးဝအသုံးပြုမရတော့ခြင်းဖြစ်သည်။။

ဆေးလုံး၏သဘာဝက ခန္တာကိုယ်အတွင်းရှိသွေးကြောများတွင်ငုတ်လျိုးနေသည့်အတွင်းအားများကိုဖော်ထုတ်ပေးခြင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးရှိသည်က အံ့ဩစရာမဟုတ်ပေ။

အကယ်၍ သက်မှက်သည့်အချိန်မစေ့မီအတွင်းအားအသုံးပြုပါက သွေးကြောများပေါက်ကွဲ၍ ဒုက္ခိတတစ်ယောက်ပင်ဖြစ်သွားနိုင်သည် ။

အတွင်းအားမရှိသည့်သိုင်းသမားတစ်ယောက်မှာ အစွယ်မရှိသည့်စက္ကူကျားတစ်ကောင်နှင့်တူလှပြီး သူတို့လိုရန်သူများသည့်လူများအတွက် သုံးနှစ်အထိတိုက်ခိုက်နိုင်ခြင်းမရှိသည်မှာ အန္တရာယ်များလှသည် ။

သို့သော် ဝမ်းတက ဝမ်းတုကိုကယ်တင်နိုင်ရန်အတွက် အတွင်းအားပေါက်ကွဲဆေးကိုတုံ့ဆိုင်းခြင်းမရှိအသုံးပြုခဲ့ပြီး ဘေးထွက်ဆိုးကျိူးကိုသိရှိသည့်တိုင် ဂရုမစိုက်မည်မဟုတ်ပေ။

ထို့နောက် ဝမ်းတုမှာ ခန္တာကိုယ်ပေါ်ရှိသွေးကြောအချို့အားထိူးပိတ်ရင်းသွေးထွက်မလွန်စေရန်ဆောင်ရွက်လိုက်သည် ။

ရှောင်ကျန်းမင်၏လက်ချက်‌ကြောင့် သူ၏ကိုယ်ပေါ်တွင် ဓားဒဏ်ရာခုနစ်ခုအထက်ရှိနေပြီး ထိုအထဲမှနှစ်ခုက အတော်လေးဆိုးရွားပေသည် ။

သို့သော် ဝမ်းတုလို သေမင်း၏နှုတ်ခမ်းပေါ်တွင်စင်္ကြန်လျှောက်နေသူတစ်ယောက်အတွက် ယခုလိုဒဏ်ရာများမှာမထူးဆန်းဘဲ မျက်နှာတစ်ချက်ပင်ပျက်ယွင်းခြင်းမရှိပေ။

ဒဏ်ရာအများစုက ပြင်းထန်ခြင်းမရှိသော်ငြား သွေးထွက်နေသည့်ပြဿနာမှာစိုးရိမ်ရသည်။

သွေးကြောများကိုထိုးပိတ်ထားသော်ငြား သွေးများထွက်နေခြင်းကိုအလုံးစုံမတားဆီးနိုင်ဘဲ ဝမ်းတမှာ ရှောင်ကျန်းမင်၏လက်ချက်ကြောင့်မသေဘဲ သွေးထွက်လွန်၍စေဆုံးမည့်ကိန်းဖြစ်နေသည် ။

ဝမ်းတု၏မျက်နှာကတည်ငြိမ်နေပြီး သူ၏အင်္ကျီအတွင်းမှပုလင်းငယ်လေးတစ်လုံးကိုထုတ်ယူလိုက်သည် ။

သူ၏ကိုယ်‌ပေါ်မှဒဏ်ရာများကြောင့်သွေးများဖြင့်စိုရွှဲနေပြီးဖောက်မြင်နေသည့်ပုလင်းလေးထဲတွင်အဖြူရောင်အမှုန့်များရှိနေကာ ဝမ်းတုလည်းခေါင်းယမ်း၍ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ တော်သေးတယ် ဟိုကောင့်ဓားချက်တွေကြောင့် ကွဲသွားပြီတောင်မှတ်နေတာ…”

ဝမ်းတုကတစ်ကိုယ်တည်းရေရွတ်ရင်း သူ၏ရင်ဘက်၊ လက်မောင်းနှင့် ခန္တာကိုယ်ရှေ့ပိုင်းရှိဒဏ်ရာများပေါ်သို့အဖြူရောင်အမှုန့်များဖြင့်ဖြူးလိုက်သည် ။

ထို့နောက် သူ၏အင်္ကျီကိုချွတ်လိုက်ကာ ပုလင်းငယ်လေးကိုဝမ်းတ၏လက်ထဲသို့ထည့်ပေးလိုက်ပြီးတစ်ဘက်သို့လှည့်လိုက်သည်။

ဝမ်းတု၏နောက်ကျောတွင် ဓားဒဏ်ရာတစ်ခုသာရှိသော်လည်း သူလက်လှမ်းမှီသည့်နေရာမဟုတ်ပေ။

“ သွေးတိတ်ဆေးပါလား ငါ့ဟာကတော့မရှိတော့ဘူး…”

ဝမ်းတက သူ၏လက်ထဲသို့ရောက်လာသည့်ပုလင်းငယ်လေးကိုလှည့်ပတ်ကြည့်ရင်းရယ်မောလိုက်သည် ။

ထို့နောက်အဖြူရောင်အမှုန့်အနည်းငယ်ကိုဝမ်းတု၏ဒဏ်ရာပေါ်သို့ဖြူးလိုကိပြီးလက်ဝါးဖြင့်ဖိသိပ်ပေးလိုက်သည် ။

အဖြူရောင်အမှုန့်များမှာအံ့ဩဖွယ်‌ကောင်းလှပြီး ဝမ်းတု၏ဒဏ်ရာများမှာ အချိန်တိုအတွင်းသွေးလုံးဝတိတ်သွားတော့သည် ။

ထို့ကြောင့်ပင် ဝမ်းတက သွေးတိတ်ဆေးဟုခေါ်ခြင်းဖြစ်ပြီး ထိုဆေးမှုန့်များသည်လည်း သိုင်းလောကတွင်မရှိသည့်အစွမ်းထက်ဆေးတစ်မျိုးဖြစ်သည် ။

ဝမ်းတမှာ ဝမ်းတု၏‌နောက်‌ကျောရှိဒဏ်ရာကို ဆေးလိမ်းပေးနေရင်းမှ ရပ်တန့်သွားပြီးစိတ်ပျက်သည့်ပုံစံဖြင့်ရေရွတ်လိုက်သည် ။

“ ဟူး… ငါတို့ဘယ်အချိန်မှနားရမှာလဲမသိဘူး နောက်တစ်ဖွဲ့လာပြန်ပြီ …”

ဝမ်းတ၏စကားကြောင့် ဝမ်းတုလည်း ပတ်ဝန်းကျင်ကိုဂရုတစိုက်အကဲခပ်လိုက်ပြီး သူ၏မျက်နှာက ပြန်၍အေးစက်သွားသည်။

“ ဟက်…ဒီတစ်ခေါက်လာတဲ့လူတွေက ကိုင်တွယ်ရမလွယ်ဘူး ကံမကောင်းရင်မင်းရောငါရော သေနိုင်တယ်…”

ဝမ်းတုက ခြောက်ကပ်ကပ်ရယ်မောရင်း သူ၏အင်္ကျီကိုပြန်ဝတ်လိုက်သည် ။

သူတို့ကိုအန္တရာယ်ပေးမည့်လူများရောက်ရှိနေပြီး အသက်ဘေးနှင့်နီးကပ်နေသည့်တိုင် ဝမ်းတနှင့်ဝမ်းတုတို့၏အမူအယာများကတုန်လှုပ်ခြင်းကင်းမဲ့နေပြီး သေခြင်းရှင်ခြင်းကိုပင် ရယ်သွမ်းသွေးနေပေသည်။

ဝမ်းတု၏စကားအဆုံးတွင်သူတို့ရှိနေသည့်ဘေးပတ်လည်သို့လူရိပ်များစွာရောက်ရှိလာပြီး စက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းထားလိုက်ကြသည်။

ရောက်ရှိလာသည့်လူများက ဘုန်းကြီးများသာဖြစ်ပြီး ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်၊ နီညိုရောင်အသားအရေများ၊ ဟန်အမူအယာကင်းမဲ့သည့်မျက်နှာတို့ဖြင့်ရုပ်ထုများပမာထင်ရပေသည် ။

အံ့ဩဖွယ်ကောင်းစွာဖြင့် ထိုဘုန်းကြီးများ၏သိုင်းအဆင့်က ထိပ်တန်းအဆင့်ရှိနေပြီး သူတို့၏နောက်ဘက်မှ အဝါရောင်ဝတ်စုံဝတ်ဘုန်းကြီးတစ်ပါးလျှောက်လာသည်။

အသက်သုံးဆယ်ဝန်းကျင်ရှိပြီး ထိုအုပ်စုခေါင်းဆောင်ဖြစ်ဟန်တူသည့်ဘုန်းကြီးမှာ လက်ထဲတွင်ပုတီးတစ်ကုံးကိုကိုင်ထားသည် ။

သူ၏တည်ငြိမ်သည့်မျက်နှာက နုပျိုကာအေးချမ်းလှပြီး မြင်မိသူတိုင်းတိုင်း ငြိမ်းချမ်းမှုကိုခံစားရပေမည်။

ထိုဘုန်းကြီးကိုမြင်သည်နှင့် ဝမ်းတနှင့်ဝမ်းတုတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး သူတို့၏အမူအယာများကလွန်စွာလေးနက်သွားကြ၏။

“ အောမီတောဖု…ဒကာလေးတို့လက်ထဲမှာရှိတဲ့သိုင်းကျမ်းကို ကျုပ်တို့လက်ထဲအပ်လိုက်ပါဒကာလေး ဒီသိုင်းကျမ်းအတွက် သိုင်းလောကထဲမှာလည်း သွေးချောင်းစီးတိုက်ပွဲတွေဖြစ်ခဲ့ပြီးပြီ…”

တည်ငြိမ်သည့ရုပ်သွင်ရှိသည့်ဘုန်းကြီးက ဝမ်းတနှင့်ဝမ်းတုကိုကြည့်ရင်းအေးဆေးစွာပြောလိုက်သည် ။

သူ၏စကားကြောင့် ဝမ်းတု၏အေးစက်သည့်မျက်နှာထက်တွင်လှောင်ပြုံးတစ်ခုထွက်ပေါ်လာသလို သူ၏‌ဘေးရှိဝမ်းတသည်လည်း လွန်စွာသဘောကျဟန်ဖြင့် ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။

“ ဘာလဲ ကိုယ်တော်တို့က ကျုပ်တို့ရဲ့လက်ထဲကသိုင်းကျမ်းကိုသိမ်းပိုက် ပြီးရင် ကျုပ်တို့ကိုနဂါးစိမ်းဂိုဏ်းရဲ့လက်ထဲကိုအပ်တော့မှာလား…။

ရှောင်လင်ဆိုတာ အဖြူအနက်သိုင်းလောကတစ်ခုလုံးလေးစားရတဲ့နေရာဖြစ်ပေမယ့် ကိုယ်တော်ကတော့ ဖြောင့်မက်တဲဘုန်းကြီးဟုတ်မယ်မထင်ဘူး…”

ဝမ်းတက ရယ်မောရင်းလှောင်ပြောင်စကားဆိုလိုက်သည် ။

သူ၏စကားများက ပြင်းထန်လှသော်လည်း ခေါင်းဆောင်ဘုန်းကြီးကအမူအယာမပျက်သလို မျက်နှာသေဖြင့်ရှိနေသည့်ကျန်ဘုန်းကြီးများကလည်း တုတ်တုတ်မှမလှုပ်ပေ။

တည်ငြိမ်သည့်ဘုန်းကြီးက ‌သူ၏ဦးခေါင်းကိုအသာခါယမ်းလိုက်ပြီး ဝမ်းတကိုကြည့်ကာပြောလိုက်သည်။

“ ဒီသိုင်းကျမ်းအတွက်ကြောင့် သိုင်းလောကထဲမှာ ‌သွေးချောင်းစီးခဲ့ပြီးဖြစ်သလို မသမာတဲ့သိုင်းသမားတွေလက်ထဲရောက်သွားရင်လည်း သိုင်းလောကအတွက် ဘေးဒုက္ခတွေဖြစ်လာလိမ့်မယ်။။

ကျုပ်က ဆရာ့ရဲ့အမိန့်အတိုင်း ဒီသိုင်းကျမ်းကိုရှောင်လင်မှာ ထိမ်းသိမ်းထားဖို့လိုက်ရှာနေခဲ့ရုံပါ။ ဒကာလေးတို့နဲ့ နဂါးစိမ်းဂိုဏ်းရဲ့ကိစ္စကိုကြားဝင်ဖို့စိတ်မကူးပါဘူး…”

တည်ငြိမ်သည့်ဘုန်းကြီး၏အဖြေကြောင့် ဝမ်းတနှင့်ဝမ်းတုလည်းအနည်းငယ်အံ့အားသင့်သွားကြသော်ငြား ‌ဒဏ်ရာများစွာရရှိထားသည့်ဝမ်းတုက ‌သဘောမတူသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ကျုပ်တို့ကလည်း ကျုပ်တို့ဆရာရဲ့အမိန့်ကြောင့် သိုင်းကျမ်းကိုလက်လျော့မှာမဟုတ်ဘူး .”

ဝမ်းတု၏အေးစက်စက်စကားက တည်ငြိမ်သည့်ဘုန်းကြီးကိုအလေးအနက်ဖြစ်သွားစေပြီး ကျန်ဘုန်းကြီးများလည်း သူတို့၏အနားသိူ့မသိမသာတိုးကပ်လာကြသည် ။

ထိုအဖြစ်ကိုသူတို့နှစ်ယောက်လုံးရိပ်စားမိ၍ ဝမ်းတု၏လက်က သူ၏ဓားရိုး‌ပေါ်သို့ရောက်ရှိလာသလို ဝမ်းတ၏မျက်ဝန်းထဲတွင်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး ဝမ်းတုကိုအသာဟန့်တား၍ တည်ငြိမ်သည့်ဘုန်းကြီးကိုစူးစိုက်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။

“ ဒါဆိုလည်း သိုင်းလောကရဲထုံးစံအတိုင်း သိုင်းပညာယှဉ်ပြိုင်ပြီးဆုံးဖြတ်ကြတာပေါ့…ရှောင်လင်ရဲ့ကျော်ကြားတဲ့ကြေးရုပ်လူဆယ့်ရှစ်ယောက်ခေါင်းဆောင် ဗုဒ္ဓလက်ဝါးက ဘယ်လောက်အစွမ်းထက်မလဲဆိုတာ ကျုပ်သိချင်လှပြီ…”

All Chapters