ယှဉ်ပြိုင်ပွဲ
Vol. 1 Ch. 70
ကြေးရုပ်လူဆယ့်ရှစ်ယောက်
ရှောင်လင်၏ကျော်ကြားသည့်အစုအဖွဲ့များထဲမှတစ်ခုဖြစ်ပြီး ယခုမျိုးဆက်တွင် ကြေးရုပ်လူများမှာ ပြန်၍ကျော်ကြားလာခဲ့သည်။
ကြေးရုပ်လူဆယ့်ရှစ်ယောက်ဆိုသည်မှာ လောဟန်အဆောင်မှအထူးလေ့ကျင့်ပေးထားသည့်ဘုန်းကြီးဆယ့်ရှစ်ပါးဖြစ်ပြီး ဓားလှံမတိုးသည့်ကြေးနီရုပ်ထုကျင့်စဉ်ကိုအောင်မြင်ပြီးကြသူများဖြစ်ပေသည်။
သူတို့၏ခန္တာကိုယ်များက ကြေးနီရောင်သမ်းနေပြီးထူးခြားသည့်သွင်ပြင်ရှိသလို တစ်ယောက်ချင်းစီက သိုင်းပညာထိပ်တန်းအဆင့်ရှိပြီး သူတိူ့၏ပူးပေါင်းတိုက်ကွက်အောက်တွင်အဆင့်လွန်ထိပ်သီးအများအပြားကိုအနိုင်ယူနိုင်ခဲ့ပြီးနောက် စတင်၍ကျော်ကြားခဲ့ခြင်းဖြစ်သည်။
ကြေးရုပ်လူများမှာ ရှောင်လင်၏ကိုယ်စားသိုင်းလောကတွင်ကျင်လည်ခဲ့ပြီး မကောင်းမှုများကိုတိုက်ဖျက်နေသည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်သည်။
ရှောင်လင်၏အရှိန်အဝါ ၊ သူတို့၏အစွမ်းထက်လှသည့်ပူးပေါင်းတိုက်ခိုက်မှုများနှင့် ဓားလှံမတိုးသည့်ခန္တာကိုယ်များကြောင့် သူတို့နှင့်ရင်ဆိုင်မိခဲ့သည့် အနက်ရောင်သိုင်းသမားတိုင်းခေါင်းကိုက်စရာဖြစ်ခဲ့ပြီး အများစုက ရှုံးနိမ့်ခဲ့ကြရသည်။
ဤမျှအစွမ်းထက်လှသည့်ကြေးရုပ်လူများ၏ခေါင်းဆောင်မှာ အသက်သုံးဆယ်ပင်မပြည့်သေးသည့်ဘုန်းကြီးတစ်ပါးဖြစ်ပြီး သိုင်းလောကတွင် ဗုဒ္ဓလက်ဝါးဆိုသည့်ဘွဲ့အမည်ဖြင့်ကျော်ကြားပေသည်။
ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ ရှောင်လင်လောဟန်အဆောင်မှူး၏တစ်ဦးတည်းသောတပည့်ဖြစ်ပြီး ခုခံကာကွယ်ရာ၌ အစွမ်းထက်လှသည့်ရှောင်လင်၏ရှေးဟောင်းသိုင်းပညာတစ်ရပ်ဖြစ်သည့် ဗုဒ္ဓလက်ဝါးသိုင်းကိုလေ့ကျင့်အောင်မြင်ထားသူဖြစ်သည်။
ထို့ကြောင့်ပင် သူ၏ခံစစ်က သိုင်းလောကရှိလူငယ်မျိုးဆက်တွင်အစွမ်းအထက်ဆုံးဖြစ်ပြီး အဆင့်တူထဲတွင် ချိူးဖျက်နိုင်သူမရှိဟုပင်နာမည်ကျော်သည်။
ယခု ဝမ်းတက ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး ဗုဒ္ဓလက်ဝါးကိုယ်တော်၏တည်ငြိမ်သည့်မျက်နှာထက်တွင် လေးနက်သည့်အမူအယာတစ်ခုထွက်ပေါ်လာပြီး သူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်သည်။
“ ကောင်းပါပြီ ဒကာလေးက ဒီလိုလုပ်ချင်တယ်ဆိုတော့လည်း ဒီနိမ့်ကျတဲ့ဘုန်းကြီးက သဘောတူရတော့မှာပေါ့ ။
ဒကာလေးကျုပ်ကိုအနိုင်ယူနိုင်ရင် သိုင်းကျမ်းကိုမယူဘဲကျုပ်တို့ထွက်သွားပေးမယ် ။ ကျုပ်အနိုင်ရရင်တော့ သိုင်းကျမ်းကိုကျုပ်တို့လက်ကိုအပ်လိုက်ပါ…”
ဗုဒ္ဓလက်ဝါးကိုယ်တော်၏စကားကိုဝမ်းတကအဖြေမပေးရသေးမီ ဝမ်းတုကကြားဖြတ်၍ပြောလိုက်သည်။။
“ ဝမ်းတ ဒီလိုလုပ်စရာမလိုဘူး ငါတို့တိုက်ပြီးဖောက်ထွက်မယ်…”
ဝမ်းတု၏လေသံထဲတွင်ပါဝင်သည့်စိုးရိမ်ပူပန်မှုကိုသိရှိ၍ ဝမ်းတက အေးဆေးစွာပြုံး၍ပြန်မေးလိုက်သည်။
“ ကြေးရုပ်လူဆယ့်ရှစ်ယောက်ဝိုင်းထားတဲ့ကြားက မင်းကဖောက်ထွက်နိုင်မယ်ထင်လို့လား စိတ်ကူးမယဉ်နဲ့ဝမ်းတု…”
ဝမ်းတက ပြောပြောဆိုဆိုဖြင့်ရှေ့သို့တက်သွားလိုက်သည်။
ဝမ်းတုလည်း တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း သူတတ်နိုင်သည့်အရာမရှိသည်ကိုသတိရလိုက်ကာ သက်ပြင်းတစ်ချက်ချ၍ ဗုဒ္ဓလက်ဝါးကိုယ်တော်နှင့် ကြေးရုပ်လူများကိုအေးစက်စွာစိုက်ကြည့်လိုက်၏။
သူ၏လက်က ဓားရိုးပေါ်တွင်ရှိနေပြီး အချိန်မရွေးဝင်ပါနိုင်ရန်အဆင်သင့်ပြင်ဆင်ထားသည်။
လက်ရှိအချိန်တွင် ဝမ်းတမှာ အတွင်းအားပေါက်ကွဲဆေးကြောင့် သူ၏အကောင်းဆုံးအခြေအနေတွင်ရှိနေသော်ငြား ဘေးထွက်ဆိုးကျိုးထွက်ပေါ်လာသည်နှင့် တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သွားပေမည်။
တစ်ဖက်တွင် သူရင်ဆိုင်ရမည့်လူက လူငယ်မျိုးဆက်၏ထိပ်ဆုံးတွင်ရှိသူတစ်ဦးဖြစ်ပြီး ဝမ်းတုကိုယ်တိုင်ပင် ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုအနိုင်ယူနိုင်မည်ဟု အာမခံဝံ့ပေ။
ထို့အပြင် သူတို့၏ဘေးဘက်၌ဝိုင်းထားသည့် ကြေးရုပ်လူများရှိနေပြီး အစွမ်းထက်လှသည့်ထိုလူများတိုက်ခိုက်ဖောက်ထွက်ရန်မှာ သူတို့၏အကောင်းဆုံးအချိန်တွင်ပင်များစွာခဲယဉ်းပေမည်။
ထို့ကြောငိ့အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ ဒဏ်ရာအများအပြားရရှိထားသည့်ဝမ်းတုအစား ဝမ်းတက ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုစိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး သူသာအနိုင်ရရှိသွားပါက အခြေအနေများပြောင်းလဲသွားနိုင်သည်။
ဝမ်းတုက နောက်ဘက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ကြေးရုပ်လူများလည်းထိုနည်းတူပင်။
ဟန်အမူအယာကင်းမဲ့ပြီး ကျောက်ရုပ်များနှင့်ပင်ဆင်တူလှသည့်ထိုဘုန်းကြီးများက ဝမ်းတုကိုဝိုင်းထားဆဲဖြစ်ပြီး ဝမ်းတုသာတစ်စုံတစ်ခုလှုပ်ရှားမှုပြုလုပ်ပါက သူတို့လည်းချက်ခြင်းတ်ိုက်ခိုက်ကြမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
“ ဆရာတော် သတိထားပါ…”
ဝမ်းတက ဖြောင့်မက်သည့်ပုံစံဖြင့် သတိပေးစကားပြောလိုက်သော်လည်းသူ၏ခန္တာကိုယ်ကရိပ်ခနဲရွေ့လျားလာပြီး ဗုဒ္ဓလက်ဝါးကိုယ်တော်ကိုတိုက်ခိုက်နေပြီးဖြစ်သည် ။
ယခုတိုက်ပွဲမှာ အချိန်ကြာမြင့်၍မရသည်ကိုသိရှိနားလည်ပြီး သူနှင့်ဝမ်းတုတို့နှစ်ဦး၏လွတ်မြောက်မှုကိုဆုံးဖြတ်ပေးမည်ဖြစ်၍ ဝမ်းတမှာ တိုက်ပွဲအစကပင်အစွမ်းကုန်သုံး၍တိုက်ခိုက်လာခြင်းဖြစ်၏ ။
သူ၏လက်ဝါးနှစ်ဖက်တွင် အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေပြီး အတွင်းအားပေါက်ကွဲဆေး၏သက်ရောက်မှုအောက်၌ ဝမ်းတ၏တိုက်ကွက်များမှာ ပုံမှနိအချိန်များထက်ပင်ပို၍ပြင်းထန်လှ၏။
“ ပြင်းလိုက်တဲ့အတွင်းအား ပါလား..”
ဝမ်းတ၏လက်ဝါးရိုက်ချက်ကိုကြည့်၍ ဗုဒ္ဓလက်ဝါးကိုယ်တော်က တီးတိုးရေရွတိလိုက်သော်လည်း သူ၏ပုံစံကတည်ငြိမ်နေပြီး အငိုက်မမိဘဲသူ၏သင်္ကန်းအောက်မှလက်ဝါးတစ်ဖက်ကိုမြောက်၍လျှင်မြန်စွာရိုက်ထုတ်လိုက်သည် ။
“ ဝုန်း…”
ကျယ်လောင်သည့်ပေါက်ကွဲသံကြီးနှင့်အတူသူတို့နှစ်ဦးစလုံးနောက်သို့ခြေတစ်လှမ်းဆီးဆုတ်လိုက်ရပြီး အမူအယာများကလွန်စွာလေးနက်နေကြသည် ။
အစောပိုင်းကတိုက်ကွက်မှာ သာမန်အဆင့်လွန်ထိပ်သီးများကိုသွေးပွတ်ပွတ်အန်စေနိုင်ပြီး သူတို့ကားလက်ရည်ညီမျှနေသည်ဟုဆိုနိုင်သည်။
နှစ်ဦးစလုံးက လက်နက်မဲ့သိုင်းသမားများဖြစ်သည့်အပြင် လက်ဝါးသိုင်းကိုအဓိကထားအသုံးပြုသည့်သိုင်းသမားများလည်းဖြစ်နေသေးသည်။
ဤသို့ဖြင့် ပထမထိတ်တိုက်တွေ့ဆုံမှုပြီးနောက် ဝမ်းတ၏ အင်အားပြင်းထန်လှသည့်နောက်ဆက်တွဲတိုက်ကွက်များကအဆက်မပြက်ဝင်ရောက်လာသလို ဝမ်းတ၏တိုက်ကွက်မှန်သမျှကိုလည်း ဗုဒ္ဓလက်ဝါးကိုယ်တော်ကတည်ငြိမ်စွာဖြင့်ခုခံတိုက်ခိုက်နေသည်။
ဝမ်းတရော ဗုဒ္ဓလက်ဝါးကိုယ်တော်ပါအတွင်းအားပြည့်ဝသည့်
သိုင်းထိပ်သီးများဖြစ်၍သူတို့၏တိုက်ပွဲကလွန်စွာပြင်းထန်လှပြီး အဆက်မပြက်ထွက်ပေါ်နေသည့်အတွင်းအားပေါက်ကွဲသံများနှင့်အတူ သူတို့၏ပတ်ဝန်းကျင်တွင်လည်း အားလှိုင်းများလွင့်ပျံ့နေသည်။
ဝမ်းတ၏လက်ဝါးရိုက်ချက်များမှာ ဆန်းကြယ်အားကောင်းပြီး သူ၏လက်ဝါးနှစ်ထက်တွင်လည်း အမှောင်အတွင်းအားကြောင့် အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေသည်။
ဝမ်းတ၏ပတ်ဝန်းကျင်တွင်လည်း အနက်ရောင်လက်ဝါးရိပ်များပြည့်နေပြီး သူအစွမ်းကုန်တိုက်ကွက်များက လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၏။
သူနှင့်ဆန့်ကျင်ဘက်ဗုဒ္ဓလက်ဝါးကိုယ်တော်ကား ရှောင်လင်၏သန့်စင်သည့်အတွင်းအားပညာကိုလေ့ကျင့်ထားပြီး သူ၏လက်ဝါးသိုင်းကွက်များကပြင်းထန်လှသလို အေးဆေးတည်ငြိမ်စွာဖြင့် ဝမ်းတကိုခုခံတိုက်ခိုက်နေသည် ။
သူ၏ရွှေရောင်ဖျော့ဖျော့တောက်ပနေသည့်လက်ဝါးရိပ်များက ဝမ်းတ၏တိုက်ကွက်မှန်သမျှကိုချေဖျက်နေကာ တစ်ခါတစ်ရံ တန်ပြန်တိုက်ကွက်များက ဝမ်းတ၏သိုင်းကွက်များကိုပင်ပျက်ပြယ်သွားစေခဲ့သည်။
သူတို့နှစ်ဦးတိုက်ခိုက်နေကြသည်မှာ သိုင်းကွက်နှစ်ရာကျော်သုံးရာအတွင်းရောက်ရှိနေပြီဖြစ်သော်ငြား တိုက်ပွဲ၏အရှိန်ကလုံးဝလျော့ကျမသွားဘဲ ကြေးရုပ်လူများပင် တိုက်ပွဲကိူကြည့်၍အံ့ဩစွာဖြင့်ငေးမောနေမိကြ၏။
လက်ရှိအချိန်၌ သူတို့၏တိုက်ပွဲကလက်ရည်တူနေပြီးလွန်စွာပြင်းထန်နေသော်လည်း ခပ်လှမ်းလှမ်းမှစောင့်ကြည့်နေသည့်ဝမ်းတု၏အေးစက်စက်မျက်နှာထက်တွင်စိုးရိမ်ပူပန်သည့်အရိပ်အယောင်များရှိနေသည် ။
ဝမ်းတုကိုယ်တိုင်လည်းအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်၍ ယခုလောလောဆယ်မည်သူမှအသာစီးမရသေးသော်ငြား ဝမ်းတဖြေးညင်းစွာအရေးနိမ့်လာသည်ကိုမြင်တွေ့နေရပြီး တိုက်ပွဲအချိန်ကြာလာသည်နှင့်ထိုအချက်က ပို၍ထင်ရှားလာပေမည်။
ဝမ်းတမှာ အတွင်းအားပေါက်ကွဲဆေးလုံးကြောင့် ပြင်းထန်သည့်အတွင်းဒဏ်ရာပင်ပျောက်ကင်းခဲ့ပြီးအတွင်းအားများပြန်၍ပြည့်လာသော်လည်း ရှောင်ကျန်းမင်နှင့်တိုက်ပွဲတွင်သူ၏အတွင်းအားသုံးပုံတစ်ပုံကိုအသုံးပြုခဲ့ရသည်။
ပုံမှန်အချိန်များတွင် ဝမ်းတနှင့်ဗုဒ္ဓလက်ဝါးကိုယ်တော်တို့ကြားရှိတိုက်ပွဲက မည်သူအနိုင်ရမည်ကိုပြောရခက်သော်လည်း ယခုအခါ အတွင်းအားလျော့နည်းနေသည့်ဝမ်းတမှာ တစ်ပန်းရှူံးနေလေပြီ။
ထို့ကြောင့် သူတို့၏တိုက်ပွဲကသိုင်းကွက်သုံးရာကျော်လာပြီဖြစ်သလို ဝမ်းတ၏တိုက်ကွက်များလည်းအားအင်လျော့နည်းလာ၍ ဝမ်းတုမှာ သူ၏ဓားရိုးကိုသာတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်မိတော့သည် ။
အကယ်၍ ဝမ်းတသာ အန္တရာယ်တစ်စုံတစ်ခုကျရောက်ပါက သူချက်ခြင်းဝင်ပါမည်ဖြစ်ပြီး ကြေးရုပ်လူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုခံရလျှင်ပင် ဂရုစိုက်မည်မဟုတ်ပေ ။
အဆုံး၌ သူတို့နှစ်ဦးလုံးက သာမန်မိတ်ဆွေများထက်အဆများစွာရင်းနှီးကြသည့်လူများဖြစ်ပြီးတစ်ဦအတွက် ကျန်တစ်ဦး၏အသက်ကိုပါပေးဝံ့သည့် သွေးမတော်သည့်ညီအစ်ကိုများပင်ဖြစ်ပေသည်။
ထိုစဉ် တိုက်ပွဲဆီမှ ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး တိုက်ခိုက်နေသည့်လူနှစ်ယောက်လုံးနောက်ဆုတ်သွားကြရသည် ။
သူတို့နှစ်ဦးလုံးက ဒဏ်ရာတစ်စုံတစ်ရာမရရှိကြသေးသော်လည်းမည်သူအနိုင်ရမည်ကိုကြိုတင်ရိပ်စားမိနေကြပြီး ဝမ်းတကတိုက်ပွဲကိုရပ်လိုက်ခြင်းဖြစ်သည်။
အကယ်၍ ဗုဒ္ဓလက်ဝါးကိုယ်တော်နှင့်ခေါင်းမာစွာဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သူရှုံးနိမ့်တော့မည်ဖြစ်သလို အတွင်းအားပေါက်ကွဲဆေးလုံး၏ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံရရန်ကလည်းအချိန်များစွာမလိုတော့ပေ။
ထို့ကြောင့် ဝမ်းတက တိုက်ပွဲကိုရပ်လိုက်ခြင်းဖြစ်ပြီး ဗုဒ္ဓလက်ဝါးကိုယ်တော်ကလည်းလိုက်လံတိုက်ခိုက်ခြင်းမရှိဘဲတည်ငြိမ်စွာရပ်၍မေးလိုက်သည်။
“ ဒကာလေး အရှုံးကိုလက်ခံပြီးကျုပ်တို့ဆီသိုင်းကျမ်းအပ်တော့မလား…”
ဗုဒ္ဓလက်ဝါးကိုယ်တော်၏ပုံစံကတည်ငြိမ်အေးချမ်းလှပြီး သူ၏စိတ်ထဲတွင် ဝမ်းတတို့ကိုဖမ်းဆီးရန်သို့မဟုတ် သတ်ဖြတ်ရန်စိတ်ကူးလုံးဝရှိမနေပေ။
ဖြောင့်မက်မှန်ကန်လှပြီး အနက်ရောင်သိုင်း လောကပါလေးစားရသည့် ရှောင်လင်ကျောင်းမှဘုန်းကြီးများပီသစွာ ဝမ်းတနှင့်ဝမ်းတုတို့ကိုဝိုင်းဝန်းတိုက်ခိုက်၍ရသော်လည်း တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်သည်ကိုကြည့်၍သူ၏စိတ်နေစိတ်ထားကိုတွေ့မြင်နိုင်သည်။
သိူ့သော်သူပြန်၍ရရှိလိုက်သည့်က ဝမ်းတ၏လျှို့ဝှက်သည့်အပြုံးတစ်ခုဖြစ်ပြီး ဝမ်းတက နောက်ဘက်ရှိဝမ်းတုကိုကြည့်၍အော်ဟစ်လိုက်သည်။
“ ဝမ်းတု အခုပဲ…”
ဝမ်းတ၏စကားဆုံးသည်နှင့် ဝမ်းတုလည်းသူမည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုသိရှိနေသည့်အတွက် ရင်ဘက်ကြားထဲရှိ သိုင်းကျမ်းစာအုပ်ကိုထုတ်ယူကာ စာရွက်အချို့အားလျှင်မြန်စွာဆုတ်ဖြဲလိုက်တော့သည်။