အခန်း (၁၄၂၉-၁၄၃၅)
Vol. 91 Ch. 1429-1435
အပိုင်း ၁၄၂၉ ငါတို့က သမီးရည်းစားတွေပဲ...
သို့သော်လည်း အန်းယိနှင့် ကုနင်းတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ပြီး ကုနင်းက ရုတ်တရက် သူ့အဖေ၏ သူဌေးဖြစ်လာသောအခါ အလွန်ထူးဆန်းသည်ဟု ခံစားမိသည်။
ကုနင်းသည် အန်းယိ၏ခံစားချက်ကို ဂရုစိုက်သောကြောင့် သူမ သူ့ကို ထိုမေးခွန်းကို မေးလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ပါဘူး... ငါ့မိသားစုကို ကူညီပေးတဲ့အတွက် ကျေးဇူးတောင်တင်ရဦးမယ်။ ရိုးရိုးသားသားပြောရရင် မင်းရဲ့အကူအညီမရှိရင် ငါနဲ့ငါ့အဖေ ဘာဖြစ်သွားမယ်ဆိုတာတောင် ငါ မသိဘူး။” ဟု အန်းယိက ဆိုသည်။ ကုနင်းသည် သူ၏ အခင်ဆုံးသူငယ်ချင်းများထဲမှ တစ်ဦးဖြစ်သောကြောင့် သူ၏ခံစားချက်အစစ်အမှန်ကို သူမကို မဖုံးကွယ်ပေ။
သူသည် စကားများများမပြောတတ်သော်လည်း သူ၏သူငယ်ချင်းတွေကို ကောင်းကောင်းဆက်ဆံပေးတတ်သည်။ စင်စစ် သူသည် သူ၏သူငယ်ချင်းတွေ အကူအညီ လိုအပ်သည့်အခါတိုင်း ဥပဒေကိုမချိုးဖောက်သရွေ့ ကူညီရန် ဆန္ဒရှိသည်။
ဥပမာအားဖြင့်၊ ယွီမီရှီ၏မိသားစု အရင်တစ်ခေါက်က ဒုက္ခရောက်သောအခါတွင် သူသည် သူမ၏မိသားစုကို ကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့သည်။
“အဲ့တာကို သိပ်စဉ်းစားနေဖို့ မလိုပါဘူး။ ငါက နင့်အဖေရဲ့ သူဌေးလေ၊ နင့်သူဌေးမှ မဟုတ်တာ ငါတို့က သူငယ်ချင်းတွေဖြစ်နေတုန်းပါပဲ။ နင် ငါ့ကိုကောင်းကောင်းသိပါတယ်၊ ငါနဲ့ ခပ်ဝေးဝေးနေဖို့ မလိုပါဘူး။"
အန်းယိသည် သူမနှင့် ခပ်ဝေးဝေးနေတော့မည်ကို သူမ မမြင်ချင်ပေ။
"ဟုတ်တယ်၊ အန်းယိ အဲဒါကို အများကြီး စဉ်းစားနေဖို့ မလိုပါဘူး။ ငါတို့က ဘာတွေပဲဖြစ်ဖြစ် ရင်းနှီးတဲ့သူငယ်ချင်းတွေပဲ။”
"ငါသဘောတူတယ်။"
“…”
တခြားသူငယ်ချင်းများသည် အန်းယိကို နှစ်သိမ့်ပေးပြီး ပျော်ရွှင်တက်ကြွအောင်ပြုလုပ်ကာ အတူတူ စားသောက်ကြသည်။
ကုနင်းသည် ချူးဖေ့ဟန်အပါအဝင် သူမ၏ အခြားသူငယ်ချင်းများနှင့်အတူရှိသောအခါမှ သူမသည် ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦးဟု ခံစားရသည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်သည် ယခင်ဘဝက သူမ၏ အသက်အရွယ်နှင့် အတူတူပင် ဖြစ်သည်။
ညစာစားပြီးသောအခါ သူတို့သည် ဘားသို့ မသွားကြပေ။ ယခုနှစ်တွင် သူတို့သည် အရွယ်ရောက်ပြီးဖြစ်သော်လည်း မကြာခဏ အရက်သောက်ခြင်းမှာ ကောင်းသည်ဟု မထင်ပေ။ ထို့ကြောင့် သူတို့သည် ကလပ်တစ်ခုသို့သွားကာ ပျော်ပျော်ပါးပါး ဂိမ်းကစားကြသည်။
သူတို့သည် အားလပ်ရက် ရနေပြီး အချိန်ပြည့် အားလပ်နေသည့်အတွက် အချိန်ကိုဖြုန်းဖို့ ဂိမ်းတွေ ဆော့တတ်ကြသည်။
ဟောင်ရန်၊ ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့သည် ညဘက်တွင်သာ V5 ဘားသို့ သွားကြပြီး ကျန်အချိန်များမှာ အားလပ်သည်။
ထိုအချိန်အတောအတွင်း၊ သူတို့သည် ‘ကောင်းကင်တိုက်ပွဲ’ကို ဆော့ခဲ့သော်လည်း အဆင့်အရမ်း မမြင့်ကြပေ။
ဟောင်ရန်နှင့် ချူးဖေ့ဟန်တို့သည် သူတို့ထဲတွင် အတော်ဆုံးဖြစ်ပြီး ကျန်သူများမှာ အဆင့်နိမ့်သူများဖြစ်သည်။ သူတို့သည် ဂိမ်းအသစ်နှင့် ရင်းနှီးရန် အချိန်ယူရသည်။
"ဟေ့ ဘော့စ်၊ ဒီဂိမ်းကို ကစားတာ ဘယ်လောက်ကြာပြီလဲ? မင်းရဲ့ အဆင့်က ငါတို့ထက် အများကြီး မြင့်တယ်။” ဟောင်ရန်က စပ်စု၍ မေးသည်။
"သုံးရက်လောက်ထင်တယ်။" အတိအကျပြောရလျှင် သူမသည် ပျင်းတဲ့အခါမှ အဆင့်မြင့်မြင့်သို့ရောက်ရန် သုံးကြိမ်သာ ကစားဖူးသည်။
ဒီဂိမ်းမှာ အဆင့်မြင့်မြင့်ကို ရောက်ဖို့သည် အမှန်ပင် မလွယ်ကူသော်လည်း ကုနင်းသည် တခြားကစားသမားတွေထက် အများကြီးတော်သည့်အတွက် သူမသည် ဂိမ်းအတွက် အချိန်အနည်းငယ်သာ ကုန်ဆုံးသည်။
"ဝိုး၊ ဒါပေမယ့် ငါ မအံ့သြတော့ပါဘူး။" ဟောင်ရန် ပခုံးတွန့်လိုက်သည်။
သူတို့၏မျက်လုံးထဲတွင် ကုနင်းသည် သူတို့သိသမျှသူတွေအားလုံးထက် အမြဲတမ်း ပိုတော်သည်။
"ငါ နင်းနင်းလောက် အဆင့်ကို ရောက်ရမှာပေါ့၊ ဒါမှ ငါ သူမနဲ့ အဖွဲ့ဖွဲ့ နိုင်မယ်။" ချူးဖေ့ဟန်က ဆုံးဖြတ်ချက်ချပြီး ဖုန်းကိုထုတ်လိုက်သည်။
"ငါရောပဲ"
"ငါလည်း ဂိမ်းထဲဝင်နေတယ်။" ချင်ကျီရွှမ်းကလည်း သူတို့လို လိုက်လုပ်သည်။
ဟောင်ရန် ၊ ချင်ကျီရွှမ်း ၊ ကျန်းထန်ပင်း ၊ ချူးဖေ့ဟန်နှင့် အန်းယိတို့သည် ဂိမ်းကို အတူတူ ကစားကြသည်။
ဂိမ်းမကစားသောသူများဖြစ်သော မုခယ်၊ ယွီမီရှီ၊ စုအန်းယာနှင့် ကုနင်းတို့သည် စစ်ပေါ်သွားကစားကြသည်။
သူတို့သည် စစ်ပေါ်ကစားသည့်အတွက်၊ အရှုံးသမားက ပြစ်ဒဏ်ပေးခံရမည်၊ မဟုတ်လျှင် ဂိမ်းသည် ပျင်းစရာကောင်းလိမ့်မည်။ သို့သော် ယနေ့ည အရက်မသောက်ကြကြောင့် လက်ဖက်ရည်ကို ရွေးချယ်ခဲ့သည်။
ကုနင်းသည် သူမ၏ သူငယ်ချင်းများနှင့် ကစားရာတွင် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးမပြုဘဲ အနိုင်ရရန် သူမ၏ကံကို အားကိုးလိုက်သည်။ သို့သော်လည်း သူမသည် ရှုံးရန် ခက်ခဲနေဆဲဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့် ယွီမီရှီသည် အကြိမ်များစွာ ရှုံးခဲ့ပြီး လက်ဖက်ရည်များစွာ သောက်ခဲ့သည်။ လက်ဖက်ရည် အလွန်အကျွံသောက်ခဲ့ရသောကြောင့် သူမသည် အနည်းငယ် မသက်မသာ ခံစားရကာ မုခယ်က သူမအစား ပြစ်ဒဏ်ခံပေးမည်ဟု ပြောလာသည်။
ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သည်မို့ ကုနင်းက "ဘာလို့လဲဆိုတာ ငါတို့ကို မပြောပြချင်ဘူးလား?"
ထိုစကားကိုကြားသောအခါ စုအန်းယာသည် မုခယ်နှင့် ယွီမီရှီတို့၏မျက်နှာများကို အာရုံစိုက်ကြည့်လာသည်။
မုခယ်နှင့် ယွီမီရှီတို့သည် လက်ရှိအချိန်တွင် မည်မျှရင်းနှီးနေသည်ကို မသိရသော်လည်း သူတို့သည် ယခင်ကထက် ပိုမိုရင်းနှီးလာသည်မှာ သိသာသည်။ ထို့အပြင် မုခယ်သည် ယနေ့ည၌ ယွီမီရှီကို ကာကွယ်ရန် တုံ့ဆိုင်းနေခြင်းမရှိပေ။ သူတို့၏ ဆက်ဆံရေးသည် အရင်နှင့်မတူတော့ကြောင်း သိသာစေသည်။
မည်သို့ပင်ဖြစ်စေ ယခုထုတ်မပြောချင်ဘူးဆိုလျှင် ကုနင်းသည် သူတို့ကို အတင်းအကြပ်မမေးပါ။
မုခယ်နှင့် ယွီမီရှီသည် တစ်စက္ကန့်မျှ ကြောင်အသွားကာ ယွီမီရှီသည် အနည်းငယ် မျက်နှာ နီရဲသွားသည်။ မုခယ်သည် ယောကျ်ားလေးဖြစ်သည်မို့ အေးအေးဆေးဆေး နေနိုင်သည်။ "အင်း၊ ငါတို့က သမီးရည်းစားဖြစ်နေပြီ။"
ထိုစကားကိုကြားတော့ ကုနင်းနှင့် စုအန်းယာသည် သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်၍ မအံ့သြပေ။
"အင်း၊ အဲဒါ မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ၊ ငါတို့မပတ်သက်သင့်ဘူး၊ ဒါပေမယ့် မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သစ္စာမဖောက်ဘူးလို့ ငါမျှော်လင့်တယ်။ သစ္စာဖောက်တာကို ငါ အမုန်းဆုံးပဲ” ကုနင်း ပြောလိုက်သည်။
သူတို့၏ သူငယ်ချင်းတစ်ဖြစ်လဲ ဘော့စ်ကုနင်းသည် သူတို့အပေါ် ကြီးမားစွာ လွှမ်းမိုးနိုင်သည်။
အနာဂတ်တွင် သူတို့နှစ်ယောက် လမ်းခွဲရမည်ဆိုလျှင်တောင် ကုနင်းသည် သစ္စာဖောက်ခြင်းကြောင့်မဟုတ်ပဲ ခင်မင်ရင်းနှီးစွာ လမ်းခွဲနိုင်ဖို့ မျှော်လင့်မိသည်။
သူတို့ထဲက တစ်ယောက်က တခြားတစ်ယောက်ကို သစ္စာဖောက်ခဲ့လျှင် သစ္စာဖောက်နှင့် သူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်မည်မဟုတ်ပေ။
***
အပိုင်း ၁၄၃၀ အမြင့်မှပြုတ်ကျလာသည့်အမျိုးသမီး...
"ဘော့စ် အခုကတိကဝတ်ပြုဖို့က ခက်ခဲပြီး လက်တွေ့မကျဘူးဆိုတာ ငါသိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ ဒါပေမယ့် မီရှီကို ငါစိတ်ရင်းမှန်နဲ့ ကြိုက်တာပါ၊ ဖြစ်နိုင်ရင် ငါတို့ ထာဝရအတူနေနိုင်မယ်လို့ မျှော်လင့်တယ်" မုခယ် က ဆိုသည်။
ကုနင်းသည် မုခယ်၏လက်ရှိစိတ်ကို ကောင်းကောင်းသိသော်လည်း အနာဂတ်မှာ သူပြောင်းလဲသွားမည်လားဆိုတာကိုတော့ သူမ မသိပေ။ ချစ်ဖို့ လွယ်သော်လည်း ဆက်ချစ်ဖို့က ပိုခက်သည်။ သို့သော် အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမှ မသိသောကြောင့်၊ သူတို့သည် သူတို့၏လက်ရှိဘဝကို ပျော်ရွှင်စွာ နေထိုင်သင့်သည်။
“ကောင်းပြီ၊ မင်းချစ်နေတဲ့အချိန်မှာလဲ စာကို ဆက်လေ့လာဖို့ မမေ့နဲ့။ ချစ်ခြင်းမေတ္တာက ပိုင်ဆိုင်မှုလုံလောက်တဲ့အပေါ် အခြေခံပြီးသာ တည်တံ့လိမ့်မယ်။”
မုခယ်၏ မိသားစုသည် ချမ်းသာသော်လည်း တစ်သက်လုံး သူ၏မိသားစုကို အားကိုးနိုင်သည်ဟု မဆိုလိုပေ။ သူ၏မိသားစု လုပ်ငန်းကို ချုပ်ကိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင်တောင် စီမံခန့်ခွဲနိုင်စွမ်းရှိဖို့ လိုပါသေးသည်။
“နားလည်ပါတယ်” ဤအချက်ကို ကုနင်းနှင့် သူသဘောတူသည် ထမင်းမစားရလျှင် အချစ်က သေဆုံးတတ်သည်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သည်။
ယွီမီရှီသည်လည်း ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်ပြီး သူမဘာလိုချင်သည်နှင့် သူမဘာလုပ်နေသည်ကို နားလည်သဘောပေါက်သည်။
ထို့နောက်တွင် ဆက်လက်ကစားကြပြီး မုခယ်သည် ယွီမီရှီကို လူသိရှင်ကြား ကာကွယ်ပေးသည်။
ချူးဖေ့ဟန်နှင့် အခြားသူတို့သည် ဂိမ်းကို စွဲစွဲမြဲမြဲ ကစားနေသောကြောင့် သူတို့၏ ဆွေးနွေးမှုကို မကြားရပဲ အရေးကြီးသော အချက်အလက်များကို လွတ်သွားသည်။
စုအန်းယာသည် အကြိမ်ပေါင်းများစွာ ရှုံးပြီး ရုတ်တရက် ဝမ်းနည်းလာသည်။ "နင်းနင်းက ရှုံးခဲတယ် မီရှီကျ မုခယ်က ကာကွယ်ပေးတယ်၊ ဒါပေမယ့် ငါကတော့ ကိုယ်တိုင်ပဲ သောက်နိုင်တယ်။" သူမ သက်ပြင်းချပြီး နာကျင်နေသည့်အသံဖြင့်ပြောသည်။
"မင်းအတွက် သောက်ဖို့ တစ်ယောက်လောက် ရှာလို့ရတယ်လေ။" ကုနင်းက နောက်ပြောင်သည်။
"မေ့လိုက်ပါ၊ ငါကိုယ်တိုင်သောက်ရတာ ပိုကြိုက်တယ်။”
သူတို့သည် လက်ဖက်ရည်ဆိုင်မှ ည ၁၁ နာရီတွင် ထွက်လာသည်၊အကြောင်းမှာ ဆိုင်သည် တစ်နာရီအတွင်း ပိတ်တော့မည်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်သည် ဘားတည်ရှိသော လမ်းပေါ်တွင် ရှိသောကြောင့် လမ်းတစ်လျှောက်တွင် အရက်မူးနေသူများနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ထို့ကြောင့် လူအများအပြားသည် တက္ကစီစီးကြတာကြောင့် တက္ကစီရဖို့ရန်အတွက် လမ်း၏ အထွက်ထိ လမ်းလျှောက် သွားရသည်။
ကံမကောင်းစွာပင်၊ သူတို့လမ်းလျှောက်လာစဉ် အပေါ်ကနေ ကြောက်စရာကောင်းသည့် အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
အမျိုးသမီးတစ်ဦးသည် ငါးထပ်တိုက်မှ ပြုတ်ကျကာ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများဆီသို့ ဦးတည်သွားသည်။ သူမသည် ကိုယ်အလေးချိန်များပြီး လျင်မြန်စွာ ကျလာသည်။ စက္ကန့်အနည်းငယ်အတွင်း သူမခန္ဓာကိုယ်ကို မရှောင်နိုင်ခဲ့လျှင်၊ အများစုသည် ပိပြီး အပြင်းအထန်ဒဏ်ရာရရလိမ့်မည်။
ကံကောင်းစွာဖြင့်၊ စုအန်းယာမှလွဲပြီး ကျန်သူများအားလုံးကို ကုနင်းမှ လေ့ကျင့်ပေးထားသောကြောင့် ချက်ချင်း ရှောင်လိုက်ကြသည်။ စုအန်းယာကိုလည်း ချူးဖေ့ဟန်က ဆွဲထုတ်သွားခဲ့ပြီး ကုနင်း ကတော့ ငြိမ်သက်နေခဲ့သည်။
ချူးဖေ့ဟန်နှင့် အခြားသူများသည် ကုနင်းအတွက် စိတ်မပူကြပေ။ ကုနင်းသည် ထိုအမျိုးသမီးကို ကယ်တင်လိုကြောင်းသိသည်။ ကုနင်း၏ စွမ်းရည်ကိုအရ လုပ်နိုင်သည်ကို သိသောကြောင့် သူတို့ စိတ်ပူစရာမလိုပေ။
တစ်ဖက်တွင် ကြည့်ရှုသူများသည် ကုနင်းက ငိုင်သွားသည်ဟု ထင်မြင်ကြပြီး အားလုံးက သူမအတွက် စိတ်မကောင်းဖြစ်သွားကြသည်။
လူတိုင်းအံ့သြသွားသည်မှာ ထိုအမျိုးသမီးက ကုနင်းကိုဝင်တိုက်တော့မည့်အချိန်တွင် ကုနင်းသည် သူမ၏လက်ကိုဆွဲပြီး အမျိုးသမီးကို ဖမ်းလိုက်သည်။ သူမ၏ မှော်အစွမ်း၏အကူအညီဖြင့်၊ ကုနင်း၏လက်များသည် ပုံမှန်မဟုတ်သည့်အခြေအနေအထိ သန်မာလာပြီး သူမ၏လက်များကို ကောင်းစွာကာကွယ်ပေးသည်။ သို့သော် ထိုအမျိုးသမီးသည် အလွန်မြင့်မားသောနေရာမှ ပြုတ်ကျလာသောကြောင့် ကုနင်း အနည်းငယ် ဒဏ်ရာရရှိသွားသေးသည်။
ထိုမြင်ကွင်းသည် သူတို့ပတ်ဝန်းကျင်ရှိလူတိုင်းကို တုန်လှုပ်စေခဲ့သည်။ ငယ်ရွယ်သော မိန်းကလေးသည် ထိုအမျိုးသမီးကို အလွယ်တကူ ဖမ်းလိုက်နိုင်သည်ကို မည်သူမျှ မယုံနိုင်ပေ။
အမျိုးသမီးသည် ဘာဖြစ်သွားမှန်း မသိသလို သေတော့မည်လို့ ယုံကြည်သည့်အတွက် စိတ်ပျက်လက်ပျက်နှင့် မျက်လုံးတွေကို တင်းတင်းမှိတ်ထားသည်။
ချူးဖေ့ဟန်နှင့် အခြားသူများလည်း အံ့သြသွားကြသည်။ ကုနင်းသည် မယုံနိုင်စရာဖြစ်သည်ကို သူတို့သိသော်လည်း သူမသည် ထိုအမျိုးသမီးကို တိုက်ရိုက်ဖမ်းလိုက်မည်ဟု သူတို့မထင်ခဲ့ကြပေ။
"ဟေး မင်းအဆင်ပြေရဲ့လား?" ကုနင်းက သူမကို ပွေ့ဖက်ကာ မေးသည်။
ကုနင်း၏ အသံကိုကြားသော် ထိုအမျိုးသမီးသည် စိတ်နှင့်ကိုယ်ကပ်ကာ ကုနင်းကို တည့်တည့်စိုက်ကြည့်သည်။
ကုနင်းသည် အမျိုးသမီးကို တစ်ချိန်လုံး ပွေ့ချီထားရတာ ထူးဆန်းနေတာကြောင့် သူမကို ကြမ်းပြင်ပေါ်ထိုင်စေလိုက်သည်။
အမျိုးသမီးသည် ထိတ်လန့်တကြားမျက်ရည်ကျလာသည်။ သူမသည် မြင့်မားသော အထပ်မှ ခုန်ချပြီး သေတော့မည်ဟု တွေးထားသော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ သို့သော် ကောင်းသည့်အရာလား မကောင်းသည့်အရာလားကို သူမ မသိပေ။
သူမကို ကြောက်ရွံ့နေမှန်း လူတိုင်းသိသောကြောင့် မည်သူမျှ သူမကို မတားခဲ့ကြပေ။
ခဏအကြာ ငိုပြီးနောက် အမျိုးသမီးသည် ရုတ်တရက် ရပ်လိုက်ပြီး ကုနင်းရှေ့မှာ ဒူးထောက်ကာ တောင်းပန်လိုက်သည်။ "ကျေးဇူးပြုပြီးငါ့ကိုကူညီပါ။ ငါ ဒီကနေ ထွက်သွားပြီး အိမ်ပြန်ရမယ်။ ငါ့ရည်းစားက ချင်ဂိုဏ်းက ယောက်ျားတစ်ယောက်ဆီ ငါ့ကိုပို့နေတာ ငါမသွားချင်ဘူး။"
သူမသည် အဝေးမှ ချစ်သူနှင့် တွေ့ဆုံရန် Fမြို့သို့ ရောက်လာသော်လည်း သူမ၏ ချစ်သူက သူမအား ချင်ဂိုဏ်းရှိ အမျိုးသားတစ်ဦးထံ အကြွေးဆပ်ဖို့ ပို့ပေးရန် စီစဉ်ခဲ့သည်။ သူမ လုံးဝမလုပ်ချင်သော်လည်း ရွေးချယ်စရာမရှိ၍ အထပ်မြင့် အဆောက်အဦးကနေ ခုန်ချဖို့ ရွေးချယ်ခဲ့သည်။
ယခုအချိန်တွင် သူမသည် အသည်းကွဲနေပြီး သူမ၏ချစ်သူက သူမကို ဘာကြောင့် ဒီလိုဆက်ဆံတာလဲ ဆိုတာကို နားမလည်နိုင်ပေ။
သူ၏ဇာတ်လမ်းကို ကြားပြီး အားလုံး ဒေါသတွေ ထွက်သွားသည်။
"ဘာ... သူ မင်းကို ဘယ်လို လုပ်နိုင်ရတာလဲ? မင်းအတွက် ငါသူ့ကိုရိုက်ပေးမယ်။" ချူးဖေ့ဟန်က ဒေါသတကြီး ပြောသည်။
"သူက ယောက်ျားတစ်ယောက်ဖြစ်ဖို့ အရည်အချင်း မရှိဘူး။" ဟောင်ရန်သည်လည်း ဒေါသထွက်သွားသည်။
***
အပိုင်း ၁၄၃၁ ရှောင်လင်း
"သူ ယောကျ်ားအစစ် တစ်ယောက်ဖြစ်လာဖို့ သင်ယူသင့်တယ်။" မုခယ်ကပါ ပြောသည်။ သူသည် သူ၏ ကောင်မလေးကို လေးလေးနက်နက် ချစ်တတ်ပြီး ယခုမူ ကိုယ့်ကောင်မလေးကို ဆိုးဆိုးရွားရွား ဆက်ဆံသော အခြားအမျိုးသားတစ်ယောက်နှင့်တွေ့နေရသည်။
ဤကမ္ဘာပေါ်တွင် လူအမျိုးမျိုးရှိပြီး၊ အရောင်အသွေး အစုံအလင် ရှိကြောင်း သူတို့ ရှင်းရှင်းလင်းလင်း သိသည်။
ကုနင်းသည် သူတို့နှင့် သဘောထားတိုက်ဆိုင်သည့်အတွက် သူတို့ကို မတားပေ။
" ငါ...ချင်ဂိုဏ်းက အဲဒီလူတွေကို ကြောက်တယ်။" အမျိုးသမီးသည် ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်သည်။ ကုနင်းက သူမကိုကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်သော်လည်း သူမကြောင့် ကုနင်းကို မထိခိုက်စေချင်ပြန်ပေ။
“အဆင်ပြေပါတယ်။ သူတို့က ငါတို့ကို မထိခိုက်စေနိုင်ပါဘူး။” ကုနင်းက အမျိုးသမီးကို နှစ်သိမ့်စကားပြောသည်။
ချူးဖေ့ဟန်နှင့် ကုနင်းတို့သည် ချင်ဂိုဏ်းနှင့် ပတ်သက်မှုရှိပြီး ချင်ဂိုဏ်းရှိ မည်သူမျှ သူမတို့အား ဆန့်ကျင်ရဲမည်မဟုတ်ပေ။
ဟောင်ရန်နှင့် တခြားသူများသည်လည်း ထိုအကြောင်းကို သိထား၍ လုံးဝမစိုးရိမ်ကြပေ။ ထို့နောက် သူတို့သည် အမျိုးသမီးနှင့်အတူ အဆောက်အအုံထဲသို့ ဝင်သွားကြသည်။
အမျိုးသမီးသည် ကြောက်လန့်နေသေးသော်လည်း ဤအခြေအနေတွင် သူမ တားဆီး၍မရတော့ပေ။
ဤအဆောက်အအုံသည် ဟိုတယ်တစ်ခုဖြစ်ပြီး ဧည့်ခံဝန်ထမ်းက သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် မန်နေဂျာကို ချက်ချင်းဖုန်းဆက်သည်။ သူမသည် စောစောက ဘာတွေဖြစ်ခဲ့သည်လဲကို လုံးဝ မသိပေ။
သူတို့သည် အချိန်မဆွဲပဲ ခြောက်ထပ်ကို ဓာတ်လှေကားနှင့် တက်သွားသည်။
ဓာတ်လှေကားတံခါးပွင့်သည်နှင့် အမျိုးသမီး၏ချစ်သူကိုတွေ့ရသည်။ သူသည် သူမကိုရှာဖို့ အောက်ထပ်ကို ဆင်းဖို့ပြင်နေစဥ် မထင်မှတ်ပဲ သူမကိုယ်တိုင် ပြန်တက်လာသည်။
"ရှောင်လင်း ...လန့်သွားတာပဲ။ မင်းအဆင်ပြေရဲ့လား?" ထိုလူသည် အမျိုးသမီးက သူ၏အကြံအစည်တွေကို ပျက်လုနီးပါးဖြစ်အောင်လုပ်သည့်အတွက် ဒေါသထွက်နေသော်လည်း တခြားလူများ၏ရှေ့မှာ သူမကို ဂရုစိုက်ချင်ယောင်ဆောင်နေရသည်။ အမျိုးသမီး အသက်ရှင်နေသေးသည်ကို သူ အံ့သြ ထိတ်လန့်သော်လည်း ယခုမူ သူမကိုအသုံးချပြီး အကြွေးဆပ်ဖို့ကပိုအရေးကြီးသည်။
ရှောင်လင်းဟု အမည်ရသည့် အမျိုးသမီးသည် ကြောက်ရွံ့တုန်လှုပ်ကာ ကုနင်း၏အနောက်မှာ ပုန်းနေသည်။
"စိတ်အေးအေးထား ငါတို့ မင်းကို ကာကွယ်နိုင်တယ်။" ကုနင်းသည် သူမကို နှစ်သိမ့်ပြီး သူငယ်ချင်းတွေနှင့်အတူ ဓာတ်လှေကားထဲက ထွက်လာသည်။
ဟောင်ရန်နှင့် တခြားကောင်လေးတွေသည် ထိုလူကိုတွေ့တွေ့ချင်း ရိုက်ချင်သော်လည်း အမှန်တရားကို ပိုသိရန် အချိန်စောင့်နေသည်။
"မင်းက ရှောင်လင်းကို ချင်ဂိုဏ်းက လူတစ်ယောက်ဆီ ပို့ဖို့ စီစဉ်ထားတာလား?" ကုနင်းက ထိုလူကို တိုက်ရိုက်မေးသည်။
ထိုလူသည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် ရှောင်လင်းသည် အရာအားလုံးကို ပြောပြထားပြီးဖြစ်ကြောင်း နားလည်သွား၍ ရှောင်လင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် ရိုးရိုးကျောင်းသားအုပ်စုဖြစ်သောကြောင့်၊ ထိုလူသည် သူ၏စိတ်ရင်းအမှန်ကို ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ သို့သော်လည်း ကုနင်းသည် ရှောင်လင်းကို သူမ၏ လက်နှစ်ဖက်ဖြင့် ဖမ်းနိုင်ခဲ့သောကြောင့် သာမန်မိန်းကလေးမဖြစ်နိုင်ကြောင်း သူလုံးဝ မေ့သွားခဲ့သည်။
ထို့ကြောင့် သူက ပြောသည်။ " ပင်းကောက သူမကို သဘောကျတာကိုတောင် ရှောင်လင်းက ဂုဏ်ယူရဦးမှာ။ ပင်းကောရဲ့မိန်းမ ဖြစ်လာရင် သူမ ကောင်းကောင်းမွန်မွန် နေနိုင်လိမ့်မယ်။ အဲ့ဒါဘာဖြစ်လို့လဲ?"
တစ်နည်းအားဖြင့်ဆိုရလျှင် သူ ဝန်ခံလိုက်ခြင်းပင်။
ချူးဖေ့ဟန်သည် သူ့ကို လက်သီးဖြင့်ထိုးလိုက်၍ ကျယ်လောင်စွာအသံမြည်သွားသည်။ “ရယ်စရာကောင်းလိုက်တာ... မိန်းမတစ်ယောက်ကို တခြားယောက်ျားတစ်ယောက်ဆီ ပို့ပိုင်ခွင့် မင်းမှာ မရှိဘူး။"
ထိုလူသည် ကြီးစွာသော နာကျင်မှုကို ခံစားရကာ ဒေါသစိတ်ဖြင့် တောက်လောင်သွားသည်။ သူသည် အမှားတစ်စုံတစ်ရာ လုပ်ထားသည်ဟု မထင်ပေ။ “မင်းကဘာဖြစ်တာလဲ? မင်းနဲ့ဘာမှမဆိုင်ဘူး။"
နောက်တစ်စက္ကန့်တွင် ဟောင်ရန်ကလည်း သူ့ကို ထိုးသည်။ "သေလိုက်ပါလား... တရားမဝင်ဘူးဆိုတာ မင်းမသိဘူးလား?"
“မင်း…”
ထိုလူသည် ဒေါသထွက်နေသော်လည်း သူဘာမှမလုပ်နိုင်ခင် ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းက သူ့ကို ရိုက်နှက်သည်။ သူသည် သာမန်လူတစ်ယောက်သာဖြစ်သောကြောင့် ချင်ကျီရွှမ်းတို့ကို ပြန်မတိုက်နိုင်ပေ။
ရှောင်လင်းသည် သူမ၏ရည်းစား ရိုက်နှက်ခံနေရသည်ကို မြင်သောအခါ အနည်းငယ် ကြောက်လန့်သွားသည်။ သူမသည် ယခင်က သူ့ကို အမှန်တကယ် နှစ်သက်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူမ သူ့ကို မေ့နိုင်ရန် ကြိုးစားရမည်ပင်။
သူတို့၏ ရန်ပွဲသည် လမ်းသွားလမ်းလာများထံမှ အာရုံစိုက်မှုကို အများအပြားကိုရရှိခဲ့သော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားလိုကြသောကြောင့် သူတို့ကို မည်သူမျှ မတားဆီးဝံ့ကြပေ။
ခဏအကြာတွင် ကုနင်းသည် ဟောင်ရန်နှင့် အခြားကောင်လေးများကို တားလိုက်သည်။ "ကောင်းပြီ အခုအခန်းထဲသွားရအောင်။"
ဟောင်ရန်နှင့် ချင်ကျီရွှမ်းတို့သည် ထိုလူကို အခန်းထဲသို့ ဆွဲခေါ်သွားကြသည်။ အပေါ်ထပ်ရောက်သောအခါ ရှောင်လင်းသည် သူ့တို့ကို အခန်းနံပါတ် ပြောပြသည်။
ကုနင်း တံခါးခေါက်လိုက်သောအခါ ပင်းကောက လာဖွင့်သည်။ သူသည် ရှောင်လင်းကို ပြန်ခေါ်လာပေးသည်ဟု သူထင်ခဲ့သော်လည်း ကုနင်းနှင့် ချူးဖေ့ဟန်၏ မျက်နှာများကို တွေ့လိုက်ရသော် အံ့ဩသွားသည်။
"မ-မစ္စကု၊ မစ္စချူး" ပင်းကော က သူတို့ကို လေးလေးစားစား နှုတ်ဆက်သည်။
Fမြို့ ရှိ ချင်ဂိုဏ်း အဖွဲ့ဝင်တိုင်းနီးပါးသည် ကုနင်းနှင့် ချူးဖေ့ဟန်တို့၏မျက်နှာများကို ရင်းနှီးကြသည်။ ပင်းကောသည် အငယ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် သူတို့ကို ချက်ချင်း မှတ်မိသည်။
ကုနင်းနှင့် ချူးဖေ့ဟန်တို့အပေါ် ပင်းကော၏ အပြုအမူကို မြင်လိုက်ရသောအခါ ထိုလူနှင့် ရှောင်လင်း နှစ်ယောက်လုံး အံ့သြသွားကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်လင်းသည် စိတ်သက်သာရာရသွားသည်။ ပင်းကောသည် ထိုနှစ်ယောက်အပေါ် လေးလေးစားစားဆက်ဆံသည့်အတွက်၊ သူတို့သည် မရိုးရှင်းမှန်းသဘောပေါက်သွားပြီး သူမသည်လည်း ဘေးကင်းတော့မည်ဟု ဆိုလိုသည်။
တစ်ဖက်တွင်တော့ ထိုလူသည် ကြောက်လန့်သွားသည်။
"သူပြောတာ မင်းက ရှောင်လင်းကို လိုချင်တာတဲ့၊ ဒါပေမယ့် ရှောင်လင်းက မင်းရဲ့ မိန်းမ မဖြစ်ချင်ဘူး။ ငါတို့ အခု ဘာလုပ်သင့်လဲ?" ကုနင်းက ပင်းကောကို မေးသည်။
“မစ္စကု၊ အဲ့တာ သူက ငါ့ဆီ ပိုက်ဆံအများကြီး အကြွေးတင်နေပြီး ပြန်ဆပ်ဖို့ကို သူ့ကောင်မလေးကို ငါ့ဆီ ပို့ပေးမယ်လို့ပြောတယ်။ ငါက သူ့ကို အဲ့လိုလုပ်ခိုင်းတာမဟုတ်ဘူး။ ရှောင်လင်းက သူ့စကားကိုနားမထောင်ချင်တာတော့ ငါနဲ့တကယ်မဆိုင်ဘူး။” ပင်းကောက ချက်ချင်းပြောသည်။
စင်စစ် ထိုလူသည် Fမြို့မှာ အလုပ်လုပ်ပြီး ရှောင်လင်းသည် သူမ၏မွေးရပ်မြေမှာပဲ နေထိုင်ခဲ့သောကြောင့် အပျိုစင်ဖြစ်နေဆဲပါ။
ပင်းကောသည် ထိုလူကို ရှောင်လင်း၏ ဓာတ်ပုံကို ပြခိုင်းပြီး သူမ၏ ရုပ်ရည်နှင့်ပတ်သက်ပြီး ကျေနပ်ခဲ့သည်။ ရှောင်လင်းသည် ဆွဲဆောင်မှုအများကြီး မရှိသော်လည်း၊ သူမသည် ချောမောလှပသော မိန်းကလေး ဖြစ်နေဆဲပင်။ ထို့ကြောင့် ပင်းကောက သဘောတူလိုက်သည်။
သို့သော် ရှောင်လင်းက ငြင်းဆိုခဲ့သည်။ သူ ရှောင်လင်းကို သူ၏မိန်းမဖြစ်ရန် အတင်းအကြပ်မလုပ်နိုင်မီတွင် သူမသည် အဆောက်အဦးမှ ခုန်ချခဲ့သည်။ သူ မမျှော်လင့်သည်မှာ ရှောင်လင်းသည် ကုနင်းနှင့်တွေ့ပြီး အသက်ရှင်ခဲ့သည်။
ပင်းကောသည် ဒီရက်ပိုင်း သူ ကံဆိုးနေသည်ဟု ခံစားရသည်။
***
အပိုင်း ၁၄၃၂ လျော်ကြေး
"မင်းဆီအကြွေးတင်တာ သူလေ အဲ့တော့ မင်း သူ့ဆီက ပိုက်ဆံပြန်တောင်းရမယ်။ ရှောင်လင်းက အပြစ်ကင်းတယ်။ သူမက ဘာလို့ ပြန်ပေးရမှာလဲ?” ကုနင်းက အေးစက်စွာပြောသည်။
"ငါ နားလည်ပါတယ်။ ဒါတွေအားလုံးက ငါ့အမှားတွေပါ၊ ငါဒါကိုသဘောမတူခဲ့သင့်ဘူး။" ပင်းကောက အလျင်စလို တောင်းပန်လိုက်သည်။
"ငါ ရှောင်လင်းကိုသာ မဖမ်းမိခဲ့ဘူးဆိုရင် မင်းကြောင့် သူအသက်ဆုံးရှုံးသွားနိုင်တယ်။ အဲဒါအတွက် မင်း သူ့ကို လျော်ကြေးမပေးသင့်ဘူးလား?" ကုနင်းက ပြောသည်။
ပင်းကောသည် အပြုအမူကောင်းမွန်ပြီး အချိန်မီ တောင်းပန်သည့်အတွက် သူလုပ်ခဲ့သည့်အရာတွေအတွက် ပြန်ပြင်ဆင်ရန် သူမ အခွင့်ရေးပေးလိုက်သည်။ ထို့အပြင်၊ ရှောင်လင်းသည်လည်း အသက်ရှင်ခဲ့ပြီး ပင်းကောကို ရိုက်နှက်လိုက်လျှင်ပင် အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ရှောင်လင်းအတွက် လျော်ကြေးအနေနှင့် တစ်ခုခုရနိုင်လျှင် ပိုကောင်းသည်။
"အို၊ ဟုတ်တာပေါ့၊ ငါ ရှောင်လင်းကို လျော်ကြေးပေးသင့်တယ်။" ပင်းကောသည် ကုနင်း၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သည်။ သူသည် ယွမ်သုံးသောင်းကို ထုတ်ပြီး ကုနင်းကို ပေးလိုက်သည်။ "မစ္စကု၊ အခု ငါ့မှာ ယွမ်သုံးသောင်းပဲရှိတယ်။ မလုံလောက်ဘူးထင်ရင် ဘဏ်ကနေထုတ်ပေးလို့ရတယ်။"
ပင်းကောသည် ကုနင်းနှင့် မတွေ့မီ ဘဏ်တွင် ငွေထုတ်ရန် အချိန်မရှိခဲ့သောကြောင့် ယခု သူ့တွင် ယွမ်သုံးသောင်းသာ ရှိသည်။ သူသည် ပိုက်ဆံ မဆုံးရှုံးချင်သော်လည်း ရွေးချယ်စရာမရှိပေ။
ထိုအချင်းအရာကိုမြင်သော် ရှောင်လင်းက ပါးစပ်ဟလိုက်သည်။ သူမ တစ်ခုခုပြောချင်နေသော်လည်း ဘာမှမပြောသေးပေ။ သူမသည် လုံခြုံနေရုံဖြင့် ကျေနပ်ပြီး လျော်ကြေးမတောင်းဝံ့ပေ။
“ကောင်းတယ်။” ကုနင်း လက်ခံလိုက်ပြီး ပိုက်ဆံထပ်မတောင်းပေ။
ထိုမှပဲ ပင်းကော စိတ်သက်သာရာ ရသွားသည်။
"ကောင်းပြီ ရှောင်လင်းက ငါနဲ့ ပြန်တော့မှာ၊ မင်း အဲဒီလူကို မင်းကိုယ်တိုင် ကိုင်တွယ်နိုင်တယ်။ သူ ရှောင်လင်းကို ထပ်ပြီး နာကျင်အောင်လုပ်မှာ မမြင်ချင်တော့ဘူး။” ကုနင်းက ပင်းကောကို တစ်ချက်စိုက်ကြည့်လိုက်သည်။
ပင်းကောသည် ခေါင်းညိတ်ပြပြီး ကုနင်း သူမ၏ သူငယ်ချင်းတွေနှင့် ထွက်သွားတာကို ကြည့်နေသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရှောင်လင်း သည် အခန်းထဲတွင် သူမ၏လက်ကိုင်အိတ်ရှိနေသေးကြောင်း ရုတ်တရက် သတိရသွားသည်။ “အိုး ငါ့လက်ကိုင်အိတ်…”
"မင်းအတွက် ငါယူပေးမယ်။" ပင်းကောသည် ရှောင်လင်း၏ လက်ကိုင်အိတ်ကို ပြေးယူပြီး သူမအား ပေးလိုက်သည်။
ကုနင်းက ယွမ်သုံးသောင်းကို ရှောင်လင်း၏လက်ကိုင်အိတ်ထဲသို့ ထည့်လိုက်သည်။
“မစ္စကု၊ ငါ…” ရှောင်လင်းက သူမ ပိုက်ဆံယူရမည်ဟု မထင်ထားသော်လည်း ကုနင်းက သူမကို ဖြတ်ပြောသည်။ “ယူပါ။ မင်းနဲ့ထိုက်တန်တယ်။" သူမ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပြီး ယွမ်သုံးသောင်းက မပြောပလောက်ပေ။
ကုနင်းက အတော်လေး ဖျောင့်ဖျလိုက်သောကြောင့် ရှောင်လင်းသည် သူမကို ကျေးဇူးတင်ကြောင်းပြောပြီး ပိုက်ဆံကို ယူလိုက်သည်။
ဟိုတယ်ပိုင်ရှင်မရောက်လာမီအထိ ဧည့်ခံဝန်ထမ်းများအားလုံးသည် စောင့်ကြည့်ကင်မရာမှတဆင့် အရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့ကြသည်။
ပင်းကော၏လူများသည် ထိုလူကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သော်လည်း အသက်ရှင်လျက်ထားခဲ့သည်။ သူတို့သည် အလွန်အမင်း ရက်စက်ပုံပေါက်သောကြောင့် ဟိုတယ်ရှိ မည်သူမျှ သူတို့ကို မတားရဲကြပေ။
ကုနင်းသည် ရှောင်လင်းကို ဟိုတယ်ကောင်းကောင်းတစ်ခုတွင် တစ်ညနေလျှင်နေ သို့မဟုတ် ဒီည လေယာဉ်နှင့် အိမ်ပြန်ရမည်ဟုပြောသည်။
ရှောင်လင်းသည် Fမြို့တွင် တစ်စက္ကန့်မျှတောင် မနေချင်တော့သောကြောင့် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ရည်းစားဟောင်း ဘာဖြစ်သွားမည်လဲဆိုတာကို သူမ ဂရုမစိုက်ပေ။ သူမထွက်သွားခင် သူတို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုခဲ့သည်။ အကယ်၍ သူတို့၏ အကူအညီကြောင့်မဟုတ်လျှင် သူမအသက်ဆုံးရှုံးသွားနိုင်သည်။
ရှောင်လင်း ထွက်သွားသောအခါ၊ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများလည်း ပြန်ကြသည်။
ပင်းကောသည်လည်း ခဏအကြာတွင် ထိုလူကို ဆွဲခေါ်သွားသည်။ နောက်တော့ ဟိုတယ်ပိုင်ရှင် ရောက်လာသော်လည်း အခင်းဖြစ်ပွားရာနေရာတွင် မည်သူမှ မကျန်ခဲ့သလို သူ၏ဟိုတယ်သည်လည်း ပျက်စီးမှုမရှိသည့်အတွက် ရဲကို ဖုန်းဆက်ဖို့ စိတ်မကူးပေ။
…
ကုနင်း အိမ်ပြန်ရောက်သောအခါ ၁၂ နာရီထိုးနေပြီဖြစ်သည်။ ယနေ့ညတွင် လင်ရှောင်းထင် သူမကို ဖုန်းမခေါ်သဖြင့် သူ အလုပ်များနေမည်ဟု သူမခန့်မှန်းလိုက်သည်။
လင်ရှောင်းထင်သည် တကယ်ကြီး အလုပ်များနေသည်။
လင်ရှောင်းထင်နှင့် မီးတောက်နီအဖွဲ့ဝင်သုံးဦးတို့ အလွန်ဝေးကွာသော တောင်ပေါ်ရှိ လှိုဏ်ဂူတစ်ခုသို့ ရောက်ချိန်တွင် ညဥ့်နက်နေပြီ ဖြစ်သည်။ အမျိုးသားပြတိုက်မှ ညလင်းပုလဲတစ်လုံး ခိုးယူသွားသော သူခိုးကို ဖမ်းဆီးရန် ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ညလင်းပုလဲတစ်လုံး အမျိုးသားပြတိုက်သို့ ရောက်ရှိလာသည်။ ၎င်းကို ယနေ့ပြသခဲ့ပြီး ယနေ့ည ၇ နာရီတွင် ခိုးယူခံရကာ ဝန်ထမ်းနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ရှုကျင်းချန်သည် အားလပ်ရက်ရသောကြောင့် မြို့တော်ကို ပြန်သွားပြီး သခင်ကြီးရှု၊ သခင်ကြီးလင်နှင့် ကျန်းကျုံးယွီတို့နှင့်အတူ ညလင်းပုလဲကို သွားကြည့်ခဲ့သည်။
ပြတိုက်တွင် ညလင်းပုလဲ သာမက ဂိုဒေါင်ထဲတွင် အချိန်အတော်ကြာ သိမ်းဆည်းထားသည့် အခြားသော အဖိုးတန်ပစ္စည်းများလည်း ရှိသေးသည်။ ဤအရာဝတ္ထုများကို မသန့်စင်ရသေးသောကြောင့် ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားဆဲဖြစ်သည်။
သူတို့ထွက်ခါနီးတွင် ညလင်းပုလဲ အခိုးခံရသည်ဟု ကြားပြီး ရှုကျင်းချန်သည် သူခိုးနောက်ကိုချက်ချင်းလိုက်သွားသည်။ သို့သော်၊ သူခိုးသည် အလွန်လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်သွားပြီး ရှုကျင်းချန် က သူ့ကို ဖမ်းရန် မဖြစ်နိုင်တော့ပေ။ ၎င်းသည် သူ့အား ကုနင်း ယခင်က ပြောပြခဲ့ဖူးသော နတ်ဆိုးကျင့်ကြံရေး၏ အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်သည်ဟု ထင်စေခဲ့သည်။
ရှုကျင်းချန် သည် လင်ရှောင်းထင်ကိုဖုန်းဆက်ပြီး စောင့်ကြည့်ကင်မရာများကို ချက်ခြင်းစစ်ဆေးစေခဲ့သည်။
ဤအကြိမ်တွင် လင်ရှောင်းထင်၊ ရှုကျင်းချန်၊ အိုက်ဝေ့ရွှမ်းနှင့် ချန်းမင် တို့ ပူးပေါင်းလိုက်သည်။ စောင့်ကြည့်ကင်မရာများမှ ထိုသူ၏အသွင်အပြင်ကို သူတို့မြင်ခဲ့ကြသော်လည်း၊ ထိုသူသည် သေမျိုး သို့မဟုတ် နတ်ဆိုးကျင့်ကြံရေး၏အဖွဲ့ဝင်ဟုတ်မဟုတ်ကို သူတို့ မသေချာပေ။ အကြောင်းမှာ သေမျိုး၏အသွင်အပြင်နှင့် နတ်ဆိုးကျင့်ကြံရေးအဖွဲ့ဝင်တို့၏ အသွင်အပြင်သည် သိသိသာသာကွာခြားမှုမရှိသောကြောင့်ဖြစ်သည်။
နတ်ဆိုးကျင့်ကြံရေးအဖွဲ့ဝင်များနှင့် ရင်းနှီးသောသူများသာ ခွဲခြားနိုင်သည်။
ထိုအမျိုးသားသည် ပြတိုက်မှ ထွက်ခွာပြီးနောက် အနောက်ဘက်သို့ တက္ကစီစီးသွားသည်။ လမ်းတစ်လျှောက်တွင် စောင့်ကြည့်ကင်မရာတွေရှိသောကြောင့် သူ့နောက်မှ ခြေရာခံ လိုက်ကြသည်။
ထိုလူသည် မြို့တော်၏အနောက်ဘက် ကီလိုမီတာ ၅၀ အကွာရှိ ရွာငယ်လေးတစ်ခုရှေ့တွင် ရပ်တန့်သွားပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားသည်။
ရွာတစ်ဝိုက်ရှိ နေရာသည် အရမ်းကျယ်သော်လည်း လင်ရှောင်းထင်နှင့် သူ၏အဖွဲ့သည် ထိုသူကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
လင်ရှောင်းထင်ကို ထူးဆန်းစွာခံစားရစေသည့်အရာမှာ မှော်အစွမ်း၏ အထိအတွေ့ကို တစ်နည်းနည်းဖြင့် ခံစားသိရှိနေပြီး ခြေရာခံနိုင်နေခြင်းဖြစ်သည်။ လင်ရှောင်းထင်သည် ထိုကိစ္စကို ဆက်မတွေးတော့ပေ။ ဖြစ်နိုင်သည်မှာ ကုနင်းပေးသော စွမ်းအင်သလင်းကျောက်များကို သူ အများကြီးစားခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။
ထို့ကြောင့် လင်ရှောင်းထင်သည် ရွာငယ်လေးနှင့်ဝေးသော လှိုဏ်ဂူအဝင်ဝသို့ ရောက်ရှိလာသည်။ ဤနေရာသည် ဖီးနစ်တောင်ထက်ပင် ပို၍ သီးသန့်ဆန်နေသည်။
***
အပိုင်း ၁၄၃၃ လင်ရှောင်းထင် ဒဏ်ရာရသွားတယ်...
လင်ရှောင်းထင်သည် မှော်အစွမ်းကို ခံစားသိရှိနိုင်သော်လည်း ထိုအကြောင်းကို သူ၏အသင်းဖော်များကို မပြောပြပေ။ ညပုလဲကိုခိုးယူသူသည် နတ်ဆိုးကျင့်ကြံရေး၏အဖွဲ့ဝင်ဖြစ်ကြောင်း သူသေချာနေသည်။
ယခုမူ နတ်ဆိုးကျင့်ကြံရေး၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် လွယ်ကူနေပြီး၊ သူသည် ၎င်းတို့ကို အကြိမ်များစွာ တွေ့ကြုံခဲ့ဖူးသည်။
ဂူထဲတွင်၊ နတ်ဆိုးကျင့်ကြံရေးက လူသည် ညပုလဲဖြင့် ကျင့်ကြံရန် မစောင့်နိုင်တော့ပေ။ သူသည် ကျင့်ကြံနေစဉ်တွင် အာရုံစိုက်ရမည်။ သူနှင့် ငါးမီတာအကွာတွင် တစ်စုံတစ်ယောက် ချဉ်းကပ်လာပါက သူ ခံစားမိနိုင်သော်လည်း ရပ်တန့်၍မရပေ၊ မဟုတ်လျှင် ဒဏ်ရာရနိုင်သည်။ ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့ကျင့်ကြံနေစဉ် နှောင့်ယှက်ခံရခြင်းကို မုန်းတီးကြသည်။
လင်ရှောင်းထင်နှင့် သူ၏အသင်းဖော်များသည် ဂူထဲတွင် ဘာတွေဖြစ်ပျက်နေသည်လဲဆိုတာကို မသိပေ။ သို့သော် သူတို့သည် ၎င်းကိုကြည့်ရန် အထဲကို ဝင်သွားရမည်။ သူတို့သည် မဆိုင်းမတွ အထဲကို ဝင်လိုက်သည်။
ဂူထဲတွင် အလွန်မှောင်နေပြီး အလင်းရောင်လိုအပ်သော်လည်း ထိုလူကို သတိပေးသလိုဖြစ်မည်စိုး၍ သူတို့၏ ဓာတ်မီးများကို အလင်းလျှော့လိုက်သည်။
သူတို့သည် မီတာ ၂၀ လောက်အကွာအဝေးအထိ လမ်းလျှောက်လာရင်း အရှေ့တွင် ညလင်းပုလဲ၏ အလင်းရောင်ကို တွေ့လိုက်ရသည်။ သူတို့သည် အရှေ့သို့ ဖွဖွလေး လမ်းလျှောက်ပြီး ဓာတ်မီးတွေကို ပိတ်လိုက်သည်။ သူတို့ ရှေ့သို့ ရောက်လာသည်နှင့်အမျှ ညလင်းပုလဲ၏အလင်းရောင်သည် ပိုမိုတောက်ပလာသည်။ သူတို့နှင့် ငါးမီတာအကွာတွင်ရှိသော နေရာတွင် ညလင်းပုလဲ ရှိနေကြောင်း သူတို့သေချာသွားသည်။
ဤညလင်းပုလဲသည် ကုနင်း၏ ရတနာ ထက်သေးငယ်ပြီး မှော်ပါဝါနည်းပါးကာ အလင်းရောင်အားနည်းသော်လည်း ၎င်းသည် ကျင့်ကြံသူများအလိုချင်ဆုံးအရာဖြစ်နေဆဲပင်ဖြစ်သည်။
ညလင်းပုလဲသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သောကြောင့် ကျင့်ကြံသူတစ်ဦးသည် ၎င်းမှတစ်ဆင့် အဆုံးမဲ့မှော်အစွမ်းကို ရရှိနိုင်သည်။
၎င်းတို့ကြားအကွာအဝေး ငါးမီတာထက်နည်းလာသောအခါ နတ်ဆိုးကျင့်ကြံရေးမှ လူသည် သူတို့ရောက်လာသည်ကို ခံစားမိသွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ သတိဝင်သွားသည်။ ဆက်လက်တည်ရှိနေသော မှော်အစွမ်းက သူ့ကို ထိခိုက်နိုင်သော်လည်း သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ရသည်။
သူရပ်လိုက်သည်နှင့် ညလင်းပုလဲသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ၏ ကျင့်ကြံမှုအား အနှောင့်အယှက် ပေးခံရသောကြောင့် သူ၏ နှလုံးသွေးကြောများတွင် ပျံ့နှံ့နေသော မှော်စွမ်းအင်များသည် ရုတ်တရက် ပိတ်ဆို့သွားကာ ထွက်လမ်းမရှိတော့ပေ။ ၎င်းသည်နောက်သို့ပြန်ကန်၍ သူ၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာသည်။ သူသည် အတွင်းဒဏ်ရာရသွားသော်လည်း ၎င်းမှာ မစိုးရိမ်ရပေ။
သူ၏ ကျင့်ကြံမှုကို နှောက်ယှက်သူမည်သူပင်ဖြစ်ပါစေ၊ သူ ထိုလူကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။
…
လင်ရှောင်းထင်နှင့် သူ၏အဖွဲ့ဝင်များသည် လိုဏ်ဂူအတွင်းပိုင်းသို့ ရောက်ရှိပြီး ထိုလူကို ကြည့်လိုက်သည်။
လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့သည် ထိုလူသည် နတ်ဆိုးကျင့်ကြံရေး၏အဖွဲ့ဝင်ဖြစ်ကြောင်း သေချာစွာသိသော်လည်း ချန်းမင်နှင့် အိုက်ဝေ့ရွှမ်းတို့သည် ၎င်းကိုသတိမထားမိကြပေ။ သူတို့သည် သရဲနှင့် နတ်ဆိုးများကို လုံးဝ မယုံကြပေ။
ထိုလူသည် ပြင်းထန်သော အမုန်းတရားများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။
"မင်းတို့...စောက်သုံးမကျတဲ့သေမျိုးတွေ ငါ့ရဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရဲတယ်ပေါ့လေ!!” ထိုလူသည် အော်ဟစ်၍ တိုက်ခိုက်တော့သည်။ သူဒဏ်ရာရထားသော်လည်း သူသည် လုံးဝမအားနည်းသည့်အတွက် လင်ရှောင်းထင်ကလွဲလျှင် တခြားသူများသည် သူ့ကို ရန်ဆိုင်ဖို့ခက်သည်။
ထိုလူက သူတို့ကို သေမျိုးဟု အဘယ်ကြောင့်ခေါ်သည်လဲ သူတို့ နားမလည်သလို သူပြောသည့် ကျင့်ကြံခြင်းကိုလည်း နားမလည်ပေမယ့် အခုအချိန်မှာတော့ တိုက်ပွဲကိုသာ အာရုံစိုက်နေရသည်။
ချန်းမင်နှင့် အိုက်ဝေ့ရွှမ်းတို့သည် ထိုလူက သူတို့လေးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်သောကြောင့် တုန်လှုပ်သွားကြသည်။ ထိုလူသည် မယုံနိုင်လောက်အောင် သန်မာသည်။
ထိုအချိန်တွင် လင်ရှောင်းထင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် မသက်မသာခံစားရပြီး သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာသည်။ ဒီရက်ပိုင်းတွင် သူသည် ဤကဲ့သို့သောခံစားချက်မျိုး မကြာခဏခံစားရပြီး ကုနင်းပေးခဲ့သည့် စွမ်းအင်သလင်းကျောက်ကလည်း ကုန်နေသည်။
လင်ရှောင်းထင်သည် မသက်မသာခံစားချက်ကြောင့် ပုံမှန်ထက်ပို၍ အားနည်းလာပြီး ထိုလူသည် သူ့ကို ဆိုးဆိုးရွားရွားတိုက်ဖို့ အခွင့်အရေးရသွားသည်။ လင်ရှောင်းထင်သည် အားပြင်းပြင်းနှင့် တွန်းထုတ်ခံရပြီး နံရံနှင့် နောက်ကျော ဆောင့်ကာ မြေပြင်ပေါ် လဲကျသွားသည်။
ထိုလူသည် သူတို့ထက် အများကြီး သန်မာသည့်အတွက် လင်ရှောင်းထင်သည် ဤတစ်ကြိမ်တွင် ဒဏ်ရာအပြင်းအထန်ရသွားသည်။
"ဘော့စ်!!" ထိုမြင်ကွင်းကြောင့် အခြားသူများအားလုံး အံ့ဩသွားကြသည်။ လင်ရှောင်းထင်သည် သူတို့အဖွဲ့ထဲတွင် အသန်မာဆုံးအဖွဲ့ဝင်ဖြစ်သော်လည်း ယနေ့တွင် သူ ပုံမှန်မဟုတ်သည်ကိုလည်း သူတို့ခံစားမိကြသည်။ သို့သော်လည်း လင်ရှောင်းထင်သည် ထိုလူနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် ယနေ့ တိုက်ပွဲကို သူတို့ အနိုင်ယူဖို့ မဖြစ်နိုင်မှန်း သူတို့ သိသွားသည်။
"ငါအဆင်ပြေတယ်! ငါ့ကိုစိတ်မပူနဲ့!" လင်ရှောင်းထင်သည် သူ့ကြောင့် အာရုံပြောင်းသွားမည်စိုး၍ သူတို့အား အော်ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ချန်းမင်နှင့် အခြားလူများက ထိုလူကို တိုက်ခိုက်ကြသည်။ လင်ရှောင်းထင်သည် မှော်ဆေးလုံးများ ကုန်နေသည်ကို သူတို့မသိသောကြောင့် တစ်မိနစ်အတွင်း သူအဆင်ပြေလိမ့်မည်ဟု ထင်ခဲ့ကြသည်။
သူတို့သုံးယောက်သည် ထိုလူနှင့် တိုက်ခိုက်ရာတွင် အချိန်အတန်ကြာအောင် အသာစီးရခဲ့သည်။ သူတို့သည် အလွန်သတိထားရသည်၊ သို့မဟုတ်ပါက ထိုသူ၏ တိုက်ခိုက်မှု ထိသည်နှင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
ရုတ်တရက်ပင် ထိုလူသည် အခွင့်အရေးရသွားပြီး ချန်းမင်ကို ထိသွားသည်။
ထိုလူသည်လည်း ဒဏ်ရာရထားသော်ငြား သူ၏လက်သီးသည် အလွန်အားကောင်းနေသေးသည်။ ကံကောင်းထောက်မစွာ၊ ချန်းမင်တွင် လင်ရှောင်းထင် မျှပေးထားသည့် မှော်ဆေးပြားတွေ ပါလာသည်။ သူသည် ဆေးတစ်လုံးထုတ်ပြီး သောက်တော့မည်လုပ်နေသည်။
ကံမကောင်းစွာ သူကြွေပုလင်းကိုဖွင့်လိုက်သည်နှင့် ထိုလူသည် ပြင်းထန်သောမှော်အစွမ်းကို ခံစားလိုက်ရသည်။ သန့်စင်သော မှော်အစွမ်းကြောင့် သူ ထိတ်လန့်သွားသည်။
***
အပိုင်း ၁၄၃၄ ထိုလူကို ထိခိုက်စေခြင်း...
ထိုလူသည် လောဘကြီးစွာ ချန်းမင်ထံမှ မှော်ဆေးပြားကို လုယူချင်သည်။ စွမ်းအင်သလင်းကျောက်သည် ညလင်းပုလဲနှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် အလွန်အသုံးဝင်သည်။ နတ်ဆိုးကျင့်ကြံရေးအဖွဲ့ဝင်များသည် ၎င်းတို့အတွက် အသုံးဝင်သောအရာများကို လက်လွတ်မခံပေ။
ကံကောင်းထောက်မစွာ ရှုကျင်းချန်နှင့် အိုက်ဝေ့ရွှမ်းတို့သည် သူ၏ အမူအရာကို သတိပြုမိပြီး ချက်ချင်းတားလိုက်သည်။
သူ့ကိုတားရန် အလွန်ခက်ခဲသော်လည်း ချန်းမင် ဆေးသောက်ဖို့ အချိန်အလုံအလောက်ရခဲ့သည်။
ချန်းမင်သည် ဒဏ်ရာအပြင်းအထန်ရခဲ့သောကြောင့် သူ၏ဒဏ်ရာတွေပြန်ကောင်းလာရန် အချိန်ယူရသော်လည်း သူသည် သက်သာသည်နှင့် ချက်ချင်းထလာပြီး တိုက်ခိုက်သည်။
လင်ရှောင်းထင်သည်လည်း သက်သာလာသောအခါ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။ သူသည် ညလင်းပုလဲကို မတော်တဆထိမိသွားကာ သူ၏ခန္ဓာကိုယ်ထဲသို့ အေးစက်သော အရာတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ကုနင်း သူမ၏ မှော်အစွမ်းကို သူ၏ခန္ဓာကိုယ်ထဲကို သွင်းသည့်အချိန်တွင်လည်း တစ်ပုံစံတည်း ခံစားရသည်။ သူသည် အံ့သြသွားပြီး ဘာဖြစ်နေသည်လဲကို မသိတော့ပေ။
လင်ရှောင်းထင် နားမလည်နိုင်ခင် ထိုလူက သူ၏စိတ်ထဲကမေးခွန်းကို ဖြေလိုက်သည်။
"မင်းက ဘယ်လိုလုပ်ပြီး မှော်အစွမ်းကို စုပ်ယူနိုင်တာလဲ?" လင်ရှောင်းထင်၏ ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအားများ စီးဆင်းလာသည်ကို တွေ့လိုက်ရသောအခါ ထိုလူသည် မျက်လုံးများဝိုင်းစက်ကာ တုန်လှုပ်သွားသည်။ သူ၏မျက်လုံးထဲတွင် လင်ရှောင်းထင် သည် သေမျိုးဖြစ်ပြီး မှော်အစွမ်းကို လက်ခံရန် မဖြစ်နိုင်ပေ။
တခြားသူများသည် ထိုလူပြောတာကို နားမလည်သလို သူတို့၏ မျက်စိထဲတွင် ဘာမှ ထူးထူးခြားခြား မမြင်ပေ။ သူတို့သည် သေမျိုးများဖြစ်သောကြောင့် ဘာမှမမြင်နိုင်သည်မှာ သဘာဝကျသည်။
လင်ရှောင်းထင်ပင်လျှင် မှော်အစွမ်းကို ခံစားနိုင်သော်လည်း ၎င်း၏ပုံသဏ္ဍာန်ကို မမြင်နိုင်ပေ။ ထို့အပြင် သူသည် ကျင့်ကြံသူမဟုတ်သောကြောင့် အံ့အားသင့်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် အဖြေရှာရန် အချိန်မဟုတ်ပေ။
မှော်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်နှင့်အမျှ လင်ရှောင်းထင်သည် သိပ်မကြာမီ သူ၏ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
ထိုလူသည် လင်ရှောင်းထင်က ညလင်းပုလဲ၏ မှော်အစွမ်းကို စုပ်ယူနေသောကြောင့် စိုးရိမ်သွားသည်။ သူသည် ရှုကျင်းချန် နှင့် အိုက်ဝေ့ရွှမ်းတို့ကို လျစ်လျူရှုပြီး လင်ရှောင်းထင်ကို တိုက်ခိုက်ရန် လှည့်လိုက်သည်။ သူသည် ညလင်းပုလဲကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ရရန် လိုအပ်သည်။
ရှုကျင်းချန်၊ ချန်းမင်နှင့် အိုက်ဝေ့ရွှမ်းတို့အားလုံး ဒဏ်ရာရနေကြသောကြောင့် ယခုအချိန်တွင် သူတို့သည် ထိုလူကို မတားဆီးနိုင်ကြပေ။
“ရှောင်းထင်ဍ” လင်ရှောင်းထင်သည် သူတို့ကို အန္တရာယ်ရှိသော တာဝန်များထမ်းဆောင်ရာတွင် အကြိမ်များစွာ ကယ်တင်ခဲ့သောကြောင့် သူတို့သည် လင်ရှောင်းထင်ကို အစွမ်းကုန် ကူညီချင်ကြသည်။ သို့သော် သူတို့ အံ့အားသင့်သည်မှာ လင်ရှောင်းထင်သည် စက္ကန့်အနည်းငယ်အတွင်း ခွန်အားများစွာ ပြန်လည်ရရှိပြီး ထိုလူကို တိုက်ခိုက်ရန် အမြန်ခုန်ထလာသည်။
ညလင်းပုလဲသည် လင်ရှောင်းထင်၏လက်ထဲတွင် ဆုပ်ကိုင်ထားပြီး၊ သူ၏လက်ချောင်းများအကြားရှိကွက်လပ်များမှတစ်ဆင့် ၎င်း၏အလင်းရောင် ထွက်ပေါ်နေသည်။
ရှုကျင်းချန်နှင့် အခြားသူများသည် လင်ရှောင်းထင် အဆင်ပြေကြောင်းတွေ့သောအခါ စိတ်သက်သာရာရသွားကြသည်။ သူတို့သည် အချိန်မဆွဲပဲ အခွင့်အရေးကို ဖမ်းဆုပ်ပြီး မှော်ဆေးလုံးကို သောက်လိုက်သည်။ သိပ်မကြာမီ သူတို့သည် အတော်လေး သက်သာလာသော်လည်း သူတို့၏ဒဏ်ရာများကို ချက်ချင်းပျောက်ကင်းရန် မဖြစ်နိုင်ပေ။ လင်ရှောင်းထင်ကို ကူညီဖို့ မတ်တပ်ရပ်ချင်သော်လည်း ခဏတာ အနားယူလိုက်ရသည်။
အစပိုင်းတွင်၊ လင်ရှောင်းထင်သည် ထိုလူကို တိုက်ခိုက်ရန် မလွယ်ကူခဲ့ဘဲ ဆက်လက်နောက်ဆုတ်ခဲ့သော်လည်း ညလင်းပုလဲ၏အကူအညီဖြင့် သူသည် တဖြည်းဖြည်း သန်မာလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ထိုလူကဲ့သို့ပင် သန်မာလာသည်။
ထိုလူသည်လည်း ခံစားရပြီး ဒေါသထွက်လာသည်။
"မင်း ဘယ်သူလဲ? မှော်စွမ်းအားကို ဘာကြောင့် ဒီလောက်မြန်မြန် စုပ်ယူနိုင်ရတာလဲ?!” ထိုလူက အော်သည်။
လင်ရှောင်းထင်သည် လျင်မြန်သော အရှိန်ဖြင့် မှော်စွမ်းအားကို စုပ်ယူလိုက်ပြီး ခွန်အားအဖြစ် ပြောင်းလဲရန် အချိန်များစွာမယူခဲ့တာမျိုး သူ တစ်ခါမှမမြင်ခဲ့ဖူးပေ။
"ငါမင်းကိုမပြောနိုင်ဘူး။" လင်ရှောင်းထင် အေးစက်စွာပြောလိုက်သည်။
"မင်းဘယ်သူပဲဖြစ်ဖြစ် မင်းဒီနေ့သေရမှာဘဲ!" ထိုလူသည် လင်ရှောင်းထင်ကို တိုက်ခိုက်ရန် အားကုန် ထုတ်သုံးတော့သည်။
သို့သော်လည်း လင်ရှောင်းထင်သည် ပိုအားကောင်းလာသည်မို့ သူသည် ထိုလူကို ခုခံနိုင်သည်။ ထို့အပြင် မိနစ်ပိုင်းအတွင်း သူသည် ထိုလူထက် ပိုသန်မာသွားပုံရသည်။
လင်ရှောင်းထင်သည် သေမျိုးဖြစ်နေသောကြောင့် ထိုလူသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်ပေ။
ရှုကျင်းချန်နှင့် အခြားသူများသည် လင်ရှောင်းထင် ယခုထိုလူကိုကိုင်တွယ်ရန် မခက်ခဲတော့သည်ကို တွေ့သောအခါ တည်ငြိမ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူသည် အားမနည်းသောကြောင့် သူနှင့် လင်ရှောင်းထင် နှစ်ဦးစလုံး တိုက်ပွဲအတွင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ထိုအမျိုးသားသည် လင်ရှောင်းထင် ကြောင့် ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့သော်လည်း လင်ရှောင်းထင်တွင် ဆိုးရွားသော ဒဏ်ရာများ ကျန်ရစ်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ထိုလူသည် လင်ရှောင်းထင်ကို နောက်တစ်ကြိမ်ဝင်တိုက်သောအခါ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဤတစ်ကြိမ်တွင်၊ ထိုလူသည် လင်ရှောင်းထင်၏ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လင်ရှောင်းထင်သည် ကြီးစွာသောနာကျင်မှုကို ခံစားခဲ့ရသည်။ သူ၏ဝမ်းဗိုက်က ကျုံ့သွားပြီး ဖောင်းကားလာကာ ပြန်တွန်းကန်သည်။ အဆိုပါအမျိုးသားသည် အင်အားဖြင့်တွန်းထုတ်ခံရပြီး ဂူနံရံကို ထိမှန်ကာ မြေပြင်ပေါ်ပြုတ်ကျသွားသည်။
ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေပြီး လင်ရှောင်းထင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ လင်ရှောင်းထင်သည်ပင် မယုံနိုင်ဖြစ်နေသည်။ ဤကဲ့သို့ ထူးဆန်းသည့် အခြေအနေမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ပြန်သော်လည်း သူ အခုထိ အဖြေရှာမရပေ။
“မ..မင်း…” ထိုလူက လင်ရှောင်းထင်ကို စိုက်ကြည့်နေသည်။
သူသည် သေမျိုးဖြစ်သည်၊ သို့သော် သူသည် ကျင့်ကြံသူများသာသိသော မှော်စွမ်းအားကို အသုံးချနိုင်ခဲ့သည်။ သို့သော်လည်း လင်ရှောင်းထင်လည်း အံ့အားသင့်နေပုံရသောကြောင့် အဘယ်ကြောင့် ထိုသို့ ဖြစ်သွားသည်ကို သူနားမလည်ကြောင်း ထင်ရှားသည်။