အခန်း (၁၄၄၇-၁၄၅၂)
Vol. 92 Ch. 1447-1452
အပိုင်း ၁၄၄၇ ထျန်းပိုင်ဟွေ့၏အစ်ကို...
ကုနင်းသည် သူတို့ကို တချိန်လုံး ဂရုစိုက်မနေပဲ သူတို့ငြင်းခုံခြင်းရပ်တန့်ချိန်တွင် သူမ၏အမြင်ကို ဖယ်လိုက်သည်။
“ငါက အလိမ်ခံရတာကို မုန်းတယ်၊ ဒါကြောင့် မင်းအကိုကြီးနဲ့ ထပ်ပြီး စီးပွားရေးမလုပ်တော့ဘူး။ ဒါပေမယ့် ပစ္စည်းတွေက ဒီကို ရောက်နေပြီးသားမို့ ပြန်မပို့ချင်ဘူး။ မစ္စထျန်း၊ မင်းလိုချင်ရင် ငါမင်းကို ဈေးလျှော့ပေးလို့ရတယ်။ ဒါငါ အကောင်းဆုံးလုပ်နိုင်တာပဲ ဒီနှစ်မှာ ကတိုးဈေးက နေရာတိုင်းမှာ အရမ်းမြင့်နေတာ” ပုဘာဒါကပြောလာသည်။
"ဒါ့အပြင် မင်းမိသားစုက ငါ့ထုတ်ကုန်တွေကို လိုချင်နေသရွေ့ နောင်မှာ မင်းနဲ့ပဲ စီးပွားရေးလုပ်မယ်။"
ထျန်းပိုင်ဟွေ့၏အစ်ကိုသည် သူ့ကို လှည့်စားခဲ့ပြီး သင်ခန်းစာတစ်ခု ပြန်ပေးရန် လိုအပ်သည်။ သူသည် ထျန်းပိုင်ဟွေ့က လူဆိုးတစ်ယောက်မဟုတ်ကြောင်း သေချာသိသောကြောင့် ယခုကိစ္စသည် အစ်ကိုဖြစ်သူ၏အကြံအစည်ဖြစ်ရမည်ကို သူသိသည်။ ထို့အပြင် ထျန်းမိသားစုက သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့လျှင်ပင်၊ သူသည် အခြားဝယ်လက်များနှင့် အပေးအယူလုပ်နိုင်သည်။
"အဲ့တာဆို ကောင်းတာပေါ့..." ထျန်းပိုင်ဟွေ့၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
ကတိုးဈေးမှာ တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာနေပြီး သူမ၏အကိုဖြစ်သူပြောသည့် ပုဘာဒါက သူမတို့ကို ကမ်းလှမ်းသည့် စျေးနှုန်းသည် ဒီနှစ်မှာ ဘာကြောင့် မတိုးရသည်လဲ သူမသိချင်နေခဲ့သည်။ သူမ အံ့အားသင့်မိသည်မှာ၊ ၎င်းသည် သူမအကိုကြီး၏ လှည့်ကွက်ဖြစ်နေသည်။
သူမအကိုဖြစ်သူသည် သူမနှင့် ဆက်ဆံရေးမကောင်းသော်လည်း မိသားစုစီးပွားရေးကို အသုံးချပြီး သူမကိုတိုက်ခိုက်လိမ့်မည်မဟုတ်ဟု အမြဲတမ်းတွေးခဲ့သည်။ သို့သော် သူမ၏အကိုဖြစ်သူသည် သူမကို ယှဉ်ပြိုင်ရန် သူတတ်နိုင်သမျှလုပ်ခဲ့သည်။
ပုဘာဒါ ကိုယ်တိုင်က သူမကို လျှော့စျေးပေးဖို့ ဆန္ဒရှိတာကြောင့် သူမသည်လည်း သဘောတူဖို့ တွန့်ဆုတ်မနေပါ။
တစ်စက္ကန့်မျှ တုန့်ဆိုင်းပြီးနောက် ထျန်းပိုင်ဟွေ့ က ပြောသည်။ “မစ္စတာပု၊ ကျွန်မမှာ တောင်းဆိုချက်တစ်ခုရှိတယ်၊ ဒါကို မင်းသဘောတူနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
"ဘာများလဲ။"
“အပိုငွေကို ကျွန်မရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ကနေ ပေးချေပါ့မယ်။ စာချုပ်မှာတော့ မနှစ်က ဈေးနှုန်းအတိုင်း ရေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငါ့အကိုက ဈေးနှုန်းသတ်မှတ်လိုက်မှတော့ ငါ့အဖေကို ငါ့ရဲ့စွမ်းဆောင်ရည်ကို ပြဖို့အတွက် စာချုပ်ကို ချုပ်သင့်တယ်လေ။”
“ကိစ္စမရှိပါဘူး” ပုဘာဒါသည်လည်း သူရထိုက်သည့် ပိုက်ဆံကိုသာ လိုချင်သည်။ ထို့နောက် လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ခဲ့သည်။
သို့သော် သူတို့ ထမင်းစားခါနီးတွင် တစ်စုံတစ်ယောက်က သီးသန့်အခန်းတံခါးကို လာခေါက်သည်။
ပုဘာဒါက ဝင်လာဖို့ ပြောလိုက်ပြီးနောက် တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်သည်။
ထိုသူသည် စားပွဲထိုးဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ထျန်းပိုင်ဟွေ့၏အစ်ကို ထျန်းဝမ်ထောင်း ပေါ်လာခဲ့သည်။ သူ၏နောက်မှ အတွင်းရေးမှူး နှစ်ယောက်လည်း လိုက်ပါလာသည်။
ပုဘာဒါနှင့် ထျန်းပိုင်ဟွေ့နှစ်ဦးစလုံး ထျန်းဝမ်ထောင်း၏မျက်နှာကိုတွေ့လိုက်ရသောအခါ အံ့သြသွားကြသည်။ ဤအရာသည်လည်း ထျန်းဝမ်ထောင်း၏အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို သူတို့သဘောပေါက်သွားသည်။ သူတို့သဘောပေါက်သော်လည်း တည်ငြိမ်ကာ ဘာမှမဖြစ်ဟန်ဆောင်လိုက်ကြသည်။
"ပိုင်ဟွေ့ မင်းဒီမှာဘာလုပ်နေတာလဲ" ထျန်းဝမ်ထောင်းသည် ထျန်းပိုင်ဟွေ့ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ သူသည် ထျန်းပိုင်ဟွေ့ ဒီမှာရှိမယ်မှန်း မသိဟန်ဆောင်ရန် ထိုသို့ပြောခြင်းဖြစ်သည်။
ပုဘာဒါနှင့် ထျန်းပိုင်ဟွေ့တို့သည် မတုံးအ၍ သူ၏သရုပ်ဆောင်မှုကို အလွယ်တကူ မြင်နိုင်သည်။
ထျန်းပိုင်ဟွေ့က လှောင်ပြုံးလိုက်သည်။ သူမ၏အစ်ကိုသည် သူမကို ကြီးကျယ်သည့် ပြိုင်ဖက်အဖြစ် ခံယူထားပုံရသည်။
"အစ်ကိုပဲ ငါ့ကိုဒီကိုလာဖို့ပြောတာမဟုတ်ဘူးလား။" ထျန်းပိုင်ဟွေ့က ထိုသို့ ပြောပြီး သူမ၏မျက်နှာတွင် ဝေခွဲမရမှုများ ပေါ်လာသည်။
"ဘာ.... ရယ်စရာကောင်းလိုက်တာ " ထျန်းဝမ်ထောင်းက အသံကျယ်လာသည်။
"ပိုင်ဟွေ့၊ မင်းက ငါ့ညီမဆိုပေမယ့် ဒါက စီးပွားရေး၊ ငါ့နောက်ကွယ်မှာ ငါ့ဖောက်သည်တွေကို မခိုးယူသင့်ဘူး"
“ငါ နားမလည်ဘူး။ အစ်ကိုပဲ ငါ့ကိုလာဖို့ပြောခဲ့ပြီး အခုကျမှ ဘာလို့ငြင်းတာလဲ။" ထျန်းပိုင်ဟွေ့သည် နာကျင်နေပုံရသည်။
"မင်းကို ဒီကိုလာဖို့ ငါ လုံးဝမပြောခဲ့ဘူး။ မင်း လာမယ်လို့လည်း မစ္စတာပုကို မပြောခဲ့ဘူး။” ထျန်းဝမ်ထောင်းက ဒေါသတကြီး အော်လိုက်သည်။
ပုဘာဒါသည်တော့ တည်တည်ငြိမ်ငြိမ်ပဲ လက်ဖက်ရည်ဆက်သောက်လို့နေသည်။
ထျန်းဝမ်ထောင်းသည် သူ့ကို ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး စကားပြောဖို့ ထျန်းပိုင်ဟွေ့လာမယ်ဟု မပြောခဲ့ပါ။ ထိုအစား၊ ထျန်းဝမ်ထောင်းသည် သူမအားလျှင် တခြားတစ်ယောက်လာဖို့ စီစဉ်ပေးမယ်ဟု ပြောခဲ့သော်လည်း ထိုလူက ဘယ်သူဖြစ်မလဲဆိုတာတော့ မပြောခဲ့ပေ။
ထျန်းဝမ်ထောင်းသည် ထျန်းပိုင်ဟွေ့ကို အပြစ်တင်ရန် အကြောင်းပြချက်ကောင်းရရန် ရည်ရွယ်ပြီး လုပ်ခဲ့သည်။
"ကောင်းပြီ၊ မစ္စထျန်းကို ဒီကိုလာဖို့ မင်းမပြောခဲ့ရင် မင်းဘာလို့နောက်ကျနေတာလဲ။" ပုဘာဒါက ဝင်မေးလိုက်သည်။
ထျန်းဝမ်ထောင်းက ချက်ချင်းတောင်းပန်လိုက်ပြီး "မစ္စတာ။ Pu တောင်းပန်ပါတယ်။ လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့တွေ့ပြီး ဖုန်းက ပါဝါကုန်သွားတာနဲ့ ဖုန်းမခေါ်နိုင်ခဲ့ဘူး။”
သူနောက်ကျသွားသော်လည်း မိနစ် ၂၀ သာနောက်ကျခဲ့ပြီး ထျန်းပိုင်ဟွေ့က ပုဘာဒါ နှင့် စာချုပ်ကို ပျက်စီးစေရန် အတွက် လုံလောက်သည်။
"သြော် ဒါဆို မစ္စထျန်းက ဒီသီးသန့်အခန်းနံပါတ်ကို ဘယ်လိုသိတာလဲ။" ပုဘာဒါက ထပ်မေးသည်။
***
အပိုင်း ၁၄၄၈ ညစ်ပတ်တဲ့လှည့်ကွက်
ထိုစကားကိုကြားတော့ ထျန်းဝမ်ထောင်း၏မျက်နှာသည် ပြောင်းလဲသွားပြီး ထျန်းပိုင်ဟွေ့ ကို စူးစူးရဲရဲစိုက်ကြည့်လာသည်။ "မင်း ငါဖုန်းပြောတာကို ခိုးနားထောင်နေတာလား။ မင်းဘယ်လိုလုပ်နိုင်တာလဲ။ စာချုပ်ကိုလည်း ခိုးခဲ့တာလား။ မင်း အရှက်ကင်းလွန်းတယ်။" သူသည် အရာအားလုံးအတွက် ထျန်းပိုင်ဟွေ့ကို အပြစ်တင်ခဲ့သည်။
ထျန်းပိုင်ဟွေ့သည် ဤအချိန်တွင် သည်းခံနိုင်စွမ်းကုန်သွားသည်။ "တကယ်လား။ အရာအားလုံးအတွက် မင်းငါ့ကို အပြစ်တင်နေတာလား။ နင်ငါ့ကိုမကြိုက်လို့ နင့်ရဲ့ပြိုင်ဖက်အဖြစ်ယူဆတာ ငါသိတယ်။ ဒါပေမယ့် နင့်အမှားတွေအတွက် ငါ့ကိုအပြစ်တင်လို့မရဘူး။ ကုမ္ပဏီမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်။ တကယ်ဖြစ်ပျက်ခဲ့တာကို သိချင်ရင် စစ်ဆေးလို့ရတယ်။”
ထျန်းဝမ်ထောင်းသည် အလွန်အရှက်မရှိသူဖြစ်နေသည်ကို သူမ အံ့သြမိသည်။ သူမ၏အကိုဖြစ်သူက သူမကို နောက်ကွယ်ကနေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်ဟုလည်း သူမတွေးမိလာသည်။
ထျန်းမိသားစုမှာ ရန်သူတွေ အများကြီးရှိတာကြောင့် သူမ ရုတ်တရက် သူစိမ်းလူအုပ်ရဲ့ တိုက်ခိုက်ခြင်းကို ခံရစဉ်က ထျန်းဝမ်ထောင်းကို သူမ မတွေးခဲ့မိပေ။ ထိုစဉ်က သူမအသက်ကို ကယ်တင်ခဲ့သူမှာ ပါးထျန်းယန်ကဲ့သို့ လူသတ်ဂိုဏ်းတစ်ခုတွင် တာဝန်ထမ်းခဲ့ဖူးသူဖြစ်သည်။ ထျန်းပိုင်ဟွေ့က သူ့ကို သူမ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်လိုက်သည်။
သူသည် ပရော်ဖက်ရှင်နယ် လူသတ်သမားဖြစ်သော်လည်း သက်တော်စောင့်တစ်ဦးသည် လူသတ်သမားထက် ငွေများစွာ ပိုရနိုင်သည်။ ထို့ကြောင့် သူသည် လူသတ်ဂိုဏ်းမှ ထွက်သွားသော်လည်း သူ၏အမည်မှာ အလိုရှိသည့်စာရင်းတွင် ရှိနေသေးသည်။
ကုနင်းသည် ကေကို သူမအတွက် အလုပ်လုပ်ရန် ကျွမ်းကျင်သည့်လူတွေကို ပိုမို လိုအပ်၍ အလိုရှိသည့်လူများစာရင်းကို အာရုံစိုက်ရန် ကေကို ပြောခဲ့သော်လည်း ကေသည် မကြာသေးမီက အလွန်အလုပ်များနေခဲ့သည်။
ထိုလူသည် လူသတ်ဂိုဏ်းမှ ထွက်သွားသော်လည်း ဘယ်သွားရမည်ကို မသိပေ။ သူသည် ထျန်းပိုင်ဟွေ့ အန္တရာယ်ကျရောက်ချိန်တွင် သူမနှင့် မတော်တဆတွေ့ဆုံခဲ့ပြီး သူမအသက်ကို ကယ်တင်ခဲ့သည်။ ကြေးစားလူသတ်သမားဖြစ်ခဲ့ဖူးသော်လည်း သူသည် သွေးအေးသူမဟုတ်ပေ။ လူသတ်သမားတစ်ယောက်အနေနှင့် သူ့မှာ ဝင်းဒ်ဟူသော နာမည်တစ်ခုရှိသည်။
လူတော်တော်များများသည် သူတို့ငယ်စဉ်က လူသတ်ဂိုဏ်းထဲဝင်ခဲ့ကြပြီး သူတို့ နာမည်ရင်းကို မမှတ်မိကြပေ။ လူသတ်ဂိုဏ်းက သူတို့ကို နာမည်ပေးမှာဖြစ်ပြီး သူတို့မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်နိုင်သည်။ သို့သော်လည်း လူသတ်သမားအများအပြားသည် မတုံးအကြပဲ ၎င်းတို့သည် ဂိုဏ်း၏ရှာဖွေမှုကို ရှောင်ရှားနိုင်စေရန် လူသတ်ဂိုဏ်း မသိသော အခြားအထောက်အထားကို ဖန်တီးခဲ့ကြသည်။
ဝင်းဒ်သည် ဒီလိုမလုပ်ခဲ့တဲ့အတွက် သူ၏ဘဏ်အကောင့်တွင် ပိုက်ဆံအများကြီးမရှိတာကြောင့် မြို့တော်ကိုသွားရာလမ်းမှာ အများကြီးဒုက္ခရောက်ခဲ့ရသည်။
ထျန်းပိုင်ဟွေ့ကို ကယ်တင်ပြီးနောက် သူမသည် သူ့ကိုကောင်းမွန်သော ဘဝကို ပေးစွမ်းနိုင်သောကြောင့် သူမ၏ ကိုယ်ရံတော်အဖြစ် သဘောတူခဲ့သည်။
လူအများအပြားသည် လူသတ်ဂိုဏ်းသို့ ဝင်ရောက်ရန် ဖိအားပေးခံခဲ့ကြရသောကြောင့် ၎င်းတို့အားလုံးသည် ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်ရန် ဆန္ဒမရှိခဲ့ကြပေ။ ဖြစ်နိုင်ရင် အများစုက ထွက်ပြေးချင်ကြသည်။ သို့သော် လူသတ်ဂိုဏ်းသည် ၎င်း၏လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန်အတွက် ၎င်းတို့ကို လိုက်ဖမ်းကာ သတ်ပစ်မည်ဖြစ်သည်။
ဝင်းဒ်၏ နောက်ကြောင်းမှာ သူ အများကြီးပြောပြချင်စိတ်မရှိတာကြောင့် ထျန်းပိုင်ဟွေ့က သူ့ကို အတင်းအကြပ်မမေးခဲ့ပေ။
“မင်း…” ထျန်းဝမ်ထောင်း အခု ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူသည် ထက်မြက်သူမဟုတ်သောကြောင့် သူ့တွင် ပြီးပြည့်စုံသော အစီအစဉ်မရှိပေ။ ပြီးတော့ ထျန်းပိုင်ဟွေ့က အမြဲသည်းခံခဲ့ပြီး ထျန်းဝမ်ထောင်းသည် သူမ ထပ်ပြီး သည်းခံနိုင်လိမ့်မည်ဟုယုံကြည်ခဲ့သည်။
တကယ်တော့ ထျန်းပိုင်ဟွေ့သည် သူမ၏အဖေ နေမကောင်းဖြစ်နေ၍ သူ၏အပြုအမူကို သည်းခံလိုက်ခြင်းပင်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မတည့်သည်ကို သူတို့အဖေကို မသိစေချင်ပေ။
ထျန်းဝမ်ထောင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိသော်လည်း သူ ဝန်ခံရန်ငြင်းဆန်နေဆဲဖြစ်သည်။ "ပိုင်ဟွေ့ မင်းဘာကိုဆိုလိုတာလဲ။ ငါက မင်းအကိုကြီး။ ငါက မင်းမျက်လုံးထဲမှာ လူဆိုးလား။"
"ငါက နင့် ညီမလေ။ ငါ နင့်ကို ဆန့်ကျင်ဖို့ ကြံနေတာလို့ မင်းဘာလို့ထင်နေတာလဲ။ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးလိုက်ရင် အမှန်တရားကို သိရမှာပဲကို။" ထျန်းပိုင်ဟွေ့က အခိုင်အမာပြောသည်။ သူမ သည်းခံမှု လုံလောက်သွားပေပြီ။
“မင်း…” ထျန်းဝမ်ထောင်း ဒေါသထွက်သွားပြီး သူ၏ထိန်းချုပ်မှု ကင်းမဲ့သွားပြီဟု ခံစားလိုက်ရသည်။
“ကောင်းပြီ။” ပုဘာဒါက သူတို့ကို နှောင့်ယှက်သည်။ သူတို့၏ ရန်ငြိုးထားမှုကို သူ စိတ်မဝင်စားသော်လည်း ထိုမိသားစုနှင့် စီးပွားရေးလုပ်ရန် လိုအပ်နေသေးသည်။
"မစ္စတာထျန်း၊ ဒီမှာ ဘယ်သူမှ အအမဟုတ်ဘူး၊ မင်းငါ့ကို လွယ်လွယ်လိမ်နိုင်မယ်လို့ မင်းထင်နေတာလား။"
ထိုစကားကိုကြားတော့ ထျန်းဝမ်ထောင်းသည် တုန်လှုပ်သွားသည်။ ပုဘာဒါသည် သူ၏ ညစ်ပတ်သောလှည့်ကွက်အကြောင်း သိသွားပေလိမ့်မည်။
"မင်းရဲ့မိသားစုအရေးကို ငါစိတ်မဝင်စားဘူး၊ ဒါပေမယ့် ဒီနေ့ဖြစ်ပျက်ခဲ့တာကို ငါမကျေနပ်ဘူး။ ငါလည်း အရူးခံလိုက်ရသလို ခံစားရတယ်၊ ဒါကြောင့် မနှစ်ကလိုပဲ မစ္စထျန်းနဲ့ စာချုပ်ချုပ်ပြီးပြီ။ မင်းမိသားစုက ငါ့ထုတ်ကုန်တွေကို မလိုချင်ဘူးဆိုရင် အခုကစပြီး မစ္စထျန်းနဲ့ပဲ စီးပွားရေးလုပ်တော့မယ်။" ပုဘာဒါက ရှင်းအောင်ပြောသည်။ သူသည် အရမ်းပွင့်လင်းပြီး လိမ်ညာဖို့ စိတ်မ၀င်စားပေ။
"ဘာ…" ထျန်းဝမ်ထောင်း အံ့သြသွားသည်။
သူအံ့အားသင့်သည်မှာ ပုဘာဒါသည် သူ၏အကြံအား မြင်ပြီးဖြစ်ပြီး ထျန်းပိုင်ဟွေ့နှင့် ယခင်နှစ်ကနှင့် တူညီသောစျေးနှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ဒီတော့ကာမှ သူ ဆိုးရွားတဲ့အမှားတစ်ခုကို လုပ်မိခဲ့ကြောင်း သဘောပေါက်သွားတော့သည်။
***
အပိုင်း ၁၄၄၉ ပါးထျန်းယန်နဲ့ ဝင်းဒ်..
"မစ္စတာထျန်း၊ မင်းငါနဲ့ အဲ့ကိစ္စ ငြင်းခုံချင်ရင်တောင် ငါက အမနေဘူး။ အဲ့တာကြောင့် အချိန်မဖြုန်းပဲ ထွက်သွားဖို့ မင်းကို ငါအကြံပေးချင်တယ်။ ငါညစာစားချင်ပြီ။” ပုဘာဒါကပြောလိုက်သည်။ သူသည် ထျန်းဝမ်ထောင်းနဲ့ ထမင်းစားဖို့ ရည်ရွယ်ချက်မရှိသလို ယဉ်ကျေးပြူငှာဖို့လည်း စိတ်မ၀င်စားပေ။
ထျန်းဝမ်ထောင်း သူ့ပါးစပ်ကို ပိတ်လိုက်သည်။ သူသည် ဒီရလဒ်ကို လက်ခံဖို့ တွန့်ဆုတ်နေပေမယ့် အခုချိန်မှာတော့ သူဘာမှ မလုပ်နိုင်တော့ပေ။ သူ မထွက်ခွာမီ ထျန်းပိုင်ဟွေ့ကို စူးစူးရဲရဲ ကြည့်သွားသည်၊ ဆိုလိုသည်မှာတော့ သူ အရှုံးမပေးဟုပင်။
ထျန်းပိုင်ဟွေ့သည် ဤကိစ္စ အဆုံးမသတ်သေးကြောင်း နားလည်ထားပြီး သူမ၏အကိုဖြစ်သူက သူမကို ဖခင်ရှေ့တွင် သေချာပေါက် မကောင်းပြောလိမ့်မည်။
ထျန်းဝမ်ထောင်းက သူမကို တိုက်ခိုက်တာကို သူမ မတားနိုင်သော်လည်း သူမ၏အဖေကိုတော့ အမှန်အတိုင်း ပြောပြရလိမ့်မည်။
သို့သော် သူတို့၏ဖခင်မှာ အကျိုးအကြောင်းဆီလျှော်သော်လည်း သူ၏သမီးထက် သူ၏သားကို ပိုဂရုစိုက်သောကြောင့် ထျန်းပိုင်ဟွေ့သည် သူမ၏အစ်ကိုကို ထောက်ပံ့ပေးရချိန်တွင် ထျန်းဝမ်ထောင်းသည် ကုမ္ပဏီကို စီမံခန့်ခွဲနိုင်ခဲ့သည်။ ထျန်းဝမ်ထောင်းသည် ငယ်စဉ်အခါက စာကို မကြိုးစားခဲ့ပဲ လုံ့လဝီရိယမရှိပေ။ သို့သော်လည်း သူသည် ကုမ္ပဏီတွင် ထျန်းပိုင်ဟွေ့ထက် ပို၍အရေးကြီးသောရာထူးကို ရရှိထားဆဲဖြစ်သည်။
ထျန်းပိုင်ဟွေ့သည် သူတို့၏ဖခင်က ထျန်းဝမ်ထောင်းကို ယုံကြည်ရန် ရွေးချယ်မည်လား မသိပါ။ သူတို့မိသားစု၏ လုပ်ငန်းကို စွန့်ရမည်ဆိုလျှင် သူမ စွန့်လွှတ်ပြီး နောက်တစ်ခါ ထပ်ပါဝင်တော့မည်မဟုတ်ပေ။ သူမသည် သူမ၏ရှယ်ယာများကို ထျန်းဝမ်ထောင်းသို့ရောင်းချပြီး သူမ၏ကိုယ်ပိုင်လုပ်ငန်းကို စတင်နိုင်သည်။
ထျန်းဝမ်ထောင်း ထွက်သွားပြီးသည်နှင့် ထျန်းပိုင်ဟွေ့သည် ပုဘာဒါနှင့် ဆက်လက်စားသောက်ခဲ့သည်။
ထျန်းပိုင်ဟွေ့ မျှော်မှန်းထားသည့်အတိုင်း ထျန်းဝမ်ထောင်းသည် တောင်ပိုင်းခရိုင်ရှိ အကောင်းဆုံးဆေးရုံသို့ ချက်ချင်းမောင်းသွားခဲ့သည်။
သူတို့အဖေက လွန်ခဲ့တဲ့လအနည်းငယ်က ဆေးရုံတက်ခဲ့ရသည်။ သူ အခု သက်သာလာသော်လည်း အသက်ကြီးသောကြောင့် ဆေးရုံတွင် စောင့်ကြည့်ခံရရန် ဆက်နေဖို့ လိုသည်။
ထျန်းဝမ်ထောင်းသည် သူတို့၏ဖခင်ကိုတွေ့သည်နှင့် ညည်းညူလိုက်သည်။ "အဖေ၊ ဒီနေ့ ပုဘာဒါနဲ့ စာချုပ်ချုပ်ဖို့ ဟွမ်းဒင်ဟိုတယ်မှာ ချိန်းထားပေမယ့် ပိုင်ဟွေ့က ကျွန်တော့်ဖောက်သည်ကို ခိုးယူသွားတယ်။ သတင်းနဲ့ စာချုပ်က ဘယ်လိုရသွားလဲ မသိပေမယ့် တကယ်ကို အရှက်ကင်းမဲ့တာပဲ။ သူသာ ကျွန်တော်နဲ့အတူတူ ကုမ္ပဏီမှာ ဆက်အလုပ်လုပ်နေမယ်ဆိုရင် သူက ကျွန်တော့်နေရာ အစားထိုးဖို့ ရည်ရွယ်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။”
ထျန်းဝမ်ထောင်းသည် သူကပဲ ခံရသူဖြစ်နေသကဲ့သို့ အလွန်ဒေါသထွက်နေပုံရသည်။ ထို့အပြင် သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ထျန်းပိုင်ဟွေ့ကို ၎င်းတို့၏ မိသားစု စီးပွားရေးမှ နှင်ထုတ်ရန် ဖြစ်သည်။
ထျန်းဝမ်ထောင်းသည် ကုမ္ပဏီကို စီမံခန့်ခွဲနေသော်လည်း ၎င်းတို့၏ဖခင် ထျန်းမြောင်ဖာသည် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ထျန်းမြောင်ဖာသည် သူတို့၏ မိသားစုလုပ်ငန်းတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည်။ သူဆုံးဖြတ်ချက်မချလျှင် ဘယ်သူကမှ ထျန်းပိုင်ဟွေ့ကို ထုတ်ပစ်လို့ မရပေ။ ထို့ကြောင့် ထျန်းဝမ်ထောင်းသည် ထျန်းပိုင်ဟွေ့ကို အကြိမ်များစွာ အကောက်ကြံခဲ့သော်လည်း ထျန်းပိုင်ဟွေ့ လုံခြုံနေသေးခြင်းဖြစ်သည်။
ထျန်းမြောင်ဖာ သက်ပြင်းချလိုက်သည်။ သူသည် သူ၏ကလေးများကို ကောင်းစွာနားလည်ပြီး ၎င်းသည် ထျန်းပိုင်ဟွေ့ကို တိုက်ခိုက်ရန်ကြံရွယ်သည့် ထျန်းဝမ်ထောင်း၏လှည့်ကွက်ပင်ဖြစ်ပေမည်။ သို့သော် သူ၏အမြင်တွင် သူ၏သားသည် သူ၏သမီးထက် ပိုအရေးကြီးသည်၊ အကြောင်းမှာ သူ၏သမီးသည် အခြားမိသားစုတွင် လက်ထပ်မည်ဖြစ်ပြီး သူ၏သားက သူ၏မိသားစု လုပ်ငန်းကို ဦးဆောင်နိုင်သောကြောင့် ဖြစ်သည်။ သူ၏သားသည် သိပ်ဉာဏ်မမီသော်လည်း အသုံးမကျတာတော့မဟုတ်ပေ။
“ကောင်းပြီ၊ ငါသူမကို ထွက်သွားခဲ့ဖို့ ပြောနိုင်ပေမယ့် သူအမွေရနိုင်တဲ့ ပိုင်ဆိုင်မှုကိုတော့ မင်း မရနိုင်ဘူး။ နားလည်သလား။" ထျန်းမြောင်ဖာက ပြောသည်။
"ပြဿနာမရှိပါဘူး။" ထျန်းဝမ်ထောင်း ကျေနပ်သွားသည်။ သူသည် ထျန်းပိုင်ဟွေ့ ထွက်သွားသရွေ့ သူတို့၏မိသားစု၏လုပ်ငန်းကို တဖြည်းဖြည်း အပြည့်အဝထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထျန်းပိုင်ဟွေ့သည် ၎င်းတို့၏ မိသားစုလုပ်ငန်း၏ ရှယ်ယာ ၁၅% သာရှိပြီး သူသည် အခြားရှယ်ယာအားလုံးကို ပိုင်ဆိုင်နိုင်သည်။
ထျန်းဝမ်ထောင်း ထွက်သွားပြီးနောက် ထျန်းမြောင်ဖာက ထျန်းပိုင်ဟွေ့ထံ မက်ဆေ့ချ်ပို့လိုက်သည်။ သူသည် သူမကို ဆေးရုံမှာ တွေ့ချင်နေသည်ဟုပင်။
ထျန်းပိုင်ဟွေ့ လုံးဝမအံ့သြသွားပေ။ တိတိကျကျပြောရလျှင် သူမသည် သူမအဖေ၏သတင်းကို စောင့်နေခဲ့သည်။ အမှန်တော့၊ သူမသည် မိသားစု၏မျက်လုံးထဲတွင် ရန်သူဖြစ်လာမည်စိုး၍ ဤပြဿနာကို တတ်နိုင်သမျှ စောစီးစွာကိုင်တွယ်ဖြေရှင်းရန် လိုလားသည်။
ထို့နောက် မတ်တပ်ထရပ်ပြီး တံခါးကိုဖွင့်လိုက်သည်။
တိုက်ဆိုင်စွာပင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည်လည်း ညစာစားပြီး၍ သူတို့ တချိန်တည်း တံခါးဖွင့်လိုက်သည် ။
ဝင်းဒ်သည် ပါးထျန်းယန်ကို မြင်လိုက်သည်နှင့် ပါးထျန်းယန်သည်လည်း သူ့ကိုကြည့်လိုက်သည်။ ပါးထျန်းယန် အသက်ရှင်နေသေးသည်ကိုတွေ့လိုက်ရတော့ သူ အံ့သြသွားသည်။ သို့သော်၊ သူ နားမလည်နိုင်ပေ။
ကြောင်နက်၏အမည် အလိုရှိသောစာရင်းမှ ပျောက်ကွယ်သွားသောအခါတွင် သူသည် ပါးထျန်းယန် မသေသေးဟု ခံစားမိသည်၊ အကြောင်းမှာ မည်သူမဆို တာဝန်ကိုယူလိုက်ပါက ရလဒ်ကို စာမျက်နှာပေါ်တွင် ပြသမည်ဖြစ်သည်။
ပါးထျန်းယန်ကို အခြားလူသတ်သမားက တကယ်သတ်ခဲ့ရင်တောင် သူ၏နာမည်ကို ဖယ်ရှားမှာမဟုတ်ပေ၊ ဒါကြောင့် ဝင်းဒ်သည် ပါးထျန်းယန် ရုတ်ချည်း ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို မသိခဲ့ပေ။
ဝင်းဒ်ကို မြင်လိုက်သည့်အခိုက်တွင် ပါးထျန်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတော့ သူတို့ဟာ တူညီတဲ့ လူသတ်ဂိုဏ်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဝင်းဒ်ကို သူပြန်တွေ့တာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေ။
***
အပိုင်း ၁၄၅၀ ကျင့်ကြံသူ၏သွေး ဆက်ခံသူ
ပါးထျန်းယန်သည် ဝင်းဒ်ကိုရှောင်ဖို့ မကြိုးစားပေ။ သူတို့သည် စက္ကန့်ပိုင်းလောက်သာ အကြည့်ချင်းဆုံပြီး ပြန်အကြည့်လွှဲသွားသည်။ သူတို့ချင်း ပဋိပက္ခဖြစ်စရာ မလိုပေ။
ပါးထျန်းယန်သည် ဝင်းဒ်က တာဝန်တစ်ခု ထမ်းဆောင်နေမည်ဟု ထင်ခဲ့သော်လည်း ဝင်းဒ်သည် လူသတ်ဂိုဏ်းမှ ထွက်ခွာခဲ့ပြီးဖြစ်သောကြောင့် ပါးထျန်းယန်ကို တိုက်ခိုက်မနေတော့ပေ။ ဝင်းဒ်သည် ကောင်းယိနှင့် ချောင်ယတို့ကို မသိသောကြောင့် သူတို့သည် သူစိမ်းများသာဖြစ်သည်။
တစ်ဖက်တွင် ကောင်းယိနှင့် ချောင်ယသည် ဝင်းဒ်တွင် ထူးခြားသော အရာတစ်ခုကို ခံစားမိသောကြောင့် သူသည် သူတို့နှင့် ထပ်တူပင်ဖြစ်ကြောင်း သိလိုက်ရသည်။ ကုနင်းသည်လည်း တူညီသော အကြံအစည်ရှိသည်။
ထို့နောက် သူတို့သည် အဝေးသို့ ထွက်ခွာသွားပြီး ဓာတ်လှေခါး အသီးသီးသို့ တက်ခဲ့ကြသည်။
ဓာတ်လှေကားတံခါးပိတ်သွားသောအခါ၊ ပါးထျန်းယန်က ကုနင်းကို ဝင်းဒ် အကြောင်းပြောပြသည်။ ကုနင်းသည် သူတို့၏ တုံ့ပြန်မှုကို မြင်နိုင်သော်လည်း သူသည် ဆန္ဒအရ သူမကို ပြောပြရန် လိုအပ်သည်ဟု ထင်သည်။
ကုနင်းသည် ပါးထျန်းယန်ကို သတိထားရန် သတိပေးခဲ့ပြီး လိုအပ်ပါက သူ့ကို ကူညီမည်ဟု ပြောခဲ့သည်။
ထို့နောက် ကုနင်းသည် ရာစုနှစ်မြို့တော်သို့ ပြန်သွားကာ လမ်းတွင် ကေကို ဖုန်းခေါ်ပြီး ဖုန်းချီလဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ပြောခဲ့သည်။
ဖုန်းချီလဲ့၏ နောက်ဆုံးရသတင်းအချက်အလတ်များရရန် ကေအတွက် မခက်ခဲသောကြောင့် မကြာမီတွင် ကေသည် ရှာတွေ့သွားခဲ့သည်။
ဖုန်းချီလဲ့သည် ယခုအချိန်တွင် အသက်အန္တရာယ်မစိုးရိမ်ရတော့သည့်အတွက် အထူးကြပ်မတ်ကုသဆောင်မှ ပြောင်းရွှေ့ခံခဲ့ရသည်။
ဖုန်းချီလဲ့သည် အလွန်ကံကောင်းသည်။ သူကံကောင်းသော်လည်း သူ၏ဖခင်အရင်း ထန်ပင်းစန်မှာ အပြစ်ရှိသောကြောင့် သူလည်း အကျိုးသက်ရောက်မည်ဖြစ်သည်။
ကုနင်းသည် အချိန်ကျလျှင် ဖုန်းလင်နှင့် စကားပြောရန် စဉ်းစားထားသည်။ ဖုန်းလင်သည် မြို့တော်မှ ထွက်ခွာရန် ဆန္ဒရှိပါက၊ သူမသည် သူတို့ကို ကောင်းကောင်းမွန်မွန် နေထိုင်ရန် လုံလောက်သောငွေ ပေးမည်ဖြစ်သည်။ သို့သော် ဖုန်းလင်သည် လောဘကြီးပြီး ထန်မိသားစု၏ ပိုင်ဆိုင်မှုကို လိုချင်ပါက ကုနင်းက သူမအား သင်ခန်းစာတစ်ခု ပေးမည်ဖြစ်သည်။
ရာစုနှစ်မြို့တော်သို့ရောက်ပြီး မကြာမီတွင် လင်ရှောင်းထင် ပြန်ရောက်လာသည်။ ကုနင်းနှင့် စကားပြောရန် အရေးကြီးသောကြောင့် ခွင့်ယူလိုက်ခြင်းဖြစ်သည်။
လင်ရှောင်းထင်တွင် ကုနင်း၏အိမ်သော့ရှိသောကြောင့် တံခါးကိုဖွင့်ကာ သူ့ဘာသာသူ ဝင်လာခဲ့သည်။
ကုနင်းသည် ဒုတိယထပ်ရှိ သူမ၏အခန်းတွင်ရှိသော်လည်း အသံကြားသောအခါ လင်ရှောင်းထင် ပြန်ရောက်လာသည်ကို သူမသိလိုက်သည်။ သူမသည် ချက်ချင်းပင် သူ့ကို ကြိုဆိုရန် ပြေးလာသည်။
လင်ရှောင်းထင်သည် ကုနင်းကိုတွေ့သည်နှင့်တပြိုင်နက် သူမကို တင်းတင်းကြပ်ကြပ်ဆွဲဖက်ထားလိုက်သည်။ သူမကို သူ၏ရင်ခွင်ထဲမှာ ထည့်ထားလိုက်မှသာ သူသည် လုံခြုံပြီး စိတ်လက်ပေါ့ပါးသလို ခံစားရသည်။
ကုနင်းသည် တိတ်ဆိတ်နေကာ သူ၏နှလုံးခုန်သံကိုကြားရရန် သူ၏ရင်ဘတ်ပေါ် ခေါင်းတင်လိုက်သည်။
လင်ရှောင်းထင်သည် သူမကို အချိန်အတော်ကြာအောင် ဖက်ပြီးနောက် လွှတ်လိုက်သည်။ လက်ရှိတွင် ကိုင်တွယ်ဖြေရှင်းရမည့် အရမ်းအရေးကြီးသည့် အရာတစ်ခုရှိသေးသည်။
သူတို့သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး လင်ရှောင်းထင်သည် သူ၏အိတ်ကပ်ထဲမှ ညလင်းပုလဲကို ထုတ်ယူလိုက်သည်။
ကုနင်းသည် လင်ရှောင်းထင်၏အိတ်ကပ်ထဲတွင် ၎င်းကို ထည့်ထားစဉ်က မှော်စွမ်းအားကို ခံစားမိသည်။ သို့သော် ၎င်း၏မှော်အစွမ်းမှာ သူ၏ ညလင်းပုလဲထက် များစွာ အားနည်းသည်။
မည်သို့ပင်ဖြစ်စေ မှော်စွမ်းအားရှိသည့် အဖိုးတန်အရာဝတ္တုသည် တွေ့ရခဲပြီး ဤညလင်းပုလဲက လင်ရှောင်းထင်၏အသက်ကို ကယ်တင်ခဲ့သည်။
"ပြန်ထားလိုက် ဒီဘလောက်မှာ ကျင့်ကြံသူတွေရှိတယ်၊ အခုထုတ်လိုက်ရင် သူတို့ကို ဆွဲဆောင်မိနိုင်တယ်။”
"ဘာ..." လင်ရှောင်းထင် အံ့အားသင့်သွားပြီး ညလင်းပုလဲကို ချက်ချင်းပြန်ထည့်လိုက်သည်။
"သူတို့က မောင်နှမနှစ်ယောက်၊ ဒါပေမယ့် သူတို့က နတ်ဆိုးကျင့်ကြံရေး မဟုတ်တဲ့ သူတော်စင်ဘက်က အဖွဲ့ဝင်တွေပါ" ဟု ကုနင်းကပြောပြီး ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့နှင့် သူမ၏အတွေ့အကြုံများအကြောင်း လင်ရှောင်းထင်အား ပြောပြသည်။
သူတို့သည် ကုနင်းကို ကြင်နာကြောင်း သိလိုက်ရသောအခါ လင်ရှောင်းထင် စိတ်သက်သာရာရသွားသည်။ ကုနင်းသည် သူတို့ဆီက ကျင့်ကြံသူတွေအကြောင်း ပိုလေ့လာဖို့ ဆုံးဖြတ်လိုက်သည့်အတွက် လင်ရှောင်းထင်က သူမကို အားပေးသည်။
“ရှောင်းထင်၊ ကျွန်မအထင် ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ ပထမ၊ ရှင်...ကျွန်မ ဆေးပြားတွေဆီက မှော်အစွမ်းတွေ အများကြီး စုပ်ယူသွားတာ ဖြစ်နိုင်တယ်၊ ဒါကြောင့် ရှင့်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားတယ်။ ဒုတိယကတော့ ရှင်က သာမန်လူတစ်ယောက်မဟုတ်ဘူး။ ကျင့်ကြံသူတွေနဲ့လည်း အပတ်အသတ်ရှိနိုင်တယ်။ ဒါပေမယ့် ဘယ်ဟာမှန်တယ်ဆိုတာတော့ သေချာမသိဘူး။”
စင်စစ် လင်ရှောင်းထင်၏ ခန္ဓာကိုယ်သည် တကယ်ကြီး ပြောင်းလဲသွားခဲ့သည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင်၏ အမူအရာမှာလေးနက်သွားေသည်။ "ကိုယ် စုပ်ယူလိုက်တဲ့ မှော်အစွမ်းကြောင့် ကိုယ့်ခန္ဓာကိုယ်က ပြောင်းလဲသွားတာထင်တယ်။”
"အခုထိ သက်တောင့်သက်သာမဖြစ်သေးဘူးလား။" ကုနင်း စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
"အကုန်လုံးတော့မဟုတ်ဘူး။ ဒီညလင်း ပုလဲကိုရကတည်းက ပိုကောင်းလာတယ်လို့ ခံစားရတယ်။”
"ကောင်းပြီ၊ ရှင် အဆင်မပြေတဲ့အခါတိုင်း ကျွန်မကို အသိပေးသင့်တယ်။"
“အင်း။” လင်ရှောင်းထင် ခေါင်းညိတ်လိုက်သည်။ ကုနင်း သူ့ကို စိတ်မပူစေချင်သော်လည်း ၎င်းမှာ အရမ်းအရေးကြီးသည့်ကိစ္စဖြစ်၍ သူမကို ပြောပြဖို့ လိုအပ်နေပါသေးသည်။
***
အခန်း ၁၄၅၁ ကျင့်ကြံသူ ဖြစ်လာခြင်း
လင်ရှောင်းထင်သည် ကုနင်းကို အနမ်းပေးလိုက်သည် အချိန်တိုင်းတွင် စိတ်ထကြွလာမြဲဖြစ်သည်။ သူတို့ အတူမအိပ်ရသည်မှာလည်း ကြာပြီဖြစ်သောကြောင့် နောက်ကျတဲ့အထိ အတူနေလိုက်ကြသည်။
ထို့နောက် ကုနင်းသည် လင်ရှောင်းထင်၏ လက်မောင်းကို ခေါင်းအုံးလျက် အိပ်လိုက်စဉ်တွင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်ဟု ခံစားမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ရာက လှုပ်ရှားလည်ပတ် နေသလိုပင်။
ကုနင်းသည် အအိပ်ဆတ်သူ ဖြစ်သောကြောင့် ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ လင်ရှောင်းထင်သည် အိပ်နေဆဲဖြစ်သော်လည်း သက်သောင့်သက်သာ ဖြစ်နေပုံ မပေါ်ပါချေ။ နဖူးပြင်တွင် ချွေးများစို့နေသောကြောင့် ကုနင်းသည် ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ ထိုအချိန်တွင် သူမသည် သူ့၀မ်းဗိုက်ပိုင်းတွင် လူးလွန့်ရွေ့လျားနေသော လေများကို တွေ့လိုက်ရသည်။ ထိုအရာသည် သူ့ကို မသက်မသာ ဖြစ်နေစေသော်လည်း နိုးထလာမှုတော့ မရှိပါချေ။
သို့သော် လင်ရှောင်းထင်သည် သူသက်သာလာပြီဟု ပြောထားသည် မဟုတ်ပါလား။
ကုနင်း တစ်ချက်စဉ်းစားလိုက်ပြီးနောက် လင်ရှောင်းထင်သည် အ၀တ်ဗလာဖြစ်နေသောကြောင့် ညအလင်းပုလဲသည် သူ့ခန္ဓာကိုယ်တွင် ရှိမနေမှန်း သိလိုက်သည်။ ထို့ကြောင့် သူမသည် မှော်အစွမ်းကို သူ၏ ခန္ဓာကိုယ်ထဲ ချက်ချင်းထည့်လိုက်သည်။ ခဏတွင်းချင်းမှာပင် ၀မ်းဗိုက်အတွင်း စီးဆင်းနေသော လေများသည် ချက်ချင်းရပ်တန့်သွားပြီး သူမ၏ မှော်အစွမ်းများကို အလိုလို စုပ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
ကုနင်း အလွန်အံ့ဩသွားရသည်။ ထိုဖြစ်စဉ်သည် ကျင့်ကြံသူများသုံးသောနည်းလမ်း ဖြစ်နေသည် မဟုတ်ပါလား။
သူမသည် မျက်လုံးအပြူးသား ဖြစ်သွားသည်။ လင်ရှောင်းထင်၏ ခန္ဓာကိုယ်မှာ ကျင့်ကြံသူအဖြစ်သို့ ပြောင်းလဲနေပြီ မဟုတ်ပါလား။ သို့သော် လင်ရှောင်းထင်တစ်ယောက် မည်သို့သောနည်းလမ်းဖြင့် ကျင့်ကြံသူဖြစ်လာခြင်းကိုတော့ သူမသည် နားမလည်နိုင်ပါချေ။
သူမ၏ မှော်အစွမ်းကြောင့်လား. သို့မဟုတ်.. လင်ရှောင်းထင် တွင် ကျင့်ကြံသူ ဖြစ်လာနိုင်သည့် စွမ်းရည်မှာ နဂိုတည်းက ပါနေတာလား..
ထိုသို့ဆိုလျှင် လင်ရှောင်းထင်၏ မိဘများသည် ကျင့်ကြံသူများ ဖြစ်ရပေမည်။ သို့သော် သူ၏ အဖေမှာ လင်မိသားစုမှ ဖြစ်သောကြောင့် သူ့အဖေကတော့ ကျင့်ကြံသူ မဖြစ်နိုင်ပေ။ အခြားသော လင်မိသားစု၀င်များသည် သာမာန်လူများသာ ဖြစ်နေသည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် အဖေမဟုတ်ပါက အမေ ဖြစ်နိုင်လေသည်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ လင်ရှောင်းထင်နှင့် သူအဖေသည် လင်မိသားစုနှင့် သွေးသားမတော်စပ်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင်တော့ သူမသည် လင်ရှောင်းထင်ကို မေးရတော့မည်ပင်။
လင်ရှောင်းထင်၏ စိတ်ခံစားချက်ကို ထိခိုက်နိုင်သည် ဆိုသော်လည်း မေးသည့်သည်မဟုတ်ပါလား။
“ရှောင်းထင်, ရှောင်းထင် ထပါဦး။” ကုနင်း နောက်နေ့အထိပင် မစောင့်နိုင်တော့ပဲ ချက်ချင်းနှိုးလိူက်သည်။
လင်ရှောင်းထင်သည် သူမ၏မှော်အစွမ်းဖြင့် ပုံမှန် ပြန်ဖြစ်နေပြီ ဖြစ်သောကြောင့် ချက်ချင်းနိုးလာသည်။
“နင်းနင်း ဘာဖြစ်လို့လဲ။” ကုနင်းတစ်ယောက် ညသန်းခေါင်အထိ မအိပ်သေးသောကြောင့် အံ့ဩပြီး မေးလိုက်သည်။
ကုနင်းသည် လင်ရှောင်းထင်၏ မျက်လုံးကို စိုက်ကြည့်ရင်း အရေးကြီးသော လေသံဖြင့် မေးလိုက်သည်။ “ရှောင်းထင် ကျွန်မရှင့်ကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု မေးစရာ ရှိတယ်.. အဲဒီလို မေးလိုက်လို့ ရှင်စိတ်ထိခိုက်ကောင်း ထိခိုက်နိုင်မယ်.. ဒါပေမယ့် ရွေးချယ်စရာ မရှိလို့ပါ.. ကျွန်မကို စိတ်မဆိုးပါနဲ့။”
“ကိုယ်တို့နှစ်ယောက်ကြားမှာ မပြောသင့်တာ ဘာရှိလို့လဲ.. စိတ်မဆိုးပါဘူး ပြောပါ”။
သူသည် ကြီးကြီးမားမား ကိစ္စဟု မထင်နေပေ။ ကုနင်းသည် သူ့မိဘများအကြောင်း မေးလျှင်တောင် သူ့အတွက် ဘာမှ ဖြစ်မည် မဟုတ်ပါချေ။ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သောကြောင့် သူသည် စိတ်လက်ပေါ့ပါးစွာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
“ရှင့် ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်တွေ လည်ပတ်နေတာ သတိထားမိလိုက်တယ်.. ရှင် ကျင့်ကြံသူ ဖြစ်လာတော့မှာ။”
လင်ရှောင်းထင် အလွန် အံ့ဩသွားသည်။ သူ့ခန္ဓာကိုယ်သည် တစ်ခုခု ပြောင်းလဲနေမှန်း သူ့ကိုယ်သူသိသော်လည်း ကျင့်ကြံသူ ဖြစ်လာနေမှန်းတော့ လုံးလုံးမသိပါချေ။
ကုနင်းက ဆက်ပြောလိုက်သည်။ “ကျွန်မရဲ့ မှော်စွမ်းအင်ကြောင့်တော့ အဲဒီလို ဖြစ်လာတယ် မထင်ဘူး.. ကြည့်ရတာ ရှင့်မိဘတစ်ယောက်ယောက်ဆီက ကျင့်ကြံသူစွမ်းအင်ကို ရလာတယ်ထင်တာပဲ။”
“အဲဒါကြောင့် ဖြစ်ရပ်မှန်ကိုတော့ သေချာသိရအောင် ရှင့်မိဘတွေအကြောင်းကို ကျွန်မသေချာမေးချင်တယ်။”
“မေးလေ.. ကိုယ်ကကိစ္စမရှိပါဘူး”
“ရှင့်မှာသာ တကယ်ကျင့်ကြံခြင်းစွမ်းရည် ရှိနေတာဆိုရင် ရှင့်မိဘတစ်ယောက်ယောက်ကတော့ ကျင့်ကြံသူ ဖြစ်နေတာ သေချာတယ်.. ဒါပေမယ့် တခြား လင်မိသားစု၀င်တွေက သာမာန်လူတွေပဲဆိုတော့ ရှင့်အဖေကတော့ ကျင့်ကြံသူမဖြစ်နိုင်ဘူး.. အဲဒါဆိုရင် ရှင့်အမေ ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ ရှင့်အဖေက လင်မိသားစုနဲ့ သွေးသားမတော်စပ်တာဖြစ်နိုင်တယ်”
***
အခန်း ၁၄၅၂ ကျင့်ကြံသူကောင်းတစ်ယောက်
လင်ရှောင်းထင် အံ့ဩမှင်သက်သွားသည်။
“ကိုယ့်အဖေကတော့ အဖိုးရဲ့ သားအရင်းဆိုတာ သေချာပါတယ်.. ကိုယ်ကလည်း အဖေ့ရဲ့ သားအရင်းပါပဲ။” လင်ရှောင်းထင် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ကိုယ့်အမေကတော့ အမေဘက်ကအဖိုးရဲ့ သမီးအရင်း မဟုတ်ဘူး.. ကိုယ့်အဖေနဲ့ အမေက အမေဘက်က အဖိုးကို ကယ်ခဲ့ဖူးလို့ အဲဒီအဖိုးက အမေ့ကို မွေးစားလိုက်တာတဲ့.. အဲဒီတုန်းက အဖေနဲ့ အမေက လက်မထပ်ရသေးဘူး.. သူတို့ လက်ထပ်တဲ့အချိန်ကျတော့ အမေက အဲဒီအဖိုးရဲ့ သမီးအဖြစ်နဲ့ လက်ထပ်ခဲ့တာပေါ့.. နောက်တော့ အဲဒီအဖိုးက အမေ့ကို အမွေတွေအားလုံးပေးခဲ့ပြီး ဆုံးသွားခဲ့တယ်.. ဒါပေမယ့် အမေက စီးပွားရေးလုပ်ငန်းတွေကို စိတ်မ၀င်စားတော့ အဖေနဲ့အတူတူ စစ်တပ်ထဲ၀င်ခဲ့တာ.. အဲဒီလိုနဲ့ အဖိုးရဲ့ လုပ်ငန်းက တဖြည်းဖြည်း ရှန်းရှစ် အဖွဲ့အစည်း လက်အောက် ရောက်သွားတာပေါ့။” လင်ရှောင်းထင်က ရှင်းပြလိုက်သည်။ သူသည် ရှင်းပြနေရင်းနှင့်ပင် သူ့အမေမှာ သာမာန်လူသားမဟုတ်ကြောင်း တွေးမိလာသည်။
“ရှင့်အမေကို တခြားသူတွေနဲ့ မတူပဲ ထူးခြားတာတစ်ခု သတိထားမိတာရှိလား။” ကုနင်း မေးလိုက်သည်။
လင်ရှောင်းထင်သည် မှတ်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် သူ ၇ နှစ်အရွယ်မှ အချိန်များကိုပင် မှတ်မိနေသေးသည်။
“အင်း.. ကိုယ့်အဖေနဲ့အမေက ခြံ၀န်းထဲမှာ သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေကို ယှဉ်ပြိုင်နေကျပဲ.. အမေကတော့ အမြဲနိုင်တယ်.. ကိုယ်ကြားဖူးတာတော့ အမေက အဖေ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့ဖူးတယ်တဲ့.. ကိုယ်ကတော့ အဲဒါကို အခုထိ ထူးဆန်းတယ်လို့ မထင်မိသေးဘူး။”
လင်ရှောင်းထင်သည် အမျိုးသမီးများကို အထင်သေးသည့် စိတ်ဖြင့် ပြောလိုက်ခြင်း မဟုတ်ပါပေ။ သို့သော် အမျိုးသမီးများသည် သာမာန်အားဖြင့် အမျိုးသားများထက် အားနည်းတတ်ကြသည် မဟုတ်ပါလား။
ကုနင်း ခေါင်းငြိမ့်ပြလိုက်သည်။ လင်ရှောင်းထင်၏ မိခင်ဆုံးပါးသွားသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများဆီကသာ စုံစမ်းနိုင်တော့မည်ပင်။ လင်ရှောင်းထင်၏အမေသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သည်ဆိုပါက သူမနှင့် ပတ်သက်သည့် အသုံး၀င်သောအချက်များကို သူတို့ဆီမှ ရရှိနိုင်ပေမည်။ ခက်ခဲမည်ဆိုသော်လည်း သူတို့သည် လက်လျှော့ကြမည် မဟုတ်ပါပေ။
“ကျွန်မတို့ ဒီကိစ္စကို သေချာဖြေရှင်းရမယ်။”
“ဟုတ်တယ်.. ကိုယ်တို့စုံစမ်းကြတာပေါ့။” လင်ရှောင်းထင်ကလည်း သဘောတူလိုက်သည်။ သူသည် ကျင့်ကြံသူဖြစ်လာပါက ဒုက္ခများတော့မည်ပင်။ သို့သော် ကုနင်းသည် ကျင့်ကြံသူများကို လေ့လာရန် အစီအစဉ်ရှိနေသောကြောင့် သူ့အနေဖြင့် တစ်ဖက်တစ်လမ်းကလည်း အထောက်အကူ ဖြစ်နိုင်ပေမည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆက်အိပ်မပျော်နိုင်ကြတော့ပဲ မနက် ၅ နာရီတွင် ထလိုက်ကြသည်။
ကုနင်းသည် လင်ရှောင်းထင်ကို မြို့အပြင်ဘက်မှ သီးသန့်နေရာ တစ်ခုသို့ ကားမောင်းပို့လိုက်သည်။
“ရှင်က အခုကျင့်ကြံသူ ဖြစ်နေပြီဆိုတော့ ကျင့်ကြံခြင်း လောကထဲကို ၀င်ထားလိုက်ပါ.. ကျင့်ကြံခြင်းကို ကောင်းကောင်း အာရုံစိုက်ပြီး ကျင့်ကြံသူကောင်း ဖြစ်အောင် ကြိုးစားပါ။”
ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့သည် ရာစုနှစ်မြို့တော်အိမ်ရာတွင် ရှိနေသောကြောင့် လင်ရှောင်းထင်သည် ထိုနေရာတွင် ကျင့်ကြံအားထုတ်ရန် မဖြစ်နိုင်ပေ။ သူ့အနေဖြင့် သူ၏ ကျင့်ကြံခြင်းကို မထိန်းချုပ်နိုင်သေးမချင်း အခြားကျင့်ကြံသူများနှင့် ပေးတွေ့၍ မရသောကြောင့်ဖြစ်သည်။ အန္တရာယ်များသည် မဟုတ်ပါလား။
ထို့အပြင် ကုနင်းသည် လင်ရှောင်းထင်၏ ကျင့်ကြံခြင်းမှ လေစီးဆင်းမှုမှာ ညအလင်းပုလဲ၏ မှော်စွမ်းအင်ကြောင့် တိမ်မြုပ်ပျောက်ကွယ်နေခြင်း ဖြစ်ကြောင်း သိလိုက်သည်။
ညအလင်းပုလဲ၏ မှော်စွမ်းအင်သည် ကျင့်ကြံသူ၏ လေစွမ်းအင်နှင့် မတူသောကြောင့် အခြားကျင့်ကြံသူများသည် လင်ရှောင်းထင်နှင့် ကြုံတွေ့လျှင်တောင် သူ့ကို ကျင့်ကြံသူမှန်း သိကြမည် မဟုတ်ချေ။
ထို့ကြောင့် လင်ရှောင်းထင်သည် ညအလင်းပုလဲကို အချိန်တိုင်း သယ်ဆောင်ထားရတော့မည် ဖြစ်သည်။ သို့သော် ကျင့်ကြံသူများသည် ညအလင်းပုလဲကို လိုချင်နေကြသောကြောင့် လင်ရှောင်းထင်အနေဖြင့် အန္တရာယ်တော့ များနိုင်လေသည်။ သို့သော် ရွေးချယ်စရာတော့ မရှိပါချေ။
“ကိုယ်နားလည်ပါပြီ.. ကိုယ် ကျင့်ကြံသူကောင်းတစ်ယောက် ဖြစ်လာစေရပါမယ်။” လင်ရှောင်းထင်က ပြောလိုက်သည်။ သူသည် ကုနင်း ကို ကူညီနိုင်ရန်အတွက် ပိုမိုသန်မာသူဖြစ်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအခါ ကုနင်းက “စာအုပ်တွေထဲမှာ ကျင့်ကြံသူတွေအကြောင်း ကျွန်မဖတ်ဖူးတယ်.. ကျင့်စဉ်အဆင့်က ၄ မျိုးရှိတယ်တဲ့.. စွမ်းအင်တွေကို ချီ အဖြစ်ပြောင်းခြင်း၊ ချီကို စွမ်းအားအဖြစ်ပြောင်းခြင်း၊ အဲဒီကနေ ပုံရိပ်ယောင်နယ်ပယ်ကို ရောက်သွားပြီးနောက်ဆုံး လွတ်လပ်သောစိတ်ဝိဉာဉ်နယ်ပယ်ကို ရောက်ရှိသွားမယ်တဲ့။”
“ညအလင်းပုလဲက မှော်စွမ်းအင်တွေကို ရှင့်ခန္ဓာကိုယ်က အလိုအလျောက် စုပ်ယူနိုင်ပြီး ကိုယ်တွင်းမှာလည်း လည်ပတ်စီးဆင်းနိုင်တယ်ဆိုပေမယ့် ရှင်အခုတော့ ထိန်းချုပ်နိုင်ဦးမှာမဟုတ်ဘူး.. အဲဒါကြောင့် ရှင်ထိန်းချုပ်နိုင်အောင် လေ့လာပြီး သေချာအသုံးပြုပါ။”
လင်ရှောင်းထင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကုနင်း စကားကို နားထောင်နေလိုက်သည်။ ကုနင်းသည် သူ့ထက် ထိုအပိုင်းတွင်သာသည် ဖြစ်သောကြောင့် သူမစကားကို နားထောင်ရပေမည်။
သူတို့သည် အချင်းချင်း ချစ်ကြသောကြောင့် အတူတကွ ပိုကောင်းသောဘ၀တွင် နေထိုင်နိုင်ဖို့ မျှော်လင့်နေကြသည်ပင်။