← Chapters

အခန်း (၁၄၅၃-၁၄၅၈)

Vol. 93 Ch. 1453-1459

အခန်း (၁၄၅၃-၁၄၅၈)

Vol. 93 Ch. 1453-1459

အခန်း ၁၄၅၃ စွမ်းအင်ကို ချီ အဖြစ်ပြောင်းခြင်း

“ကဲပါ.. အခု ကျွန်မပြောတာကို နားထောင်ပြီး လိုက်လုပ်ကြည့်.. အလုပ်ဖြစ်မဖြစ် ကြည့်ကြတာပေါ့။” ကုနင်းက ပြောလိုက်သည်။ “စိတ်ကိုလျှော့ပြီး တပလ္လ‌င်ခွေထိုင်လိုက်။”

လင်ရှောင်းထင်သည် သူမပြောစကားအတိုင်း လိုက်ထိုင်လိုက်သည်။ သူသည် ကျင့်ကြံခြင်းကို လေ့ကျင့်ရမည် ဖြစ်သောကြောင့် ညအလင်းပုလဲကို အသုံးပြုလို့မရပေ။

“၀မ်းဗိုက်ပိုင်းကို အာရုံစိုက်ပြီး အသက်ကို ၀၀ရှူ.. အသက်ကို ရှူတဲ့အခါ ငယ်ထိပ်ကိုရောက်အောင် အားပြင်းပြင်းနဲ့ ရှူပြီး အဲဒီလေကို ၀မ်းဗိုက်ပိုင်းဆီကို ပို့။”

လင်ရှောင်းထင်သည် သူမပြောသည့်အတိုင်း လိုက်လုပ်နေသော်လည်း အစပိုင်းတွင် လွယ်လွယ်နှင့် လုပ်လို့မရသောကြောင့် ထပ်ခါထပ်ခါ လေ့ကျင့်နေရသည်။ သို့သော် လင်ရှောင်းထင်သည် စိတ်ရှည်သူဖြစ်ပြီး ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်ကြောင်း ကောင်းကောင်းနားလည်သူဖြစ်သည်။

ပုံမှန်အားဖြင့် မှော်စွမ်းအင်ကို စုပ်ယူရန် လ၀က်ခန့် သင်ယူရမည် ဖြစ်ရာ ကုနင်းနှင့် လင်ရှောင်းထင်သည် အကြိမ်ကြိမ် ကျရှုံးသည့်တိုင် စိတ်မပျက်ကြပါချေ။

ကုနင်းသည်လည်း စွမ်းအင်ကို ချီ အဖြစ် မည်သို့ပြောင်းလဲရမှန်း မသိသောကြောင့် ထပ်ခါထပ်ခါ ကြိုးစားနေကြရသည်။

လင်ရှောင်းထင်သည် တည်ငြိမ်စွာပင် အကြိမ်ကြိမ် ကြိုးစားနေသည်။ သူသည် ထက်မြက်သူ ဖြစ်သောကြောင့် အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် အပြောင်းအလဲတစ်ချို့ကို စတင်ခံစားလာရသည်။ စကြ၀ဠာ၏ အနှစ်သာရများသည် လင်ရှောင်းထင်၏ စုပ်ယူလေ့ကျင့်မှုမှ တစ်ဆင့် ၀မ်း‌ဗိုက်တွင်းသို့ ရောက်ရှိလာသည်။

ကုနင်းသည် လင်ရှောင်းထင်တစ်ယောက် ကျင့်စဉ်မှန်ကို ရှာတွေ့သွားသောကြောင့် ၀မ်းသာနေသည်။

လင်ရှောင်းထင်သည် မှော်စွမ်းအင်ကို စုပ်ယူနိုင်ပြီဆိုသော်လည်း ချီ အဖြစ်ပြောင်းလဲဖို့တော့ သင်ယူရဦးမည်ပင်။ သူသည် စွမ်းအင်များကို အဆုံးမရှိ လည်ပတ်စီးဆင်းနေအောင် လုံလောက်စွာ သိုလှောင်ထားရမည် ဖြစ်ပြီး ထိုသို့ စီးဆင်းစေရင်းဖြင့် ချီအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

လင်ရှောင်းထင်သည် သူ့ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအင်များကို ထိန်းချုပ်နိုင်ရန် ကြိမ်ဖန်များစွာ ကြိုးစားနေလေသည်။ သူသည် အနှောင့်အယှက် အဖြစ်မခံနိုင်ပဲ အချိန်အတန်ကြာ အာရုံစိုက်နေရသည်။ သူသည် မှော်စွမ်းအင်ကို မထိန်းချုပ်နိုင်ပါက ခန္ဓာကိုယ်တွင်း လှည့်ပတ်စီးဆင်းနိုင်အောင်လည်း လုပ်နိုင်မည် မဟုတ်ပေ။

သူသည် မှော်စွမ်းအင်ကို ထိန်းချုပ်ပြီး လိုချင်သည့် နေရာသို့ ပို့ဆောင်ရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသောကြောင့် အောင်မြင်သည်အထိ အကြိမ်ကြိမ် ကြိုးစားနေသည်။

ကုနင်းသည် သူ့ကို စိုးရိမ်နေသောကြောင့် သူမ၏ ကျောက်စိမ်းမျက်လုံးကို သုံးကာ ခန္ဓာကိုယ်တွင်းသို့ ကြည့်လိုက်သည်။ ထိုအခါ မှော်စွမ်းအင်များသည် စတင်စီးဆင်းနေပြီကို တွေ့လိုက်ရသောကြောင့် ပျော်ရွှင်သွားလေသည်။

မှော်စွမ်းအင်သည် သူခန္ဓာကိုယ်တွင်း၌ စတင်လည်ပတ်စီးဆင်းလာသောအခါ လင်ရှောင်းထင်သည် နေရထိုင်ရ အဆင်ပြေလာပြီး စွမ်းအင်ပြည့်၀လာသလိုလည်း ခံစားလိုက်ရသည်။ သူသည် ထိုကျင့်စဉ်ကို ထပ်ခါထပ်ခါကျင့်လိုက်သောအခါ သူ့ကိုယ်တွင်း၌ တစ်စုံတစ်ရာ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။

ထိုသို့ဖြင့် လေ့ကျင့်နေရင်း ချီ စွမ်းအင်ကပါ သူ့ကိုယ်တွင်းသို့ ၀င်ရောက်လာသည်။

ကုနင်းသည် လင်ရှောင်းထင်၏ အားထုတ်ကြိုးပမ်းမှုကို အံ့အားသင့်သွားသည်။ အချိန်တိုအတွင်း လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

ထိုအချိန်တွင် လင်ရှောင်းထင်သည် ယခင်ထက် သန်မာကြံ့ခိုင်လာသည်ကိုပါ သူ့ကိုယ်သူ သတိထားမိလိုက်သည်။

သူသည် မှော်စွမ်းအင်ကို ချီ အဖြစ် ပြောင်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း နေထွက်လာပြီ ဖြစ်ပြီး မှော်စွမ်းအင်များမှာ လေထဲတွင် နည်းပါးလာသောကြောင့် ကျင့်စဉ်ကို ရပ်လိုက်သည်။ တကယ်တော့ ညအလင်းပုလဲ၏ အကူအညီနှင့်သာဆိုလျှင် ချက်ချင်း အောင်မြင်နိုင်မည် ဖြစ်သော်လည်း ပိုမိုကောင်းမွန်သော ရလဒ်ကို ရချင်သောကြောင့် ဖြည်းဖြည်းချင်း လေ့ကျင့်နေခြင်း ဖြစ်သည်။

“အခုဘယ်လိုခံစားရလဲ။” ကုနင်းသည် သူရပ်လိုက်သည်နှင့် ချက်ချင်းမေးလိုက်သည်။

ကျင့်စဉ်ကျင့်နေစဉ်တွင် နှောင့်ယှက်လို့ မရသောကြောင့် သူမသည် တိတ်ဆိတ်စွာ နေပေးခဲ့သည်ပင်။

“အင်း.. အခု အားအပြည့်ဖြစ်သွားသလို ခံစားရတယ်.. အမြင်အာရုံလည်း ပိုကောင်းလာတယ်” လင်ရှောင်းထင်ကပြောလိုက်သည်။

သူသည် အဝေးတစ်နေရာကို ကြည့်ရင်း အံ့ဩစွာပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပြောင်းလဲနေမှုကို သူ့ထက်ပိုပြီး သိနိုင်မည့်သူ ရှိနိုင်တော့မည် မဟုတ်ပါချေ။

“ဝိုး.. ဂုဏ်ပြုပါတယ်.. နည်းလမ်းမှန်ကို ရှာတွေ့သွားပြီပေါ့.. အခု ကိုယ့်ဘာသာကိုယ် မှော်စွမ်းအင်ကို စုပ်ယူပြီး ချီ အဖြစ် ပြောင်းလဲနိုင်ပြီပေါ့။”

ကုနင်းတွင် မှော်စွမ်းအင်များ အဆုံးမရှိ ပိုင်ဆိုင်ထားသော်လည်း သူမကိုယ်တိုင် မထုတ်လုပ်နိုင်ပေ။ ကျောက်စိမ်းမျက်လုံး၏ အကူအညီကြောင့်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“ကိုယ်နားလည်ပါတယ်။” လင်ရှောင်းထင်သည်လည်း မှော်စွမ်းအင်များကို ချီအဖြစ် ပြောင်းလဲနိုင်လိုက်သောကြောင့် ပျော်ရွှင်နေလေသည်။

***

အခန်း ၁၄၅၄ ဝိညာဉ်များကို ဆွဲဆောင်သော မိုးမခပင်များ

“စကြ၀ဠာရဲ့ အထူထဲဆုံး အနှစ်သာရက နေမထွက်လာခင် အာရုဏ်ဦးမှာ ထွက်ပေါ်တယ်တဲ့.. ရှင့်ရဲ့ ကျင့်စဉ်အတွက် ညအလင်းပုလဲကို သုံးလို့ရတယ်‌ဆိုပေမယ့် သဘာ၀ရဲ့ မှော်စွမ်းအင်ကတော့ ပိုကောင်းလိမ့်မယ်။”

“ကိုယ်နားလည်ပြီ။”

ထို့နောက်သူတို့သည် အိမ်ပြန်လိုက်ကြသည်။ မပြန်ခင်တွင်တော့ မနက်စာ၀င်စားလိုက်ကြသည်။

သူတို့သည် လမ်းကွေးပေါ်တွင် ရှိနေသောကြောင့် ကားသည် အချို့နေရာများတွင် ဖြည်းဖြည်းချင်းသာ သွားနေရသည်။

မီးပွိုင့်စောင့်နေချိန်တွင် ကုနင်းသည် ဘေးနားမှ ကားတွင် ပြောနေသောစကားသံများကို ကြားလိုက်ရသည်။

“မစ္စတာကျောက် ခင်ဗျားကျုပ်ကို မယုံရင် ဘာလို့ အကူအညီလာတောင်းသေးလဲ။” လူတစ်ယောက်သည် အေးစက်စွာ ပြောလိုက်သည်။

မစ္စတာကျောက်ဆိုသူသည် ချက်ချင်းရှင်းပြလိုက်သည်။ “သခင်ကြီးကျိုး ကျုပ်တောင်းပန်ပါတယ်.. ခင်ဗျားရဲ့ စွမ်းရည်ကို ကျုပ်တစ်ခါမှ သံသယမ၀င်ခဲ့ဖူးပါဘူး.. ကျုပ်က ဖုန်းရွှေဆိုတာကို တစ်ခါမှ မကြားဖူးတော့ ထူးဆန်းနေလို့ပါ။”

ဖုန်းရွှေ? ကုနင်း စိတ်၀င်စားသွားပြီး ကျောက်စိမ်းမျက်လုံးကို သုံးလိုက်ကာ ကြည့်လိုက်သည်။ သူမကားဘေးတွင် အနက်ရောင် Maserati ကားတစ်စီးရှိနေလေသည်။

ကားနောက်ခန်းတွင် လူနှစ်ယောက်ထိုင်နေသည်။ သူတို့ထဲမှ တစ်ယောက်သည် သတ်လတ်ပိုင်းအရွယ် ဖြစ်ပြီး ၀တ်စုံပြည့်နှင့် ဖြစ်သည်။ သို့သော် သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ယင်စွမ်းအင်ကို သူ့ပတ်ပတ်လည်တွင် တွေ့နေရသည်။ သူသည် ဆိုးရွားသောအရာတစ်ခု ကြုံနေရခြင်း ဖြစ်သည်။

ထိုသူသည် မစ္စတာကျောက်ဆိုသည့် ကျောက်ယဲ့ချန် ဖြစ်သည်။

နောက်တစ်ယောက်မှာ အသက် ၆၀ ခန့်အရွယ် လူကြီးတစ်ယောက် ဖြစ်ပြီး စိတ်မကျေမနပ် ဖြစ်နေပုံ ပေါ်နေသည်။ သူတို့စကားများအရ ထိုလူကြီးသည် ဖုန်းရွှေဆရာကြီးဖြစ်နိုင်ပေသည်။

ကုနင်းသည် ဖုန်းရွှေဆရာကြီးကို မြင်တွေ့လိုက်သောအခါ အလွန်တော့ မအံ့ဩသွားသော်လည်း ထိုသူ၏ စွမ်းရည်ကိုတော့ သိချင်နေလေသည်။

“ပုံမှန် လူသားတွေကတော့ ဖုန်းရွှေကို နားလည်နိုင်ဖို့ ခက်ခဲလိမ့်မယ်.. မင်းကျူပ်စကားကို မယုံရင်တောင် ရှဟိုင်ကျွင်းကိုတော့ ယုံသင့်တယ်.. ကျုပ်သူ့ကို ဘာလုပ်ပေးခဲ့လဲ သိတယ်မလား။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။

“ဟုတ်တာပေါ့ ခင်ဗျားပြောတာ မှန်ပါတယ်။ တောင်းပန်ပါတယ်။”

သူတို့စကားပြောနေသည်ကို ကုနင်းသည် အလွန်စိတ်၀င်စားသွားသောကြောင့် လင်ရှောင်းထင်အား ထိုကားနောက် လိုက်ရန် ပြောလိုက်သည်။

လင်ရှောင်းထင်သည်လည်း ထိုနှစ်ယောက် ပြောသည်များကို ကြားပြီး ဖြစ်သည်။ သူသည် အနည်းငယ် အံ့ဩသွားသော်လည်း သိပ်တော့မထူးဆန်းတော့ပါပေ။ ထူးဆန်းသောအရာများကို များစွာကြုံတွေ့ခဲ့ပြီး ဖြစ်သောကြောင့် ကျင့်သားရနေပြီ ဖြစ်သည်။

သို့သော် ကုနင်းသည် သူတို့စကားများကို စိတ်၀င်စားနေပြီ ဖြစ်သောကြောင့် နောက်ကလိုက်ပေးလိုက်သည်။

ထိုကားထဲတွင် ဖုန်းရွှေဆရာကြီးရှိနေသောကြောင့် ကုနင်းသည် သူတို့လိုက်လာသည်ကို သိသွားမည်စိုးပြီး လင်ရှောင်းထင်ကို ခပ်လှမ်းလှမ်းမှ လိုက်ရန်ပြောလိုက်သည်။ ကုနင်းထံတွင် ကျောက်စိမ်းမျက်လုံးရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့ လိုက်လာသည်ကို ထိုသူတို့ မသိလိုက်ကြချေ။

၁၂ မိနစ်ခန့်ကြာသောအခါ သူတို့သည် လှပသော အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်ကြသည်။ ထိုလမ်းမ‌တစ်လျှောက်ရှိ လှပသောအိမ်များသည် ပိုင်ရှင်ကိုယ်တိုင် ဆောက်လုပ်ထားသော အိမ်များဖြစ်သည်။ ထို့ကြောင့် ချမ်းသာသော သူများသည်သာ ထိုနေရာမှ မြေကို၀ယ်နိုင်ပြီး အိမ်ဆောက်နိုင်ပေမည်။

ထိုနေရာသည် မြို့တော်တွင်ရှိသောကြောင့် မြေဈေးများသည် အလွန်မြင့်သည်မဟုတ်ပါလား။

ကျောက်ယဲ့ချန်၏ကားသည် အထဲသို့၀င်သွားသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အပြင်ဘက်တွင် ရပ်လိုက်ကြသည်။ ထို့နောက် ကုနင်းသည် ထိုအိမ်ပတ်ပတ်လည်တွင် ရှိနေသော ယင်စွမ်းအင်များကို တစ်ချက်ကြည့်လိုက်သည်။

ထိုအိမ်တွင် ကြီးမားသော ပြဿနာတစ်ခုခု တက်နေပြီပင်။

ကုနင်းသည် ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ ကျိုးရှန်ချွမ်းကိုကြည့်လိုက်သည်။ သူသည် ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိမရှိကို စစ်ဆေးကြည့်ခြင်း ဖြစ်သည်။

ကျိုးရှန်ချွမ်းသည် ယင်စွမ်းအင်ကို အိမ်နှင့် ငါးမီတာ အဝေးရောက်သွားသောအခါမှ ခံစားလိုက်ရသည်။ ထိုအချိန်သည် ပူပြင်းသော နွေရာသီ ဖြစ်နေသော်လည်း အိမ်ဘေးပတ်လည်တွင် အေးစက်နေသောကြောင့် ပုံမှန်တော့ မဟုတ်ပါပေ။ သို့သော် ထိုသို့ဖြစ်နေရခြင်း၏ ရည်ရွယ်ချက်ကိုတော့ အဖြေထုတ်ရပေမည်။

ကုနင်းကတော့ သူမ၏ ကျောက်စိမ်းမျက်လုံးဖြင့် အလွယ်တကူရှာဖွေလိုက်နိုင်သည်။ ကျောက်ယဲ့ချန်အိမ်၏ အနောက်ဘက်တွင် မိုးမခပင်များနှင့် ကျိုင်းပင်များ အမြောက်အများ ရှိနေသည်။

ထိုအရာများသည် ကံဆိုးခြင်း၏ သ‌င်္ကေတများ ဖြစ်သည်။

ရှေးအဆိုများအရ တချို့သောအပင်များသည် ဝိဉာဉ် တစ္ဆေများကို ဆွဲဆောင်နိုင်ကြလေသည်။

ထိုအထဲတွင် မိုးမခပင်များလည်း ပါ၀င်လေသည်။ ကျိုင်းပင်များသည်လည်း ကြီးမားသော ပုံပန်းသဏ္ဍာန် ရှိသောကြောင့် ဝိဉာဉ်များ ခိုအောင်းနိုင်သည်ဟု အဆိုရှိကြသည်ပင်။ ထို့အတူ ညောင်ပင်များသည်လည်း ကြီးမားသောကြောင့် တစ္ဆေ သရဲများအတွက် ခိုနား၍ ကောင်းသော နေရာတစ်ခုဖြစ်သည်။ တစ်ချို့သော ငှက်ပျောပင်များသည်ပင် အထီးကျန်ဝိဉာဉ်များ အထူးသဖြင့် အမျိုးသမီး ဝိဉာဉ်များအတွက် နေရာကောင်းများဟု အဆိုရှိကြလေသည်။

မိုးမခပင်‌များအောက်တွင် ကုနင်းသည် အဖြူရောင် အရိပ်ငါးခုကို တွေ့လိုက်ရသည်။ ထိုအရာများသည် ဝိဉာဉ်များ ဖြစ်ကြလေသည်။

ဝိဉာဉ်များသည် နေ့ဘက်တွင်တော့ အပင်အောက်တွင်သာ နေကြပြီး ညဘက်တွင်သာ လျှောက်သွားကြသည်။ ထို့ကြောင့် ဝိဉာဉ်များကြာရှည်စွာ ရှိနေသော အိမ်သည် ဆိုးကျိုးများစွာ ခံစားရလေ့ရှိသည်။

ယခုတွင်တော့ ကျောက်ယဲ့ချန်၏ အိမ်တွင် ဘာမှမကျန်တော့ပဲ သူ့မိသားစုသည် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

တကယ်တော့ ကျောက်မိသားစု၀င်များသည် ထိုအိမ်ကို ပြောင်းခဲ့ပြီး တစ်လအတွင်း တစ်ယောက်ပြီး တစ်ယောက် နာမကျန်း ဖြစ်လာကြသည်။

ထို့ကြောင့် ကျောက်ယဲ့ချန်သည် သူ၏ မိတ်‌ဆွေဖြစ်သူ ရှဟိုင်ကျွင်းကို ခေါ်ပြီး အကူအညီတောင်းခဲ့သည်။

ရှဟိုင်ကျွင်း၏ မိသားစုသည်လည်း ထိုကဲ့သို့ ကြုံတွေ့ခဲ့ရသောကြောင့် သူသည် ထိုကိစ္စကိုဖြေရှင်းရန် ဖုန်းရွှေဆရာကြီးကို အကူအညီတောင်းခဲ့ရခြင်း ဖြစ်သည်။

အစပိုင်းတွင် ကျောက်ယဲ့ချန်သည် ထိုအတတ်ပညာကို မယုံခဲ့ပေ။ သို့သော် သူ၏ မိသားစု၀င်များ တစ်ယောက်ပြီး တစ်ယောက် နာမကျန်းဖြစ်လာကြသောကြောင့် ကျိုးရှန်ချွမ်းကို ရှဟိုင်ကျွင်းမှတစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

အခြားသော မိသားစု၀င်များကတော့ ဆေးရုံသို့ရောက်နေကြပြီ ဖြစ်သည်။

ကျိုးရှန်ချွမ်းသည် အိမ်ထဲသို့ ၀င်သွားလိုက်ပြီး တစ်ခုခုရှာတွေ့ရန် လျှောက်ကြည့်လိုက်သည်။ တစ်ချိန်တွင် သူသည် သူ၏အနောက်ဘက်ရှိ တစ်နေရာရာသို့ ဦးတည်ကာ ရုတ်တရတ် လှည့်ကြည့်လိုက်သည်။

***

အခန်း ၁၄၅၅ သစ်ပင်များကို ဖယ်ရှားခြင်း

ကုနင်း ကြက်သေသေသွားပြီး သူမအကြည့်ကိုချက်ချင်းလွှဲလိုက်ရသည်။ ကျိုးရှန်ချွမ်း ကြည့်လိုက်သောနေရာသည် သူမရပ်နေသောနေရာ တည့်တည့် ဖြစ်နေသည် မဟုတ်ပါလား။

သူတို့ ၂ ယောက်ကြားထဲတွင် အိမ်ခံနေသောကြောင့် ကျိုးရှန်ချွမ်းသည် သူမကို မမြင်နိုင်သော်လည်း သူမ၏ တည်ရှိမှုကို ခံစားမိနေသည်ပင်။

ကျိုးရှန်ချွမ်းသည် သူ့ကို စိုက်ကြည့်နေသူမှာ မည်သူမှန်း မသိပေ။ အိမ်ထဲတွင် သူနှင့် ကျောက်ယဲ့ချန်သာ ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ကြည့်နေသောအရာကို ဝိဉာဉ်ဟု တွေးလိုက်မိသည်။ သို့သော် သူ မမြင်နိုင်သော အရာ ဖြစ်နေသောကြောင့် လက်လျှော့လိုက်သည်။

ကုနင်းသည် ကျိုးရှန်ချွမ်းမှာ သူမကို မမြင်နိုင်မှန်းသိသောကြောင့် သူမ၏ ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ ထပ်ရှာပြန်သည်။

သူမသည် ဒီတစ်ကြိမ်တွင်တော့ ထပ်မိမည်စိုးသဖြင့် သေချာအာရုံစိုက်ကာ လိုက်မကြည့်တော့ပဲ နောက်ယောင်ခံလိုက်ကြည့်သလောက်သာ အသုံးပြုလိုက်သည်။

ကျိုးရှန်ချွမ်းသည် တစ်အိမ်လုံးကို လိုက်ရှာသော်လည်း ဘာမှမတွေ့ပေ။ ထို့နောက်သူသည် အနောက်ခြံထဲသို့ လျှောက်လိုက်သောအခါ မိုးမခပင်များနှင့် ကျိုင်းပင်များကို တွေ့လိုက်ရပြီး မျက်နှာထားတည်သွားသည်။ သူသည် ထိုအိမ်၏ ခြောက်လှန့်ခံနေရခြင်း အကြောင်းရင်းကို သိသွားပြီ ဖြစ်သည်။

“မစ္စတာကျောက် ဒီအပင်တွေကို ကိုယ်တိုင်စိုက်ဖို့ ဆုံးဖြတ်ခဲ့တာလား.. တခြားတစ်ယောက်ယောက်က စိုက်ဖို့ အကြံပေးခဲ့တာလား။” ကျိုးရှန်ချွမ်းက မေးလိုက်သည်။

“အင်း.. ကျွန်တော့်ဦးလေးက ဒီအပင်တွေကို ခြံအနောက်မှာ စိုက်ထားရင် နွေရာသီဆို အေးနေမယ်လို့ ပြောခဲ့တာ။” ကျောက်ယဲ့ချန်က ရိုးသားစွာပင် ဖြေလိုက်သည်။

သူသည် ကျိုးရှန်ချွမ်း မေးလိုက်သော မေးခွန်း၏ အဓိပ္ပါယ်ကို နားမလည်နိုင် ဖြစ်နေလေသည်။

“အေးနေဖို့တဲ့လား.. မင်းအဲဒီအပင်တွေကြောင့် သေသွားရင်တော့ ပူတဲ့ဒဏ်ကို မခံစားရတော့ဘူးပေါ့ကွာ။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။

အနောက်ခြံသည် ယင်စွမ်းအင်များဖြင့် ပြည့်နေသောကြောင့် အခြားသော နေရာများထက် အေးနေလေသည်။ ထိုနေရာတွင် ကြာကြာနေမိလျှင် ယင်ကြောင့် ခန္ဓာကိုယ်ကို ထိခိုက်‌နိုင်ပေသည်။

ကျောက်ယဲ့ချန်၏ မိသားစု၀င်များသည် ယင်၏ မကောင်းသော စွမ်းအင်ကြောင့် တစ်ယောက်ပြီး တစ်ယောက် နာမကျန်း ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့သည် ထိုအိမ်မှ မပြောင်းပါက အသက်ပင် ဆုံးရှုံးနိုင်တော့မည်ဖြစ်သည်။

ကျိုးရှန်ချွမ်းကတော့ ကျောက်ယဲ့ချန်၏ ဦးလေးသည် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်သည်ဟု ထင်မိလိုက်သည်။ သူ့ဦးလေးသည် အမှန်ပင် လူယုတ်မာဖြစ်သည်။ သို့သော် သူနှင့်မဆိုင်သော မိသားစုအရေးဖြစ်နေသောကြောင့် မည်သို့ပြောရမှန်းမသိ ဖြစ်နေသည်။

ကုနင်းသည် သူတို့ပြောစကားများကို မကြားသော်လည်း သူ၏ အပြုအမူကိုကြည့်ပြီး ပြဿနာကို အဖြေရှာနိုင်ခဲ့ပြီးကြောင်းကို သိလိုက်သည်။

“ဘာကို ပြောချင်တာလဲ။” ကျောက်ယဲ့ချန် ကြောက်လန့်နေလေသည်။ တကယ်တော့ သူသည် ထိုသစ်ပင်များကြောင့် သူ့မိသားစု ထိခိုက်ရသည်ဆိုသော အကြောင်းကို မယုံသော်လည်း ကျိုးရှန်ချွမ်း စိတ်ဆိုးသွားမည်စိုးသောကြောင့် ဖွင့်မပြောရဲပါပေ။ ကျိုးရှန်ချွမ်းသည် ဖုန်းရွှေဆရာကြီးဖြစ်နေသောကြောင့် သံသယ၀င်ရန် မသင့်တော်သည် မဟုတ်ပါလား။

ကျိုးရှန်ချွမ်းသည် လူထူးဆန်းတစ်ယောက် ဖြစ်သည်။ သူ့ကို ကျောက်ယဲ့ချန်က ဖိတ်ခေါ်နိုင်ခဲ့ခြင်းသည်ပင် ရှဟိုင်ကျွင်းနှင့် မိတ်ဆွေ ဖြစ်နေသောကြောင့် ဖြစ်သည်။

“အထဲမှာ ပြောကြတာပေါ့။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။ ထို့နောက် ကျောက်ယဲ့ချန်နှင့်အတူ ဧည့်ခန်းသို့သွားလိုက်သည်။

“ဖုန်းရွှေ အတတ်ပညာအရ မိုးမခပင်နဲ့ ကျိုင်းပင်တွေက သရဲဝိဉာဉ်တွေ ခိုအောင်းလို့ အကောင်းဆုံးအရာပဲ.. ယင်စွမ်းအင်ဟာ ဝိဉာဉ်တွေနဲ့အတူ ရှိနေပြီး လူသားတွေအတွက် အရမ်းကို ဆိုးကျိုး ဖြစ်စေတာပေါ့.. မင်းရဲ့ မိသားစု၀င်တွေက ယင်စွမ်းအင်ကြောင့် နာမကျန်း ဖြစ်လာကြတာ.. မင်းလည်း နေထိုင်မကောင်း ဖြစ်နေတာ ယင်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။

ကျောက်ယဲ့ချန် အလွန်ထိတ်လန့်သွားတော့သည်။ “သ-သရဲတွေက အပင်တွေမှာ ရှိနေတာလား။” သူသည် ကြောက်လန့်နေပြီး မယုံနိုင် ဖြစ်နေလေသည်။

“ကျုပ်လည်း သရဲတွေ ရှိမရှိတော့ သေချာမသိပေမယ့် ယင်ကို စွဲဆောင်နေတဲ့ အပင်တွေ မို့လို့ ချက်ချင်း ခုတ်ပစ်တာတော့ ကောင်းလိမ့်မယ်။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။ သူသည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည်မို့ သရဲများကို မမြင်နိုင်ပါချေ။

“ဒါဆို ဒီအပင်တွေကို ခုတ်လိုက်ပြီးရင် ကျွန်တော့်မိသားစု ပြန်ကောင်းလာမှာလား။” ကျောက်ယဲ့ချန်က မေးလိုက်သည်။ သူသည် သူ့မိသားစု၏ ကျန်းမာရေးကို စိတ်အပူဆုံး ဖြစ်နေသည်။

“ဟုတ်တယ်၊ ဒါပေမယ့် အပင်တွေကို ခုတ်ပြီးသွားလည်း ခဏတော့ ဆေးရုံမှာ နေခိုင်းလိုက်ပါ။”

ထို့နောက် “အိုး နောက်ပြီး အပင်တွေကို ခုတ်ချင်တဲ့နေ့ ခုတ်လို့မရဘူး.. ကျုပ်ခုတ်သင့်တဲ့ရက်ကို ရွေးပေးမယ်။” ဟု ထပ်ပြောလိုက်သည်။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်။” ကျောက်ယဲ့ချန်သည် ကျိုးရှန်ချွမ်းကို ကျေးဇူးတင်ပြီးရင်း တင်နေလေသည်။

တစ်ချိန်တည်းမှာပင် သူ့ဦးလေးအကြောင်း တွေးမိလိုက်ပြီး စိတ်မကောင်း ဖြစ်သွားသည်။ သူ့ဦးလေးသည် ထိုအပင်များကို စိုက်ဖို့အကြံပေးပြီး သူ့မိသားစုကို ထိခိုက်အောင် လုပ်ခဲ့ခြင်း မဟုတ်ပါလား။ တကယ်တော့ သူတို့မိသားစုနှင့် ဦးလေးမိသားစုသည် ဆက်ဆံရေးကောင်းများရှိပြီး အမုန်းပွားစရာလည်း မရှိခဲ့ပါချေ။

သူသည် ပိုမိုချမ်းသာသောကြောင့် ဦးလေးမိသားစုကို အကူအညီပေါင်းများစွာလည်း ပေးခဲ့ဖူးသူပင်။ သို့သော် ထိုအချိန်မှစ၍ သူသည် ဦးလေးမိသားစုကို ထပ်ကူညီရန် စဉ်းစားရပေတော့မည်။ ဦးလေးကို မယုံတော့ပြီ မဟုတ်ပါလား။

ကံကောင်းစွာဖြင့် သူ့မိသားစုကတော့ အသက်ဘေးမှ လွတ်မြောက်ခဲ့လေသည်။

***

အခန်း ၁၄၅၆ သုန်းဖန်းကျီယွီတစ်ယောက် ကုနင်းနှင့် တွေ့ချင်ခြင်း

အကယ်၍ သူ့ဦးလေးသည် သူ၏ မိသားစုကို ထိခိုက်အောင် တစ်ခုခု ထပ်လုပ်ဦးမည် ဆိုလျှင်တော့ သူ့အနေနှင့် ပြန်တုံ့ပြန်ဖို့ ၀န်လေးတော့မည် မဟုတ်ပါချေ။

“ကဲ.. ကျုပ်ပြန်ဦးမယ်.. သင့်တော်တဲ့ရက်ကို ရွေးပြီးသွားရင် ကျုပ်ချက်ချင်းအကြောင်းကြားလိုက်မယ်.. ဒီအတောအတွင်းတော့ ဘယ်သူမှ လာမနေစေနဲ့ဦး။” ကျိုးရှန်ချွမ်းက ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော်လိုက်ပို့ပါရစေ။” ကျောက်ယဲ့ချန် သဘောတူလိုက်သည်။

သူတို့ အပြင်သို့ ထွက်လာသောကြောင့် ကုနင်းသည် လင်ရှောင်းထင်ကို ကားမောင်းထွက်ရန် ပြောလိုက်သည်။

“ဘာတွေ့လိုက်လဲ။” လင်ရှောင်းထင်က မေးလိုက်သည်။

ကုနင်းသည် သူမသိထားသမျှကို လင်ရှောင်းထင်အား ပြောပြလိုက်ရာ လင်ရှောင်းထင်သည် တချို့အပင်များမှာ သရဲများ ခိုအောင်းနိုင်စွမ်းရှိသည်ကို မသိသေးသောကြောင့် အံ့ဩနေလေသည်။

“အဲဒီအပင်တွေမှာ သရဲတွေ ခိုအောင်းနိုင်တယ် ဆိုပေမယ့် အမြဲတမ်း ခိုအောင်းပြီး ဆိုးကျိုး ဖြစ်စေတာတော့ မဟုတ်ဘူး.. အကြောင်းရင်း တစ်စုံတစ်ရာကြောင့်ပဲ ဖြစ်တာများတယ်.. ဒါပေမယ့် အိမ်တွေမှာ အဲဒီအပင်ကို မစိုက်တာတော့ အကောင်းဆုံးပေါ့။” ကုနင်းက ပြောသည်။

သို့သော်လူတိုင်း ထိုအပင်များကို ခြံထဲတွင် လုံး၀ မစိုက်ပျိုးကြခြင်းတော့ မဟုတ်ပါချေ။ ခြံကြီးကြီးရှိလျှင် စိုက်လေ့ရှိကြပြီး အမြဲတမ်းလည်း အိမ်ကို ထိခိုက်စေခြင်း မရှိပေ။

တစ္ဆေသရဲများလာလေ့ရှိသော နေရာသည် များသောအားဖြင့် ယခင်က သင်္ချိုင်းများရှိခဲ့ဖူးသော နေရာ သို့မဟုတ် တစ်စုံတစ်ယောက်အသတ်ခံထားရဖူးသော နေရာမျိုးသာ ဖြစ်သည်။ ထို့ကြောင့် အကြောင်းတစ်စုံတရာ မရှိလျှင် တစ္ဆေသရဲများ ခိုအောင်းလေ့ မရှိကြပါချေ။

ကျိုးရှန်ချွမ်းသည် အရည်အချင်းရှိသော ဖုန်းရွှေဆရာကြီးဖြစ်သောကြောင့် ကုနင်းသည် ဤတစ်ကြိမ်တွင်တော့ ၀င်မပါတော့ပါချေ။

သူကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

…

ကုနင်းသည် ကုမ္ပဏီသို့ မရောက်ဖြစ်တာ ကြာပြီ ဖြစ်သောကြောင့် ဒီနေ့တော့ သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူမကုမ္ပဏီသို့ ရောက်သွားချိန်တွင် နဉ်ချန်းခိုင် ဆီမှ ဖုန်း၀င်လာသည်။

နဉ်ချန်းခိုင်သည် သူမအား အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ကိုလိန်းနှင့် အလုပ်လုပ်ချင်သည်ဟု ပြောထားကြောင်း၊ သူကငြင်းဆန်ထားသောကြောင့် သူမနှင့် တွေ့ဖို့ အချင်းများနေကြကြောင်း ပြောလိုက်သည်။

ကုနင်း မကျေမနပ် ဖြစ်သွားသည်။ ထိုဧည့်သည်နှစ်ယောက်သည် လာခြင်းကောင်းသည်ဟုတော့ မထင်ရပါချေ။

“သူ့နာမည်က ဘာတဲ့လဲ။” ကုနင်း က မေးလိုက်သည်။

“အမျိုးသမီးကတော့ သူ့ကိုယ်သူ သုန်းဖန်းကျီယွီ လို့ပြောတယ်။” နဉ်ချန်းခိုင်က ပြောလိုက်သည်။

ကုနင်း ကြက်သေသေသွားသည်။ အကယ်၍ သုန်းဖန်းကျီယွီသည် အမှန်ပင် သူမကို တွေ့ရန်လာသည်ဆိုပါက သူမသည် လိုလိုလားလား အတွေ့ခံမည်ပင်။ သို့သော် သုန်းဖန်းကျီယွီသည် သူမကို မည်သည့်အတွက်ကြောင့် အတင်းတွေ့ချင်သည်ကို နားမလည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။

ကုနင်းသည် သုန်းဖန်းကျီယွီနှင့် ပဋိပက္ခလည်း မရှိထားပါချေ။ သုန်းဖန်းကျီယွီတစ်ယောက် သူမ၏ လျှို့ဝှက်ချက်ကို သိသွားခြင်းများပေလား။

“သူက မိန်းကလေးငယ်လေးလား။” ကုနင်း မေးလိုက်သည်။

“ဟုတ်ပါတယ်။” နဉ်ချန်းခိုင်က ကုနင်း ထိုအမျိုးသမီးကို သိထားမည်ဟု ထင်လိုက်သည်။

“ကောင်းပါပြီ ကျွန်မသွားတွေ့လိုက်မယ်.. ခဏတော့စောင့်ဖို့ ပြောလိုက်ပါ.. နာရီ၀က်အတွင်း သွားတွေ့လိုက်မယ်” ကုနင်း ထိုသို့ပြောပြီး ဖုန်းချလိုက်သည်။

ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်ကိုသူမရုံးခန်းတွင် နေခဲ့ခိုင်းလိုက်ပြီး သုန်းဖန်းကျီယွီကို တစ်ယောက်တည်း သွားတွေ့မည့်အကြောင်း ပြောလိုက်သည်။

ကုနင်းသည် လင်ရှောင်းထင်ကို သူမနှင့်အတူ မလိုက်စေခြင်းမှာ သူ၏ ပြောင်းလဲနေမှုကို အခြားကျင့်ကြံသူများအား မသိစေချင်သောကြောင့် ဖြစ်သည်။

လင်ရှောင်းထင်သည် သူမစကားကို နားထောင်ပြီး နေခဲ့လိုက်သည်။

ကားလမ်းသိပ်မပိတ်သောကြောင့် ကုနင်း သည် မိနစ် ၂၀ အတွင်း ရောက်သွားလေသည်။

သူမ ဧည့်သည်‌နားနေခန်းသို့ ရောက်သွားသောအခါ လေစွမ်းအင်ဖြင့် ကျင့်ကြံသူများ၏ တည်ရှိမှုကို အာရုံခံမိလိုက်သည်။ ထိုသူမှာ သုန်းဖန်းကျီယွီပင် ဖြစ်သည်။ ဝူရွှမ်းဟွာသည် ဤတစ်ကြိမ်တွင်တော့ သုန်းဖန်းကျီယွီနှင့်လိုက်လာသည်။ ကုနင်းသည် သူနှင့်လည်း အရင်က တွေ့ဖူးလေသည်။

သူမသည် သူတို့ကို တွေ့ရသော်လည်း မအံ့ဩမိပါချေ။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည်လည်း တည်ငြိမ်စွာပင် ရှိနေကြသည်။ သူတို့မလာခင်က ကုနင်းအကြောင်းကို အင်တာနက်တွင် ဖတ်ခဲ့ပြီးပြီ မဟုတ်ပါလား။ သူတို့သည် ကိုလိန်း၏ပိုင်ရှင်မှာ ငယ်ရွယ်သော မိန်းကလေးတစ်ယောက်မှန်း သိထားပြီး ဖြစ်သည်။ ထိုအသက်အရွယ်နှင့် ထိုကဲ့သို့ အောင်မြင်သော လုပ်ငန်းမျိုး ပိုင်ဆိုင်ထားသည်မှာတော့ မယုံနိုင်စရာ ကောင်းလေသည်။

“တွေ့ရတာ၀မ်းသာပါတယ် မစ္စကု။” သူတို့သည် ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။ သို့သော် သူတို့မည်သို့ပင် ယဉ်ကျေးသည့် ပုံစံ ပြနေပါ‌စေ သုန်းဖန်းကျီယွီသည် မောက်မာသည့် မျက်နှာထားနှင့် ရှိနေလေသည်။ သူမသည် မာနကြီးသူဖြစ်သောကြောင့် တခြားသူများကို အထင်သေးသည့် ပုံစံဖြင့် ကြည့်လေ့ရှိသည်။ အထူးသဖြင့် လူသားများကိုဆိုလျှင် ထိုအမူအရာ ပိုပြလေသည်။

ကျင့်ကြံသူများသည် သူတို့၏ အတွေးထဲတွင် လူသားများကို သူတို့ထက် နိမ့်ကျသည်ဟု ထင်တတ်ကြသည်။ တကယ်တမ်းတွင်လည်း ကျင့်ကြံသူများသည် လူသားများထက် စွမ်းအားကြီးသည့်အတွက် ယှဉ်တိုက်လျှင် အလွယ်တကူ နိုင်ကြသည်ပင်။ သို့သော် ကျင့်ကြံသူများ၏ လောကတွင် လူသားများအား အကြောင်းတစ်စုံတစ်ရာ မရှိပါက မတိုက်ခိုက်ရန် စည်းမျဉ်းချမှတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် အထင်ကရ မိသားစု ၄ ခုသည် ကျင့်ကြံသူလောကတွင်တော့ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများထဲတွင် မပါ၀င်ချေ။ ကျင့်ကြံသူလောကတွင် အများကလက်ခံထားသော ကျင့်ကြံသူများမှာ ထျန်းတောက်မန်အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့တွင် အဆင့်မြင့် ကျင့်ကြံသူများ မရေတွက်နိုင်အောင် ရှိပြီး အသုံး၀င်သော လမ်းညွှန်များကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ကျင့်ကြံသူများသည် ထိုအဖွဲ့ထဲသို့ ၀င်ချင်ကြလေသည်။ သို့သော် ထျန်းတောက်မန်ကို ၀င်ရန်မှာ လွယ်ကူသော အရာတော့ မဟုတ်ပါချေ။ အရည်အချင်း ရှိသော ကျင့်ကြံသူများကိုသာ လက်ခံသောကြောင့် ဖြစ်သည်။

ပိုင်လီကျုံးယန်, ပိုင်လီကျုံးရွှယ် နှင့် သုန်းဖန်းကျီယွီတို့သည် ထျန်းတောက်မန်အဖွဲ့၀င်များ ဖြစ်ကြသည်။ ထိုအဖွဲ့သည် ကျင့်ကြံသူလောကတွင် အလေးစားအခံရဆုံး အဖွဲ့ဖြစ်ပြီး ကျင့်ကြံသူများက အမှားအယွင်းလုပ်မိလျှင်လည်း အပြစ်ပေးနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် လူသားကမ္ဘာတွင် အမှားအယွင်း မလုပ်ရဲကြခြင်း ဖြစ်သည်။

“ဘာများ ကူညီပေးရပါမလဲ။” ကုနင်းသည် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာဆီသို့ လျှောက်သွားလိုက်သည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ အံ့ဩသွားကြသည်။

***

အခန်း ၁၄၅၇ ကုနင်း အား နောက်ယောင်ခံလိုက်ခြင်း

“ထိုင်ကြပါဦး။” ကုနင်း သူတို့အား ဆိုဖာတွင် ထိုင်ဖို့ ပြောလိုက်သည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် ထိုင်လိုက်ကြပြီး သုန်းဖန်းကျီယွီက “မစ္စကု ရှင့်ရဲ့ ဆေးဝါးလုပ်ငန်းက အရမ်းအောင်မြင်နေပေမယ့် ထောက်ပံ့မှုတွေက လိုသလောက် မရသေးဘူးဖြစ်နေတယ်.. ရှင့်ရဲ့လုပ်ငန်းကို တိုးချဲ့ဖို့ အစီအစဉ် မရှိဘူးလား။” ဟု မေးလိုက်သည်။

သုန်းဖန်းကျီယွီသည် တကယ်တော့ လုပ်ငန်းကို စိတ်မ၀င်စားပါချေ။ သူမသည် ကိုလိန်း ဆေးဝါးများမှ မှော်စွမ်းအင်ကို စိတ်၀င်စားသောကြောင့် ဖြစ်သည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် ကိုလိန်း ဆေးဝါးတွင် ပါ၀င်နေသော မှော်စွမ်းအင်ကို သတိထားမိကြပြီး နောက်မှ ကုနင်းကို ပိုင်ရှင်ဖြစ်နေမှန်း သိလိုက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်းကို စုံစမ်းဖော်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းမှာ ကိုလိန်း ဆေး‌ဝါးထုတ်လုပ်ရေးတွင် ပါ၀င်ပတ်သက်ဖို့သာ ရှိတော့သည်ပင်။

“စိတ်မရှိပါနဲ့.. ကျွန်မအဲဒီအပိုင်းမှာတော့ တခြားကုမ္ပဏီနဲ့ ပူးပေါင်းဖို့ အစီအစဉ် မရှိသေးလို့ပါ.. အထောက်အပံ့တွေက လောလောဆယ် မလုံလောက်သေးဘူး ဆိုပေမယ့် သိပ်မကြာခင် အဆင်ပြေသွားတော့မှာပါ။” ကုနင်းက ပြောလိုက်သည်။

ကုနင်းက ထိုသို့ ပြောနေသောကြောင့် သုန်းဖန်းကျီယွီသည်လည်း လက်ခံ‌ရတော့မည်ပင်။

“ကျွန်မသိချင်နေတာ ဘာလို့ ကိုလိန်း ဆေးဝါးတွေက တခြားဆေးတွေထက် ထူးထူးခြားခြား အစွမ်းထက်နေရတာလဲလို့ပါ။” သုန်းဖန်းကျီယွီက မေးလိုက်သည်။

ထိုအခါမှ ကုနင်းသည် သုန်းဖန်းကျီယွီ တစ်ယောက် သူမကို လာ‌တွေ့ရခြင်း အကြောင်းရင်းကို သိသွားလေသည်။ သူမသည် ကျင့်ကြံသူဖြစ်သောကြောင့် ဆေးများတွင် ပါ၀င်နေသော မှော်စွမ်းအင်ကို စိတ်၀င်စားနေခြင်းပင်။

ကုနင်း ထိုသို့ တွေးမိသော်လည်း စိုးရိမ်ပူပန်နေခြင်းတော့ မရှိပါချေ။

အကယ်၍ သုန်းဖန်းကျီယွီသည် ကိုလိန်း ဆေးများတွင်ပါ၀င်နေသော မှော်စွမ်းအင်အကြောင်းကို သိသွားလျှင် ပိုင်လီကျုံးယန်နှင့် သူ့ညီမလည်း သိသွားမည် ဖြစ်သည်။ သူတို့အားလုံးသည် ကျင့်ကြံသူများ ဖြစ်သောကြောင့် မှော်စွမ်းအင်ကို လိုချင်နေကြသည် မဟုတ်ပါလား။

ကုနင်းသည် ပိုင်လီကျုံးယန်နှင့် သူ့ညီမတို့မှာ သူမဆီသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ချဉ်းကပ်လာသည်ကို သိသော်လည်း ထိုနှစ်ယောက်သည် သူမအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံကြသောကြောင့် သူတို့ကို လေးစားခင်မင်လေသည်။ သို့သော် သုန်းဖန်းကျီယွီကိုတော့ သဘောမကျမိပါချေ။ မောက်မာသည့်အပြင် အနည်းငယ် မဖော်ရွေနေသည် မဟုတ်ပါလား။

တကယ်တော့ သူတို့သည် ကိုလိန်း ဆေးထဲ၌ မှော်စွမ်းအင် ပါ၀င်ကြောင်း သိထားလျှင်တောင် ကုနင်းက ငြင်းဆန်နေသရွေ့ ဘာမှ လုပ်လို့ရမည် မဟုတ်ပါချေ။

“အင်း.. ကျွန်မက ကုမ္ပဏီရဲ့ မန်နေဂျာဆိုတော့ ဆေးဝါးထုတ်လုပ်ပုံ အသေးစိတ်ကို‌ ဘာမှမသိထားပါဘူး.. အဲဒါကြောင့် ကျွန်မ အဲဒီမေးခွန်းကိုတော့ မဖြေတတ်ပါဘူး။” ကုနင်း ပြုံးရင်း ဖြေလိုက်သည်။ သူမသည် တည်ငြိမ်စွာပင် ရိုးသားသော အမူအရာနှင့် ပြောလိုက်သည်။

သုန်းဖန်းကျီယွီသည် သူမစကားကို အပြည့်အ၀ မယုံကြည်သော်လည်း ထိုထက်ပိုပြီး မေးစရာမရှိတော့သည်မို့ အကြပ်ရိုက်သွားသည်။ ထို့အပြင် ဆေးဝါးဖော်မြူလာများသည် ဆေးကုမ္ပဏီများ၏ ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ကုနင်းသည် ဆေးဝါးဖော်မြူလာများကို သိထားသည် ဆိုလျှင်တောင် ပြောခွင့်မရှိပါချေ။

ကုနင်းက သူတို့နှင့် မပူးပေါင်းချင်သောကြောင့် သုန်းဖန်းကျီယွီတို့သည်လည်း ပြန်ဖို့သာ ရှိတော့သည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ထွက်သွားသောအခါ ကုနင်းသည် နဉ်ချန်းခိုင်နှင့် သီးသန့်စကားပြောလိုက်သည်။

ကုနင်းသည် နဉ်ချန်းခိုင်အား သူ့ထံတွင် အစွမ်းထက်ကျောက်မည်မျှကျန်သေးကြောင်း မေးလိုက်ရာ နဉ်ချန်းခိုင်ကလည်း သူ့ထံတွင် မြောက်မြားစွာ ကျန်သေးကြောင်း ပြောလိုက်သည်။

ကုနင်းသည် သူအိမ်မပြန်ခင် ထိုဆေးများကို သေတ္တာထဲတွင် သော့ခတ်ကာ သေချာသိမ်းဆည်းသွားဖို့ မှာလိုက်သည်။ နဉ်ချန်းခိုင်သည် နားမလည်နိုင်ဖြစ်သွားသော်လည်း ရှည်ရှည်ဝေးဝေး မေးမနေတော့ပဲ သဘောတူလိုက်သည်။

ကုနင်းသည် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ ညရောက်လျှင် လာရှာကြမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် ကိုလိန်းမှ ထွက်လာကြပြီးနောက် ဝေးဝေးလံလံကို မောင်းမသွားပဲ ထောင့်တစ်နေရာတွင် ကားကိုရပ်လိုက်သည်။ သူတို့သည် ကုနင်းနှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်ချင်သောကြောင့် သူမကို နောက်ယောင်ခံလိုက်၍သာ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကုနင်းသည် ဆေးများအကြောင်းကို မပြောချင်သော်လည်း သူတို့သည် အမှန်တရားကို သိချင်နေကြသည်ပင်။

ကုနင်းသည် နဉ်ချန်းခိုင်အား မှာကြားပြီးနောက် ထွက်လာလိုက်သည်။

သူမလမ်းပေါ်သို့ မောင်းထွက်လာချိန်တွင် သူမနောက်သို့ တစ်ယောက်ယောက် လိုက်လာသည်ဟု ခံစားမိလိုက်သည်။ သူမသည် ရပ်လည်း မရပ်လိုက်သလို လမ်းကြောင်းကိုလည်း မပြောင်းခဲ့ပါပေ။ သူမနောက်မှ ကားထဲတွင် မည်သူများရှိမှန်း သိထားသည် မဟုတ်ပါလား။

မီးပွိုင့်နီသွားသောအခါ ကုနင်းသည် ကားကိုရပ်လိုက်ပြီး ကျောက်စိမ်းမျက်လုံးကို အသုံးပြုကာ အနောက်မှကားကို ကြည့်လိုက်သည်။ သူမထင်ထားသလိုပင် ဝူရွှမ်းဟွာသည် ကားမောင်းနေပြီး သုန်းဖန်းကျီယွီသည် ကားမောင်းသူဘေးခုံတွင် ထိုင်နေလေသည်။

ကုနင်းသည်သူတို့ လွယ်လွယ်နှင့် အလျှော့ပေးမည် မဟုတ်မှန်းသိသောကြောင့် သူမနောက်တိတ်တဆိတ် လိုက်လာခြင်းကို အထူးမအံ့ဩမိပါပေ။ သူတို့အတွက် မှော်စွမ်းအင်သည် အလွန်အရေးကြီးသော အရာဖြစ်သောကြောင့် သူမ၏ စကားကို မယုံကြခြင်း ဖြစ်သည်ပင်။

ကုနင်းသည် တွေဝေတုံ့ဆိုင်းခြင်း မရှိပဲ ကုမ္ပဏီသို့ ပြန်သွားလိုက်သည်။

သူတို့သည် သူမနောက်မှ လိုက်နေကြသော်လည်း ကုမ္ပဏီထဲသို့ လိုက်မ၀င်ကြချေ။ ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်၏ ခန္ဓာကိုယ်မှ ညအလင်းပုလဲကို သူတို့ အာရုံခံမိသွားမည်ကို စိတ်ပူစရာ မလိုတော့ပေ။ သူတို့သည် ညအလင်းပုလဲ၏ မှော်စွမ်းအင်ကို မီတာ ၂၀ အတွင်းတွင်သာ အာရုံခံနိုင်လေသည်။

လင်ရှောင်းထင်သည် ၁၈ လွှာတွင်ရှိနေသောကြောင့် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ သူ့ကို ရှာတွေ့စရာအကြောင်း မရှိပါချေ။

ကုနင်းသည် မြေအောက်ကားပါကင်ထဲသို့ ၀င်သွားသောကြောင့် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် လမ်းမပေါ်တွင် ရပ်လိုက်ကြသည်။

ကားပါကင်ထဲတွင် ရှန်းနဉ်အဖွဲ့အစည်းမှ ၀န်ထမ်းများသာ ၀င်လို့ရသောကြောင့် အပြင်ဘက်တွင် ဧည့်သည်များအတွက် ကားပါကင်နေရာရှိလေသည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် ကုနင်းတစ်ယောက် မြေအောက်ကားပါကင်ထဲသို့ ၀င်သွားသောအခါ အံ့ဩသွားကြသည်။

အဆောက်အအုံမှာ မြင့်မားပြီး ခေတ်မှီသော အသွင်အပြင် ရှိနေသည် မဟုတ်ပါလား။

***

အခန်း ၁၄၅၈ ဆက်လက်စောင့်ဆိုင်းခြင်း

“ဒါက ကုနင်း ရဲ့ ကုမ္ပဏီလား။” ဝူရွှမ်းဟွာ တအံ့တဩ မေးလိုက်သည်။

“ငါကတော့ သိပ်မထင်ဘူး.. အဲဒီအဆောက်အအုံထဲမှာ ကုမ္ပဏီတွေ အများကြီး ရှိမှာပဲ.. ကုနင်းက အရမ်းအောင်မြင်တယ်ဆိုရင်တောင် ဒီလို မိုးမျှော်တိုက်ကြီးတော့ ၀ယ်နိုင်မယ် မထင်ပါဘူး။” သုန်းဖန်းကျီယွီက ပြောလိုက်သည်။ သူမသည် ကုနင်းကို အထင်သေးခြင်း မဟုတ်ပဲ သာမာန်သာ တွေးလိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီတစ်ခုသည် ကောင်းကောင်း လည်ပတ်နိုင်ရန် ၀င်‌ငွေ ပုံမှန်ရှိဖို့ လိုအပ်ပေသည်။ ကိုလိန်းသည် ယွမ်သန်းပေါင်းများစွာ ၀င်ငွေရှိနေသော ကုမ္ပဏီဖြစ်သော်လည်း အရင်းများ၊ ထုတ်လုပ်ရေး စရိတ်များကို ပြန်နှုတ်လိုက်လျှင် ထိုမျှလောက်တော့ ပိုင်ဆိုင်ထားမည် မဟုတ်ပေ။ ထို့ကြောင့် ကုနင်းသည် လုပ်ငန်းအတွက် ထိုအဆောက်အအုံကြီးကို ၀ယ်နိုင်စရာ အကြောင်းမရှိဟု ထင်နေကြခြင်း ဖြစ်သည်။

သူတို့သည် ကုနင်း ပိုင်ဆိုင်သောကုမ္ပဏီကို ကိုလိန်း တစ်ခုတည်းသာ ရှိသည်ဟု သိထားကြခြင်း ဖြစ်ပြီး အခြား ကူမ္ပဏီများပါ ပိုင်ဆိုင်သည်ကို မသိထားကြပေ။ ထို့ကြောင့် သူမမိတ်ဆွေ ကုမ္ပဏီသို့ အလည်လာခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။

အမှန်တော့ ထိုမိုးမျှော်တိုက်ကြီးသည် ကုနင်း၏ ပိုင်ဆိုင်မှုဖြစ်ပြီး ဆောက်လက်စ အဆောက်အအုံသည်လည်း ကုနင်း၏ ပိုင်ဆိုင်မှုပင်ဖြစ်သည်။ ထိုအဆောက်အအုံ ၂ ခုစလုံးမှာ အလွန်ပင် မြင့်မားကြီးမားကာ လှပသော အစိမ်းရောင်အပင်များဖြင့် ပြင်ဆင်မွမ်းမံထားလေသည်။

ဈေးနှုန်းများ မြင့်မားသော မြို့တော်တွင် ထိုကဲ့သို့ အဆောက်အအုံကြီးများကို ဆောက်လုပ်ခြင်းမှာ အလွန်ပင် ကုန်ကျစရိတ် ကြီးမားပေသည်။ ထို့အပြင် ကုနင်း၏ ကုမ္ပဏီများသည် တိုးချဲ့နေသောကြောင့် အခြား အဓိကမြို့တော်များတွင်ပင် ရုံးခန်းအဆောက်အအုံများ ထပ်မံ ဆောက်လုပ်ရဦးမည် ဖြစ်သည်။

ရှန်းနဉ်လုပ်ငန်းစုသည် တရား၀င် မစတင်ရသေးသောကြောင့် နာမည်ကို မကြေညာရသေးသည့်အတွက် ထိုအဆောက်အအုံ ၂ ခုသည် တူညီသော လုပ်ငန်းစုများ ဖြစ်ကြသည်ကို အပြင်လူများက မသိကြပေ။ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည်လည်း မသိကြချေ။

ကုနင်းသည် အဆောက်အအုံထဲသို့ ၀င်လာပြီးသောအခါ ကျောက်စိမ်းမျက်လုံးကို အသုံးပြု၍ အပြင်ဘက်သို့ ကြည့်လိုက်စဉ်တွင် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ ကားထဲတွင် စောင့်နေသည်ကို တွေ့လိုက်ကသည်။ သူတို့သည် သူမ ပြန်လာကတည်းက စောင့်နေကြခြင်း ဖြစ်သည်။

ကုနင်းသည် သူမရုံးဆင်းပြီး အဆောက်အအုံမှ ပြန်ထွက်လာချိန်အထိ ထို ၂ ယောက် ဆက်စောင့်နေဦးမလားဆိုသည်ကို သိချင်နေလေသည်။ ထိုသို့ဆိုလျှင်လည်း သူမအတွက် ကိစ္စမရှိပါချေ။ သူမသာ ရှင်းပစ်ချင်သည် ဆိုပါက ခဏတွင်းချင်းပင် လုပ်လိုက်နိုင်ပေသည်။

…

ကုနင်းသည် အပြင်ကို အကြာကြီး မထွက်ခဲ့သောကြောင့် အချိန်သည် သူမထွက်သွားပြီးသည့်နောက် တစ်နာရီခွဲခန့်သာ ရှိသေးသည်။ လင်ရှောင်းထင်သည် သူမ၏ ရုံးခန်းထဲတွင် ဂိမ်းသာ ထိုင်ဆော့နေလေသည်။

သူသည် စစ်အခြေစိုက်စခန်းတွင် မနေရပဲ အားလပ်သည့် နေ့များတွင် ဂိမ်းဆော့ရင်းသာ အချိန်ကုန်လေ့ ရှိသူပင်။

ရှုကျင်းချန်နှင့် ချန်းမင်တို့သည် သူတို့ခေါင်းဆောင် ဂိမ်းဆော့နေသည်ကို တွေ့ခဲ့စဉ်အခါက အလွန် အံ့ဩသွားကြသည်။ သူတို့သည် မကြာခင်တွင် ထိုဂိမ်းကို ‘ကောင်းကင်တိုက်ပွဲ’ မှန်းသိသွားကြပြီး ကုနင်းကုမ္ပဏီမှ ထုတ်လုပ်ထားခြင်း ဖြစ်သောကြောင့် စိတ်၀င်စားကာ ဒေါင်းလုတ် လုပ်လိုက်ကြသည်။

သူတို့နှစ်ယောက်လုံးသည် လူလွတ်များ ဖြစ်သောကြောင့် ဂိမ်းကို အေးဆေး‌ဆော့ရင်း အချိန်ဖြုန်းလို့ ရကြသည်ပင်။

ရှုကျင်းချန်သည် ကွန်ပြူတာနှင့် ဂိမ်းဆော့နေကျ ဖြစ်သောကြောင့် ဂိမ်းများ အကြောင်းကို တော်တော်များများ သိသော်လည်း သူတို့ခေါင်းဆောင်ကို အနိုင်မယူနိုင် ဖြစ်နေလေသည်။ ချန်းမင်ကတော့ အွန်လိုင်းဂိမ်းများ မဆော့ဖူးသောကြောင့် ဂိမ်းဆော့တတ်ရန်ပင် အတော်သင်ယူလိုက်ရသည်။

ရက်အနည်းငယ်ကြာသောအခါ ချန်းမင်သည် အခြားကစားသမားများနှင့် ဆော့တတ်လာပြီ ဖြစ်သော်လည်း အကျွမ်းတ၀င် မရှိသေးသောကြောင့် ခဏခဏ သေနေလေသည်။ ထို့ကြောင့် ရှုကျင်းချန်တစ်ယောက် အဆင့်၂၀ ရောက်သွားစဉ်တွင် ချန်းမင်မှာ အဆင့်၇သာ ရှိနေသေးသည်။

လင်ရှောင်းထင်, ရှုကျင်းချန်နှင့် ချန်းမင်တို့သည် မီးတောက်နီမှ အခြားအဖွဲ့၀င်များ အလုပ်များနေစဉ်တွင် သူတို့ကတော့ စစ်အခြေစိုက်စခန်းတွင်သာ နေနေကြသည်။ အထူးတပ်ဖွဲ့၀င်များကို လေ့ကျင့်ပေးရန် ရှိသေး‌သောကြောင့် ဖြစ်သည်။

မီးတောက်နီအဖွဲ့သည် သီးသန့်အဖွဲ့ ဖြစ်သော်လည်း သူတို့သည် စစ်အခြေစိုက်စခန်းသို့သွားကာ အထူးတပ်ဖွဲ့၀င်များကို လေ့ကျင့် ပေးရလေ့ရှိသည်။ သူတို့သည် စစ်တပ်တွင် အတော်ဆုံး စစ်သားများ ဖြစ်သောကြောင့် အထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးရန် အသင့်တော်ဆုံး ဖြစ်နေသည်ပင်။

…

ကုနင်း ရောက်လာသောအခါ လင်ရှောင်းထင်က မေးလိုက်သည်။ “ဘယ်လိုလဲ။”

“သူတို့က ကိုလိန်း ဆေးတွေမှာပါတဲ့ မှော်စွမ်းအင်ကို စိတ်၀င်စားလို့ လာကြတာ.. သူတို့ ဆင်ခြေတွေ ပေးနေပေမယ့် တကယ်‌တော့ ထုတ်လုပ်ရေးမှာ ပူးပေါင်းချင်နေကြလို့ ကျွန်မငြင်းခဲ့လိုက်ရတယ်.. ဒါပေမယ့် လက်မလျှော့ကြသေးဘူး.. အခုတောင် အပြင်ဖက်မှာ ကားတစ်စီးနဲ့ စောင့်နေကြတယ်။”

“အန္တရာယ်ဖြစ်နိုင်လောက်လား။” လင်ရှောင်းထင် ကုနင်းအတွက် စိတ်ပူသွားမိသည်။ သူတို့သည် သူတော်စင်ကျင့်ကြံရေးဘက်မှ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း တစ်ခါတစ်ရံတွင် စွမ်းအားကြီးပြီး ရန်လိုတတ်ကြသည် မဟုတ်ပါလား။

“စိတ်မပူပါနဲ့ ကျွန်မမှာ ကျောင်းလုံရှိပါတယ်။” ကုနင်းက ပြောလိုက်သည်။ သူမသည် သုန်းဖန်းကျီယွီကို ယှဉ်နိုင်စွမ်း မရှိသော်လည်း နတ်ဆိုးကျောင်း ရှိနေသောကြောင့် စိုးရိမ်မှု မရှိပါချေ။

လင်ရှောင်းထင်သည် ထိုအခါမှ စိတ်အေးသွားသည်။ သူသည် သူမနားတွင် အချိန်ပြည့်နေပြီး မကာကွယ်နိုင်ပါပေ။ သို့သော် သူနေနိုင်မည် ဆိုလျှင်တောင် သူသည် ကုနင်းလောက် စွမ်းအားမကြီးသည့်အပြင် ကျင့်ကြံသူအနေနှင့်လည်း အဆင့်နိမ့်နေသေးသည် မဟုတ်ပါလား။

ထို့နောက် နေ့လည်စာစားချိန်ရောက်နေပြီ ဖြစ်သောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကန်တင်းတွင် စားလိုက်ကြသည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် ပြန်ဖို့ အစီအစဉ် မရှိကြသောကြောင့် ဝူရွှမ်းဟွာသည် အသင့်စား စားစရာများကို ပြေး၀ယ်လိုက်ကာ ကားထဲမှာပင် နေ့လည်စာစားလိုက်ကြသည်။

All Chapters