← Chapters

အခန်း (၁၄၅၉-၁၄၆၄)

Vol. 93 Ch. 1459-1464

အခန်း (၁၄၅၉-၁၄၆၄)

Vol. 93 Ch. 1459-1464

အခန်း ၁၄၅၉ ဂိမ်းထဲမှ စုံတွဲနာမည်

သူတို့သည် နောက်အဆောက်အအုံရှေ့တွင် ကားကို ရပ်ထားသော်လည်း ကုနင်းကုမ္ပဏီ၏ ဝင်ပေါက်ကို မြင်နိုင်သေး‌လေသည်။ ထိုပတ်၀န်းကျင်တွင် ရုံးခန်းအဆောက်အအုံများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ ရှိကြသောကြောင့် ကားရပ်ဖို့လည်း အဆင်ပြေ‌သည်။

…

နေ့လည်စာ စားပြီးသောအခါ လင်ရှောင်းထင်သည် ကုနင်းအား သူနှင့် အတူဂိမ်းကစားဖို့ ခေါ်လိုက်သည်။ ကုနင်း အံ့ဩသွားပြီး “ကျွန်မနဲ့ အဆင့်တူရောက်သွားပြီလား။” ဟု မေးလိုက်သည်။

ထိုဂိမ်းသည် အဆင့်တူမှသာ ဆော့လို့ရသည် မဟုတ်ပါလား။

လင်ရှောင်းထင် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ကုနင်း နှင့်အတူ အဆင့်တူရောက်သွားရန် ဘယ်လောက်မှပင် အားမထုတ်လိုက်ရပါချေ။

“ကောင်းတာပေါ့.. ဂိမ်းအတူတူဆော့ကြမယ်လေ။” ကုနင်း ထိုသို့ပြောလိုက်ပြီး ဖုန်းကို ထုတ်လိုက်သည်။ သူမဂိမ်းထဲ၀င်လိုက်သည်နှင့် စာများစွာနှင့်အတူ သူမကို သူငယ်ချင်းအဖြစ် add ထားကြသည်များကိုလည်း တွေ့လိုက်ရသည်။

ကုနင်းသည် စာများကို မဖတ်သေးပဲ လင်ရှောင်းထင်ကို သူငယ်ချင်းအဖြစ် အရင်ထည့်လိုက်သည်။ ထို့နောက် အခြားကစားသမားများကို လက်ခံလိုက်သည်။

သူမသည် ဂိမ်းထဲတွင် သူစိမ်းများကို သူငယ်ချင်းအဖြစ် ထည့်ရသည်ကို မကျေမနပ် မဖြစ်ပါချေ။ ဂိမ်းဆော့ခြင်းသည်လည်း သူမတစ်နေ့တာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည် မဟုတ်ပါလား။

ဂိမ်းထဲတွင် သူငယ်ချင်းလုပ်လို့ရသော ပမာဏသည် ကန့်သတ်ထားသောကြောင့် ကုနင်းသည် မကြာခင် လူပြည့်တော့မည် ဖြစ်သည်။ အခြားသူများ၏ စာများကိုတော့ သူမပြန်ဖို့ အချိန်မရှိတော့ပါချေ။ များလွန်းလှသည်။

သူမ၀င်လိုက်သည်နှင့် သူငယ်ချင်းများသည် ဂိမ်းအတူဆော့ဖို့ ဖိတ်ခေါ်လာကြလေသည်။

အဖွဲ့တစ်ခုတွင် ၅ ယောက်ပါ၀င်ရမည် ဖြစ်သောကြောင့် ကုနင်းသည် သူမကိုယ်တိုင် အသင်းတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် လင်ရှောင်းထင် ကို ထည့်လိုက်ကာ နေရာ ၃ ခု ချန်၍ သူမအသင်းတွင်ပါဝင်ဖို့ရန် ထားထားလိုက်သည်။

ဂိမ်းစနစ်သည် ကုနင်း၏ သူငယ်ချင်းများဆီသို့ သူမ အသင်းတစ်ခု လုပ်ထားကြောင်းကို သတိပေးချက်အဖြစ် ပို့လိုက်သည်။ ထို့ကြောင့် လွတ်နေသော ၃ နေရာသည် ချက်ချင်းပင် ပြည့်သွားလေသည်။

အခြားကစားသမား များသည် “အနာဂါတ်ဘုရင်” ဆိုသော နာမည်ကို တွေ့လိုက်ကြသောအခါ ထိုသူသည် ကုနင်း၏ ချစ်သူ ဖြစ်မည်ဟု တွေးလိုက်ကြသည်။ ကုနင်း၏ အိုင်ဒီနာမည်ဖြင့် စုံတွဲဟုထင်ရသော နာမည်များ များစွာရှိသော်လည်း သူတို့သည် ကုနင်းနှင့် သူငယ်ချင်း မဟုတ်ကြသောကြောင့် သူမနှင့် ပတ်သက်စရာ အကြောင်း မရှိပါချေ။

သို့သော် ဤ “အနာဂါတ်ဘုရင်” ကတော့ ထူးခြားလေသည်။ သူသည် ဂိမ်းထဲတွင် ကုနင်း၏ သူငယ်ချင်း ဖြစ်နေပြီး အသင်းထဲတွင်လည်း ပါ၀င်နေသည်။ သူမ အသင်းထဲမှ အဖွဲ့၀င်များသည် ဝိုင်းမေးနေကြသောကြောင့် သူမလည်း ၀န်ခံလိုက်ရသည်။

ကုနင်းသည် ဂိမ်းမဆော့တာ ကြာပြီ ဖြစ်သောကြောင့် ကစားသမား တော်တော်များများသည် သူမထက် အဆင့်မြင့်နေကြသည်။ သို့သော် သူမကို အနိုင်ယူဖို့ ခဲယဉ်းနေကြလေသည်။

ကုနင်းသည် တစ်နေ့တစ်နေ့ သူမအလုပ်များနှင့်သာ လုံးပန်းနေရသောကြောင့် အဆင့်နိမ့်နေသေးသော်လည်း သူမဂိမ်းထဲ၀င်ဆော့လိုက်ပြီး မကြာမီပင် အဆင့် များ မြင့်သွားလေသည်။ ထို့ကြောင့် အဆင့်မည်မျှပင် မြင့်နေပါစေ သူမနှင့်ယှဉ်လျှင်တော့ စကေးလ်နိမ့်နေကြသေးသည်ပင် ဖြစ်သည်။

သို့သော် တချို့သူများသည် အဆင့် ကို ကြည့်ကာ တစ်ဖက်သားကို အထင်သေးတတ်ကြသည်။ ထို့ကြောင့် သူတို့သည် ကုနင်းကို ပေါ့သေးသေးပင် သဘောထားကာ ခပ်ပေါ့ပေါ့ တိုက်ခိုက်ကြလေသည်။ နောက်ဆုံးတော့ သူတို့ပဲ ရှုံးသွားကြသည်။

လင်ရှောင်းထင်သည် သူ၏ လုပ်ငန်းသဘောအရ တိုက်ပွဲသဘောသဘာ၀ကို နားလည်သူ ဖြစ်သည်။ ထို့ကြောင့်သူသည် အားလုံးထဲတွင် အဆင့် အနိမ့်ဆုံး ဖြစ်နေသော်ငြား သူ့ကို သတ်နိုင်သည် ရန်သူ မရှိသေးပါချေ။

ထိုသို့ဖြင့် ကုနင်း၏ အသင်းသာ တောက်လျှောက်နိုင်နေတော့သည်။ ထို့အပြင် သူတို့၏ ပြိုင်ပွဲသည် တိုက်ရိုက်ထုတ်လွှင့်ထားသောကြောင့် ကုနင်း၏ အရှိန်အဝါဖြင့် ကြည့်ရှုသူများလည်း များပြားနေလေသည်။

ကစားသမားများသည် ကုနင်းကို ရှုံးနေကြသော်လည်း ပျော်ရွှင်နေကြသည်။ ယခုချိန်ထိ ထိုဂိမ်းတွင် ကုနင်းကို အနိုင်ယူသည့်သူ မရှိသေးပါချေ။

“ဝိုး အနာဂါတ်ဘုရင်မကတော့ မယုံနိုင်စရာပဲဟေ့!”

“သူတစ်ခါမှ မရှုံးသေးဘူး။”

“အနာဂါတ်ဘုရင်က သူ့ရည်းစားလား။”

“စုံတွဲနာမည် ဖြစ်နေတာပဲ။”

“ဂိမ်းထဲမှာပဲ အတွဲများလား။”

“အနာဂါတ်ဘုရင်မဆိုတာ ကုနတ်ဘုရားမလေ.. သူက ဘယ်နေရာ ဖြစ်ဖြစ် အရမ်းတော်တာပဲ။”

“ဘာ တကယ်ကြီးလား။”

လူတော်တော်များများသည် ကုနင်း ကို ဂိမ်းထဲမှ အနာဂါတ်ဘုရင်မမှန်း မသိကြသောကြောင့် မယုံနိုင်ဖြစ်နေကြသည်။

တချို့လူများသည် ဂိမ်းထဲတွင် နာမည်အတုများ၊ ပုံအတုများ သုံးတတ်ကြသည် မဟုတ်ပါလား။

“ဟုတ်ပါတယ်ဆို.. သူ့ Weibo မှာ သွားကြည့်ကြည့်လိုက်။”

မယုံကြသူများသည် ကုနင်း၏ Weibo တွင် သွားကြည့်လိုက်သောအခါ အမှန်ပင် ဖြစ်နေသည်ကို တွေ့လိုက်ကြသည်။

“ဘုရားရေ အနာဂါတ်ဘုရင်မက တကယ် ကုနတ်ဘုရားမပဲ။”

“အဲဒါကြောင့် အရမ်းတော်နေတာကိုး။”

“ငါလည်း သူနဲ့ဆော့ချင်လိုက်တာ။”

“သူနဲ့ အဆင့် တူအောင်ပဲ အရင်လုပ်ပါဦး။”

“…”

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အတန်ကြာဆော့ကြပြီးနောက် ဂိမ်းထဲမှပြန်ထွက်လိုက်ကြသည်။ သူမနှင့် ဆက်ဆော့ဖို့ စောင့်နေသူများကတော့ စိတ်ပျက်သွားကြလေသည်။

တကယ်‌တော့ ကုနင်းသည် ဂိမ်းဆော့ဖို့ အချိန်အေးဆေးပေးနိုင်သောသူ မဟုတ်ပါချေ။ တချို့သူများကတော့ သူမ လျင်မြန်စွာ ထွက်ထွက်သွားတတ်သောကြောင့် မာနကြီးသည်ဟု ထင်နေကြသည်။

မည်သို့ပင်ဆိုစေ ကုနင်းသည် သူတို့ကိုလည်း မသိသောကြောင့် သူမသည် မလေးမစား ဆက်ဆံသည်ဟူ၍ အပြစ်မြင်ခံရစရာ အကြောင်းတော့ မရှိနေပါချေ။

***

အခန်း ၁၄၆၀ လင်မိသားစု၏ အိမ်ဟောင်းတွင် စားသောက်ကြခြင်း

ကုနင်းသည် အခြားသူများ၏ အမြင်ကို ဂရုစိုက်သူမဟုတ်ပေ။ သူမအတွက် အခြားအရေးကြီးသော အရာများစွာ ရှိနေသည် မဟုတ်ပါလား။

သူတို့ ဂိမ်းဆော့ပြီးချိန်တွင် အချိန်စောနေသေးသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တစ်ရေးတမော အိပ်လိုက်ကြသည်။

ကုနင်း၏ ရုံးမှာ အလွန်ကြီးမားပြီး ၁၈ လွှာတစ်ခုလုံးသည် သူမ၏ ကိုယ်ပိုင်နေရာဖြစ်သည်။

စက်လှေကားသည် ၁၈ လွှာ၏ အလယ်တွင် တည်ရှိသည်။ ပထမအထပ်ကတော့ စတုရန်းမီတာ တစ်ရာခန့် ကျယ်‌၀န်းပြီး ခန်းမကျယ်ကြီး တည်ရှိသည်။ ဧည့်ကြိုခန်းကတော့ လက်ယာဘက်တွင် ရှိပြီး အတွင်းရေးမှူးခန်းနှင့် ကုနင်း၏ ရုံးခန်းကတော့ လက်ဝဲဘက်တွင် ရှိသည်။

ကုနင်းတွင် သီးသန့်အတွင်းရေးမှူး မရှိပဲ ချန်စန်းယိသည် သူမအတွက် လိုအပ်သည်များကို ကိုင်တွယ်လုပ်ဆောင် ပေးနေသည်။ ထို့ကြောင့် သူမသည် အရေးပေါ် လိုအပ်သည့် အချိန်များတွင်သာ လာလေ့ ရှိသည်။

သူမတွင် လက်ထောက်မန်နေဂျာများ,များစွာ ရှိနေသော်လည်း သူမသည် အလွန်ပင် အလုပ်များသူ ဖြစ်သည်။ သူဌေးတစ်ယောက်အနေဖြင့် သူမ၏ လုပ်ငန်းများကို သေချာသိအောင်လည်း လေ့လာနေရသေးသည်ပင်။ သူမသည် လုပ်ငန်းများ စတင်တည်ထောင်သူ ဖြစ်သောကြောင့် လေ့လာစရာများ များပြားစွာ ရှိလေသည်။

သူမသည် ကုမ္ပဏီတစ်ခုတည်းတွင် လုပ်သူဆိုလျှင်တော့ အတွင်းရေးမှူးများကို ခန့်အပ်မည်ဖြစ်သည်။ ယခုတွင်တော့ ကောင်းယိနှင့် ချောင်ယတို့သည် သူမအတွက် ကားမောင်းသူ ကိုယ်ရံတော်များအဖြစ်သာ အနားတွင် နေပေးကြလေသည်။

ကုနင်း၏ ရုံးသည် စတုရန်း မီတာ ၁၀၀ ကျယ်၀န်းပြီး သူမလိုအပ်သမျှ အရာအားလုံးသည် အထဲတွင် အကုန်ရှိနေသည်။ ရုံး၏ ဘယ်ဘက်ခြမ်းတွင် ကြီးမားသော လေ‌သာဆောင်ကြီး ရှိပြီး ပန်းများစွာ စိုက်ပျိုးထားသည်။ အတွင်းတွင်တော့ နှစ်ယောက်အိပ်ကုတင်ကြီးရှိသော အိပ်ခန်းရှိပြီး အ၀တ်ဗီရိုနှင့်အတူ ရေချိုးခန်းလည်း ပါရှိလေသည်။

ကုနင်းတွင် အိမ်ပြန်ဖို့ အချိန်ရှိသော်လည်း သူမသည် အလုပ်များတော့မည် ဖြစ်သောကြောင့် ရုံးတွင် ညအိပ်သင့်ပါက အိပ်ရပေမည်။ တစ်ရေးတစ်မော အိပ်စရာနေရာလည်း ရှိနေသည် မဟုတ်ပါလား။

ကုနင်း၏ရုံးခန်းသည် ၁၈ လွှာတစ်ခုလုံးတွင် တစ်၀က်နေရာယူထားပြီး ကျန်တစ်၀က်မှာ လွတ်နေလေသည်။

နေ့လည်နေ့ခင်း အချိန်ဖြစ်နေပြီး ကုမ္ပဏီတွင် ဖြစ်နေသောကြောင့် လင်ရှောင်းထင်သည် သူ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ကုနင်းကို မသင့်တော်သောအရာများ မလုပ်ပါချေ။ သူတို့သည် ၄၅မိနစ်အကြာတွင် နိုးလာခဲ့ပြီး အချိန်ကိုကြည့်လိုက်ရာ ၂ နာရီခွဲခန့် ဖြစ်နေသောကြောင့် ကုနင်းသည် ကျောက်စိမ်းမျက်လုံးကို သုံး၍ အပြင်ဘက်ကိုကြည့်လိုက်သည်။ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် အပြင်ဘက်တွင် ရှိနေကြဆဲပင်။

သူတို့သည် စိတ်ရှည်စွာစောင့်နေကြကာ ကုနင်း ထွက်မလာမချင်း ပြန်ကြမည် မဟုတ်ပေ။

…

လင်ရှောင်းထင်သည် ရှန်းရှစ် အဖွဲ့အစည်းသို့ သွားလေ့သွားထ မရှိသော်လည် သူ၏ စီးပွားရေးကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ရန်အတွက် သူသည်လည်း လေ့လာစရာများ ရှိနေသည်ပင်။ သူသည် လင်မိသားစု၏ အိမ်ဟောင်းသို့ သွားရောက်လည်ပတ်ရန်ပင် အချိန်မရှိပါချေ။

သူသည် ကုနင်း အိမ်တွင်သာ နေ့တိုင်းနေပြီး တစ်ရက်မှ ပျင်းချိန်ပင် မရပေ။ သူတို့သည် အချင်းချင်း သင်ပြပေးစရာများ၊ အတူတူ လေ့လာစရာများနှင့် ပြည့်နှက်နေကြသည်။

ညနေ ၄ နာရီခွဲခန့်တွင် လင်ရှောင်းထင်ကို သခင်ကြီးလင်က ဖုန်းခေါ်ပြီး ရှန်းမိသားစုနှင့် ပတ်သက်သည့် ကိစ္စကို ပြောမည်ဟု အသိပေးထားလိုက်သည်။

လွန်ခဲ့သော နှစ်၀က်ခန့်က ရှန်းမိသားစုသည် သူတို့အား တိတ်တဆိတ် အကောက်ကြံခဲ့သည်ဖြစ်ရာ သူတို့သည် သက်သေများကို အချိန်ယူ စုဆောင်းခဲ့ရသည်။ ရှန်းမိသားစုသည် ကျန်ရှိသော တစ်နှစ်လုံးတွင် ငြိမ်သက်တိတ်ဆိတ်စွာ နေခဲ့သောကြောင့် သက်သေအခိုင်အလုံ မရသေးပဲ ဖြစ်နေခဲ့သည်ပင်။ သို့သော် သခင်ကြီးလင်သည် သတင်းတစ်ခုကို သိထားသောကြောင့် လင်ရှောင်းထင်နှင့် တွေ့ဖို့ စီစဉ်ခြင်း ဖြစ်သည်။

လင်ရှောင်းထင်ကလည်း သဘောတူလိုက်ပြီး နေ့လည်ဘက်တွင် လာမည်ဖြစ်ကြောင်း သခင်ကြီးလင်ကို ပြောလိုက်သည်။

သခင်ကြီးလင်သည် လင်ရှောင်းထင်အား ကုနင်းကိုလည်း အားမအား မေးလိုက်သည်။ သူမလည်း အားသည်ဆိုလျှင် အတူစားသောက် တွေ့ဆုံလို့ရသည် မဟုတ်ပါလား။

လင်ရှောင်းထင်သည် ကုနင်းလည်း အားသည်ကို သိထားသော်လည်း လင်ရှောက်ကျား နှင့် ပဋိပက္ခများ ဖြစ်ပြီးနောက်တွင် လင်မိသားစုအိမ်သို့ သူမ လိုက်ပါက အနေခက်နေမည်ကို စိုးရိမ်နေလေသည်။

သို့သော် လင်ရှောက်ကျားသည် ဆေးရုံတွင်သာ ရှိနေသေးသောကြောင့် လင်အိမ်တော်ဟောင်းတွင် သူမကို တွေ့ရမည် မဟုတ်ပါချေ။ ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်နှင့်လိုက်ဖို့ သဘောတူလိုက်သည်။

…

လင်ရှောက်ကျားသည် ဆေးရုံတွင် အနေကြာလာသောအခါ အတန်ငယ် သက်သာလာပြီ ဖြစ်ပြီး ကောင်းကောင်းလည်း အိပ်နိုင်လာကာ အစားလည်း စားနိုင်လာပြီ ဖြစ်သည်။ သို့သော် ခါးနာခြင်းမှာ မပျောက်သေးသောကြောင့် အိပ်ရာထဲတွင်တော့ နေနေရဆဲပင်။

သူမ၏ ဝေဒနာကြောင့် လင်ရှောက်ကျားသည် ကိုယ်အလေးချိန်ပါ ကျဆင်းသွားကာ မျက်နှာတွင်ပါ အရေးအကြောင်းများ ဖြစ်လာနေသည်။ သို့သော် သူမအသက်ရှင်နေသေးသည်ကိုပင် ကံကောင်းသည်ဟု တွေးနေလေသည်။

…

လင်ရှောင်းထင်သည် သခင်ကြီးလင်ကို ပြန်လည် ဆက်သွယ်လိုက်ပြီး လာနေပြီ ဖြစ်ကြောင်း ပြောလိုက်သည်။ အချိန်သည် ၅ နာရီပင် မထိုးသေးသော်လည်း လမ်းတွင်အချိန်ကုန်နိုင်သောကြောင့် သူတို့သည် စောစောထွက်လာလိုက်ကြသည်။

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် အပြင်တွင် စောင့်နေကြသောကြောင့် ကုနင်းသည် နောက်ကားတစ်စီးကို အသုံးပြုလိုက်သည်။

လင်ရှောင်းထင်သည် ကားမောင်းလိုက်ပြီး ကုနင်းက နောက်ခုံတွင် ပုန်းနေလိုက်သည်။

ထို့နောက် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် သူမထွက်သွားမှန်း မသိလိုက်ပါချေ။

သူတို့သည် အချင်းချင်း သိပ်မကွာဝေးကြသော်လည်း လင်ရှောင်းထင်ကို ကားကို အမြန်မောင်းထွက်လိုက်သောကြောင့် သူဆောင်ထားသော ညအလင်းပုလဲကို အာရုံမခံမိလိုက်ကြပါချေ။

ထိုသို့ဖြင့် ကုနင်းသည် သူတို့မြင်ကွင်းထဲမှ ပျောက်သွားတော့သည်

***

အခန်း ၁၄၆၁ သခင်မလေးလင်

သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့နှင့် ဝေးသွားသောအခါမှ ကုနင်းသည် ကားမောင်းသူဘေးခုံတွင် ပြောင်းထိုင်လိုက်သည်။

ကားမောင်းသူ ဘေးခုံသည် ချစ်သူ မိန်းကလေးများအတွက် သီးသန့်နေရာဖြစ်သောကြောင့် ကုနင်းသည် အလွတ်မထားနိုင်ပါချေ။ သူမသည် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ကို ရှောင်ချင်၍သာ ခဏအနောက်မှာ ထိုင်ပုန်းနေခြင်း ဖြစ်သည်။

“သူတို့တော့ တစ်သက်လုံးစောင့်နေရတော့မှာပဲ။” လင်ရှောင်းထင်က အရွှန်းဖောက်လိုက်သည်။

“ဟဟ.. အဆောက်အအုံမှာ လူမရှိတော့မှ သူတို့ ပြန်ကြတော့မှာ။” ကုနင်းကလည်း ရယ်မောရင်းပြောလိုက်သည်။

သူတို့ လင်မိသားစု၏ အိမ်ဟောင်းသို့ ရောက်သွားချိန်တွင် အချိန် ၅ နာရီခွဲခန့် ရှိပြီ ဖြစ်သည်။ သခင်ကြီးလင်သည် လင်ရှောင်းထင်ကို လျစ်လျူရှုထားပြီး ကုနင်းနှင့် အတန်ကြာစကား ပြောနေတော့သည်။

“နင်းနင်း.. မင်းအတွက် ဂုဏ်ယူပါတယ်..မင်းက အမှတ်ပြည့်ရတဲ့ ပထမဆုံးသူပေါ့။” သခင်ကြီးလင်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။

သခင်ကြီးလင်ပင်မဟုတ်ပဲ တခြားသော လင်မိသားစု၀င်များသည်လည်း ကုနင်းအတွက် ဝမ်းသာနေကြသည်။ တကယ်တော့ လင်ယွမ်ချန်မိသားစုသာ ကုနင်းနှင့် ရန်ငြိုးရန်စရှိနေကြပြီး ကျန်မိသားစု၀င်များသာမက အိမ်အကူလေးများသည်ပင် ကုနင်းကို လေးစားချစ်ခင်ကြလေသည်။

“မစ္စကုက တကယ်ကို သမိုင်းတွင်သူပါပဲ။” လင်ချန်းကျီသည် ပြုံးရွှင်စွာ ပြောလိုက်သည်။ သူသည် အမှန်ပင် ကုနင်းကို လေးစားချစ်ခင်လေသည်။ သခင်ကြီးလင်နှင့် လင်ရှောင်းထင်တို့ကြောင့် မဟုတ်ပါပေ။

“နင်းနင်းကို မစ္စကုလို့ မခေါ်ကြနဲ့တော့ အခုကစပြီး သခင်မလေးလင်လို့ ခေါ်ကြတော့။” သခင်ကြီးလင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

လင်ရှောင်းထင်သည် ကျေနပ်စွာပြုံးနေလေသည်။ ကုနင်းကတော့ အနည်းငယ်ရှက်နေသည်ကြောင့် “အဖိုးရယ် အဲဒီလို ခေါ်ဖို့ စောလွန်းနေပါသေးတယ်။”

သခင်ကြီးလင်ကတော့ မကျေမနပ် ဖြစ်သွားပြီး “ဘာလို့ စောရမှာလဲ.. အဖိုးတို့ ဒီနှစ်ထဲ ရက်ရွေးလို့ရခဲ့ရင် စောစောတောင် စေ့စပ်ဖြစ်တော့မှာကို.. အနှေးနဲ့အမြန် သခင်မလေးလင်ဖြစ်လာတော့မှာပဲ။”

ကုနင်း ဘာပြန်ပြောရမှန်းပင် မသိတော့ပါချေ။

လင်ချန်းကျီသည် သခင်ကြီးလင် ပြောသည်ကို နားထောင်ပြီးနောက် ကုနင်းအား “ဟုတ်တာပေါ့ သခင်မလေးလင်ရဲ့” ဟု ပြောလိုက်လေသည်။

ကုနင်းသည် ပြုံးရုံသာပြုံးနေလိုက်ပြီး ခွန်းတုံ့မပြန်ရဲတော့ပါချေ။

သူတို့သည် ဧည့်ခန်းထဲတွင် အတန်ကြာစကားပြောကြပြီးနောက် သခင်ကြီးလင်သည် လင်ရှောင်းထင်နှင့်အတူ စာဖတ်ခန်းထဲ ၀င်သွားသည်။

ကုနင်းသည် ဘာမှလုပ်စရာ မရှိသောကြောင့် လင်ချန်းကျီကို သူမအား လင်ရှောင်းထင်၏ အခန်းကို လိုက်ပြဖို့ ပူဆာလိုက်သည်။ သူမသည် တစ်ခါမှ မရောက်ဖူးသောကြောင့် အလွန်ပင် သိချင်နေလေသည်။

လင်မိသားစု အိမ်တော်ဟောင်း၏ သက်တမ်းသည် အလွန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် တစ်ကြိမ်ပြင်ဆောက်ခဲ့ဖူးသော်လည်း ရှေးမူမပျက်ရှိနေသေးသည်။

လင်မိသားစု အိမ်ဟောင်းရှိရာ ခြံထဲတွင် အိမ်တစ်လုံးသာ ရှိသော်လည်း ထိုအိမ်သည် ဘောလုံးကွင်းတစ်ကွင်းစာမျှ ကျယ်၀န်းလေသည်။ ခြံရှေ့နှင့် အနောက်တွင် လှပသော အပင်များ ပန်းပင်များလည်း များစွာ ရှိလေသည်။

သို့သော် လင်မိသားစု၏ အိမ်ဟောင်းသည် ထန်မိသားစုနှင့် ယှဉ်လျှင်တော့ ပမွှားပင် ရှိနေသေးသည်ပင်။ ထန်မိသားစုသည် အလွန့်အလွန်ပင် ချမ်းသာသော မိသားစုဖြစ်နေသည် မဟုတ်ပါလား။

လင်မိသားစု အိမ်ဟောင်းသည် ဘိုးဘွားအမွေအ‌နှစ်အိမ် ဖြစ်သောကြောင့် လင်မိသားစု၀င်များသည် သူတို့၏ ကိုယ်ပိုင်၀င်ငွေဖြင့် ထိုအိမ်မျိုးကို ၀ယ်နိုင်မည် မဟုတ်ပါချေ။ သူတို့သည် အစိုးရပိုင်းတွင် မြင့်မားသော ရာထူးများ ရှိကြသော်လည်း နိုင်ငံရေး၀န်ထမ်းများသာ ဖြစ်ကြသည်ပင်။

သူတို့သည် အစိုးရရုံးများ၏ အရာရှိများ ဖြစ်ကြသောကြောင့် ကိုယ်ပိုင်စီးပွားရေးများလည်း မလုပ်နိုင်ကြပါချေ။ ရင်းနှီးမြှုပ်နှံမှု အချို့သာ လုပ်ခွင့်ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုအိမ်ကြီးမျိုးကို ၀ယ်နိုင်သော အနေအထားထိတော့ မဟုတ်ကြပါချေ။

ထိုအိမ်ကြီး၏ တည်နေရာ၊ အကျယ်အ၀န်း၊ ပြင်ဆင်မွမ်းမံထားမှုတို့ကို တွက်ဆကြည့်လျှင် ယွမ်သန်းပေါင်းရာချီ တန်လေသည်။ ထို့ကြောင့် သူတို့သည် အရှိန်အဝါကြီးမားကြသည်မှာလည်း မဆန်းပါချေ။

သခင်ကြီးလင်မှလွဲ၍ လင်ရှောင်းထင်သည် ရှန်းရှစ် အဖွဲ့အစည်း၏ ပိုင်ရှင်ဖြစ်ကြောင်းကို မည်သူမျှမသိကြပါချေ။ လင်ရှောင်းထင်သည် လျှို့ဝှက်မထားချင်သော်လည်း သခင်ကြီးလင်သည် တခြားသူများအား မပြောခိုင်းထားခြင်း ဖြစ်သည်။

ရှန်းရှစ် အဖွဲ့အစည်းသည် လင်မိသားစုပိုင်မဟုတ်ပဲ လင်ရှောင်းထင်တစ်ယောက်တည်းသာ ပိုင်ဆိုင်ထားလေသည်။ သူ၏ အဖိုးက သူ့ကိုသာ လွှဲထားခဲ့သောကြောင့် ဖြစ်သည်။

အပြင်မှသူများသည် လင်ရှောင်းထင်၏ အမေဘက်အဖိုးက ကုမ္ပဏီပေါင်းများစွာကို သူ့အားလွှဲအပ်ထားသည်ဆိုသော သတင်းကို ကြား၍ မေးကြသောအခါ သခင်ကြီးလင်သည် လိမ်ညာပြောပြီး လင်ရှောင်းထင်သည် စစ်သားဖြစ်သောကြောင့် စီးပွားရေးများအကြောင်း စိတ်မ၀င်စားပဲ ကုမ္ပဏီများကို ရောင်းချနေခြင်းသာ ဖြစ်သည်ဟု ပြောထားလိုက်သည်။

ထို့ကြောင့် အပြင်လူများသည် လင်ရှောင်းထင်၏ ချမ်းသာကြွယ်၀မှု အတိအကျကို မသိကြပါချေ။ ထို့‌အပြင် လင်ရှောင်းထင်ဆီမှ ပိုက်ဆံများကိုလည်း မခိုးဝံ့ကြပေ။

လင်ရှောင်းထင်၏အခန်းသည် တတိယထပ်တွင် ထိပ်ဆုံးညာဘက်မှ အခန်းဖြစ်သည်။ သူသည် သခင်ကြီးလင်၏ အကြီးဆုံးမြေးဖြစ်သောကြောင့် အခြားမြေးများ၏ အခန်းများထိပ်ဆုံးတွင် ထားထားခြင်း ဖြစ်သည်။ လင်ရှောက်မင်၏ အခန်းသည် သူ့အခန်းဘေးတွင်ရှိပြီး အကျယ်အ၀န်းသိပ်မကွာကြပါပေ။

လင်ရှောင်းထင် အခန်းအ၀င်၀တွင် စာဖတ်ခန်းလေး တစ်ခုရှိပြီး အခန်းကြီးသည် မီတာ ၃၀ ခန့်ကျယ်၀န်းလေသည်။ အခန်းထဲတွင် ဗီရိုကြီးများနှင့် ကျယ်၀န်းသော ရေချိုးခန်းရှိပြီး လူနှစ်ယောက် ကောင်းကောင်းနေလို့ ရသည်ပင်။

သို့သော် လင်ရှောင်းထင်သည် ထိုအခန်းတွင် နေခဲလှသောကြောင့် အခန်းသည် လစ်ဟာနေပြီး လူမနေတာ ကြာပြီဖြစ်ကြောင်း သိသာနေလေသည်။ သို့သော် တစ်ခါတစ်ရံမှ လူနေသော အခန်းဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်နေလေသည်။

လင်ချန်းကျီသည် ကုနင်းအား လင်ရှောင်းထင်၏ အခန်းကို လိုက်ပြပြီးနောက် ထွက်သွားလိုက်သည်။ ကုနင်း တစ်ယောက်တည်း အေးဆေးကြည့်ရှုလို့ရသည်ပင်။

ကုနင်းသည် လင်ရှောင်းထင်၏ အခန်းထဲတွင် အတန်ကြာ နေလိုက်ပြီးနောက် တဖြည်းဖြည်းပျင်းရိလာလေသည်။

ထို့နောက် သူမသည် လင်ရှောင်းထင်၏ မိဘများနေသောအခန်းတွင် တစ်ခုခု တွေ့လိုတွေ့ငြား သွားရှာဖို့ အကြံရလိုက်သည်။ လင်ရှောင်းထင်အမေနှင့် ကျင့်ကြံသူများကြား သဲလွန်စတစ်စုံတစ်ရာ တွေ့နိုင်သည် မဟုတ်ပါလား။

ထိုအတွေးဖြင့် ကုနင်းသည် လင်ရှောင်းထင်ကို နောက်မှ ပြောပြီး အတူရှာမည်ဟု ဆုံးဖြတ်လိုက်သည်။

***

အခန်း ၁၄၆၂ လင်ရှောင်းထင် မိဘများ၏အခန်း

သခင်ကြီးလင်၏ စာဖတ်ခန်းထဲတွင် သခင်ကြီးလင်သည် လင်ရှောင်းထင်အား “ရှန်းမိသားစုနဲ့ ချန်မိသားစုက ဒီအတောအတွင်း မသင်္ကာစရာကောင်းလောက်အောင် ငြိမ်နေကြတယ်.. သူတို့အတွက် အန္တရာယ်အငွေ့အသက်တွေပဲ ခံစားနေရလို့လား ဒါမှမဟုတ် ဘာလုပ်ရမှန်း မသိကြလို့လားတော့ မပြောတတ်ဘူး။” ဟု ပြောလိုက်သည်။

ရှန်းမိသားစုသည် ဥပဒေကို ချိုးဖောက်ရဲခဲ့သူများ ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများတော့ လုပ်ထားကြပေမည်။

လင်မိသားစုတွင် အရည်အချင်းရှိသော လုံခြုံရေးအဖွဲ့ ရှိသော်လည်း တစ်ဖက်မှ ဘာမှမလုပ်နေပါက သူတို့လည်း ဘာမှမလုပ်နိုင်ပါပေ။ လင်မိသားစု၏ လုံခြုံရေးအဖွဲ့သည် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးရသည့်အပြင် သစ္စာလည်း စောင့်သိရလေသည်။ ထို့ကြောင့် လင်မိသားစု၏ လုံခြုံရေးအဖွဲ့သည် လူ ၁၀၀ ခန့်သာရှိသော်လည်း စစ်တပ်တစ်ခုကဲ့သို့ အလုပ်လုပ်ကြရလေသည်။

ပုံမှန်အားဖြင့် အယောက် ၃၀ ခန့်ပါ၀င်သော လျှို့ဝှက်အဖွဲ့များသည် လင်မိသားစု အိမ်ကြီးထဲတွင် သာမာန်လုံခြုံရေး ၀န်ထမ်းများကဲ့သို့ ရှိနေကြသည်။ ထို့ကြောင့် လင်မိသားစုအိမ်သို့ အပြင်လူများ ကျူးကျော်ရန် ခက်ခဲခြင်း ဖြစ်သည်။ ထိုအဖွဲ့၀င်များသည် လင်မိသားစု ဘေးကင်းစွာ နေနိုင်ရေးအတွက် တာ၀န်ယူထားကြသူများပင်။

အရှိန်အဝါကြီးသော မိသားစုများတွင် ရန်သူများလည်း ရှိနိုင်သောကြောင့် လုံခြုံရေးအဖွဲ့များ ရှိကြသည်မှာ အဆန်းတော့ မဟုတ်ပါချေ။ လင်မိသားစုတွင်တော့ သခင်ကြီးလင်နှင့် လင်ရှောင်းထင်တို့သည်သာ လုံခြုံရေးအဖွဲ့များကို ဆင့်ခေါ်ခြင်း အမိန့်ပေးခြင်းများကို လုပ်နိုင်လေသည်။ ထိုအဖွဲ့၀င်များသည် သူတို့၏ အမိန့်များကိုလည်း တသွေမတိမ်း လိုက်နာကြရသည်။

“သူတို့ကို ထောက်လှမ်းနေတဲ့ အဖွဲ့တွေက ဒီနေ့ သတင်းအစအနတစ်ခု ရထားတယ်.. ရှန်းယန်ဖန့်က ယွင်မိသားစုရဲ့ တတိယသား ယွင်ဝမ်ယွေ့နဲ့ လျှို့ဝှက်တွေ့ဆုံတယ်တဲ့။”

“သူတို့ပြောနေတာတွေတော့ မကြားရပေမယ့် ထူးဆန်းတာ တစ်ခုရှိတယ်.. ယွင်မိသားစုက ကျွန်တော်တို့နဲ့ မိတ်ဆွေ မဟုတ်ပေမယ့် ရှန်းယန်ဖန့်က ကျွန်တော်တို့ရဲ့ ဆွေမျိုးနီးစပ်ဆိုတော့ ကျွန်တော်တို့တွေ ယွင်မိသားစုနဲ့ မပတ်သက်ချင်မှန်း သူသိမှာပဲ။”

“ဒါဆိုသူတို့ ပေါင်းပြီး အကောက်ကြံကြတာပေါ့။”

သခင်ကြီးလင်သည် စိုးရိမ်ပူပန်နေလေသည်။

လင်ရှောင်းထင်သည်လည်း နားမလည်နိုင်ဖြစ်နေလေသည်။ သူသည် ရှန်းယန်ဖန့်နှင့် ယွင်ဝမ်ယွေ့တို့ပူးပေါင်းပြီး သူတို့ကို အကောက်ကြံနေကြမှန်းတော့ သိလေသည်။ ရှန်းယန်ဖန့်သည် လောဘကြီးပြီး အမြင့်မှန်းတတ်သူ မဟုတ်ပါလား။

“ကြည့်ရတာ ယွင်မိသားစုကို ပေးဖို့ ငြင်းခဲ့တဲ့ဟာကို လိုချင်နေတာထင်တယ်။” လင်ရှောင်းထင်သည် သေချာနေသော လေသံနှင့် ပြောလိုက်သည်။

ရှန်းယန်ဖန့်သည် လင်မိသားစုနှင့် ဆွေမျိုးနီးစပ်ဖြစ်ပြီး လင်မိသားစုသည် များစွာ ကူညီပေးခဲ့သော်လည်း မကျေနပ်နိုင်သူဖြစ်သည်။ လောလောဆယ်ဖြစ်နေသော ပြဿနာမှာ ရှန်းယန်ဖန့်နှင့် ယွင်ဝမ်ယွေ့တို့ကြား မည်သို့သော သဘောတူညီချက်မျိုး ရှိနေကြောင်း မသိခြင်း ဖြစ်သည်။

ရှန်းယန်ဖန့်တို့မိသားစုသည် တကယ်ပင် ယွင်ဝမ်ယွေ့နှင့် သဘောတူညီချက်ယူထားသည်ဆိုပါက သူတို့သည် ပူးပေါင်းထားပြီး ဖြစ်ပေမည်။ အထင်ကရ မိသားစုလေးခုမှ မိသားစု၀င်တိုင်းသည် ထက်မြက်ပြီး စိတ်ထားကောင်းသူများ မဟုတ်ကြပါချေ။

လင်မိသားစု၏ မျိုးဆက်အရင်းအချာများသည် ထူးချွန်ထက်မြက်သူများ ဖြစ်ကြပြီး ကျန်သော အဆက်အနွယ်များကတော့ ရှုပ်ထွေးကြလေသည်။ သို့သော် အရှိန်အဝါကြီးသော မိသားစုများတွင် မိသားစု၀င်ဦးရေတော့ မြောက်များစွာ ရှိကြသည်ပင်။

“ကြည့်ရတာ ရှန်းမိသားစုနဲ့တော့ အမြန်ဆုံးစာရင်းရှင်းရတော့မယ်ထင်တယ်” သခင်ကြီးလင်က ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ။”

…

ကုနင်းသည် လင်ရှောင်းထင်၏ အခန်းထဲတွင် မိနစ် ၂၀ ခန့်ရှိနေစဉ်တွင် လင်ရှောင်းထင်သည် အပေါ်သို့ တက်လာသည်။

“ရှောင်းထင် ရှင့်မိဘတွေရဲ့ အခန်းက အရင်အတိုင်းပဲ ထားထားတာလား.. ကျွန်မ၀င်ကြည့်လို့ရော ရမလား.. အသုံး၀င်တဲ့ သဲလွန်စ တစ်ခုခု ရှာတွေ့နိုင်မလားလို့။” ကုနင်းသည် လင်ရှောင်းထင်ကို တွေ့သည်နှင့် ပြောလိုက်သည်။

လင်ရှောင်းထင်သည် အနည်းငယ် ၀မ်းနည်းသည့်ပုံ ဖြစ်သွားသည်။ သို့သော်သူသည် စိတ်ထဲထားမနေတော့ပဲ ချက်ချင်း သဘောတူလိုက်သည်။ “သွားကြည့်မယ်လေ.. သူတို့အခန်းက အရင်အတိုင်းပါပဲ.. ဒါပေမယ့် အခု ညစာစားချိန်ဆိုတော့ စားပြီးမှ သွားကြည့်ကြတာပေါ့။” သူတို့တွင် သွားကြည့်ဖို့ အချိန်မလောက်ကြပေ။

“ကောင်းပြီလေ။” ကုနင်းက ပြုံးပြီး ပြောလိုက်သည်။

ထို့နောက် အောက်ထပ်သို့ အတူဆင်းလိုက်ကြသည်။

၁၀ မိနစ်ခန့်ကြာသောအခါ လင်ယွမ်ကျန်းနှင့် အခြားသူများလည်း ပြန်ရောက်လာကြပြီး လင်ယွမ်ကျန်းနှင့် သူ့ဇနီးတို့မှာ ကုနင်းကို တွေ့ရသောကြောင့် ပျော်ရွှင်နေကြသည်။ လင်ယွမ်ချန်ကတော့ ကုနင်းကို မတွေ့ချင်ပါပေ။ သူ့သမီးကို ကုသပေးရန် မှော်ဆေးလုံးကို မပေးသောကြောင့် ဖြစ်သည်။ လင်ရှောက်ကျားသည် သူ၏ သမီးဖြစ်သောကြောင့် ဝေဒနာခံစားနေရသည်ကို မကျေမနပ် ဖြစ်နေခြင်းပင်။

သခင်ကြီးလင်သည် ကုနင်းထံ၌ ဆေးကုန်နေသောကြောင့်ဟု ပြောသော်လည်း သူသည် မယုံကြည်ပေ။ သို့သော် ကုနင်းမပေးချင်မှန်း သိနေတာကြောင့် သူကိုယ်တိုင် တောင်းဆိုကြည့်ချင်စိတ်လည်း မရှိပေ။

လင်ယွမ်ချန်သည် လင်ရှောက်ကျားတစ်ယောက် လူသတ်သမားငှားကာ ကုနင်းကို ကြံစည်ထားသည့် အကြောင်း မသိထားသေးပေ။ အကယ်၍ ကုနင်းသည် အားနည်းသော မိန်းကလေးဖြစ်နေလျှင် အသတ်ပင် ခံရမည် ဖြစ်သည်။ ကုနင်းပင်မက သခင်ကြီးလင်နှင့်တကွ လင်မိသားစု၏ အရေးကြီး မိသားစု၀င်များအားလုံး လင်ရှောက်ကျား၏ မိုက်မဲသော မနာလိုမှုကြောင့် အပြင်းအထန် ဒဏ်ရာရကြမည် ဖြစ်သည်။

လင်ယွမ်ချန်သည် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို မကြည်သော်လည်း ဆင်ခြင်တုံတရားတော့ ရှိလေသည်။ ထို့ကြောင့် သူတို့နှင့် ဝေးရာတွင်သာ နေနေလိုက်သည်။

***

အခန်း ၁၄၆၃ လင်ရှောင်းထင်၏မိခင်

မိသားစု၀င်အားလုံး ရောက်ရှိကြ‌သောအခါ စတင်စားသောက်လိုက်ကြသည်။

…

ကျန်းရှူးယွမ်သည် ဆေးရုံတွင် လင်ရှောက်ကျားကို စောင့်နေရသောကြောင့် သူမကတော့ မရှိပေ။

လင်ရှောက်ကျားကို လူနာစောင့်ပေးနေရသော ကျန်းရှူးယွမ်သည် ဆေးရုံနှင့် သူမအလုပ်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရလေသည်။ သူမတွင် အလုပ်ရှိသောကြောင့် အကြာကြီး ပစ်ထားလို့လည်း မရပေ။ ကျန်းရှူးယွမ်သည် သူမ၏ အိတ်ထဲတွင်လည်း ဆေးရုံတွင် ညအိပ်ရသည့် အခါများအတွက် အဆင်ပြေရန် အ၀တ်အစားများကို ဆောင်ထားရသည်။

လင်ရှောက်ကျားသည် မိန်းကလေးဖြစ်‌သောကြောင့် မိခင်ဖြစ်သူက အနားတွင်နေပေးမှသာ သင့်တော်မည် မဟုတ်ပါလား။

လင်ယွမ်ချန်ကတော့ သူအားသည့် အချိန်မှသာ သူ့သမီးကို သွားကြည့်နိုင်လေသည်။ သခင်ကြီးလင်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူသည်လည်း သူ၏ မြေးမလေး ဖြစ်သောကြောင့် လင်ရှောက်ကျားကို ဂရုစိုက်ပေသည်။ သို့သော် သူဆေးရုံတွင် နေပေးလည်း ဘာမှတော့ အကျိုးမထူးပါပေ။

…

ကုနင်းတစ်ယောက် လင်မိသားစုအိမ်တွင် ညစာစားနေချိန်တွင် ရှန်းနဉ်အဖွဲ့ရုံးချုပ်တွင်လည်း ၀န်ထမ်းများအားလုံး ပြန်ကုန်ကြပြီ ဖြစ်သည်။

“ဘယ်လိုဖြစ်တာလဲ.. ငါတို့လိုက်လာတာများ သိသွားလို့လား။” ဝူရွှမ်းဟွာက ပြောလိုက်သည်။

“ငါတော့ သိပ်မထင်ဘူး.. ကြည့်ရတာ တခြားကားနဲ့ ပုန်းပြီး ပြန်သွားပြီထင်တယ်။” သုန်းဖန်းကျီယွီက ပြောလိုက်သည်။

ဝူရွှမ်းဟွာ ခေါင်းငြိမ့်လိုက်ရင်း “ငါတို့ ဘာဆက်လုပ်ကြမလဲ။”

“နင်အိမ်ပြန်လိုက်ပြီးတော့ ကုနင်းရဲ့ ကုမ္ပဏီက အဲဒီအဆောက်အအုံထဲမှာ ရှိမရှိ စုံစမ်းလိုက်ပါ.. မနက်ဖြန်မှ သူ့နောက်ဆက်လိုက်ကြတာပေါ့” သုန်းဖန်းကျီယွီကပြောလိုက်သည်။ သူတို့သည် ကျင့်ကြံခြင်းလောကမှ ဖြစ်ကြသော်လည်း လူသားများနှင့်လည်း ဆက်ဆံနေရသောကြောင့် တစ်စုံတစ်ယောက်အကြောင်းအား ရှာဖွေဖော်ထုတ်ရန်မှာ မခက်လှပါချေ။ ထို့အပြင် ကုနင်းသည် အွန်လိုင်းတွင် နာမည်ကြီးသူ မဟုတ်ပါလား။

…

လင်မိသားစုအိမ်တွင် လင်ရှောင်းထင်သည် ထမင်းစားပြီးသောအခါ ကုနင်းကို အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။ သူ့မိဘများ၏ အခန်းသည် ဒုတိယထပ်တွင် ရှိပြီး လက်ယာဘက် ပထမဆုံး အခန်းတွင်ရှိကာ လင်ရှောင်းထင် အခန်း၏ အောက်တည့်တည့်တွင် ရှိလေသည်။

ဒုတိယထပ်၏ ဖွဲ့စည်းပုံအနေအထားသည် တတိယထပ်နှင့် အတူတူပဲ ဖြစ်သည်။

လင်ရှောင်းထင် မိဘများ၏ အခန်းသည်လည်း အလွန်ပင် ကြီးမားလေသည်။

လင်မိသားစုအိမ်ကို နောက်ဆုံးပြင်ဆင် မွမ်းမံခဲ့စဉ်က လင်ရှောင်းထင် မိဘများ သက်ရှိထင်ရှားရှိစဉ် လွန်ခဲ့သော ၁၂ နှစ်ခန့်က ဖြစ်သည့်အတွက် သူတို့၏ အခန်းသည်လည်း အရင်အတိုင်းပင် ရှိနေသေးသည်။

လင်ရှောင်းထင် မိဘများ၏ အခန်းထဲတွင် ဖုန်များတက်မည်စိုးသောကြောင့် အခန်းထဲရှိပစ္စည်းများ အားလုံးကို အ၀တ်ဖြူဖြင့် ကာထားလေသည်။

ထိုအခန်းတွင် မည်သူမျှမနေသည့်အတွက် တစ်နှစ်လျှင် ၂ ခါသာ သန့်ရှင်းရေးလုပ်ကြလေသည်။ ပထမအကြိမ်သည် သူတို့၏ သေဆုံးကြသည့် နှစ်ပတ်လည်ရက်ဖြစ်ပြီး ဒုတိယအကြိမ်သည် နှစ်သစ်ကူးပွဲတော်ရက် ဖြစ်သည်။ ထိုရက် ၂ ခုကြား ကာလသည်လည်း ၆ လနီးပါး ဖြစ်သည်မို့ အဆင်ပြေလေသည်။

လင်ရှောင်းထင်သည် သူ့မိဘအခန်းထဲသို့ ၀င်လိုက်သောအခါ ၀မ်းနည်းနေလေသည်။ ကုနင်းသည် သူ၏ ခံစားချက်ကို နားလည်သော်လည်း ရှောင်လွှဲ၍ မရပေ။ အတိတ်သည် အတိတ်သာ ဖြစ်ပြီး လင်ရှောင်းထင်သည်ပင် အရွယ်ရောက်နေပြီ ဖြစ်သည်။

သူတို့သည် အခန်းထဲတွင် ရှာဖွေရမည် ဖြစ်သောကြောင့် အ၀တ်ဖြူများကို ဖယ်ရှားလိုက်ကြသည်။

“အိုး ရှင့်အမေရဲ့ ဓာတ်ပုံရှိလား။” ကုနင်းက ရုတ်တရတ်မေးလိုက်သည်။ လွန်ခဲ့သော ၁၂ နှစ်က ကင်မရာများ ပေါ်နေပြီ ဖြစ်သော်လည်း ထိုတုန်းကတော့ ဖလင်များနှင့် ရိုက်ကူးသော ပုံများသာ ရှိလေသည်။

“ရှိတာပေါ့။”

ထို့နောက်တွင် သူသည် အယ်လ်ဘမ်တစ်ခုကို ထုတ်လိုက်ရာ အထဲတွင် သူ့မိသားစု ဓာတ်ပုံများ ရှိနေလေသည်။

ကုနင်း ချက်ချင်းလှန်ကြည့်လိုက်ပြီး ပထမဆုံး စာရွက်တွင်ပင် လင်ရှောင်းထင်နှင့် သူ့မိဘများပုံကို တွေ့လိုက်သည်။

သူမသည် လင်ရှောင်းထင်၏ အမေပုံကို တွေ့လိုက်ရသောအခါ မှင်သက်သွားလေသည်။ သူ့အမေသည် အလွန်ပင် လှပချောမောသူ ဖြစ်သည်။

သို့သော် လင်ရှောင်းထင်သည်လည်း အလွန်ပင် ခန့်ညားသူဖြစ်သောကြောင့် သံသယ၀င်စရာပင် မလိုပါချေ။ သူ၏ မိဘများမှာ သာမာန်သူများ မဟုတ်ကြသည်ပင်။ လင်ရှောင်းထင်သည် သူ့အဖေနှင့် ပိုတူသော်လည်း သူကတော့ ပိုဆွဲဆောင်မှု ရှိလေသည်။ ထို့အပြင် သူငယ်ငယ်တုန်းက ပုံများသည် အလွန်ပင် ချစ်စရာကောင်းနေသောကြောင့် ကုနင်း သဘောကျနေလေသည်။

သူမသည် အယ်လ်ဘမ်ကို တစ်ရွက်ချင်းလှန်ကြည့်နေရာ ဓာတ်ပုံအများစုသည် သူတို့မိသားစု ဓာတ်ပုံများပင် ဖြစ်သည်။ ဓာတ်ပုံထဲတွင် အလွန်ပျော်ရွှင်စရာကောင်းနေသောကြောင့် ကုနင်းသည် လင်ရှောင်းထင်အတွက် စိတ်မကောင်း ဖြစ်မိလေသည်။ သူ့တွင် ပျော်စရာမိသားစုလေး ရှိခဲ့ပြီး မိဘများကလည်း သူ့ကို ချစ်ခင်ကြသည်။ သို့သော် မတော်တဆမှုတစ်ခုကြောင့် ထိုအရာများ ဆုံးရှုံးခဲ့ရသည်လေ။

“ရှောင်းထင် ရှင့်အမေနာမည်က ဘယ်လိုခေါ်လဲ။” ကုနင်း က မေးလိုက်သည်။

လင်ရှောင်းထင် ခဏတွေဝေနေပြီးနောက် “ယွင်ယောင်” ဟု ပြောလိုက်သည်။

ကုနင်း ခေါင်းငြိမ့်လိုက်ရင်း အယ်လ်ဘမ်ကို ချလိုက်ကာ အခန်းထဲတွင် စရှာဖွေလိုက်သည်။ သူမသည် လက်များဖြင့် ကိုယ်တိုင်ရှာဖွေစရာ မလိုပါပေ။ သူမတွင် ကျောက်စိမ်းမျက်လုံး ရှိနေသည် မဟုတ်ပါလား။

ခဏတွင်းချင်းပင် သူမသည် စက်ဖြင့် ရိုက်နှိပ်ရမည့်အစား လက်ရေးဖြင့် ရေးထားသည့် စာအုပ်ဟောင်းနှစ်အုပ်ကို စာအုပ်စင်တွင် တွေ့လိုက်သည်။

ထိုနှစ်အုပ်စလုံးမှာ ကျင့်ကြံခြင်းအကြောင်းများ ရေးထားခြင်း ဖြစ်သောကြောင့် ကုနင်းသည် တိုက်ဆိုင်မှုဟု မထင်လိုက်ပါချေ။ သူမသည် ချက်ချင်းပင် စာအုပ်နှစ်အုပ်ကို ဆွဲထုတ်လိုက်သည်။

လင်ရှောင်းထင်ကလည်း သတိထားမိပြီး သူမဆီသို့ လျှောက်လာလိုက်သည်။

သူသည် ထိုစာအုပ်နှစ်အုပ်၏ အမည်ကို တွေ့လိုက်သောအခါ အလွန်အံ့အားသင့်သွားသည်။ ထိုစာအုပ်များသည် သူ့မိဘများ၏ အခန်းထဲမှ ထွက်လာခြင်း ဖြစ်သောကြောင့် သူသည် တစ်အုပ်ကို ယူကြည့်ပြီး ဖတ်လိုက်သည်။

“ဒါတွေက ကိုယ့်အမေရဲ့ လက်ရေးထင်တယ်။”

လင်ရှောင်းထင်၏ မိခင်သည် သူငယ်ငယ်ကတည်းက ဆုံးပါးသွားခြင်း ဖြစ်သော်လည်း သူသည် မှတ်ဉာဏ်ကောင်းသူဖြစ်သောကြောင့် မှတ်မိလေသည်။ သူ့အမေ၏ လက်ရေးကလည်း ထူးခြားလှပသည်ပင်။

ကုနင်းသည် အကြံတစ်ခုရသွားပြီး “ရှင့်အမေက သူကိုယ်တိုင်ရေးပြီး ချန်ထားခဲ့တဲ့ စာတွေဘာတွေ မရှိဘူးလား.. ဒီစာအုပ်တွေက ရှင့်အမေကူးထည့်ရေးထားတာ သေချာတယ်ဆိုရင် ရှင့်အမေက ကျင့်ကြံသူဆိုတာ သေချာတယ်။”

“ကိုယ်ရှာနိုင်မယ်ထင်တယ်” လင်ရှောင်းထင်သည် ယွင်ယောင်၏ မှတ်စုစာအုပ်များကို သူ့မှတ်ဉာဏ်အကူအညီနှင့် လိုက်ရှာလိုက်လေသည်။

***

အခန်း ၁၄၆၄ လင်ရှောင်းထင် မိခင်၏ သေဆုံးမှု

သူ၏ မှတ်ဉာဏ်ထဲတွင် သူ့အမေသည် မှတ်စုများရေးလေ့ရှိပြီး သူလုပ်ခဲ့သော ရယ်စရာ အဖြစ်အပျက်လေးများကိုလည်း မှတ်တမ်းတင်ထားခဲ့ကြောင်းကို မှတ်မိလေသည်။

ထိုအချိန်တွင် ကုနင်းသည် စာအုပ်နှစ်အုပ်ကို စဖတ်လိုက်သည်။ သူမသည် ကျင့်ကြံသူလောကအကြောင်းကို အနည်းငယ်သာ သိသောကြောင့် ထိုစာအုပ်နှစ်အုပ်သည် လင်ရှောင်းထင်အတွက် အကူအညီများစွာ ဖြစ်နိုင်လေသည်။

လင်ရှောင်းထင်သည် ကျင့်ကြံသူအဆင့်နိမ့်နေသေးသောကြောင့် ပိုမိုမြင့်သော အဆင့်များသို့ရောက်ရှိရန် များစွာ သင်ယူရဦးမည် မဟုတ်ပါလား။

ကုနင်းသည် စာဖတ်မြန်သူဖြစ်သောကြောင့် ထိုစာအုပ် ၂ အုပ်ကို မိနစ် ၂၀ အတွင်း ဖတ်လို့ ပြီးသွားလေသည်။ သူမသည် အလုံးစုံကို နားမလည်သော်လည်း ထိုအရာများကို မှတ်မိအောင် လုပ်ထားပြီး လေ့လာရပေမည်။ လင်ရှောင်းထင်ကို အကူအညီပေးရပေမည်။

ခဏကြာသောအခါ လင်ရှောင်းထင်သည် သူ့အမေ၏ မှတ်စုကို ရှာတွေ့သွားသည်။

“ဒါက အမေ့လက်ရေးပဲ။” လင်ရှောင်းထင်သည် အနည်းငယ် လှန်ကြည့်လိုက်ရင်း ပြောလိုက်သည်။

ကုနင်းသည် သူမမှတ်စုနှင့် ရှာတွေ့ထားသော စာအုပ်နှစ်အုပ်မှ လက်ရေးများကို တိုက်ကြည့်လိုက်ပြီးနောက် သူမကို ကျင့်ကြံသူဖြစ်ကြောင်း သေချာ‌သွားလေသည်။ သို့သော် သူမသည် ကျင့်ကြံသူဖြစ်သည် ဆိုသော်လည်း သူမနှင့် ပတ်သက်သည့် အခြားသောအရာများကို ရှာဖွေရဦးမည်ဖြစ်သည်။

ကုနင်းသည် ယွင်ယောင်မှာ ကျင့်ကြံခြင်းလောက၌ အရှိန်အဝါကြီးသော မိသားစုမှ မွေးဖွားလာသူဟု တွေးလိုက်မိပြီး ရန်သူများလည်း ရှိနိုင်သည်ဟု ယူဆထားလိုက်သည်။

ထိုသို့ဆိုလျှင် လင်ရှောင်းထင်သည်လည်း သူ့အမေအကြောင်းကို ရှာဖွေဖော်ထုတ်မိရင်း အန္တရာယ်များနှင့် ကြုံတွေ့နိုင်ပေမည်။ လင်ရှောင်းထင် သည် ကျင့်ကြံခြင်း အဆင့်နိမ့်နေသေးသောကြောင့် အဆင့်မြင့်သူများနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပါချေ။

ကုနင်းသည် ယွင်ယောင်၏ မှတ်စုကို ဖတ်နေရင်း ရုတ်တရတ် ထရယ်လိုက်တာကြောင့် လင်ရှောင်းထင်ပင် အူကြောင်ကြောင် ဖြစ်သွားသည်။

“ရှင်အသက် ၅ နှစ်တုန်းက အိပ်ရာထဲ ရှူးပေါက်ချခဲ့တယ်တဲ့ ဟားဟား။” ကုနင်း ရယ်မောနေလေသည်။

စာမျက်နှာတစ်ခုတွင် ယွင်ယောင်သည် လင်ရှောင်းထင်တစ်ယောက် အိပ်ယာပေါ်တွင် အပေါ့စွန့်ခဲ့ပြီး ရေတစ်ခွက်လောင်းချကာ ဖုံးဖိခဲ့သည့်အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ ယွင်ယောင်သည် ထိုအကြောင်းကို သိသော်လည်း သူ့သားရှက်သွားမည် စိုးသောကြောင့် ထိုလိမ်ညာမှုကို မသိချင်ယောင် ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

လင်ရှောင်းထင်သည်ချက်ချင်းပင် ကုနင်းလက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်သည်။

ကုနင်းသည် လင်ရှောင်းထင်၏ ငယ်ဘ၀အကြောင်းကို ထပ်သိချင်သေးသော်လည်း သူရှက်နေမည်စိုးသောကြောင့် ပြန်မလုတော့ပါချေ။

“ကဲ ရှောင်းထင် ရှင့်အမေကတော့ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ စာအုပ်ကောင်းနှစ်အုပ် ချန်ပေးသွားပြီ.. ရှင်ကောင်းကောင်း အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“ကောင်းကောင်းအသုံးချမှာပါ။” လင်ရှောင်းထင်သည် တည်ငြိမ်သောမျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ပြီ ဒါဆိုရင် ကျွန်မရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကို ဒီစာအုပ်တွေကို ထည့်ထားလိုက်မယ်.. အဖိုးတွေ့သွားမှာစိုးလို့ နောက်မှပြန်ပေးမယ်နော်။”

“ဟုတ်ပါပြီ” လင်ရှောင်းထင်ကလည်း သဘောတူလိုက်သည်။

သူတို့ထွက်သွားတော့မည့်အချိန်တွင် ကုနင်းသည် ရုတ်တရတ် အရေးကြီးသော မေးခွန်းတစ်ခုကို တွေးမိလိုက်သည်။ သူ့အမေသည် ကျင့်ကြံသူဆိုပါက အစောကြီးဆုံးပါးသွားစရာ အကြောင်း မရှိသည်လေ။

“ရှောင်းထင် ကျွန်မအရေးကြီးတာ တစ်ခုစဉ်းစားမိလို့.. ရှင့်အမေက ကျင့်ကြံသူဆိုရင် သူမတော်တဆမှုမှာ အစောကြီး ဆုံးသွားစရာ အကြောင်းမရှိဘူးလေ။”

ကုနင်းသည် လင်ရှောင်းထင်ကို မျက်နှာချင်းဆိုင်လိုက်ပြီး အရေးကြီးသော လေသံဖြင့် ပြောလိုက်သည်။ “ကျင့်ကြံသူတွေလည်း သေဆုံးတတ်တာပဲ ဆိုပေမယ့် သူတို့က လွယ်လွယ်နဲ့ မသေတတ်ကြဘူး.. ရှင့်အမေအကြောင်း အသေးစိတ်ထပ်ပြောပြနိုင်မလား.. ရှင့်မိဘတွေရဲ့ အလောင်းကို ရှင့်မျက်စိနဲ့ ကိုယ်တိုယ်မြင်ခဲ့ရတာလား။”

လင်ရှောင်းထင်သည် အံ့အားသင့်သွားပြီး ပုံမှန်မဟုတ်ခဲ့သည့် အရာတစ်ခုကို သတိရသွားသည်။

“အဲဒီတုန်းက ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတစ်ခုကိုတော့ မှတ်မိခဲ့တယ်.. အလောင်းသွားကြည့်တုန်းက ကိုယ်အဖေ့မျက်နှာကိုပဲ မြင်ခဲ့ရတာ.. အမေ့မျက်နှာက တောင်ကုန်းပေါ်က ပြုတ်ကျတုန်းက မြေကြီးနဲ့ဆောင့်မိပြီး ပျက်စီးသွားလို့တဲ့။” လင်ရှောင်းထင်က ပြောလိုက်သည်။ သူသည် ယခုမှပင် သူတွေ့ခဲ့ရသော အမျိုးသမီးသည် သူ့အမေ ဟုတ်ပါ့မလားဆိုသည့်စိတ် ဖြစ်သွားလေသည်။

ထိုအချက်သည် သူ့အတွေး သက်သက်သာ ဖြစ်လေသည်။ ကျင့်ကြံသူများသည် လွယ်လွယ်နဲ့ မသေနိုင်ဘူးဆိုသော်လည်း ထိုအချိန်က ဖြစ်ခဲ့သောအရာကို မည်သူမျှ မသိခဲ့သည်မို့ တကယ်သေသွားတာလည်း ဖြစ်နိုင်ပေသည်။ သို့သော် သေဆုံးနေသော ထိုအမျိုးသမီးသည် သူ့အမေ မဟုတ်ပါက မည်သူနည်း။ သူ့အမေသည် မည်သည့်နေရာတွင် ရှိနေသည်လဲ?

သူသည် သူ့အမေမှာ မတော်တဆမှုတွင် သူ့အဖေကို ထားခဲ့သည်ဆိုသောအချက်ကို ငြင်းဆန်ချင်နေလေသည်။ သူသည် ဘာကိုပင်ယုံရမှန်း မသိတော့ပါချေ။

ကုနင်းသည်လည်း သေဆုံးနေသော အမျိုးသမီးကို လင်ရှောင်းထင်၏ အမေဟု မထင်နေပါချေ။ သို့သော် သူမသည်လည်း အတွေးသက်သက်သာ ဖြစ်ပြီး သက်သေရှိမနေပါချေ။

လင်ရှောင်းထင် အတွေးထဲကဲ့သို့ပင် ကျင့်ကြံသူများသည် လွယ်လွယ်မသေနိုင်သော်လည်း ပြင်းထန်သော မတော်တဆမှုဆိုပါက တကယ်လည်း သေသွားနိုင်လေသည်။ သူမသည် အဆင့်မြင့်ကျင့်ကြံသူ ဆိုလျှင်တော့ မသေနိုင်သော်လည်း အဆင့်နိမ့်နေသေးလျှင်တော့ သေနိုင်လေသည်။

ထို့ကြောင့် ယွင်ယောင် အမှန်တကယ် သေသွားတာလည်း ဖြစ်နိုင်ပေသည်။

ကုနင်းသည် လင်ရှောင်းထင် မိဘများသေဆုံးမှု‌နှင့်ပတ်သက်ပြီး ထင်မြင်ချက်များကို ပါးစပ်မှတော့ ထုတ်မပြောလိုက်ပါချေ။

“ရှင့်မိဘတွေက ဘယ်မှာဆုံးပါးခဲ့တာလဲ။” ကုနင်းက မေးလိုက်သည်။ သူတို့သည် သံသယ၀င်နေကြပြီ ဖြစ်သောကြောင့် ပိုစုံစမ်းမှ ဖြစ်တော့မည်ပင်။

“ခွန်းလွန်တောင်မှာ ဆုံးခဲ့တာ.. သူတို့တွေ ရာဇ၀တ်ကောင်ကို လိုက်နေတုန်း အဲဒီကောင်က ကိုယ့်မိဘတွေထက် အားကြီးတော့ မယှဉ်နိုင်ခဲ့တာ။”

ရာဇ၀တ်သားသည် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်ခဲ့သည်ဆိုလျှင် ထိုသူမှာ အလွန်သန်စွမ်းသူ ဖြစ်နိုင်သလို သူ့အမေသည် အလွန်အားနည်းသောကြောင့်လည်း ဖြစ်နိုင်လေသည်။

All Chapters