← Chapters

အခန်း (၁၄၆၅-၁၄၇၀)

Vol. 93 Ch. 1465-1470

အခန်း (၁၄၆၅-၁၄၇၀)

Vol. 93 Ch. 1465-1470

အခန်း ၁၄၆၅ ထောင်ထဲထည့်ပစ်လိုက်နိုင်တယ်

မည်သို့ပင်ဖြစ်စေ ကုနင်းကတော့ ပိုပြီးစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။

“ရှောင်းထင် ကျွန်မ ဒီကိစ္စကို ရအောင် စုံစမ်းမယ်.. ရှင်လည်း စုံစမ်းချင်မယ်ဆိုတာကို သိပေမယ့် လောလောဆယ်တော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားလိုက်ပါ.. ရှင်ကပုံမှန်လူသား မဟုတ်တော့ဘူး.. တကယ်လို့ ကျင့်ကြံသူတွေ ရှင့်ကိုတွေ့သွားကြရင် ဒုက္ခရောက်နိုင်တယ်.. ရှင့်အမေလည်း ကျင့်ကြံသူလောကမှာ ရန်သူတွေရှိနေလား မသိနိုင်ဘူး.. တကယ်လို့ရှင့်အမေမှာ ရန်သူတွေရှိနေရင် ရှင်အဆင့်မြင့်ကျင့်ကြံသူ မဖြစ်သေးခင်မှာ သူတို့က လာတိုက်ခိုက်နိုင်တယ်။” ကုနင်းက ပြောလိုက်သည်။

“ကောင်းပါပြီ။” လင်ရှောင်းထင်သည် ကုနင်း၏ စိုးရိမ်မှုကို နားလည်သည်ပင်။

“ပြီးတော့ ဆုံးသွားတဲ့ အမျိုးသမီးက ရှင့်အမေ မဟုတ်ခဲ့ရင်တောင် ရှင့်အမေကိုတော့ အပြစ်မတင်ပါနဲ့.. ဟုတ်ပြီလား။” ကုနင်းက ပြောလိုက်သည်။ သူမသည် လင်ရှောင်းထင်တစ်ယောက် မကောင်းသော အတွေးများ၀င်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

“မတင်ပါဘူး။” သူသည်လည်း သူ့အမေသည် သူ့အဖေအား ထိုကဲ့သို့ ထားခဲ့သည်ဟူသော အချက်ကို မယုံကြည်ပါပေ။ သူသည် သူ့အမေကို လွန်စွာ ချစ်သည်ပင်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အခန်းကို နောက်တစ်ခေါက် ထပ်စစ်ဆေးပြီးနောက် ထွက်သွားလိုက်ကြသည်။ သူတို့သည် အပေါ်ထပ်တွင် နာရီ၀က်လောက်သာ အချိန်ကုန်ခဲ့သောကြောင့် သူတို့ ဧည့်ခန်းထဲ ပြန်ရောက်ချိန်တွင် မည်သူမျှသူတို့ကို မ‌မေးကြပါ‌ချေ။

ကုနင်း နှင့် လင်ရှောင်းထင်တို့သည် လင်မိသားစုအိမ်တွင် ခဏထပ်နေလိုက်ကြပြီးနောက် ပြန်လိုက်ကြသည်။

…

ချီကျီယွဲ့နှင့် ထန်ယရှင်းတို့၏ မင်္ဂလာဆောင်သည် မနက်ဖြန်ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် လူပျို အပျိုညများကို ဒီနေ့ညတွင် သူငယ်ချင်းများ ကိုယ်စီနှင့် ဖြတ်သန်းကြမည် ဖြစ်သည်။ သူတို့သည် ပျော်ရွှင်စွာ ပါတီပွဲ ကျင်းပနေကြသည်။

ကုနင်းသည် ထိုပါတီပွဲ၌ မသင့်တော်သော အရာများကို လုပ်ကြမည်ကို သိသောကြောင့် သူမ လင်မိသားစုအိမ်မှ ထွက်လာလိုက်သည်နှင့် ကေကို ဖုန်းခေါ်လိုက်ကာ သူတို့၏ တည်နေရာကို ရှာဖွေခိုင်းလိုက်သည်။

၁၀ မိနစ်ခန့်ကြာသောအခါ ကေက ပြန်ဖုန်းဆက်လာပြီး ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့ကို တာ၀န်ပေးလိုက်သည်။ သူမသည် သူတို့အား ချီကျီယွဲ့နှင့် ထန်ယရှင်းတို့ကို လိုက်လံထောက်လှမ်းခိုင်းလိုက်ခြင်း ဖြစ်သည်။

လင်ရှောင်းထင်သည် ကုနင်းနှင့် ထန်ယရှင်းတို့ကြားတွင် ရှိထားသော ပဋိပက္ခများကို သိထားသော်လည်း ထိုနှစ်ယောက်၏ မင်္ဂလာပွဲသည် မနက်ဖြန်ဖြစ်ကြောင်းကို လည်းကောင်း၊ ထိုနှစ်ယောက်၏ မင်္ဂလာပွဲ၌ ကုနင်းက လက်စားချေရန် ကြံစည်ထားသည်ကိုလည်းကောင်း မသိထားပါချေ။ ကုနင်းသည် သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောထားသောကြောင့် သူကလည်း ရှည်ရှည်ဝေးဝေး မမေးတော့ခြင်း ဖြစ်သည်။

လင်ရှောင်းထင် ဘာမှမေးမနေသော်လည်း ကုနင်းကလည်း သူ့အား လျှို့ဝှက်ထားဖို့ အစီအစဉ် မရှိပါချေ။ သို့သော် သူမ၏ အစီအစဉ်ကို ပြောမပြခင်တွင် လင်ရှောင်းထင်သည် မနက်ဖြန်တွင် စစ်စခန်းကို ပြန်‌သွားရတော့မည် ဖြစ်ကြောင်း၊ သူ အားနိုင်မည့် နောက်အပတ် ပိတ်ရက်မှသာ လာတွေ့နိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ထို့ကြောင့် ကုနင်းသည်လည်း ခေါင်းသာညိတ်ပြလိုက်ကာ ဘာမှပြောမနေတော့ပါချေ။

…

ပိုင်လီကျုံးယန်နှင့် သူ့ညီမတို့သည် ရာစုနှစ်မြို့တော်အိမ်ရာတွင် နေကြသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လင်ရှောင်းထင်ထံမှ ညအလင်းပုလဲကို အာရုံခံမိသွားမှာစိုးပြီး အခြားနေရာသို့ ပြောင်းအိပ်ရမည် ဖြစ်သည်။

လင်ရှောင်းထင်တွင် ညအလင်းပုလဲ ရှိ‌မနေလျှင်တောင် သူတို့သည် လေကျင့်ကြံခြင်းကို အာရုံခံမိနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လင်ရှောင်းထင်အိမ်တွင်သာ ပြန်အိပ်ဖို့ စီစဉ်လိုက်ကြသည်။

အချိန်သည် ညကိုးနာရီထိုးခါနီး ဖြစ်နေသော်လည်း ကားလမ်းမတွင် ကားများ ပိတ်နေတုန်းပင် ဖြစ်သည်။

တက္ကသိုလ်ဂိတ်ပေါက်တစ်ခုနားသို့ ဖြတ်သွားချိန်တွင် သူတို့သည် လူငယ်အုပ်စုတစ်စု ရန်ဖြစ်နေပုံကို တွေ့လိုက်ရသည်။

ကုနင်း ထွေထွေထူးထူး တွေးမနေပါပေ။ သူမသည် ကျောင်းသားအုပ်စုတစ်စုဟုသာ တွေးမိလိုက်သည်။ သို့သော် သူတို့ကားသည် ထိုအုပ်စုရှေ့မှ ဖြတ်လိုက်ချိန်တွင် လူငယ်တစ်ယောက်ကို နောက်တစ်ယောက်က လမ်းမဆီသို့ တွန်းလိုက်သောကြောင့် ကားဖြင့် တိုက်မိမလို ဖြစ်သွားသည်။

ကံကောင်းစွာပင် လင်ရှောင်းထင်သည် ကားကို ထိုလူငယ်နှင့် ၄၀ စင်တီမီတာခန့်အကွာတွင် ဘရိတ်အုပ်လိုက်လေသည်။ လင်ရှောင်းထင် သည် စက္ကန့်အနည်းငယ်သာ နောက်ကျပြီး ရပ်လိုက်ပါက ထိုလူငယ်လည်း အတိုက်ခံရနိုင်လေသည်။

ကုနင်း ထိုဖြစ်ရပ်ကို မြင်ပြီး အလွန်စိတ်တိုသွားသည်။

ထိုလူငယ်ကို လမ်းမဆီသို့ တွန်းလိုက်သူသည် မည်သူပင် ဖြစ်စေ ထိုလူငယ် အတိုက်ခံရပါက ထိုသူလည်း အပြစ်ဒဏ်ခံရမည်ပင်။ ထို့ကြောင့် လင်ရှောင်းထင် ကားရပ်လိုက်သည်နှင့် ကုနင်းသည် ကားပေါ်မှဆင်းကာ ပြောလိုက်သည်။

“ဘာဖြစ်နေကြတာလဲ ဘာလို့လူတစ်ယောက်ကို ကားလမ်းမပေါ် တွန်းရတာလဲ .. ကားနဲ့တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ။” ကုနင်းသည် တွန်းလိုက်သူကို အော်ပြောလိုက်သည်။

ထိုလူငယ်များသည် ကုနင်း၏ အလှတွင် ခေတ္တကြက်သေသေသွားကြသော်လည်း သူမစကားများကို မကျေနပ်သောကြောင့် “သူဘာမှမဖြစ်သွားဘူးလေ။” ဟု ပြန်ပြောလိုက်သည်။

“ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။”

သူမသည် ထိုလူငယ်ကို စိုက်ကြည့်လိုက်ရင်း “ကိုယ့်ကိုကိုယ်ရော ဘာလုပ်မိမှန်း သိရဲ့လား.. ဒါက လူသတ်မှုမြောက်တယ်.. ထောင်ကျသွားနိုင်တယ်။”

ထိုလူငယ်ကတော့ ကြောက်ပင် မကြောက်သွားပဲ မောက်မာသည့်ပုံဖြင့် မျက်နှာကို ချီလိုက်ကာ “ငါ့ကိုထောင်ထဲထည့်မှာတဲ့လား.. ငါဘယ်သူလဲ သိလား.. ငါက…”

သူပြောသည့်စကားမဆုံးခင်တွင် ကုနင်းက ဖြတ်ပြောလိုက်ကာ “ရှင်ဘယ်သူ ဖြစ်ဖြစ် စိတ်မ၀င်စားဘူး.. ကျွန်မကလည်း ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ထောင်ထဲထည့်လိုက်နိုင်တဲ့ သူမျိုးပဲ။” ဟု ပြောလိုက်သည်။ ကုနင်းသည်လည်း ယဉ်ကျေးနေစရာအကြောင်း မရှိတော့ပါချေ။

ထိုလူငယ်သည် ဒေါသထွက်သွားပြီး ကုနင်း၏ လေသံကိုလည်း အံ့ဩသွားသည်။

သူသည် ကုနင်းကို ရိုက်နှက်တော့မည့်ဆဲဆဲတွင် ကုနင်း အနားသို့ လျှောက်လာသူကို တွေ့လိုက်ရပြီး “သ-သခင်လေးလင်။” ဟု တုန်ရီစွာ ပြောလိုက်သည်။

သူသည် လင်ရှောင်းထင်ကို ကောင်းကောင်းသိသူဖြစ်သည်။

လင်ရှောင်းထင်သည် ကိုယ်ထင်ထွက်ပြလေ့မရှိပဲ တစ်ခါတစ်ရံတွင် ရှုကျင်းချန်နှင့် သူနှင့်ရင်းနှီးသော မိတ်ဆွေများ၏ ပွဲလမ်းသဘင်များကိုသာ တက်ရောက်လေ့ရှိသူဖြစ်သော်လည်း လူတော်တော်များများ သူ့ကိုကြောက်ကြသည်။

***

အခန်း ၁၄၆၆ ရုတ်တရတ်ဖြစ်ပေါ်လာသော တွန်းအား

ထိုလူငယ်၏ သူငယ်ချင်းများသည် လင်ရှောင်းထင်ကို မသိသော်လည်း ဖြစ်သွားသော အမူအရာများကြောင့် ကြောက်ရသောသူ တစ်ယောက်ယောက် ဖြစ်ကြောင်း သိလိုက်သည်။

ကုနင်း လှည့်ကြည့်လိုက်သောအခါ လမ်းမဆီ အတွန်းခံရသော လူငယ်သည် ကုချင်းယွင် ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။

အံ့အားသင့်ဖွယ် တိုက်ဆိုင်မှုပါပင်။

ကုနင်းသည် ကုချင်းယွင်နှင့် မတည့်သလို ဖြစ်နေခြင်းမှာ ကုရှောင်ရှောင်ကိစ္စနှင့် ပတ်သက်၍ သူမကို မကျေမနပ် ဖြစ်နေသည်ဟု ထင်နေခြင်းကြောင့် ဖြစ်သည်။ သူမကတော့ ကုချင်းရှန်ကို ခွင့်လွှတ်ခဲ့ပြီ ဖြစ်ပြီး ကုချင်းယွင်ကိုလည်း ရန်သူဟု မသတ်မှတ်ပါချေ။

ကုချင်းရှန်၏မိသားစုတွင် ကုချင်းယွင်သည် ကုနင်းနှင့် ပဋိပက္ခအနည်းဆုံးသူ ဖြစ်သည်။ ထို့ကြောင့် ကုချင်းယွင်သည်သာ သူမအကူအညီ လိုနေပါက ချက်ချင်းကူညီပေးမည် ဖြစ်သည်။

“န-နင်းနင်း” ကုချင်းယွင် ကုနင်းကို တွေ့လိုက်ရသောအခါ အလွန်အံ့ဩသွားသည်။ သူသည် ကုနင်းကို သဘောမကျခဲ့သူဖြစ်ပြီး အနိုင်ကျင့်ခဲ့သော်လည်း ကုချင်းရှန်က ကုနင်းသည် သူ၏ မိသားစုကို များစွာ ကူညီပေးခဲ့သည်ဟု ပြော‌ဖူးလေသည်။ သူမကြောင့်သာ မဟုတ်လျှင် သူ့မိသားစုသည် ဆင်းရဲတွင်းနက်နေမည်ပင်။ ထို့ကြောင့် သူသည် ကုနင်းအပေါ် မုန်းသည့်စိတ်မရှိတော့ပဲ သူလုပ်ခဲ့သော အရာများအတွက် အပြစ်မကင်းစိတ်သာ ဖြစ်နေလေသည်။

တွန်းလိုက်သော လူငယ်သည် ကုချင်းယွင်နှင့် ကုနင်းတို့ စကားပြောနေသည်ကို မြင်လိုက်ရသောအခါ အခြေအနေ မကောင်းမှန်း သိလိုက်သည်။ ကုချင်းယွင်သည် လင်ရှောင်းထင်၏ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးဖြစ်နေနိုင်ပေသည်။

ကုချင်းယွင်သည် လင်ရှောင်းထင်နှင့် တိုက်ရိုက်မပတ်သက်သော်လည်း လင်ရှောင်းထင်သည် သူ့မိတ်ဆွေ၏ မိတ်ဆွေပင် ဖြစ်နေလင့်ကစား ဒီတိုင်း ကျော်သွားပေမည် မဟုတ်မှန်း သိလေသည်။

“ဘာဖြစ်တာလဲ။” ကုနင်းက ကုချင်းယွင်ကို မေးလိုက်သည်။

သူမပုံစံသည် တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သော်လည်း သူ့ကို စိုးရိမ်နေပုံပေါ်နေသည်။ ကုနင်းသည် ကုချင်းယွင်တစ်ယောက် သူမအပေါ် အမုန်းတရားလည်း မရှိတော့ကြောင်း သိလိုက်လေသည်။ သို့သော်သူမသည် ကုချင်းယွင် တစ်ယောက် သူမကို မည်သို့ပင် သဘောထားသည်ဖြစ်စေ သူသာ သူမအပေါ် ကောင်းကောင်းဆက်ဆံပါက သူမကလည်း ကောင်းပေးမည် ဖြစ်သည်။ တကယ်တော့ ကုချင်းယွင်သည်လည်း သူမ၏ အောင်မြင်လာမှုများကြောင့် ပြေပြေလည်လည် ပေါင်းသင်းခင်မင်ချင်နေလေသည်။

“ကျောင်းက သူငယ်ချင်းတွေနဲ့ ရန်ဖြစ်နေတာပါ။” ကုချင်းယွင်သည် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ သူသည် ထိုသူငယ်ချင်းများကို ကြောက်နေခြင်း ဖြစ်သည်။ တကယ်တော့ သူ့ကို အနိုင်ကျင့်နေသူ လူငယ်သည် မြို့တော်ရှိ အရှိန်အဝါကြီးသော မိသားစုမှ မွေးဖွာလာသူတစ်ဦးပင်။

ကုနင်းသည် ထိုလူငယ်ကို ချက်ချင်းပညာပေးလိုက်နိုင်သော်လည်း သူမ မရှိသည့်နောက်ပိုင်းတွင် ထပ်အနိုင်ကျင့်နိုင်သည်ပင်။ ကုနင်းသည် သူ့အား အချိန်တိုင်း ကူညီ၍ မရနိုင်သည် မဟုတ်ပါလား။ ထို့အပြင် ကုချင်းယွင်သည်လည်း ကုနင်းတစ်ယောက် သူ့အပေါ် အမှန်တကယ် ခွင့်လွှတ်မလွှတ်ကို မသိသေးပေ။

“အသေးစိတ်ပြောပြပေးပါ။” ကုနင်း အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။

ကုနင်းသည် ကုချင်းယွင်နှင့်စကားပြောနေစဉ်တွင် အခြားသူများသည် ဘာမှ၀င်မပြောရဲကြပေ။ လမ်းမသို့ တွန်းလိုက်သော လူငယ်ကတော့ ကြောက်လန့်၍ပင် နေလေသည်။ သူသည် အပြစ်ပေးခံရမည်ကို သိသော်လည်း လင်ရှောင်းထင်သည် သူ့အားလျှော့‌လျှော့ပေါ့ပေါ့ အပြစ် ပေးဖို့သာ မျှော်လင့်နေလေသည်။

ကုချင်းယွင်သည် ကုနင်းကို အနည်းငယ်ကြောက်ရသောကြောင့် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ ကုနင်း သူ့အား မကူညီပါက အခြေအနေကတော့ ပိုဆိုးသွားနိုင်သည်ပင်။

ကုချင်းယွင်သည် အသက်၀၀ရှူလိုက်ရင်း “ငါ့မှာ ချစ်သူကောင်မလေး ရှိတယ်.. သူက ငါတို့ အတန်းမှာ အလှဆုံးပဲ.. စာလည်းတော်တော့ ယောင်္ကျားလေးတွေကြားမှာ ရေပန်းစားတာပေါ့.. အဲဒါကို ဒီကောင်တွေက အတင်းဖြတ်ခိုင်းကြတာ ငါက မဖြတ်နိုင်တော့ ဒီလိုတွေလုပ်ကြတာပဲ။” ဟု ပြောလိုက်သည်။ ကုချင်းယွင်သည် ကုနင်းနှင့် တွေ့ဆုံလိုက်ရခြင်းကို အလွန်ပင် ကံကောင်းသည်ဟု ခံစားနေရလေသည်။

သူ့စကားအရဆိုလျှင် ကုချင်းယွင်၏ ချစ်သူသည် အတော်လှသော မိန်ကလေး ဖြစ်နိုင်သောကြောင့် ကုနင်းသည် သိပ်တော့ မအံ့ဩမိပါပေ။ ကုနင်းသည်လည်း လှပကျော့ရှင်းသူဖြစ်ပြီး ကုမိသားစု၀င်အများစုမှာ ဆွဲဆောင်မှု ရှိသူများ ဖြစ်ကြသည်။ ကုချင်းယွင်သည်လည်း ချောမောခန့်ညားသူဖြစ်သောကြောင့် သူ၏ ချစ်သူသည်လည်း လှပကျော့ရှင်းနိုင်ပေသည်။

“ချင်းယွင်.. ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ငါတောင်းပန်ပါတယ်.. ငါ့အမှားပါ.. ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်.. ငါ့ကိုခွင့်လွှတ်ပေးပါ။” တွန်းလိုက်သောလူငယ်သည် ကုချင်းယွင်ကို တောင်းပန်လိုက်သည်။

တကယ်တော့သူသည် လင်ရှောင်းထင်ကို ကြောက်နေခြင်းဖြစ်သည်။ သူသာ ကုချင်းယွင်ကို ဆက်အနိုင်ကျင့်နေမည်ဆိုပါက လင်ရှောင်းထင်သည် သူ့ကို စိတ်ဆိုးနိုင်ပြီး လင်ရှောင်းထင်ကို သူက ပြန်ရန်တွေ့မည် ဆိုလျှင်လည်း သူ့မိသားစု ဒုက္ခရောက်နိုင်ပေမည်။

သူ့မိသားစုသည် အလွန်ချမ်းသာသောကြောင့် သူသည်ကျောင်းတွင် အနိုင်ကျင့်လေ့ရှိသော်လည်း လင်မိသားစုနှင့် ယှဉ်လျှင်တော့ သူတို့မိသားစုသည် ပမွှားသာ ဖြစ်သည်။

ကုချင်းယွင်သည် သူ့ပုံစံကိုကြည့်ပြီး အံ့ဩသွားသော်လည်း ဘာမှပြန်မပြောလိုက်ပဲ ကုနင်းကိုသာကြည့်လိုက်သည်။ သူသည် ကုနင်း၏ အတွေးကိုလည်း သိချင်မိသည်ပင်။

“အစ်ကို ဘယ်လိုလုပ်မလဲ။” ကုနင်း ကုချင်းယွင်ကို ပြန်မေးလိုက်သည်။

“ငါ-ငါမသိဘူး” ကုချင်းယွင် ရိုးသားစွာပင် ဖြေလိုက်သည်။

“ကျွန်မပဲ ဖြေရှင်းပေးလိုက်လို့ရမလား။” ကုနင်း ကြင်နာစွာ မေးလိုက်သည်။

“ရတာပေါ့။” ကုချင်းယွင် ချက်ချင်းပင်ဖြေလိုက်သည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရနိုင်သော်လည်း ယခုလုံခြုံနေပြီ မဟုတ်ပါလား။ ကုနင်းသည် အနိုင်ကျင့်သော လူငယ်ကို ပြင်းထန်စွာ ပညာပေးလိုက်နိုင်သော်လည်း ဘာမှအကျိုးထူးမည် မဟုတ်ပေ။ ထို့အပြင် ထိုလူငယ်သည် ကောင်းမွန်စွာပင် ပြန်တောင်းပန်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ကုနင်း သည် ဤတစ်ကြိမ်တွင်တော့ ဘာမှမလုပ်ရန်ဆုံးဖြတ်လိုက်သည်။

***

အခန်း ၁၄၆၇ ကုချင်းယွင်၏ ညီမ၀မ်းကွဲ

ကုနင်းသည် ကုချင်းယွင်မှာ ထိုလူငယ်ကို ပြန်အပြစ်ပေးနိုင်မည် မဟုတ်ကြောင်းကို သိလေသည်။

“အင်း.. ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်.. ဒါပေမယ့် ငါ့၀မ်းကွဲအစ်ကိုနဲ့ သူ့ချစ်သူကို အနိုင်ကျင့်နေတာတော့ ရပ်လိုက်ပါတော့.. မဟုတ်ရင် သင်ခန်းစာကောင်းကောင်း ပေးမှာ မို့လို့ပဲ။” ကုနင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။

ကုချင်းယွင်သည် ကုနင်းတစ်ယောက် သူတို့၏ ဆွေမျိုးတော်စပ်ပုံကိုပြောလိုက်သောအခါ မှင်သက်သွားလေသည်။ သူသည်ရုတ်တရတ် ခံစားချက်များပင် ရှုပ်ထွေးလာသည်။

အနိုင်ကျင့်နေသော အုပ်စုသည်လည်း အံ့ဩထိတ်လန့်သွားသည်။ ကုနင်းသည် ကုချင်းယွင်၏ ညီမ၀မ်းကွဲဖြစ်နေသည် မဟုတ်ပါလား။

“ကောင်းပါပြီ ကောင်းပါပြီ” သူတို့သည် ချက်ချင်းခေါင်းငြိမ့်လိုက်ကြသည်။

“ဪ ပြီးတော့ ရှိသေးတယ်။” ကုနင်းက ထပ်ပြောလိုက်သည်။

“ငါ့အစ်ကိုကို တခြားသူတွေ ထပ်ပြီး အနိုင်ကျင့်တာ မြင်ရင်လည်း သူ့ကို ဝိုင်းကူညီပေးလိုက်ကြပါ.. နားလည်ကြရဲ့လား။” ကုနင်းက ပြောလိုက်သည်။ ကုချင်းယွင်၏ ချစ်သူသည် နာမည်ကြီးသူ ဖြစ်သောကြောင့် တစ်ကြိမ် မဟုတ် တစ်ကြိမ် ဒုက္ခရောက်နိုင်သေးသည်ပင်။ ထိုလူငယ်အုပ်စုသည် အနည်းငယ် အရှိန်အဝါကြီးပုံရသောကြောင့် သူတို့အကူအညီနှင့်ဆိုပါက ကုချင်းယွင်လည်း အန္တရာယ်ကင်းနိုင်လေသည်။

“ရတာ‌ပေါ့။” လူငယ်အုပ်စုသည် သူတို့အတွက် အပန်းမကြီးသော အရာဖြစ်သောကြောင့် သဘောတူလိုက်ကြသည်။

ကုချင်းယွင်ကို အနိုင်ကျင့်သော လူငယ်သည် ကုနင်းမှာ လင်ရှောင်းထင်နှင့် ထူးခြားသော ပတ်သက်မှု ရှိနေမည်ဟု တွေးလိုက်သည်။ သူတို့ လင်ရှောင်းထင်အကြောင်း ယခင်က ကြားဖူးစဉ်ကဆိုလျှင် သူသည် မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေတတ်သည်ဟုသာ သိထားလေသည်။ ယခုတော့ ကုနင်းသည် သူနှင့် နီးကပ်စွာ ရပ်နေသည် မဟုတ်ပါလား။ အကယ်၍ ကုနင်းသည် လင်ရှောင်းထင်၏ ချစ်သူဆိုပါက ကုချင်းယွင်သည်လည်း သူနှင့် ဆွေမျိုးတော်လာနိုင်မည်ပင်။

မည်သို့ပင်ဆိုစေ သူတို့သည် ကုချင်းယွင်ကို ထပ်အနိုင်ကျင့်ကြတော့မည် မဟုတ်ပါချေ။

ကုချင်းယွင်သည် ကုနင်းက သူ့အတွက် ကာကွယ်ပေးသောကြောင့် ၀မ်းသာ၀မ်းနည်း ဖြစ်နေသည်။ ကုချင်းယွင်သည် ကုနင်း သူ့အား ရန်သူအဖြစ် မသတ်မှတ်စေချင်နေပါပေ။ သူတို့သည် အချင်းချင်း မတည့်ကြသော်လည်း သူစိမ်းများမဟုတ်ကြသည်ပင်။ သို့သော် ကုနင်းသည် သူ့အား ရန်သူဟု သတ်မှတ်နေမည်ဆိုပါက သူ့မိသားစု ဒုက္ခရောက်အောင် သူမ ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ပါလား။

ကုနင်းသည် ကုချင်းယွင်အား သူမ၏ နာမည်ကတ်ကို ပေးလိုက်သည်။ “ကျွန်မနံပါတ်ကို မှတ်ထားပါ. အကူအညီလိုရင် အချိန်မရွေးခေါ်နိုင်ပါတယ်။”

သူမသည် ကုချင်းယွင် အပေါ် အနည်းငယ် အေးစက်သလို ဖြစ်နေသော်လည်း သူမခွင့်လွှတ်လိုက်ကြောင်းကတော့ ပေါ်လွင်နေလေသည်။

“ကျေးဇူးပါ နင်းနင်း ငါလုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။” ကုချင်းယွင် အပြစ်မကင်းစိတ်ဖြင့်ပြောလိုက်သည်။

“ရပါတယ် ကျွန်မခွင့်လွှတ်ပါတယ်။” ကုနင်းက ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

လင်ရှောင်းထင်သည် သူမကို လက်တွဲလိုက်ရင်း ကားတံခါးကို ဖွင့်ပေးလိုက်ပြီးနောက် ကားမောင်းထွက်သွားလိုက်သည်။

သူ၏ အပြုအမူကြောင့် အနိုင်ကျင့်နေသော လူငယ်အုပ်စုသည် အံ့အားသင့်သွားလေသည်။ ကုနင်း သည် သူ၏ ချစ်သူဖြစ်ကြောင်း သေချာနေသည် မဟုတ်ပါလား။

တကယ်တော့ လင်ရှောင်းထင် သည် သူနှင့်ကုနင်းတို့၏ ပတ်သက်မှုကို ပေါ်လွင်အောင် တမင်လုပ်ပြလိုက်ခြင်းဖြစ်သည်။ ထိုမှသာ သူတို့လည်း ဆင်ခြင်နိုင်မည် မဟုတ်ပါလား။

ထိုလူငယ်များသည် ကုနင်းနှင့် လင်ရှောင်းထင်တို့ မြင်ကွင်းမှ ပျောက်သွားသည်အထိ တုပ်တုပ်ပင် မလှုပ်ရဲကြပေ။

ကုချင်းယွင်သည် သူတို့နှင့် စကားမပြောချင်တော့သောကြောင့် လှည့်ထွက်ကာ လမ်းလျှောက်သွားလိုက်သည်။ သူတို့သည် ကုနင်း ကျေးဇူးဖြင့် သူ့ကို ဘာမှလုပ်နိုင်တော့မည် မဟုတ်သော်လည်း သူတို့နှင့် မနေချင်တော့သောကြောင့် ဖြစ်သည်။

သူတို့သည်လည်း သူ့အား မည်သို့မျက်နှာချင်းဆိုင်ရမှန်းပင် မသိသောကြောင့် မတားလိုက်ကြပါချေ။

“ဟေး အဲဒီ သခင်လေးလင်ဆိုတာ ဘယ်သူလဲ။” သူတို့သည် လင်ရှောင်းထင် အကြောင်းပြောရင်း ကျန်ခဲ့ကြသည်။

“သူ့နာမည်အပြည့်အစုံက လင်ရှောင်းထင် တဲ့.. သူက မြို့တော်ရဲ့ လင်မိသားစုကပဲ။”

“ဘာ”

လင်ရှောင်းထင်ကို မည်သူမှန်း မသိခဲ့ကြသူအချို့မှာ ယခုမှပင်ကြောက်သွားကြသည်။

သူ့ပုံစံသည် သာမာန်မဟုတ်မှန်းတော့ သိသင့်ခဲ့သည်ပင်။

ကံကောင်းသည့်အချက်ကတော့ ကုချင်းယွင် ဘာမှမဖြစ်သွားခြင်းပါပေ။ အကယ်၍ ကုချင်းယွင်သာ တစ်ခုခုဖြစ်သွားခဲ့ပါက သူတို့ ဒုက္ခရောက်ကြမည်မဟုတ်ပါလား။ သူတို့သည် စဉ်းစားရင်းနှင့်မှ ကံကောင်းသည်ဟု တွေးမိလိုက်ကြသည်။

“ငါကတော့ ကုချင်းယွင် ရဲ့ ညီမ၀မ်းကွဲက သခင်လေးလင်ရဲ့ ချစ်သူဖြစ်နေတာကိုပဲ အံ့ဩမိတယ်။”

“သူဘာမှမဖြစ်သွားလို့ တော်သေးတာပေါ့ မဟုတ်ရင် ငါတို့သေပြီ။”

“ငါတို့နောက်ဆို သူနဲ့ဝေးဝေးနေမှ ဖြစ်တော့မယ်။”

“မင်းရူးနေလား.. ညီမ၀မ်းကွဲက သခင်လေးလင်ရဲ့ချစ်သူပါဆိုမှ သူနဲ့ရင်းနှီးအောင် နေရမှာပေါ့။”

“ဟုတ်တယ်.. သူပြောသွားတာကြားတယ်မလား.. ငါတို့က ကုချင်းယွင် ကို အနိုင်ကျင့်တဲ့သူကိုတွေ့ရင် ကူညီပေးရမယ်တဲ့။”

“ငါတော့ ကုချင်းယွင် ရဲ့ ညီမ၀မ်းကွဲအကြောင်းပဲ သိချင်မိတယ်။”

“ငါရောပဲ သူဘယ်သူပါလိမ့်။”

“သူကတော်တော်လှပြီး ထက်လည်း ထက်မြက်မယ့်ပုံပဲ။”

“သူနဲ့ သခင်လေးလင်က တော်တော်လိုက်ဖက်တယ်။”

“ကဲပါ ငါတို့လည်း ပြန်ကြစို့။”

ထို့နောက် သူတို့ ကျောင်းထဲသို့ပြန်သွားလိုက်ကြသည်။

…

သုန်းဖန်းကျီယွီသည် မကြာမီမှာပင် ကုနင်းအကြောင်းအင်တာနက်တွင် ရှာတွေ့သွားသည်။ သူမသည် နာမည်ကြီးသူ ဖြစ်သောကြောင့် ရှာရမခက်လှပါချေ။

***

အခန်း ၁၄၆၈ ချီကျီယွဲ့၏ မိန်းကလေး

သုန်းဖန်းကျီယွီသည် စစချင်းတွင် ကုနင်းနှင့်ပတ်သက်သော အခြေခံအချက်များ ဖြစ်သည့် သူမအမည်၊ နေရပ်လိပ်စာ၊ မွေးရပ်ဇာတိ စသောအရာများကို သိလိုက်ရသည်။ ထို့အပြင် သူမသည် အမျိုးသားကောလိပ်၀င်ခွင့် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိထားသူ ဖြစ်ကြောင်းကိုလည်း သိလိုက်သည်။

ထို့နောက် ကုနင်း တွင် သူမနာမည်နှင့် ကုမ္ပဏီများစွာ ပိုင်ဆိုင်ထားကြောင်း၊ ငယ်ရွယ်သော်လည်း ဘီလျံနာဖြစ်နေပြီ ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။

ထို့နောက် သူမ၏ ရဲရင့်မှုများအကြောင်း၊ လူ့အသက်ပေါင်းများစွာကို ကယ်ခဲ့ကြောင်းများကို ပုံများ ဗီဒီယိုများနှင့်တကွ တွေ့လိုက်ရပြန်သည်။

ထို့အပြင် လှပသော မိုးမျှော်တိုက်ကြီးသည် သူမပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ထိုအဆောက်အအုံမှာ သူမနာမည်အောက်တွင်ရှိသော စီးပွားရေးလုပ်ငန်းစုကြီး၏ ရုံးချုပ်ဖြစ်ကြောင်း၊ ရာစုနှစ်မြို့တော်အိမ်ရာတွင်လည်း တန်ဖိုးကြီးသော အိမ်များစွာကို ပိုင်ဆိုင်ထားကြောင်းကိုပါ သိလိုက်ရသည်။

ကုနင်း၏ အောင်မြင်မှုများသည် တကယ်တော့ ထိုထက်ပင် ပိုရှိသော်လည်း သုန်းဖန်းကျီယွီ သည် ဟက်ကာမဟုတ်သောကြောင့် သူမအကြောင်း အသေးစိတ် အကုန်လုံးကိုတော့ မရှာနိုင်ပါချေ။

မည်သို့ပင်ဖြစ်စေ လက်ရှိသိလိုက်ရသော အချက်များနှင့်ပင် သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ကို ပါးစပ်အဟောင်းသားဖြစ်စေဖို့ လုံလောက်နေပေပြီ။

ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဘီလျံနာတစ်ယောက်ဖြစ်နေသလို ကွန်ဖူးမာစတာလည်း ဖြစ်နေသေးသည်။

ကုနင်းသည် လွယ်ကူသော ပြိုင်ဖက်တစ်ယောက်တော့ မဟုတ်ခဲ့ပါချေ။ သို့သော် သူမသည် မည်မျှပင် သန်မာပေါစေ ကျင့်ကြံသူများနှင့်တော့ ယှဉ်၍ရမည် မဟုတ်ပေ။ သုန်းဖန်းကျီယွီသည် ထူးချွန်သော ကျင့်ကြံသူ ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ကုနင်းသည် ကွန်ဖူးမာစတာပင် ဖြစ်သော်လည်း သူမတို့ နောက်ယောင်ခံလိုက်နေသည်ကို သိစရာအကြောင်းတော့ မရှိဘူးဟု ထင်နေလေသည်။ သူမသည် ကုနင်း နောက်သို့လိုက်ရာတွင် ပိုဂရုစိုက်လိုက်မည်ဟုသာ တွေးလိုက်သည်။

“ဝိုး သူက မယုံနိုင်စရာပဲ။” ဝူရွှမ်းဟွာသည်လည်း အံ့ဩနေလေသည်။

သူသည် သုန်းဖန်းကျီယွီလောက်တော့ မတော်သောကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု သိပ်မရှိပေ။ ထို့ကြောင့် သူသည် ကုနင်းအား ရှုံးမည်ကို မကြောက်သော်လည်း သတိတော့ ထားရပေမည်။

သုန်းဖန်းကျီယွီကတော့ ကုနင်းကို သိပ်ဂရုမစိုက်ပါချေ။ သူမသည် ကုနင်း၏ အောင်မြင်မှုများအကြောင်း အကုန်မသိသေးသောကြောင့် ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းသည် ချီမှတစ်ဆင့်စွမ်းအင်ကူးပြောင်းခြင်း အဆင့်ကို ရောက်နေပြီ‌ဖြစ်သော်လည်း သူမသည် အတော်ဆုံး ကျင့်ကြံသူထဲတွင်တော့ မပါသေးပါချေ။

အကယ်၍ သူမ၏ ကျင့်ကြံခြင်းသည် ထိပ်ဆုံးသို့ရောက်သွားမည်ဆိုလျှင် သူမ၏ စွမ်းအားသည်လည်း မြင့်တက်သွားမည်ပင်။ ထို့အပြင် သူမသည် ထာ၀ရ ငယ်ရွယ်လှပနေတော့မည် ဖြစ်သည်။

သုန်းဖန်းကျီယွီသည် ချီကို စွမ်းအင်အဖြစ် ကူးပြောင်းသည့် အဆင့်သာ ရှိသေးသော်လည်း နောက်အဆင့်တက်ဖို့ အလွန်ခက်ခဲနေလေသည်။ သူမသည် ထိုအဆင့်တွင် ရပ်တန့်နေသည်မှာ တစ်နှစ်ခန့်ပင် ရှိပြီဖြစ်သည်။

ပိုင်လီကျုံးယန်ကဲ့သို့ နာမည်ကြီးပြီး အရည်အချင်းရှိသော ကျင့်ကြံသူသည်ပင် သူမနှင့်အဆင့်အတူတူပဲ ဖြစ်ပြီး သူကတော့ အလယ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ပိုင်လီကျုံးယန်သည် သုန်းဖန်းကျီယွီထက်တော့ အစွမ်းပိုရှိပြီး ကုနင်းသည်ပင် ကျောင်းလုံ၏ အကူအညီပါလျှင်တောင် အနိုင်ရမည် မဟုတ်ချေ။

လင်ရှောင်းထင် ကတော့ စွမ်းအင်ကို ချီ အဖြစ်ကူးပြောင်းခြင်း၏ ပထမအဆင့်ပင် ရှိသေးသည်။ သူသည် အတွေ့အကြုံများလာလျှင်တော့ လူသားများ မမြင်နိုင်သည့် အရာများကို မြင်လာနိုင်မည် ဖြစ်သည်။

တစ်နည်းပြောရလျှင် သူသည် ဝိဉာဉ်များ တစ္ဆေများကို ကုနင်းကဲ့သို့ မြင်ရတော့မည် ဖြစ်သည်။ ကျင့်ကြံသူများအားလုံး ထိုကဲ့သို့ လုပ်နိုင်ကြသည်ချည်းပင်။

“အဲဒီတော့ ဘာဖြစ်လဲ.. သူကလူသားပဲကို။” သုန်းဖန်းကျီယွီ မကျေမနပ် ပြောလိုက်သည်။ သူမသည် လူသားများကို အထင်သေးသည့်စိတ် ရှိနေသည်ပင်။

သုန်းဖန်းကျီယွီသည် အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကုနင်းကို မုန်းနေခြင်း ဖြစ်သည်။ ကုနင်းသည် လူသားဖြစ်နေသောကြောင့် သူမနှင့် အမြဲနှိုင်းယှဉ်နေခြင်းပင်။

ဝူရွှမ်းဟွာသည် ဘာမှမပြောတော့ပါချေ။ သုန်းဖန်းကျီယွီသည် ကုနင်းကို သဘောမကျဖြစ်နေသည် မဟုတ်ပါလား။

…

ကောင်းယိနှင့် ချောင်ယတို့သည် အသုံး၀င်သည့်အရာ တစ်ခုကို ရှာတွေ့လိုက်ကြသည်။

ကောင်းယိသည် ချီကျီယွဲ့နောက်ကို လိုက်ကာ မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည့်ဗီဒီယိုကို ရိုက်ထားသည်။ သူတို့သည် အတူသောက်စားနေကြသော်လည်း မိန်းကလေးသည် အမူးလွန်နေသောကြောင့် ချီကျီယွဲ့သည် ထိုမိန်းကလေးအား အိမ်ပြန်လိုက်ပို့မည့်အကြောင်း ပြောလိုက်သည်။ ထို့နောက် သူတို့သည် ကားထဲ ၀င်သွားကြသော်လည်း ချီကျီယွဲ့သည် စက်ကိုမနှိုးသေးပေ။

ကောင်းယိသည် ချီကျီယွဲ့ ကား၏ ရှေ့လေကာမှန်တွင် လျှို့ဝှက်ကင်မရာနှင့် အသံဖမ်းစက်တို့ကို တိပ်ဖြင့်ကပ်ထားပြီး ဖြစ်သည်။ ထိုကင်မရာသည် ကားထဲမှ ဖြစ်နေသမျှကို မှတ်တမ်းတင်ရိုက်ကူးထားနိုင်သော်လည်း အသံဖမ်းစက်ကတော့ ထူထဲသော ကားမှန်ကြောင့် အသံများကို မဖမ်းလိုက်နိုင်ပေ။

ကောင်းယိသည် တစ်နေရာတွင် စောင့်ဆိုင်းပြီး စောင့်ကြည့်နေလိုက်သည်။

ချီကျီယွဲ့သည် မိန်းကလေးကို ဆွဲလှဲချလိုက်ပြီး အတူနေလိုက်သည်။

ကားသည် အတန်ကြာလှုပ်ခါနေပြီးနောက် ရပ်တန့်သွားသည်။ သူတို့သည် သူတို့၏ လုပ်ရပ်များကို တခြားသူများအား မမြင်စေချင်ကြချေ။

အတန်ငယ် ပျော်ပါးလိုက်ကြပြီးနောက် မိန်းကလေးသည် ချီကျီယွဲ့၏ ရင်ခွင်ထဲသို့ ၀င်လိုက်ကာ ငိုကြွေးလိုက်ရင်း “ကျီယွဲ့ ရှင်က မနက်ဖြန် လက်ထပ်ရတော့မှာလေ.. ကျွန်မဘာလုပ်ရမလဲ.. ဒီလိုပဲ လမ်းခွဲလိုက်ရမှာလား။”

ထိုမိန်းကလေးသည် ဟန်ဆောင်နေခြင်း မဟုတ်ပဲ အမှန်တကယ်ပင် အသည်းကွဲနေခြင်း ဖြစ်သည်။

“ကိုယ်လက်ထပ်ပြီးရင်တောင် အတူရှိနေလို့ ရပါသေးတယ်.. အမြဲတမ်းတော့ တွေ့နိုင်မှာ မဟုတ်ဘူးပေါ့.. ဒါပေမယ့် စိတ်မပူပါနဲ့.. ကိုယ်ပြောခဲ့သလိုပဲ ကိုယ် ထန်ယရှင်း ကို လုံး၀မချစ်ပါဘူး.. တကယ်တော့ ထန်မိသားစုရဲ့ ပိုင်ဆိုင်မှုကို ရယူပြီး လက်စားချေချင်လို့ သူနဲ့ လက်ထပ်တာပါ.. ကိုယ်လုပ်စရာတွေပြီးသွားတာနဲ့ သူနဲ့ ကွာရှင်းပြီး မင်းကို လက်ထပ်မှာပါ။”

သူသည် အသံကိုနှိမ့်ပြောခြင်း မရှိသည့်အတွက် ထိုစကားသံများကို ပီသစွာပင် အသံသွင်းနိုင်သွားလေသည်။

“ကျွန်မကို ရှင်စွန့်ပစ်မှာ မဟုတ်မှန်း သိပါတယ်.. ကျွန်မ ဒီတိုင်း ၀မ်းနည်းမိလို့ပါ.. ဘာတွေပဲ ဖြစ်နေနေ ကျွန်မက ရှင့်အတွက် ရှိနေမှာပါ။”

ထို့နောက် ချီကျီယွဲ့သည် မိန်းကလေးကို အိမ်ပြန်ပို့လိုက်သည်။

***

အခန်း ၁၄၆၉ မိန်းမကို မှီခိုခြင်း

ထန်ယရှင်းကတော့ ထူးထူးထွေထွေ လုပ်မနေပဲ အိမ်ကို ည ၁၂ နာရီတွင် တန်းပြန်ခဲ့သည်။

ည ၁ နာရီခန့်တွင် ကုနင်းသည် ကောင်းယိထံမှ အီးမေးလ် ရရှိခဲ့သည်။ သူမသည် ထိုအချိန်တွင်တော့ အိပ်ပျော်နေပြီ ဖြစ်သည်။

နောက်တစ်နေ့တွင် လင်ရှောင်းထင်နှင့် ကုနင်းတို့သည် မနက် ၈ နာရီတွင် မနက်စာစားပြီးကြသော်လည်း ကုနင်းသည် လင်ရှောင်းထင် ပြန်သွားသည်အထိ ၀င်ထားသော အီးမေးလ်ကို မစစ်ရသေးပေ။

သူမသည် ချီကျီယွဲ့ တစ်ယောက် လက်စားချေမည်ဆိုသော စကားကို ကြားလိုက်သောအခါ အလွန်အံ့ဩသွားသည်။ သူမသည် ချီကျီယွဲ့ မှာ ထန်မိသားစုကို လက်စားချေချင်နေကြောင်း မသိခဲ့ပါချေ။

သူမသာ စောစော သိနိုင်ခဲ့မည်ဆိုလျှင် သူမသည် ချီကျီယွဲ့တစ်ယောက် ထန်မိသားစု အပေါ် ကြံစည်ထားမှုများကို ကြိုစုံစမ်းထားနိုင်မည် ဖြစ်သော်လည်း ယခုတော့ နောက်ကျသွားပြီဖြစ်သည်။ သို့သော် သူမတွင်လည်း အစီအစဉ် ရှိနေလေသည်။ သူမသည် ထန်မိသားစုအပေါ် လက်စားလာချေမည့် အချိန်ကို မစောင့်နိုင်တော့ပါချေ။

သူမ၏ လူ၀င်စားမှုသည် တစ်နှစ်ပြည့်ပြီဖြစ်သောကြောင့် သူမ၏ အစီအစဉ်ကို အကောင်အထည် ဖော်ရပေမည်။

ချီကျီယွဲ့နှင့် ထန်ယရှင်းတို့၏ မင်္ဂလာဆောင်သည် ထန်မိသားစုပိုင်ဆိုင်သော လှပသည့် ခြံ၀န်းကြီးထဲတွင် ပြုလုပ်မည် ဖြစ်သည်။ ကုနင်းသည် ထိုမနက်ပိုင်းတွင် အားနေသော်လည်း လင်ရှောင်းထင်၏ အိမ်တွင်သာနေမည်ဟု ဆုံးဖြတ်လိုက်သည်။

သူမ ကုမ္ပဏီသွားလျှင်လည်း သုန်းဖန်းကျီယွီက စောင့်နေမည်ကို သိသောကြောင့် မသွားလိုက်ချေ။ ထို့အပြင် သုန်းဖန်းကျီယွီအနေဖြင့် သူမ၏ လိပ်စာကိုလည်း ရှာရန် မခက်မည်ကို သိသောကြောင့် ရာစုနှစ်မြို့တော်အိမ်ရာတွင်လည်း မနေလိုက်ပါချေ။

ကုနင်း အတွေးမှန်ကန်လေသည်။ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် အမှန်တကယ်ပင် ရာစုနှစ်မြို့တော်အိမ်ရာနှင့် ရှန်းနဉ်အဖွဲ့အစည်းတို့တွင် မနက်အစောကတည်းမှ စောင့်နေခဲ့လေသည်။ သူတို့သည် သူမနောက်သို့ စီစဉ်ထားသည့်အတိုင်းလိုက်ရန် ကြံစည်ကြသော်လည်း ထင်သလို ဖြစ်မလာပါချေ။ သူတို့သည် မှော်စွမ်းအင်ကို အမြန်ဆုံး ရယူချင်နေကြသောကြောင့် စိတ်အပျက်ကြီး ပျက်နေကြလေသည်။

ဝူရွှမ်းဟွာသည် ရာစုနှစ်မြို့တော်အိမ်ရာ၏ အပြင်ဘက်တွင် ၇ နာရီကတည်းမှ စောင့်နေခြင်း ဖြစ်သည်။ သူသည် ကုနင်းကို မတွေ့လိုက်သော်လည်း ပိုင်လီကျုံးရွှယ်တစ်ယောက် လမ်းထွက်လျှောက်လာသည်ကိုတော့ အမှတ်မထင် တွေ့လိုက်ရသည်။

သူသည် ပိုင်လီကျုံးရွှယ်ကို တွေ့လိုက်ရသောအခါ အလွန် အံ့ဩသွားသည်။ သူသည်လည်း ပိုင်လီကျုံးရွှယ် တစ်ယောက် ကုနင်းနှင့် ပတ်သက်၍ သိချင်နေမည်ဟု တွေးလိုက်မိသည်။

သူ မသိသောအရာမှာ ပိုင်လီကျုံးယန်သည် ထိုနေရာတွင် နေခြင်းကို ဖြစ်သည်။ ပိုင်လီကျုံးရွှယ်သည် လမ်းလျှောက်ထွက်လိုက်ရင်း သူ့ထံသို့ တစ်ချက်ကြည့်လိုက်သည်။

သူသည် ချက်ချင်းပင် သုန်းဖန်းကျီယွီကို ဖုန်းခေါ်လိုက်သည်။

“ကျီယွီ .. ငါ ပိုင်လီကျုံးရွှယ်ကို ရာစုနှစ်မြို့တော်အိမ်ရာ မှာ တွေ့လိုက်တယ်” ဝူရွှမ်းဟွာ အံ့ဩသော လေသံဖြင့် ပြောလိုက်သည်။

“ဘာ” သုန်းဖန်းကျီယွီ သည်လည်း အံ့ဩသွားသည်။ “ကုနင်း က ပုံမှန်မဟုတ်ဘူးဆိုတာ သူတို့ရော သိကြလား။”

သူမသည် ပိုင်လီကျုံးရွှယ်တစ်ယောက် ရာစုနှစ်မြို့တော်အိမ်ရာ တွင် အကြောင်းမရှိဘဲနေမည် မဟုတ်ကြောင်း သိလိုက်သည်။ တိုက်ဆိုင်မှု မဖြစ်နိုင်ပါပင်။

တကယ်တော့ တိုက်ဆိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ပိုင်လီကျုံးယန်သည် ရာစုနှစ်မြို့တော်အိမ်ရာကို ကုနင်း မတိုင်ခင် ရောက်နေခဲ့ခြင်းဖြစ်ပြီး ကုနင်းသည်လည်း ပိုင်လီကျုံးယန်နှင့် မတော်တဆ တွေ့ဆုံခြင်း ဖြစ်သည်။

“ကုနင်းက အိမ်ထဲက ထွက်မလာသေးဘူးလား။” သုန်းဖန်းကျီယွီ မေးလိုက်သည်။ အချိန်သည် ၉ နာရီပင် ရှိပြီ ဖြစ်သောကြောင့် ကုနင်းသည် အလုပ်သွားရတော့မည် ဖြစ်သည်။ ကုနင်းသည် သူဌေးဆိုသော်လည်း ၀န်ထမ်းများကဲ့သို့ပင် ရုံးတက်သင့်ပေမည်။

“အခုထိတော့ မတွေ့သေးဘူး.. မင်းဘက်မှာရော။” ဝူရွှမ်းဟွာက ပြန်မေးလိုက်သည်။

သူသည် ရာစုနှစ်မြို့တော်အိမ်ရာ၏ ဂိတ်၀ကိုသာ အာရုံစိုက်နေမိခြင်း ဖြစ်ပြီး တကယ်တော့ နောက်ထပ် ထွက်ပေါက်တစ်ခုလည်း ရှိသေးပေသည်။

သူသည် အရှေ့ဂိတ်တွင် ရှိနေခြင်း ဖြစ်ပြီး ထိုနေရာ၏ အနောက်တွင်လည်း ဂိတ်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ကုနင်းသည် ရာစုနှစ်မြို့တော်အိမ်ရာ၏ အရှေ့ဘက်ဂိတ်မှ ထွက်လေ့ရှိသောကြောင့် သူလည်း ထိုနေရာတွင် စောင့်နေခြင်းပင်။ ထိုဂိတ်သည် အဓိကလမ်းမနှင့်လည်း နီးလေသည်။

အကယ်၍ ကုနင်းသာ အနောက်ဂိတ်မှ ထွက်သွားခြင်း မှန်သည်ဆိုပါက သူမသည် အခြားကိစ္စတစ်စုံတစ်ရာ မရှိလျှင် သူတို့လိုက်နေမှန်း သိသွားခြင်းကြောင့်ပင် ဖြစ်နိုင်မည်။

ဝူရွှမ်းဟွာကတော့ သူမ သိထားသည်ဟု မထင်နေ။

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ ကုနင်းတွင် နောက်ထပ်ကားတစ်စီးရှိနေပြီး ဒါရိုင်ဘာက မောင်းသွားခြင်း ဖြစ်ပေမည်။ ထိုသို့ဆိုလျှင်တော့ သူမ၏ ကားတိုင်းကို မသိသောကြောင့် လွတ်သွားခြင်းလည်း ဖြစ်နိုင်ပေမည်။

“ဘာမှကို မတွေ့တာ.. သူအိမ်မှာပဲ ရှိသေးတာလား မသိဘူး။” သုန်းဖန်းကျီယွီက ပြောလိုက်သည်။ သူတို့သည် ကုနင်းက မျက်ခြေဖြတ်နေသည်ကို မယုံနိုင်ဖြစ်နေခြင်းပင်။

သူတို့သည် ထိုနေ့တွင်လည်း စောင့်ဆိုင်းခြင်းဖြင့် အချိန်များ ကုန်သွားပြန်သည်။

ဝူရွှမ်းဟွာသည် ပိုင်လီကျုံးရွှယ်ကို တွေ့သော်လည်း သူမနောက်ကိုတော့ လိုက်ဖို့ စိတ်ကူးမရှိပါချေ။ ပိုင်လီကျုံးရွှယ်သည် ထက်မြက်သော ကျင့်ကြံသူဖြစ်သောကြောင့် သူ့ကို အလွယ်တကူ သတိထားမိသွားနိုင်လေသည်။

ထို့အပြင် သုန်းဖန်းကျီယွီသည် ကိုလိန်းဆေးဝါးများတွင် ပါနေသော မှော်အစွမ်းအကြောင်းကို အလွန်သိချင်နေပြီး ရာစုနှစ်မြို့တော်အိမ်ရာ တွင် အိမ်‌၀ယ်ဖို့လည်း မတတ်နိုင်သေးသောကြောင့် ကုနင်းကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

…

ထိုအချိန်တွင် ကုနင်းသည် လင်ရှောင်းထင်၏ အိမ်တွင် ရှိနေပြီး သတင်းများဖတ်ကာ အချိန်ဖြုန်းနေလေသည်။

ထန်ယရှင်းနှင့် ချီကျီယွဲ့တို့၏ လက်ထပ်ပွဲသည် အင်တာနက်တွင် နာမည်ကြီးနေပြီ ဖြစ်ရာ လူများသည် ဆိုရှယ်မီဒီယာတွင် သူတို့အကြောင်းများကို ပြောဆိုနေကြသည်။

ထန်မိသားစုသည်လည်း အလွန်ကြွယ်၀ပြီး နာမည်ကြီးသော မိသားစုဖြစ်လေရာ သတင်း‌ထောက်များသည် သတင်းထူးများကို ရယူရန် စောင့်ဆိုင်းလျက် ရှိနေကြသည်။ သို့သော် လူတော်တော်များများသည် သူတို့နှစ်ယောက် လက်ထပ်ပြီး ကြာရှည်ခိုင်မြဲမည်ဟု မထင်ကြချေ။ အနေအထားချင်းကွာခြားလွန်းနေသည် မဟုတ်ပါလား။ ချီကျီယွဲ့သည် ထန်ယရှင်းကို အသုံးချကာ ချမ်းသာချင်နေသူ ဖြစ်သည်။

***

အခန်း ၁၄၇၀ ထန်ယရှင်းနှင့် ချီကျီယွဲ့တို့၏ မင်္ဂလာပွဲ

ချီကျီယွဲ့သည် ထူးချွန်ထက်မြက်သူဖြစ်သော်လည်း ထန်ယရှင်း၏ အကူအညီမရှိလျှင် လက်ထောက်ဒါရိုက်တာတောင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

အစပိုင်းတွင် ထန်ပင်းစန်သည် ချီကျီယွဲ့ကို အောင်မြင်လာမည်ဟု မထင်သောကြောင့် သူ၏ သမီးကို အလွန်ချမ်းသာသော မိသားစုနှင့် လက်ထပ်ပေးဖို့ ရည်ရွယ်ခဲ့လေသည်။ ထို့ကြောင့် သူသည် ထန်ယရှင်းကို ချီကျီယွဲ့ နှင့်အတည်မတွဲဖို့ ပြောထားခဲ့သည်။ သို့သော် ချီကျီယွဲ့သည် နောက်ပိုင်းတွင် ထန်အိုက်နင်း၏ သေဆုံးမှု၌ ပါ၀င်ပတ်သက်လာသောအခါ ထန်ပင်းစန်သည် ချီကျီယွဲ့အား မိသားစုအဖြစ်လက်မခံပါက သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်မည်ကို စိုးသောကြောင့် သူ့သမီးနှင့် လက်ထပ်ဖို့ သဘောတူခဲ့ခြင်း ဖြစ်သည်။

…

ချီကျီယွဲ့သည် သူ့အကြောင်း မကောင်းပြောနေကြသည်ကို တွေ့သောအခါ ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ပါချေ။ မည်သို့ပင်ဖြစ်စေ သူသည် လိုချင်သော ပန်းတိုင်ကို ရောက်ရှိနေပြီ မဟုတ်ပါလား။

…

ထန်မိသားစု၏ ခြံ၀န်းထဲတွင် ဖြစ်သည်။

အခမ်းအနားသည် ကောင်းမွန်တင့်တယ်စွာ ပြင်ဆင်ထားသောကြောင့် ခမ်းနားလှပကာ ရိုမန့်တစ်ဆန်နေလေသည်။

နေ့လည် ၂ နာရီတွင် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့သည် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သော်လည်း အချိန်မကျသေးသောကြောင့် အခန်းအသီးသီးတွင် စောင့်ဆိုင်းနေကြသည်။

ချီကျီယွဲ့သည် အဖြူရောင်၀တ်စုံကို ၀တ်ထားပြီး ခန့်ညားချောမော နေလေသည်။

ထန်ယရှင်းကတော့ ပဲရစ်မှ ဒီဇိုင်နာ ဂျေဆင်ကိုယ်တိုင် ချုပ်ပေးထားသော ဂါ၀န်ကို ၀တ်ဆင်ထားကာ ခါတိုင်းထက် ကျော့ရှင်းလှပနေလေသည်။ ထန်ယရှင်းသည် အလွန်ချမ်းသာသော မိသားစုမှ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဘ၀င်မြင့်သော ပုံစံရှိနေသော်လည်း သူမ၏ လက်ထပ်ပွဲနေ့တွင်တော့ တစ်မျိုးလှပထူးခြားနေခြင်းပင်။

ထန်ယရှင်း၏ မိန်းကလေးသူငယ်ချင်းများကတော့ သတို့သမီးအရံများ လုပ်ကြသည်။

“ကျွန်မသမီးက အရမ်းလှနေတာ.. သူ့လောက်လှတဲ့ သတို့သမီးမျိုး မတွေ့ဖူးသေးဘူး။” ကျီယီယင်းသည် သူမသမီးကို ချီးမွှမ်းနေလေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ထန်အိုက်နင်း အကြောင်းတွေးမိပြီး စိတ်မချမ်းမသာ ဖြစ်သွားပြန်သည်။ သူမ ၀န်မခံချင်သော်လည်း ထန်အိုက်နင်းသည် ထန်ယရှင်းထက် ပိုလှသည်။ သို့သော် ကံကောင်းစွာပင် ထန်အိုက်နင်းမှာ သေသွားပြီ ဖြစ်သည်။

ထန်အိုက်နင်း၏ မိခင်ကို မြင်နေရခြင်းကိုပင် ထန်ပင်းစန်သည် မျက်စိစပါးမွှေးစူးနေသည်။ ထန်ပင်းစန်သည် သူမကိုအသုံးချကာ အောင်မြင်အောင် လုပ်ခဲ့သည် မဟုတ်ပါလား။

ထန်အိုက်နင်း၏ မိခင်သည် အလွန်ထူးချွန်ပြီး လေးစားခံရသူတစ်ယောက် ဖြစ်သောကြောင့် လူတိုင်းနီးပါးသည် သူ့ကို အပိုင်ဖမ်းသည်ဟု တွေးနေကြခြင်းပင်။

ထိုအခြေအနေတွင် ကျီယီယင်းသည် အခွင့်အရေးကို အသုံးချပြီး ထန်ပင်းစန်၏ အငယ်အနှောင်း အဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့‌အပြင် ထန်အိုက်နင်း၏ မိခင်ကြောင့် ထန်ပင်းစန်သည် ထန်အိုက်နင်းကိုလည်း မုန်းတီးနေကာ သူ၏ သမီးအဖြစ် တစ်ခါမှ သဘောမထားခဲ့ချေ။

“ဟုတ်ပါရဲ့ ယရှင်းက အမြဲလှနေတာပဲ။”

“ဘယ်မိန်းကလေးမှ ယရှင်းလောက် သတို့သမီး၀တ်စုံနဲ့ လှနိုင်မှာ မဟုတ်ဘူး။”

“…”

လူများသည် ထန်ယရှင်းကို ဝိုင်းချီးမြှောက်နေကြသည်။ တကယ်တော့ သူမသည် အလှဆုံးတော့ ဖြစ်မနေသော်လည်း သူမကိုယ်သူမ ယုံကြည်ချက်အပြည့် ရှိနေလေသည်။ သူမသည် အခြားသူများက ဝိုင်းချီးမြှောက်နေသည်ဟု မတွေးပဲ တကယ်ပင် အလှဆုံးဖြစ်နေသည်ဟု တွေးနေခြင်းပင်။

…

ကျီယီယင်းသည် သတို့သမီးအခန်းတွင် ကြာကြာမနေပဲ ဧည့်သည်များကို ကြိုဆိုရန် ထွက်သွားလိုက်သည်။ ထိုအချိန်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ဖျော်ဖြေရေးနှင့် စာနယ်ဇင်းမှ အထင်ကရ ပုဂ္ဂိုလ်များလည်း ရောက်နေကြပြီ ဖြစ်သည်။

ထိုပွဲသည် ထန်ယရှင်းနှင့် ချီကျီယွဲ့တို့၏ မင်္ဂလာပွဲ ဖြစ်သော်လည်း အဆင့်မြင့် ပုဂ္ဂိုလ်များ စုဝေးတွေ့ဆုံကြရာ ပွဲလည်း ဖြစ်ပေသည်။ လူအများစုသည် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ရောက်လာကြသည်ပင်။

အဖိတ်ခံထားရ‌သော သူများသည် ချမ်းသာသော၊ အာဏာရှိသောသူများ ဖြစ်သောကြောင့် မိတ်ဆွေဖွဲ့ရန် အခွင့်အလမ်းလည်း ဖြစ်နေသည်။ ထို့ကြောင့် ရည်ရွယ်ချက် တူညီစွာ ရောက်လာကြသော သူများသည် ဝိုင်းရပ်လျက် အချင်းချင်း စကားပြောနေကြသည်။ အချို့သော ချမ်းသာသည့် လူငယ် မိန်းကလေး ယောင်္ကျားလေးများကတော့ အချင်းချင်း စုဝေးကာ တီးတိုးပြောနေကြသည်။

ပုံမှန်အားဖြင့် အဆင့်အတန်းတူညီသော လူငယ်မျိုးဆက်များသည် အချင်းချင်း အဖွဲ့ကျသွားတတ်ကြသည်ပင်။ သူတို့တွင် မိသားစုနောက်ခံများအရ အိမ်ထောင်ရေးတွင်လည်း ရွေးချယ်စရာ များများစားစား မရှိကြသည်ဖြစ်ရာ အချင်းချင်းထဲမှပင် လှည့်ပတ်ရွေးရမလို ဖြစ်နေခြင်းပင်။

“ဟိုမှာကြည့် သူက သခင်လေးလျှိုတဲ့.. သူ့အဖေက အစိုးရပိုင်းမှာ အဆင့်မြင့် အရာရှိ‌လေ.. သူအမေကတော့ ဖုန်းမိသားစုကတဲ့။”

“အဆင့်မြင့်အရာရှိက စီးပွားရေး လုပ်ငန်းရှင်တွေလောက် မချမ်းသာပေမယ့် ဖုန်းမိသားစုက သခင်လေးလျှို့ရဲ့ အဖေကို မှီခိုပြီး စီးပွားရေးကို ချဲ့ထွင်နေရတာဆိုပဲ။”

“အိုး သူကတော့ သခင်လေး ဝမ်ပေါ့.. သူက ၂၈ နှစ်ပြည့်တော့မှာ.. သူ့မိသားစုက ယွမ်သန်းရာချီချမ်းသာတယ်တဲ့.. ပြီးတော့ သူက အခုထိ လူလွတ်နော်။”

“သခင်လေးမင်က ဟိုမှာပဲ.. သူလည်း အိမ်ထောင်မပြုရသေးပေမယ့် အသက်တော့ ၃၀ ရှိပြီ.. ငါကြားဖူးတာတော့ သူ့ရဲ့ ချစ်သူက သာမာန်မိသားစုက မို့လို့ သူ့မိသားစုက သဘောမတူတာတဲ့။”

“သာမာန်မိန်းကလက ဒီလိုမိသားစုထဲ ဘယ်၀င်လို့ ရမလဲ။”

“ဟိုမှာ သခင်လေးဖူကို မြင်နေရတယ်.. သူ့မိသားစုက သိပ်မချမ်းသာပေမယ့် သူက ဖန်မိသားစုနဲ့ ဆွေမျိုးနီးစပ်တဲ့။”

“…”

“ဟိုမှာကြည့် သခင်မလေးကျိုးက နိုင်ငံခြားကနေ ပညာတော်သင်ပြီး ပြန်လာတာ မကြာသေးဘူး.. သူကအခု သူ့မိသားစု စီးပွားရေးမှာ ၀င်လုပ်နေပြီလေ.. ကံမကောင်းတာက သူ့မှာအစ်ကိုရှိနေတော့ ဘယ်သူကလက်လွှဲယူဖြစ်မလဲပဲ။”

“သခင်မလေးချန်လည်း ဒီနေ့လာတယ်.. သူ့မိဘတွေက နှစ်ယောက်စလုံး အစိုးရပိုင်းမှာ အဆင့်မြင့် အရာရှိတွေပဲ.. သူ့ကို ချွေးမတော်ချင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေများ တန်းစီနေတာဆိုပဲ။”

“သခင်မလေးယွီက ဒီနှစ်ထဲ ၂၂ နှစ်ပြည့်မှာ.. သူက သရုပ်ဆောင် ဝါသနာပါတယ်တဲ့.. ယွီမိသားစုက ဖျော်ဖြေရေးကုမ္ပဏီကြီးပိုင်ထားတာဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ဘူး။”

“…”

အဆင့်အတန်းမြင့်သောသူများသည် သူတို့၏ ချမ်းသာကြွယ်၀မှုများ၊ အရှိန်အဝါများကို မဆုံးရှူံးချင်ကြသောကြောင့် သူတို့အသိုင်းအဝိုင်းထဲမှ သူများကိုသာ အာရုံစိုက်ထားကြလေ့ ရှိသည်ပင်။

All Chapters