ဖခင်အရင်း
Vol. 1 Ch. 76
“ ကျွန်တော် .... “
ထင်းရှီမှာ စကားဆက်မပြောနိုင်တော့ပေ ။သူ၏ပုံစံအားကြည့်ကာ ထင်းချီယင်မှ သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ပြန်သည်။
“ သွေးကြွေးကို သွေးနဲ့ပဲဆပ်နေရင် ဘယ်အချိန်မှပြီးဆုံးမှာလဲ ဘာပဲဖြစ်ဖြစ်မင်းနောက်ထပ်သုံးနှစ်အတွင်း သိုင်းလောကကိုဆင်းလို့မရဘူး ။
ဒါငါ့ရဲ့တောင်းဆိုချက်ပဲ။ ဓားစံအိမ်တစ်ခုလုံးကို ငါပြောထားလိုက်မယ် ။ဒါကြောင့် မင်းဒီသုံးနှစ်အတွင်း ဓားစံအိမ်မှာပဲနေ “
ထင်းချီယင်မှ စကားစဖြတ်ကာ ထွက်သွားလိုက်သည် ။ ထင်းရှီမှာ သူ၏နေရာတွင်ပင်တွေတွေကြီးရပ်နေသည် ။
“ ထင်းရှီ ငါတို့အစ်ကိုကြီးကိုသွားကြည့်ရအောင် “
ထင်းရှောင်ယင်မှ အသံစာစာလေးဖြင့်ပြောလိုက်သည်။ သူမ၏အသံကြောင့် ထင်းရှီလည်း ခေါင်းတစ်ချက်ငြိမ့်ကာ သူမနှင့်အတူရှောင်ကျန်းမင်၏အခန်းတွင်းသို့ ဝင်သွားလိုက်သည်။
အချိန်သုံးလကုန်ဆုံးသွားလေပြီ ။
ရှောင်ကျန်းမင်မှာ ထိုသုံးလအတွင်း ခြေထောက်များမလှုပ်ရှားနိုင်သည်မှအပ အကောင်းပကတိဖြစ်သွားခဲ့သည် ။
သူ့အား ဘီးဖြင့်ကုလားထိုင်တစ်လုံးပြုလုပ်ပေးထားကာ သူ့အတွက်အစေခံတစ်ယောက်ကိုလည်း ဓားကျေးရွာထဲမှခေါ်ထားပေသည်။
ထို့ကြောင့် ရှောင်ကျန်းမင်မှာ ခြေထောက်များမလှုပ်ရှားနိုင်သော်လည်း သူသွားလိုသည့်နေရာများအား သွား၍ရသည်။
ဓားကျေးရွာ၏နောက်ဘက်
ထိုနေရာတွင် သစ်ပင်များထူထပ်စွာပေါက်နေကြကာ နေ့လည်ခင်းပင်ဖြစ်သော်လည်း အနည်းငယ် အုံ့မှိုင်းနေသည် ။
ထိုနေရာတွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လူငယ်တစ်ယောက်မှာတိတ်ဆိတ်စွာထိုင်နေသည်။ ထိုလူငယ်မှာ သူ၏ရင်ခွင်ထဲတွင်ဓားတစ်လက်ပိုက်ထားကာ မျက်နှာအမူအယာလေးနက်နေသည် ။
သူ၏မည်းနက်နေသည့်မျက်စံများမှာ တည်ငြိမ်နေကာ ချောမောသည့်မျက်နှာသာ်လည်း အမူအယာကင်းမဲ့နေသည် ။
သူ၏ပုံစံအရ တစ်စုံတစ်ခုကို နက်နက်နဲနဲစဉ်းစားနေမှန်းသိနိုင်သည်။
“ ကျွီ ကျီ “
သစ်ပင်များနောက်မှထွက်ပေါ်လာသည့်အသံကြောင့် ထိုလူငယ်လည်း ဆက်ခနဲဖြစ်သွား၍ အတွေးထဲမှနစ်မြောသွားသည် ။
သူ၏မျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာကာ ထိုနေရာသို့ကြည့်ကာအော်ဟစ်လိုက်သည် ။
“ အစ်ကိုကြီးကျွန်တော့်ဆီကို လာလည်တာလား “
စကားပြောဆိုပြီးနောက် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ သူထိုင်နေသည့်နေရာမှပျောက်ကွယ်သွားသည်။
ထို့နောက် ဘီးတက်ကုလားထိုင်ကိုတွန်းကာ ထိုနေရာသို့လျှောက်လာခဲ့သည်။ ထိုပေါ်တွင်ရှောင်ကျန်းမင်ရှိနေသည် ။
“ အစ်ကိုကြီး ဘာဖြစ်လို့ချင်ယုကိုမခေါ်ဘဲ ဒီနေရာကိုတစ်ယောက်ထဲလာခဲ့တာလဲ ။ ပြီးတော့ အစ်ကိုကြီးတို့က အမြဲတမ်းအတူတူရှိနေတာမဟုတ်လား ကျွန်တော့်ကိုမေ့သွားပြီတောင်ထင်နေတာ “
ထင်းရှီမှ အနည်းငယ်အံ့အားသင့်သည့်လေသံဖြင့်မေးလိုက်သည်။ သူ၏လေသံထဲတွင် ကျီစယ်လိုသည့်အရိပ်အယောင်တစ်ချို့လည်းပါဝင်သည် ။
ယခု ရှောင်ကျန်းမင်မှာ ထိုနေရာသို့ ဘီးတပ်ကုလားထိုင်ဖြင့် တစ်ဦးတည်းလာခဲ့သည် ။
ချင်ယုမှာ ထင်းချီယင်ဓားကျေးရွာမှခေါ်ဆောင်ထားသည့်အစေခံဖြစ်ကာ အစေခံဟုဆိုသော်လည်း ထင်းရှီတို့ရှောင်ကျန်းမင်တို့နှင့်ပါရင်းနှီးသည်။
ထိုကောင်မလေးမှာ ရိုးသားဖြူစင်ကာ လွန်ခဲ့သည့် သုံးလဓားစံအိမ်သို့ရောက်လာသည့်အချိန်မှစ၍ ရှောင်ကျန်းမင်နှင့် အမြဲလိုလိုအတူရှိတတ်သည်။
ရှောင်ကျန်းမင်မှထင်းရှီ၏စကားကြောင့် ကူကယ်ရာမဲ့စွာပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။
“ ချင်ယုကတော်ပေမယ့် သူမကိုနေရာတကာအားကိုးနေလို့မရဘူးလေ ။အဲဒါက ငါ့ကိုဘာမှမလုပ်နိုင်တဲ့လူပိုကြီးတစ်ယောက်ကိုခံစားရစေတယ် “
ရှောင်ကျန်းမင်၏အဖြေကြောင့် လုဝေမှ ပြုံးလိုက်မိသည်။ ထို့နောက် ရှောင်ကျန်းမင်၏မျက်နှာမှာ တည်ကြည်သွားကာ ဆက်ပြောလိုက်သည်။
“ ငါဒီနေ့လာခဲ့တာက ဒီနေ့မင်းကိုလာမတွေ့ရင် မင်းထွက်သွားတဲ့အခါ ဘယ်လိုလုပ်နှုတ်ဆက်နိုင်မှာလဲ “
ဘီးတပ်ကုလားထိုင်အားတွန်းနေသည့်ထင်းရှီ၏လက်မှာ အနည်းငယ်တုံ့ဆိုင်းသွားသည်။ ထို့နောက် သူ၏မျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာကာ ပြောလိုက်သည်။
“ အစ်ကိုကြီးကနောက်ပြောင်နေပြန်ပြီ ။ကျွန်တော်က ဘယ်ကိုထွက်သွားကမှာလဲ ဒီမှာ သိုင်းလေ့ကျင့်နေကျကို “
သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်နေသည့်အရိပ်အယောင်တစ်ချို့ရှိသည်။
“ ထင်းရှီ မင်းငါ့ကိုညာလို့မရဘူး မင်းနဲ့ငါက ငယ်ငယ်လေးထဲကအတူရှိလာတာ မင်းငါ့ကိုအမှန်အတိုင်းပြောတာကောင်းလိမ့်မယ် “
ရှောင်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာ တိတ်ဆိတ်သွားသည် ။သူ၏နာမည်အရင်းကိုခေါ်ခြင်းမှာ ရှောင်ကျန်းမင်ဒေါသထွက်နေပြီဖြစ်ကြောင်းသိလိုက်သည်။
ထို့ကြောင့် သက်ပြင်းတစ်ချက်ချကာရှောင်ကျန်းမင်၏ရှေ့သို့သွားလိုက်သည်။
“ ဟုတ်တယ်အစ်ကိုကြီး ကျွန်တော်ဒီနေ့ သိုင်းလောကထဲကို ဆင်းမယ် “
ထင်းရှီ၏အဖြေကိုမျှော်လင့်ထားပြီးဖြစ်သော်လည်း ရှောင်ကျန်းမင်မှာ အနည်းငယ်ထိတ်လန့်သွားသည်။
“ ဓားစံအိမ်ရဲ့အပြင်ဘက်ကိုရောက်တာနဲ့ ဝင်္ကပါတွေကိုတွေ့ရလိမ့်မယ် ။ အဲဒီဝင်္ကပါတွေက ဆရာနဲ့အကြီးအကဲဆယ့်နှစ်ယောက်ကလွဲပြီးကျန်တဲ့သူတွေမသိဘူး ။
မင်းမသွားတာကောင်းလိမ့်မယ် “
ရှောင်ကျန်းမင်မှ ထင်းရှီအားဖြောင်းဖျလိုက်သည်။ သို့သော်သူ၏စကားမှာ အရာမထင်ပေ။ ထင်းရှီမှ ပြက်သားသည့်လေသံဖြင့်ပြောလိုက်သည်။
“ လွန်ခဲ့တဲ့နှစ်တွေထဲက ကျွန်တော်သိုးထိန်းကြီးဆီက ဝင်္ကပါပညာရပ်ကိုလေ့လာထားပြီးပြီ။ ဒါကြောင့် ဒီဝင်္ကပါတွေက ကျွန်တော့်ကို အခက်တွေ့စေမှာမဟုတ်ဘူး ။။
ပြီးတော့ စိတ်မပူပါနဲ့ ကျွန်တော်ဝမ်းတုနဲ့ဝမ်းတကို လက်စားချေမှာဟုတ်ပါဘူး ။ ကျွန်တော်ဒီတစ်ခေါက်သွားမှာက အခြားကိစ္စတစ်ခုကြောင့်ပါ ။ “
ထင်းရှီမှ ပေါ့ပေါ့ပါးပါးပြုံးလျက်ပြောလိုက်သည်။
သူ၏စိတ်ဆုံးဖြတ်ထားသည့်လေသံကြောင့် ရှောင်ကျန်းမင်မှာ သက်ပြင်းဖွဖွချလိုက်သည်။
ထို့နောက် တစ်ဦးတည်းမျက်မှောင်ကြုတ်နေကာ စဉ်းစားလျက်ရှိသည် ။ သူ၏ပုံစံမှာ တစ်စုံတစ်ခုအားပြောသင့်မပြောသင့်ဝေခွဲနေပုံရသည်။ နောက်ဆုံးတွင် ဖြေးညင်းစွာပြောလိုက်သည်။
“ ကောင်းပြီလေ မင်းကိုတားဆီးမရတော့လဲ ငါဘာမှမပြောလိုတော့ဘူး။ မင်းကိုတစ်ခုပေးသိစရာရှိတယ် “
ရှောင်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာမျက်မှောင်ကြုတ်သွားကာ ရှောင်ကျန်းမင်အားပြန်ကြည့်လိုက်သည်။
ရှောင်ကျန်းမင်၏လေသံအရ ထိုကိစ္စမှာ အတော်လေးအရေးကြီးပုံရသည်။ ထို့ကြောင့် မည်သည့်အကြောင်းဖြစ်သည်ကို သူအတော်လေးသိလိုလှသည်။
“ ငါ့ရဲ့အဖေ ကျင်းချောင်က ငါ့ရဲ့အဖေအရင်းမဟုတ်ဘူး “
ရှောာင်ကျန်းမင်၏ခပ်တိုးတိုးပြောသံက ထင်းရှီ၏နားထဲတွင်လွန်စွာကျယ်လောင်သွားသည်ဟုခံစားလိုက်ရသည်။
ကျင်းချောင်မှာ စံအိမ်သခင်၏ပညာသင်ဘက်အစ်ကိုဖြစ်ကာ ရှောင်ကျန်းမင်ငယ်စဉ်ကပင် သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထင်းရှီပင်မမြင်ဖူးလိုက်ပေ ။
သို့သော် ယခု ရှောင်ကျန်းမင်မှ ရှောင်ကျင်းချောင်မှာ သူ၏ဖခင်မဟုတ်ဟုပြောဆိုနေသည်။ ရှောင်ကျန်းမင်မှ စိတ်ပျက်သည့်လေသံဖြင့်ခပ်တိုးတိုးရယ်လိုက်ကာ ဆက်ပြောလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် အဖေကျင်းက ငါ့ရဲ့တစ်ဦးတည်းသောဖခင်ပဲ။ သူနဲ့ငါနဲ့အချိန်တွေအကြာကြီးမနေခဲ့ရပေမယ့် သူ့ရဲ့မေတ္တာတွေစေတနာတွေဂရုစိုက်ပေးမှုတွေကို ငါအခုချိန်အထိမှတ်မိနေတုန်းပဲ “
ရှောင်ကျန်းမင်၏လေသံမှာ အနည်းငယ်တုန်ခါနေသည် ။ထင်းရှီလည်း သူ့အစ်ကိုကြီးအား စကားဖြတ်မပြောဘဲ တိတ်ဆိတ်စွာနားထောင်နေလိုက်သည် ။
“ ငါ့အမေသေဆုံးပြီးတော့ ငါနာမည်ပြောင်းခဲ့တာမှတ်မိလား “
ရှောင်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာ ခေါင်းညိမ့်လိုက်သည်။
လွန်ခဲ့သည့်ဆယ့်ငါးနှစ်ကသူ့အစ်ကိုကြီး၏နာမည်မှာ ရှောင်ကျင်းဖန်ဖြစ်သော်လည်း ဒေါ်လေးကျိဟွာသေဆုံးပြီးသည့်နောက်တွင် လက်ရှိနာမည်ဖြစ်သည့် ရှောင်ကျန်းမင်ဟုပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကသူတို့အနည်းငယ်အံ့အားသင့်မိသေးသော်လာ်း အချိန်ကြာလာသည်နှင့်အမျှမေ့ပျောက်သွားခဲ့သည် ။
ယခုထိုနောက်ကွယ်တွင် ဇာတ်လမ်းလေးတစ်ပုဒ်ရှိကြောင်း သူရိပ်မိလိုက်သည်။
“ လွန်ခဲ့တဲ့ဆယ်ငါးနှစ်က ငါ့ရဲ့အမေသေတော့ ငါ့နာမည်အရင်းကိုပြောပြခဲ့တယ်။ ငါ့ရဲ့နာမည်အရင်းက ရှောင်ကျန်းမင်ပဲ။ ဒါကြောင့် ငါနာမည်ပြောင်းခဲ့တာ။
ရှောင်ကျန်းမင်ဆိုတဲ့နာမည်က ငါ့ရဲ့ အဖေအရင်းနာမည်နဲ့တစ်လုံးပဲကွဲတယ်။ ဒီနာမည်ကို ငါပြောင်းခဲ့တာက သူ့ကိုအရမ်းကြီးချစ်ခင်ပြီးတွေ့ချင်လွန်းလို့မဟုတ်ဘူး။ ငါ့အမေအပေါ်သူ့ရဲ့လျစ်လျူရှူမှုကို အမြဲတမ်းသတိရနေအောင်လို့။ “
အရင်တုန်းကတော့ ငါသိုင်းလောကထဲမှာ သူနဲ့တွေ့မှပြောမယ်လို့ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမယ့်ငါအခုလက်ရှိအခြေအနေကိုရောက်တော့ ငါမင်းကိုလွှဲပေးလိုက်မယ် “
ရှောင်ကျန်းမင်၏အသံမှာ ခံစားချက်များဖြင့်ပြင်းထန်နေသည်။ ထင်းရှီမှာ သူ့အစ်ကိုကြီးအား ယခုပုံစံဖြင့်ပထမဦးဆုံးမြင်ဖူးခြင်းဖြစ်သည်။
“ ငါ့အဖေအရင်းက နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ပဲ မင်းသိုင်းလောကထဲကိုရောက်ရင်သူ့ကိုသွားပြီးပြောလိုက်ပါ ။ သူလျစ်လျူရှုထားခဲ့တဲ့ကျိဟွာဆိုတဲ့မိန်းမက သေဆုံးသွားခဲ့ပြီဆိုတာကို “