သုံးနှစ်ကတိ
Vol. 1 Ch. 77
ရှောင်ကျန်းမင်၏လေသံမှာ အထီးကျန်ဆန်သည့်ပုံပေါက်နေသည်။ သူ၏စိတ်ထဲတွက် ထိုအကြောင်းအရာများကိုဆယ့်ငါးနှစ်တိုင်တိုင် သိမ်းဆည်းထားခဲ့ရသည်။
သိုင်းလောကထဲသို့ဆင်းစဉ်က သွမ့်ကျန်းမင်ကိုပါတွေ့ဆုံရန်ရည်ရွယ်ထားခဲ့သော်လည်း ယခုအခြေအနေဖြင့် သိုင်းလောကထဲသို့ဆင်းရန်မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ထင်းရှီအား ယခုသူခိုင်းစေလိုက်ခြင်းဖြစ်သည်
လေရူးမှာ ဝေ့ကာဝိုက်ကာဖြင့်တိုက်ခတ်သွားသည်။ လေအဝေ့တွင် သစ်ပင်များထက်မှ ရော်ရွက်ဈါများကြွေကျလာကြသည်။ နွေရောက်ပြီ။
ရှောင်ကျန်းမင်မှာ ကြွေကျလာသည့်သစ်ရွက်တစ်ရွက်အားဖမ်းယူလိုက်ကာ အဓိပ္ပါယ်မဲ့ငေးကြည့်လိုက်သည်။
သူ၏စိတ်ထဲတွင် မည်သည့်အကြောင်းများတွေးနေသည်ကို ထင်းရှီမသိပေ။ သူ့အစ်ကိုကြီး၏အထီးကျန်ဆန်ကာ တစ်ဦတည်းဝမ်းနည်းနေပုံရသည့်အမူအယာကို ယခု ပထမဦးဆုံးအကြိမ်အဖြစ်သူမြင်တွေ့ရခြင်းဖြစ်သည်။
ရှောင်ကျန်းမင်၏ပင်ကိုပုံစံမှ ရိုးသားပွင့်လင်းကာ အမြဲလိုလိုပြုံးနေတတ်သည့်မျက်နှာရှိသည်။ သူတို့အပေါ်တွင်လည်းအစ်ကိုကြီးပီသစွာ အနွံ့တာခံသည်။ ဂရုစိုက်ပေးသည် ။
ယနေ့ မမျှော်လင့်ဘဲ ရှောင်ကျန်းမင်၏နောက်ထပ်မျက်နှာတစ်ခုကိုသူတွေ့ခဲ့ရခြင်းဖြစ်သည်။
ဆယ့်ငါးနှစ်တာအတွင်း သူတစ်ဦးတည်းကြိတ်၍ခံစားခဲ့ရမည်မှာ မည်မျှပင်ပန်းလိုက်မည်နည်း ။
ထင်းရှီမှာ အနည်းငယ်ဝမ်းနည်းလာကာ သူ၏မျက်ဝန်းထောင့်စွန်းများစိုစွတ်လာသည် ။ သူတို့ညီအစ်ကိုများဟုပြောနေဟည့်တိုင်ရှောင်ကျန်းမင်မှာ တစ်ဦးနည်းကြိတ်၍ခံစားခဲ့ရသည်။
ရှောင်ကျန်းမင်ပြောပြသည်မှာ အကြောင်းအရာတစ်ခုလုံးကိုအကြမ်းဖျင်းဖြစ်သော်လည်း သူမှန်းဆ၍ရသည် ။
နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ဆိုသူမှာ သူတစ်ခါမှမမြင်ဖူးသော်လည်း တာဝန်ယူလိုသောစိတ်မရှိသည့်လူတစ်ယောက်ဖြစ်ရမည်။
သူ၏မိခင်အရင်းကဲ့သို့ဖြစ်သည့် ဒေါ်လေးကျိဟွာအတွက်လည်း သူစိတ်မကောင်းဖြစ်မိသည် ။
“ အစ်ကိုကြီးစိတ်ချပါ ကျွန်တော် သူ့ဆီကိုရောက်အောင်သွားပြီးပြောလိုက်ပါ့မယ် “
ထင်းရှီမှ တည်ကြည်စွာပြောလိုက်သည်။ သူ၏စကားကြောင့် ရှောင်ကျန်းမင်၏မျက်နှာထက်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။
“ ကောင်းပြီ သူကဘယ်လိုလူစားမျိုးလဲဆိူတာငါသေချာမသိပေမယ်ပ နဂါးစိမ်းဂိုဏ်းသားအ တော်များများကတော့ လူကောင်းတွေပါ ။ မင်းသိုင်းလောကထဲကိုဆင်းတဲ့အခါ သူတို့နဲ့ဆုံရင်ကူညီသင့်တယ် “
ရှောင်ကျန်းမင်မှထပ်၍မှာလိုက်သည်။ ထင်းရှီလည်း သူ၏စကားကိုမငြင်းဆန်ဘဲ ခေါင်းညိမ့်ပြလိုက်သည်။
“ အစ်ကိုကြီးနောက်ကို ဒီလိုကိစ္စမျိုးတွေ ကျွန်တော့်ကိုဖုံးကွယ်မထားပါနဲ့ ကျွန်တော်တို့က တစ်နှစ်ထဲတစ်နေ့ထဲတစ်ချိန်တည်းမမွေးခဲ့ပေမယ့် အကောင်းဆုံးညီအစ်ကိုတွေပါ ။ ကျွန်တော့်ကို ကတိပေးပါ “
ထင်းရှီမှ ရှောင်ကျန်းမင်အား ပွေ့ဖတ်ကာပြောလိုက်သည် ။ရှောင်ကျန်းမင်လည်း အနည်းငယ်စိုစွတ်နေသည့်မျက်လုံးများဖြင့်ထင်းရှီအားပြန်၍ပွေ့ဖတ်လိုက်သည်။
“ ကောင်းပါပြီ ငါကတိပေးတယ် မင်းလဲအစစအရာရာဂရုစိုက်ပါ “
ထင်းရှီမှ သူ့အားနှုတ်ဆက်နေသည်ကို သူသိသည်။ ထို့ကြောင့် သူပြန်၍ကတိပေးလိုက်ခြင်းဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ထင်းရှီမှ ထရပ်လိုက်ကာ သူ၏ဓားအားတစ်ချက်ပွတ်လိုက်သည်။
ထိုဓားအိုမှာ သူနှင့်ဆယ့်ရှစ်နှစ်ကျော်အတူရှိခဲ့သည့်နောက် ယခုလည်း သိုင်းလောကခရီးကို အဖော်ပြုပေးရဦးမည်။
“ အစ်ကိုကြီးကျွန်တော်သွားပြီ “
ရှောင်ကျန်းမငိအားနှုတ်ဆက်ကာ နောက်လှည့်ကာလျှောက်သွားလိုက်သည်။
“ မင်းယင်ယင့်ကိုနှုတ်ဆက်မသွားဘူးလား “
ရှောင်ကျန်းမင်၏မေးသံနောက်နားမှပေါ်ထွက်လာသည်။ ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားသည်။
သူ၏စိတ်ထဲတွင် ငယ်စဉ်ထဲက အမြဲလိုလိုအနိုင်ကျင့်ဗိုလ်ကျတတ်ကာ သူ့အပေါ်အနိုင်ယူလိုစိတ်ပြင်းပြသည့်ကောင်မလေး၏မျက်နှာပေါ်ထွက်လာသည်။
ထိုကောင်မလေးမှာ ဆယ့်ရှစ်နှစ်ကြာပြီးသည်အထိမရင့်ကျက်သေးပေ။ ထိုကောင်မလေးအားသွားရောက်နှုတ်ဆက်ရန် သူဝန်လေးနေမိသည်။
“ မသွားတော့ပါဘူးအစ်ကိုကြီးရာ “
ထင်းရှီမှ နောက်လှည့်ကြည့်ကာပြောလိုက်သည် ။ ထိုစဉ် ရှောင်ကျန်းမင်၏မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူအယာပေါ်ထွက်လာသည်။
ထင်းရှီလည်း မျက်နှာတည်ကြည်သွားသည်။ ထို့နောက် သူ၏လက်အားရိပ်ခနဲလှုပ်ရှားကာ နောက်သို့လှည့်လိုက်သည် ။
“ ချွမ်းး “
ပြင်းထန်လှသည့်ထိတ်တိုက်တွေ့ဆုံမှုကြောင့် အသံအကျယ်ကြီးပေါ်လာကာ ရုတ်တရက်ဖြစ်သဖြင့် ထင်းရှီမှာနောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။
သူ့အားဝင်ရောက်တိုက်ခိုက်သူမှာမူ ထင်းရှီအားအနားပေးလိုပုံမရဘဲ ဆက်တိုက်တိုက်ခိုက်လိုက်သည်။
“ ထန်း ထန်း “
ဓားနှစ်လက်မှာ ထိတွေ့မှုအနည်းငယ်ဖြစ်သွားသည် ။ ယခုအချိန်အထိထင်းရှီမှာ တန်ပြန်တိုက်ခိုက်ခြင်းမရှိသေးပေ။ သူ၏ဓားကိုဝေ့ယမ်း၍အေးအေးဆေးဆေးခုခံနေသည် ။
“ ယင်ယင် နင်ဘာဖြစ်နေတာလဲ “
ထင်းရှီမှ ထိုမိန်းကလေးကို စိတ်ရှုက်ထွေးစွာဖြင့်ကြည့်ကာအော်ဟစ်လိုက်သည်။
သူ့အားဝင်ရောက်တိုက်ခိုက်သူမှာ ထင်းရှောင်ယင်ဖြစ်သည် ။ ထင်းရှောင်ယင်မှ ယခုအချိန်အထိ စကားတစ်ခွန်းမှမဆိုသေးဘဲ ပြင်းထန်စွာတိုက်ခိုက်နေသည်။
သူပြန်၍အဖြေရလိုက်သည်က ပြင်းထန်သည့်ဓားချက်များပင် ။ သို့သော်ထင်းရှီမှာ ကောင်းစွာခုခံနိုင်သည် ။
ရှောင်ကျန်းမင်မှာ အပြင်းအထန်တိုက်ခိုက်နေကြသည့်လူနှစ်ယောက်အားကြည့်ကာတစ်စုံတစ်ရာပြောမည်ပြုသည်။ သို့သော် သူမပြောတော့ဘဲ ဦးခေါင်းကိုခါယမ်းလိုက်မိသည်။
ထင်းရှောင်ယင်၏ ပါးလွှာသည့်ဓားလေးမှာ လေထုထဲကို တရွှမ်းရွှမ်းခုတ်ဖြတ်နေသည်။ တစ်ခါတစ်ရံ ထင်းရှီ၏ဓားနှင့်ထိခိုက်ပြီး သူမနောက်သို့အနည်းငယ်ဆုတ်ပေးလိုက်ရသည်။
ပထမတိုက်ခိုက်မှုမှာ သူမအလစ်ဝင်တိုက်ခြင်းဖြစ်သဖြင့် သူမအသာစီးရခဲ့သော်လည်း နောက်ပိုင်းတွင် ထင်းရှီမှ သူမအားအေးအေးဆေးဆေးတိုက်ခိုက်နေသည်။
သူမ၏ဓားကွက်များမှာ လျှင်မြန်သွတ်လက်ကာ တိကျသည်။ ထို့အတူ သူမ၏ခန္တာကိုယ်လေးမှာလည်း ဟိုမှသည်သို့လှပစွာလှုပ်ရှားကာ ကခုန်နေသလိုတိုင်ခိုက်နေသည် ။
သို့သော် တိုက်ခိုက်မှုများမှာ လှပသော်လည်း သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးကို ချက်ခြင်းသေဆုံးသွားနိုင်သည်အထိပြင်းထန်သည်။
ထင်းရှောင်ယင်၏ဓားသိုင်းမှာ အိပ်မက်ကကြိုးဓားသိုင်းဖြစ်ကာ ဓားစံအိမ်၏ထိပ်တန်းသိုင်းကျမ်းများထဲမှတစ်ခုဖြစ်သည် ။
သို့သော် သူမထိုဓားသိုင်းကို အဆင့်ကုန်မအောင်မြင်သေးသည့်အတွက်ထင်းရှီအား အခက်တွေ့ရန်မစွမ်းဆောင်နိုင်ပေ။
ထင်းရှီ၏အထီးကျန်ဓားသိုင်းမှာ ရိုးစင်းသည့်ဓားကွက်များသာပါဝင်သည်။ သို့သော် ထိုဓားကွက်များမှာ လွန်စွာထိရောက်မှုရှိကာ မည်သည့်ဓားသိုင်းကိုမဆို ချေဖျက်နိုင်သည်။
ထို့ကြောင့် ထင်းရှောင်ယင်၏ အိပ်မက်ကကြိုးဓားသိုင်းကိုလည်း သူအသာအယာတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
ထင်းရှီမှာ ဆက်၍အချိန်မဆွဲလိုတော့ပေ ။ သူ၏ဆရာ သို့မဟုတ် အကြီးအကဲများရိပ်မိသွားလျှင် သူဓားစံအိမ်မှထွက်ခွာ၍ရတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူ၏စိတ်ထဲတွင်ကြိတ်၍တောင်းပန်လိုက်ကာ သူမ၏ဓားကိုင်လက်အား ဓားပြားဖြင့်ရိုက်ချလိုက်ူည်။
“ ချွမ်းး “
ထင်းရှောင်ယင်၏လက်ထဲမှဓားမှာလွတ်ကျသွားသည်။ သူမ၏လှုပ်ရှားမှုများလည်းရပ်တန့်သွားကယ ထင်းရှီအားစူးစူးရဲရဲကြည့်နေသည်။
ထင်းရှီမှာ သူချက်ခြင်းထွက်သွားရန်ပြင်လိုက်သော်လည်း သူမကိုယခုကဲ့သို့တစ်ဦးတည်းမထားခဲ့နိုင်ပေ ။ထို့ကြောင့် သူ၏ဓားကိုပြန်သိမ်းကာ သူမအနီးသို့လျှောက်သွားလိုက်သည်။
သူမ၏မကျေမနပ်စကားအနည်းငယ်ကိုနားထောင်ကာ ချော့မော့ပြီးမှ သိုင်းလောကထဲသို့သွားရန်ဆုံးဖြတ်လိုက်သည်။
သို့သော် ထင်းရှီမျှော်လင့်ထားသည်နှင့်ဆန့်ကျင်စွာ ထင်းရှောင်ယင်၏မျက်လုံးထဲတွင်မျက်ရည်များရစ်ဝိုင်းလာသည် ။ထို့နောက်
“ အီးး... ကောင်စုတ်နင်သိုင်းလောကထဲကိုဆင်းဦးမလို့လား ။ အစ်ကိုကြီးတောင်အခုလိုဖြစ်နေတာ နင်ပြန်မလာနိုင်ရင်ဘယ်လိုလုပ်မလဲ “
သူမပါးစပ်မှလည်းအော်ဟစ်ကာ ထင်းရှီ၏ရင်ဘက်ကို တဘုန်းဘုန်းထုရိုက်လိုက်သည်။
ထင်းရှီမှာ နေရာတွင်ဆွံ့အနေကာ ပြောစရာ စကားများပျောက်ဆုံးနေသည် ။ အမြဲလိုလို သူ့အပေါ်တွက်အနိုင်ယူခဲ့သူမှ ယခုလိုနူးညံ့ပျော့ပြောင်းကာ သူ့အတွက်စိုးရိမ်ပေးခြင်းကို သူနေသားမကျပေ။
ထို့ကြောင့် သူမ၏လက်အားဆုပ်ကိုင်ကာ အနည်းငယ်စဉ်းစားလျက်ပြောလိုက်သည် ။
“ ငါသိုင်းလောကထဲကိုဆင်းမှာက အစ်ကိုကြီးရဲ့အခြေအနေကိုကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့ပဲ ။
မကြာပါပြီး ငါသုံးနှစ်အတွင်းအရောက်ပြန်လာခဲ့မယ် “
ထင်းရှီမှ တိုးညင်းစွာပြောလိုက်သည်။ ထင်းရှောင်ယင်မှာ ထင်းရှီအားမော့ကြည့်ကာ သူမ၏လက်ကိုဆန့်ထုတ်လိုက်သည်။
“ နင်ကတိပေးလား “
ထင်းရှီမှ သူမ၏အပြုအမူကြောင့်ပြုံးလိုက်ကာ သူမ၏လက်သန်းကို သူ၏လက်သန်းဖြင်ြချိတ်လိုက်သည် ။
“ ငါကတိပေးတယ် သုံးနှစ်အတွင်းငါအမြန်ဆုံးပြန်လာခဲ့မယ် “
ထိုအခါမှ ထင်းရှောင်ယင်၏မျက်နှာမှာ ပြုံးချိုသွားသည် ။ထင်းရှီလည်း အပြောင်းအလဲမြန်သည့်သူမအားကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်မိသည်။