မိတ်ဆွေများ
Vol. 1 Ch. 80
ထင်းရှီလည်း အနည်းငယ်တွေးတောပြီးနောက် သစ်ပင်ထက်မှ ခုန်ချလိုက်သည်။
သူရှိနေသည့်သစ်ပင်မှာ အတော်မြင့်သော်လည်း ရှောင်ကျန်းမင်မှာငှက်မွှေးလေးကဲ့သို့ပေါ့ပါးစွာကျဆင်းလာသည် ။
“ ဘယ်သူလဲ “
အချင်းချင်းအငြင်းပွားနေကြသောလူနှစ်ယောက်အနက် အစ်ကိုကြီးတင်းဆိုသူမှ အော်ဟစ်လိုက်သည်။
သူ၏ပုံစံမှာ သတိအနေအထားဖြစ်သွားကာ ထင်းရှီရှိရာဘက်သို့လှမ်းကြည့်ခိုက်သည်။ အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ထင်းရှီအား စူးစိုက်ကြည့်လိုက်သည်။
ထိုလူများ၏ ချက်ခြင်းတုံ့ပြန်မှုကြောင့် ထင်းရှီမှာ အနည်းငယ်အံ့အားသင့်သွားသည်။
သူသစ်ပင်ထက်တွင်ရှိစဉ်က ထိုလူများမှမရိပ်မိသော်လည်း သူအောက်သို့ဆင်းလိုက်သည်နှင့်ချက်ခြင်းသိကြသည်။ ထိုနှစ်ယောက်မှာလည်း သာမန်သိုင်းသမားဖြစ်ပုံမရပေ ။
ထိုနှစ်ယောင်သည်လည်း အလားတူအံ့အားသင့်သွားကြသည်။ သူတို့နှင့်မနီးမဝေးတွင် အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်ရှိနေသည်။
ထိုလူငယ်မှာ ပိန်ပါးအားနည်းပုံရကာ ရုပ်ရည်ချောမောသည်။ သို့သော် သူ၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားက သိုင်းလောကသားတစ်ဦးဖြစ်ကြောင်းသက်သေခံနေသည်။
သို့သော် ထိုလူငယ်မှာ သူတို့မြင်တွေ့ရသလောက်ရိုးရှင်းသူမဟုတ်ကြောင်းကို သူတို့နှစ်ဦးလုံးသိသည်။
အကြောင်းမှာ ထိုလူငယ်သူတို့အနီးသို့ရောက်နေသည်ကိုပင် သူတို့ယခုမှသိ၍ဖြစ်သည်။
“ မိတ်ဆွေက ဘယ်သူလဲ “
အစ်ကိုကြီးတင်းဆိုသည့်လူမှ လက်သီးနှစ်ဖက်အားဆုပ်ကာဂါရဝပြုရင်းမေးလိုက်သည် ။
ထင်းရှီမည်သူမည်ဝါဆိုသည်အားမသိသော်လည်း သူ၏အပြုအမူမှာ ယဉ်ကျေးနေ၍ ထင်းရှီလည်း စိတ်ထဲတွင်ကြိတ်၍ချီးကျူးလိုက်သည်။
ထင်းရှီလည်း တစ်ဖက်မှ ရိုင်းပြခြင်းမရှိသောကြောင့် ယဉ်ယဉ်ကျေးကျေးပြန်၍ဂါရဝပြုကာပြောလိုက်သည်။
“ ကျုပ်ဒီတောအုပ်ထဲကိုစူးစမ်းလိုတဲ့အတွက်ရောက်လာတာပါ ဒါပေမယ့်ထူးခြားတာမရှိလို့ပြန်ထွက့်မယ့်လုပ်တုန်းမိတ်ဆွေတို့နဲ့တွေ့တာ “
ထင်းရှီ၏စကားကြောင့် ထိုလူများမှာ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားကြသည် ။
ထင်းရှီ၏ပုံစံအရလည်းကောင်း ၊ သူတို့နှင့်အခြေအနေတူဖြစ်နေသောကြောင့်လည်းကောင်း မကောင်းသောရည်ရွယ်ချက်မရှိကြောင်းသိလိုက်သည်။
ထို့နောက် အနက်ရောင်ဝတ်စုံနှင့်လူငယ်မှပြောလိုက်သည် ။
“ ကျုပ်တို့လဲဒီထဲမှာပိတ်မိနေတာ ကျုပ်တို့ အပြင်ကိုထွက်ရမယ့်လမ်းကို အတူတူရှာကြတာပေါ့ “
သူ၏စကားကြောင့် ထင်းရှီမှာ သူတွေးထားသည့်အတိုင်းဖြစ်ကြောင်းသိလိုက်သည် ။
ထို့နောက် လူငယ်အားအံ့ဩဟန်ဖြင့်ပြန်ကြည့်လိုက်သည်။ ထို့နောက် ဘာမှမသိသည့်ပုံစံဖြင့်မေးလိုက်သည် ။
“ မိတ်ဆွေတို့ကထွက်လမ်းကိုမသိဘူးလား ။ကျုပ်ကဝင်္ကပါပညာကိုလေ့လာဖူးတယ် ဒါကြောင့်လွယ်လွယ်ကူကူပြန်ထွက်လို့ရတယ် “
သူ၏စကားကြောင့် အစ်ကိုကြီးတင်းဆိုသူနှင့်အနက်ရောင်ဝတ်စုံဝတ်လူငယ်တို့မှာ ထင်းရှီအားစိုက်ကြည့်လိုက်ကြသည်။
သူတို့၏မျက်နှာများမှာ ဝင်းလက်နေကြကာ ဝမ်းသာပျော်ရွှင်သည့်အရိပ်အယောင်များပေါ်လွင်နေသည် ။
“ ဒါဆိုဒီကမိတ်ဆွေ ကျုပ်တို့ကိုအပြင်ရောက်အောင်ခေါ်သွားပေးလို့ရမလား “
အစ်ကိုကြီးတင်းဆိုသူမှ ထင်းရှီအားမေးလိုက်သည်။ ထင်းရှီလည်း ခေါင်းညိမ့်ကာပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည် ။
“ ကောင်းပြီလေ ခင်ဗျားတို့ ကျုပ်နောက်ကလိုက်ခဲ့ကြ “
ထင်းရှီမှ ထိုသို့ပြောကာ အနောက်ဘက်သို့ဦးတည်၍သွားလိုက်သည် ။
ထိုနှစ်ယောက်အား တစ်ချက်မှလှည့်မကြည့်ပေ။ သူတို့နှစ်ယောက်လိုက်လာမည်ကို သူသိရှိပြီးဖြစ်သည် ။
သူတို့အနေဖြင့် ဤနေရာတွင်ဆက်၍နေရမည့်အစား မျှော်လင့်ချက်အနည်းငယ်နောက်သို့လိုက်သင့်ပေသည် ။
အစ်ကိုကြီးတင်းဆိုသူနှင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်တို့လည်း တစ်ယောက်မျက်နှာတစ်ယက်ကြည့်ကာ ထင်းရှီ၏နောက်သို့ပြေးလိုက်သွားကြသည် ။
ထင်းရှီမှာ ထိုလူများနှင့်အတူသွားနေရင်း သူတို့၏အမည်များကိုလည်းသိရှိလာသည်။
အသက်သုံးဆယ်ကျော်လူရွယ်မှာ တင်းဖန်းဖြစ်ကာ အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာမူ စီးတုမင်ဖြစ်သည်။
ထိုနှစ်ယောက်မှာ သိုင်းလောကထဲတွင်တွေ့ဆုံကြရာမှ မိတ်ဆွေများဖြစ်သွားကာ နေရာအနှံ့လှည့်လည်သွားနေခြင်းဖြစ်သည်။
ထင်းရှီ၏လမ်းပြမှုဖြင့်တင်္ကပါတောအုပ်ထဲမှထွက်လာပြီးသည့်နောက်တွင် သူတို့သုံးယောက်မှာ အနီးဆုံးမြို့ဆီသို့ခရီးဆက်ခဲ့ကြသည်။
ရတနာကျောက်စိမ်းစားသောက်ဆိုင်
ဤဆိုင်မှာ ကျင်းပိုမြို့တွင်အကြီးဆုံးစားသောက်ဆိုင်ဖြစ်သည် ။
နေ့စဉ်နေ့တိုင်းလူမြောက်များစွာစားသောက်ကြပြီး အလွှာစုံမှလူအမျိုးမျိုးလာရောက်ကြသည်။
ယခင်က ညနဂါးဂိုဏ်း၏အုပ်ချုပ်မှုကြောင့် ကျင်းပိုမြိုမှလုပ်ငန်းအတော်များများမှာ ကောင်းစွာစီးပွားဖြစ်ထွန်းခြင်းမရှိပေ။
သို့သော်လွန်ခဲ့သည့်သုံးလကျော်က မုန်တိုင်ဓားရှောင်ကျန်းမင်ဆိုသည့်လူငယ်မှ ဆိုးယုတ်နဂါးအားသတ်ဖြတ်ကာ ညနဂါးဂိုဏ်းကိုဖြုခွဲခဲ့သည့်အတွက် သူတို့အားလုံး ညနဂါးဂိုဏ်း၏လက်အောက်မှလွတ်မြောက်ခဲ့ရသည်။
ထင်းရှီတို့လူစုမှာ ရတနာကျောက်စိမ်းစားသောက်ဆိုင်ထဲသို့ဝင်လာကြသည်။ စားသောက်ဆိုင်မှာ နှစ်ထပ်ဖြစ်ကာ အပေါ်ထပ်တွင်စားသုံးသူနည်း၍ ဈေးပိုကြီးမြင့်သည်။
ထင်းရှီတို့လူစုမှာ လမ်းတွင်ပို၍ရင်းနှီးလာကြသည်။ တင်းဖန်းမှာ ပွင့်လင်းကာဖြောင့်မက်သောစရိုက်ရှိသည် ။သူ၏အချက်အတော်များများမှာ သူ၏အစ်ကိုကြီးရှောင်ကျန်းမင်နှင့်ဆင်တူသည့်ဟု ထင်းရှီထင်သည် ။
စီးတုမင်မှာမူ အသက်နှစ်ဆယ်အရွယ်လူငယ်လေးတစ်ယောက်ဖြစ်ကာ ပျော်ပျော်နေတတ်ပုံရသည် ။သူတို့နှစ်ဦးလုံးမှာ လမ်းတွင် တစ်ယောက်တစ်လှည့်စကားနိုင်လုလာသည်။
ထင်းရှီလည်း သူတို့နှင့်လိုက်ရသည်မှာ အနည်းငယ်ပျော်သလိုရှိ၍ ယခုမြိုအထိလိုက်လာခြင်းဖြစ်သည်။
“ အစ်ကိုကြီးတင်း ကျုပ်တို့ဘယ်မှာထိုင်မှာလဲ “
ထင်းရှီမှ တင်းဖန်းအားမေးလိုက်သည်။ တင်းဖန်းမှာ သူတို့ထဲတွင်အသက်အကြီးဆုံးဖြစ်သည့်အတွက် စီးတုမင်မှာလည်း တင်းဖန်း၏ဆုံးဖြတ်ချက်များကိုလိုက်နာသည်။
“ ဟားးဟားး ညီလေးဘာမှမပူနဲ့ ငါတို့မှာငွေတွင်းကြီးရှိတယ် “
တင်းဖန်းမှ ရယ်မော၍ စီးတုမင်အားမျက်စေ့ထောင့်ကပ်၍ကြည့်လိုက်သည်။ ထို့နောက် ဆိုင် ကောင်တာသို့ လျှောက်သွားလိုက်သည်။
စီးတုမင်မှ တင်းဖန်းအားတီးတိုးကျိန်ဆဲလိုက်ပြီး ထင်းရှီအားပြုံးပြလိုက်သည် ။
“ အစ်ကိုရှီဘာမှမပူနဲ့ ကျုပ်မှာငွေအလုံအလောက်ပါတယ် “
စီးတုမင်မှ ထင်းရှီအားခေါ်ကာ အပေါ်ထပ်သို့တက်သွားလိုက်သည်။
အပါ်ထပ်တွင် စားပွဲဝိုင်းဆယ်ခုကျော်သာရှိကာ စားသောက်နေကြသူများမှာ ခုနစ်ဝိုင်းသာရှိသည်။
မကြာမီ တင်းဖန်းလည်း သူတို့ဝိုင်းသို့ရောက်လာသည်။
စားသောက်ဖွယ်ရာများမှာကြားပြီးနောက် ဦးစွာစကားမပြောကြသေးဘဲ စားသောက်နေကြသည်။
“ ဟေ့ အရင်ကဒီမြို့ကိုငါတစ်ခေါက်ရောက်တော့ ညနဂါးဂိုဏ်းကလူတွေရှိပါသေးတယ် အခုသူတို့ကိုမတွေ့ပါလား “
ဘေးဝိုင်းဆီမှ အသံထွက်လာသည် ။ ထိုဝိုင်းတွင်သိုင်းသမားသုံးယောက်ထိုင်နေကြကာ ထိုလူများမှာ စားသောက်ပြီး၍ လေပစ်နေကြသည်။
သူ့အဖော်၏စကားကြောင့် သိုင်းသမားတစ်ယောက်မှာ ဆက်ခနဲဖြစ်သွားသည်။ ထို့နောက် သူရှင်းပြလိုက်သည်။
“ အဲဒီဂိုဏ်းကို ဒီမြို့ကနဂါးစိမ်းဂိုဏ်းခွဲကဖြိုခွဲပြီးပြီကွ ။ သူတို့ဂိုဏ်းချုပ်ဆိုးယုတ်နဂါးကိုတော့လူငယ်တစ်ယောက်ကသတ်သွားခဲ့တာ “
ထိုလူ၏စကားကြောင့် ဦးစွာပြောလိုက်သူမှာ သဘောမတူသည့်ပုံဖြင့်ခေါင်းယမ်းလိုက်သည်။
“ မဖြစ်နိုင်တာ ဆိုးယုတ်နဂါးဆိုတာက အရင်တုန်းကသိုင်းလောကမှာကျော်ကြားခဲ့တဲ့ အဆင့်လွန်သိုင်းသမားကြီး ။
သူကသိုင်းလောကထဲကထွက်ခွာပြီးတဲ့နောက်မှာတောင် သိုင်းပညာကပိုပြီးတိုးတက်လာဦးမှာပဲ။ လူငယ်တစ်ယောင်ကသူ့ကိုသတ်တာဘယ်လိုဖြစ်နိုင်မှာလဲ “
ထိုလူ၏ငြင်းဆန်သည့်စကားကြောင့် ရှင်းပြသူမှာ ဒေါသထွက်သွားပုံရသည် ။ထိုလူမှရင်ဘက်ကိုကော့ကာအသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
“ မင်းတို့ကအဲဒီအဖြစ်အပျက်ကိုမသိကြလို့ ။ဆိုးယုတ်နဂါးကိုသတ်သွားခဲ့တဲ့လူက သိုင်းလောကမှာနာမည်ကျော်ကြားနေတဲ့ ဓားမုဆိုးလို့ခေါ်တဲ့ မုန်တိုင်းဓားရှောင်ကျန်းမင်ပဲ ။
သူနဲ့ဆိုးယုတ်နဂါးတို့ရင်ဆိုင်တွေ့ပြီးတော့ သိုင်းသုံးကွက်အတွင်းမှာ ဆိုးယုတ်နဂါးကို သုံးပိုင်းပိုင်းပစ်လိုက်တာ “
သူ၏လေသံမှာ အဖြစ်အပျက်အမှန်ထက်အနည်းငယ်ပိုနေသည်။ ထိုအခါမှ သူ၏အဖော်မှာ လက်ခံသွားပုံရသည်။
ဘေးဝိုင်းမှမသိမသာနားထောင်နေသည့်ထင်းရှီလည်း ခန္တာကိုယ်တစ်ချက်တုန်သွားသည် ။ဤနေရာတွင် သူ့အစ်ကိုကြီး၏သတင်းကိုကြားရလိမ့်မည်ဟု မထင်ခဲ့ပေ။
သူ့အစိကိုကြီးမှာ သိုင်းလောကတွင် သုံးလကျော်သာနေခဲ့သော်လည်းကျော်ကြားသူတစ်ယောက်ဖြစ်ပုံရသည်။
“ ညီလေးစားလေ “
တင်းဖန်းမှ ကြက်ပေါင်တစ်ခုအားကိုက်ရင်းထင်းရှီအားပုတ်လိုက်သည်။
ထင်းရှီလည်း ငေးငိုင်နေရာမှသတိဝင်လာကာ ခေါင်းငုံ့၍တိတ်ဆိတ်စွာစားသောက်လိုက်သည်။