ပန်းနုရောင် မိန်းကလေး
Vol. 1 Ch. 81
“ ညီလေး ဘယ်ကိုသွားမယ်စိတ်ကူးထားလဲ “
စားသောက်ပြီးသည်နှင့် တင်းဖန်းမှမေးလိုက်သည် ။ထင်းရှီလည်း သူ့မေးခွန်းကြောင့်အနည်းငယ်စဉ်းစားလိုက်သည် ။
သူတို့ခင်မင်ရင်းနှီးလာသော်လည်း ထိုနှစ်ယောက်၏ဇာတ်မြစ်ကိုရေရေရာရာမသိပေ ။သို့သော် ထိုလူနှစ်ယောက်မှာ ရိုးသားဖြောင့်မက်ကာ မိတ်ဆွေကောင်းပီသပေသည် ။
သူတို့မှလည်း ထင်းရှီ၏နောက်ကြောင်းကိုတစ်ခွန်းမှမေးမြန်းခြင်းမရှိပေ။ လူတိုင်းတွင်လျှို့ဝှက်ထားလိုသည့်အကြောင်းကိုယ်စီရှိကြသည်မဟုတ်လား။
“ ကျုပ်က သိုင်းလောကထဲကိုအခုမှဆင်းလာတာ ဒါကြောင့် ဘယ်လိုသွားမယ်ဘာလုပ်မယ်လို့ရေရေရာရာဆုံးဖြတ်ရသေးတာမရှိဘူး ။
သိုင်းလောကထဲကိုရောက်ရောက်ခြင်း ပြန်လမ်းမဲ့တောအုပ်လို့နာမည်ကြီးတဲ့ဝင်္ကပါတောအုပ်ထဲကိုစပြီးဝင်ရောက်လာရာကနေ အစ်ကိုတို့နဲ့တွေ့တာပဲ “
ထင်းရှီမှ အမှန်တစ်ဝက်မုသားတစ်ဝက်ရောကာပြောလိုက်သည်။ သူစကားကြောင့် တင်းဖန်းနှင့်စီးတုမင်တို့မှာ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။
ထင်းရှီ၏စကားကြောင့် သူတို့တွေ့ဆုံသည့်အဖြစ်အပျက်များမှာ သဘာဝကျသည်ဟုခွစားမိလိုက်ကြသည် ။
သူတို့ယခင်က ထင်းရှီအားအနည်းငယ်ပဟေဠိဖြစ်ခဲ့ကြသေးသည် ။သို့သော် သူတို့နှစ်ဦးမှာ လူကဲခပ်ညံ့သူများမဟုတ်ကြ၍ ထင်းရှီမှ ဆိုးယုတ်သည့်စိတ်ထားမရှိကြောင်းကို ရိပ်မိကာ မိတ်ဆွေဖွဲ့ကြခြင်းဖြစ်သည်။
“ အမှန်အတိုင်းပြောရရင် ငါလဲသိုင်းလောကသားစစ်စစ်မဟုတ်ဘူး ဒါပေပယ့် သိုင်းပညာကိုစိတ်ဝင်စားပြီးသိုင်းလောကထဲမှာ လှည့်လည်သွားလာနေတာသုံးနှစ်ကျော်ပြီ ။
ဒီကညီလေးစီးတုမင်နဲ့လွန်ခဲ့တဲ့တစ်နှစ်ကရင်းနှီးခဲ့ပြီးတော့ အစ်ကိုတို့သိုင်းလောကတစ်လွှားကို ပျော်ပျော်ကြီး လိုက်လံစူးစမ်းခဲ့ကြတာ ။
ဒီလိုနဲ့ ဝင်္ကပါတောအုပ်ထဲမှာ ပိတ်မိသွားတာဆိုပါတော့ “
တင်းဖန်းမှ သူ့အကြောင်းကိုရှင်းပြလိုက်သည် ။ သူ၏စကားကြောင့် ထင်းရှီလည်း စရိုက်တူသည့်လူနှစ်ယောက်အားကြည့်ကာခေါင်းညိမ့်လိုက်မိသည် ။
သူတို့နှင့်နေရသည်မှာ အမှန်ပင်ပျော်စရာကောင်းလှသည်။ သို့သော် သူ့ထံတွင် လုပ်စရာကိစ္စအများအပြားရှိနေသေးသည်။
“ ဟုတ်တယ်ကျုပ်ကလဲ ကျုပ်ရဲ့အိမ်ကနေ အတွေ့အကြုံရအောင်ထွက်လာခဲ့တာတစ်နှစ်ရှိပြီ။ အခု ဝင်္ကပါတောအုပ်ကိုသွားပြီး ဘယ်ကိုသွားရမှန်းမသိတော့ဘူး ။ ကျုပ်လဲ အိမ်ကိုခေတ္တပြန်ချိန်ရောက်ပြီ “
စီးတုမင်မှပြောဆိုကာငြိမ်သက်သွားသည်။ ထို့နောက် သူတို့သုံးဦးမှာ အတွေးကိုယ်စီဖြင့်ငြိမ်သက်သွားကြသည်။
ထို့နောက် စီးတုမင်မှတစ်စုံတစ်ခုအားသတိရသွားသလိုအော်ဟစ်လိုက်သည်။
“ ဟုတ်သားပဲ နောက်တစ်လနေရင် စီးမင်မြို့မှာ သိုင်းလောကဆွေးနွေးပွဲရှိတာပဲ “
သူ၏စကားကြောင့် တင်းဖန်းမှလည်းပေါင်ကိုဖြန်စခနဲပုတ်ကာပြောလိုက်သည်။
“ ငါတို့အိမ်ကိုပြန်ကြပြီးရင် နောက်တစ်လနေရင် စီးမင်မြို့မှာဆုံလို့ရတာပဲ “
တင်းဖန်းမှလည်းဝမ်းသာအားရပြောလိုက်သည်။ သူတို့၏စကားကြောင့် မည်သည့်အကြောင်းကိုမှမသိရှိသေးသည့်ထင်းရှီမှာ မျက်လုံးလေးဝိုင်းသွားသည်။
“ ခဏလေး ကျုပ်ကိုလဲရှင်းပြကြပါဦး စီးမင်မြို့က သိုင်းလောကဆွေးနွေးပွဲကဘာလဲ “
သူ၏စကားကြောင့် ပုံမှန်အားဖြင့်တိတ်ဆိတ်နေတတ်သည့်စီးတုမင်မှ တတ်တတ်ကြွကြွဖြင့်ရှင်းပြလိုက်သည်။
“ သိုင်းလောကဆွေးနွေးပွဲဆိုတာ စီးမင်မြို့က စွန်းမျိုးနွယ်စံအိမ်မှာ ပြုလုပ်မှာ ။ စွန်းမျိုးနွယ်က သိုင်းလောကမှာ အကြားအမြင်ဗဟုသုတများတဲ့မျိုးနွယ်တစ်ခုပဲ ။
သူတို့ကလက်ရှိခေတ်နဲ့အရင်ခေတ်တွေမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုရေးမှတ်ထားတဲ့သိုင်းလောကမှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားသေးတယ်။
အခုတစ်ခေါက်ဆွေးနွေးပွဲကတော့ ဘာတွေဆွေးနွေးကြဦးမယ့်မသိဘူး ။ ဒါပေမယ့် ဂိုဏ်းကြီးခြောက်ဂိုဏ်းကော အဖြူအနက်သိုင်းသမားတွေပါ စုံစုံလင်လင်ရောက်လာကြမယ့်ပွဲပဲ “
သူ၏စကားကြောင့် ထင်းရှီလည်း အနည်းငယ်တွေးကာ နောက်သုံးလကြာလျှင်ထိုနေရာသို့သွားရန်ဆုံးဖြတ်လိုက်သည် ။
“ ကောင်းတယ် ဒါဆိုငါတို့ ဒီမြို့မှာလမ်းခွဲပြီးတော့ နောက်တစ်လကြာရင် စီးမင်မြို့မှာ ပြန်တွေ့ကြမယ် ။ မင်းတို့နှစ်ယောက်လဲ ဆက်ဆက်လာခဲ့နော် “
တင်းဖန်းမှ ဆုံးဖြတ်ကာ ပြောလိုက်သည်။
“ စိတ်ချပါ “
သူ၏စကားအား ထင်းရှီတို့နှစ်ယောင်လည်း သဘောတူလိုက်သည် ။
အသက်နှစ်ဆယ့်ငါနှစ်ခန့်ရှိမည့် လူငယ်တစ်ယောက် ။ အဖြူရောင်ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားကာ နောက်ကျောတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားသည်။
ထိုလူငယ်သိုင်းသမားမှာ သာမန်သူလိုကိုယ်လိုပံစံပင်ဖြစ်သည် ။ မြင်းတစ်ကောင်နှင့်အတူ ကျင်းပိုမြို့မှ အတော်ဝေးဝေးသို့ရောက်နေကာ အရှေ့အရပ်သို့ဦးတည်သွားနေသည် ။
သို့သော် ထိုလူငယ်မှမြင်းအား၏စီးခြင်းမဟုတ်ဘဲ လက်မှမြင်းဇတ်ကြိုးကိုဆွဲ၍လာခြင်းဖြစ်သည် ။လမ်းတွင် သူ၏ဘေးမှဖြတ်ကျော်သွားကြသူများမှာ လူငယ်အားထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သွားကြသည် ။
သို့သော် လူငယ်မှခပ်တည်တည်ပင်သူ့လမ်းသူဆက်သွားနေသည်။ သူမြင်းမစီးတတ်သည့်အတွက် ယခုလိုဆွဲလာခြင်းမှာ မည်သူ့အားအရေးစိုက်ရမည်နည်း။
ထိုလူငယ်မှာ ကျင်းပိုမြို့မှထွက်ခွာလာသည့်ထင်းရှီဖြစ်သည်။ သူနှင့်တင်းဖန်းစီးတုမင်တို့မှာ ကျင်းပိုမြို့တွင် တစ်ညအိပ်ခဲ့ကြပြီးနောက် နံနက်လင်းသည်နှင့် သူတစ်ဦးထဲသာရှိတော့ခြင်းဖြစ်သည်။
ညက သူအရက်များစွာသောက်၍ မူးယစ်သွားခြင်းဖြစ်သည် ။ ပထမဦးဆုံးအကြိမ်သောက်ဖူးသောကြောင်းလည်း ယခုလောက်မူးယစ်သွားခြင်းဖြစ်သည် ။
ထို့အတွက်ကြောင့် သူနောက်ကျမှနိုးလာသည်။
အကယ်၍ သူ၏ရန်သူတစ်စုံတစ်ယောက်ပါရှိပါက သူမလွယ်ပေ ။ ကံကောင်းသည်ကား တင်းဖန်းနှင့်စီးတုမင်တို့မှ တစ်ညလုံးထိုင်သောက်နေကြသောကြောင့်ဖြစ်သည် ။
သူတို့ညကမူးမူးနှင့် သွေးသောက်ညီအစ်ကိုများပင်ဖွဲ့ကြသေးသည်ဟု ထင်းရှီမှတ်မိလိုက်သည် ။မည်သို့ပင်ဖြစ်စေ ထိုလူများအကြောင်းကိုများစွာမသိသော်လည်း ကောင်းမွန်သည့်လူများဖြစ်ကြောင်း သူသိသည်။
တင်းဖန်၏အရက်သောက်နိုင်စွမ်းကိုလည်း သူတို့နှစ်ယောက်အောချရသည်။ သူမနက်လင်း၍ ဦးခေါင်းများကိုက်ခဲလျက်နိုးလာသည့်အချိန်တွင်ကား သူတစ်ဦးတည်းသာကျန်တော့သည်။
သူ၏ညီအစ်ကိုနှစ်ယောက်မှ သူတို့မသွားမီမြင်းတစ်ကောင်ထားခဲ့သေးသည် ။ သို့သော် သူမြင်းကောင်းစွာမစီးတတ်ပေ ။ ထားခဲ့ရမည်မှာလည်း နှမြောသောကြောင့် ယခုလိုဆွဲလာခြင်းဖြသ်သည်။
လမ်းတွင်အကြိမ်အနည်းငယ်ကြိုးစားခဲ့ငေည်လည်း လုံးဝမစီးတတ်သည့်အတွက် စီးနင်း၍မရခဲ့ပေ။
“ ခွပ် ခွပ် “
မြင်းတစ်ကောင်မှာ သူ၏ဘေးမှဖြတ်ကျော်သွားသည် ။
ထိုမြင်းမှာခပ်ဖြေးဖြေးသွားကျော်သွားခြင်းဖြစ်သော်လည်း ဖုံထူသောလမ်းမဖြစ်သောကြောင့် ထင်းရှီမှာ ဖုံလုံးကြီးထဲတွင်ကျန်ခဲ့သည်။
ထင်းရှီလည်း ခပ်တိုးတိုးကျိန်ဆဲလိုက်ရင်း မြင်းစီးသွားသည့်လူကိုမေတ္တာပို့လိုက်သည်။ မြင်းစီးသွားသူကိုသေချာမမြင်လိုက်ရသော်လည်း မိန်းကလေးတစ်ဦးဖြစ်ကြောင်း ဝေဝေဝါးဝါးမြင်လိုက်ရသည်။
ထိုမြင်းမှာ ထင်းရှီ၏ရှေ့ခပ်လှမ်းလှမ်းတွင်ရပ်သွားသည် ။ ထို့နောင် တစ်ကျော့ပြန်၍ ထင်းရှီဆီသို့စိုင်းလာသည် ။
ထင်းရှီမှာ ထိုမြင်းစီးသူ၏ထူးခြားချက်ကိုသတိပြုမိလိုက်သောကြောင့် ရပ်လျက်စောင့်နေလိုက်သည်။
အနီးသို့ရောက်လာသောအခါ မြင်းစီးလာသူကိုရှင်းလင်းစွာမြင်ရသည်။ ထိုလူမှာ အသက်နှစ်ဆယ်ခန့်မိန်းမပျိုတစ်ဦးဖြစ်ကာ ရုပ်ရည်သာမန်သာဖြစ်သည် ။သို့သော် သူမ၏ခန္တာကိုယ်မှာ ပန်းပုရုပ်ထုလေးတစ်ခုနှယ် အချို့အစားကျလှသည် ။
ပန်းနုရောင်သိုင်းဝတ်စုံမှာ သူမ၏ခန္တာကိုယ်နှင့်ချပ်ရပ်နေကာ ကြည့်ကောင်းလှသည်။ သူမ၏နောက်ကျောတွင်ရှိသောဓားကိုကြည့်ခြင်းဖြင့် သိုင်းလောကသမီးပျိုတစ်ယောက်ဖြစ်ပုံရသည်။
ထိုမိန်းကလေးမှာ ထင်းရှီအကဲခပ်နေသည်ကိုသိသော်လည်း ဂရုမစိုက်သည့်ပုံစံဖြင့်ရှိနေသည်။ သူမ၏၏တလက်လက်တောက်ပနေသည့်မျက်လုံးလေးများက ထင်းရှီအားစူးစိုက်ကြည့်နေသည်။
“ ရှင်ကဘာလို့မြင်းကိုမစီးဘဲဆွဲလာတာလဲ “
မိန်းကလေးမှ သူမ၏သိချင်စိတိအားထိမ်းချုပ်မထားနိုင်ဘဲမေးလိုက်သည်။ သူမ၏စကားကြောင့်ထင်းရှီမှာ အနည်းငယ်ဒေါသထွက်သွားသည်။
စောစောက သူ့အားသွယ်ဝိုက်သည့်နည်းဖြင့်ဖုံလုံးကြီးထဲတွင်ထားခဲ့ကာ ယခုလည်းတစ်ကျော့ပြန်လာ၍ စပ်စုနေပြန်သည်။
မဆီမဆိုင်ဓားစံအိမ်တွက်ကျန်ခဲ့သည့် ထင်းရှောင်ယင်ကိုပါ သတိရသွားကာ မိန်းမများသည်စိတ်ညစ်စရာအမျိုးဟု သူတိတ်တဆိတ်တွေးလိုက်မိသည်။
သို့သော် သူ၏နှုတ်မှမူ သူမ၏မေးခွန်းကိုပြန်ဖြေလိုက်သည် ။
“ ကျုပ်ဘာသာမစီးချင်လို့ဆွဲလာတာပေါ့ မင်းအပူပါလား “
ထင်းရှီ၏စကားကြောင့် မိန်းကလေးမှ စိတ်ဆိုးမသွားပေ။ သူမကထင်းရှီအားတစ်လှည့် သူ၏လက်ထဲမှမြင်းအားတစ်လှည့်ကြည့်နေသည် ။
ထို့နောက် သူမ၏မေးအားလက်ဖြင့်ထောက်ကာ ထင်းရှီအားပြောလိုက်သည်
“ မြင်းကလဲတစ်ခုခုဖြစ်မနေဘူးဆိုတော့ ရှင်က မြင်းမစီးတတ်တာပဲဖြစ်ရမယ်ဟုတ်တယ်မလား “
သူမ၏ခန့်မှန်းချက်မှာ မှန်ကန်သည်။ ထင်းရှီလည်းစိတ်ရှုပ်စရာကောင်းသည့် ထိုမိန်းကလေးအားပြန်ပြောလိုစိတ်သည့်မရှိသောကြောင့် ရှေ့တွင်ပိတ်ရပ်နေသည့်သူမအားရှောင်ကွင်းကာ ရှေ့သို့ဆက်သွားလိုက်သည်။
သို့သော် သူမမှ မြင်းစီးလျက် သူ၏ဘေးမှ ကပ်လျက်ပါလာသည်။ ထင်းရှီမှာ သူမအားမမြင်ချင်ယောင်ဆောင်ကာ သူ့လမ်းသူသွားနေသည်
အတန်ကြာပြီးနောက် မိန်းကလေးမှ ပြောလိုက်သည် ။
“ ဟေ့ ရှင်မြင်းမစီးတတ်ရင်ကျွန်မသင်ပေးမလို့လာတာ ရှင့်ကိုသနားလို့ “
ထင်းရှီလည်း သူမ၏စကားကြောင့် အနည်းငယ်စဉ်းစားကာရပ်လိုက်သည် ။သူယခုလိုသွားနေသည်ထက်စာလျှင် မြင်းတစ်စီးအားစီးကာသွားခြင်းကပို၍ကောင်းသည်။
ထို့အပြင် ထိုမိန်းကလေးမှာအနည်းငယ်စိတ်ရှုပ်စရာကောင်းသော်လည်း မကောင်းသည့်ရည်ရွယ်ချက်တစ်ခုခုရှိပုံမရပေ ။ ထို့ကြောင့် ထင်းရှီလည်း သူမ၏စကားကို သဘောတူလိုက်သည် ။
“ ကောင်းပြီလေ ငါသင်မယ် “