ရည်ရွယ်ချက်ချင်းတူညီသူ
Vol. 1 Ch. 82
ထင်းရှီ၏အောင့်သက်သက်ဖြင့်သဘောတူလိုက်သည့်လေသံကြောင့် မိန်းမလှလေးမှာ နှစ်ခြိုက်စွာပြုံးလိုက်သည်။
မည်သည့်အတွက်ကြောင့်ရယ်မသိ သူမထိုလူငယ်အား ရင်းနှီးခင်မင်စိတ်ဖြစ်ကာ စနောက်လိုသည်။
ထင်းရှီလည်း သူမ၏ဖြူစင်သည့်အပြုံးကြောင့် အနည်းငယ်ငေးငိုင်သွားသည် ။ ထိုမိန်းကလေးမှာရုပ်ရည်သာမန်သာရှိသော်လည်း ပြုံးနေသည့်အချိန်တွင်ချစ်ဖို့ကောင်းသည်ဟု သူတွေးမိလိုက်သည် ။
သို့သော် သူမ မရိပ်မိခင်အကြည့်ကိုလျှင်မြန်စွာလွှဲလိုက်သည်။ မိန်းကလေးမှ ထင်းရှီ၏အပြုပမူကိုရိပ်ခနဲမြင်လိုက်ကာ သူမ၏မျက်နှာအောက်ငုံ့သွားသည်။
ထို့နောက် သူမ၏မြင်းထက်မှဆင်းလာကာ ထင်းရှီ၏ဘေးသို့ရောက်လာသည်။
သူမ၏မြင်းမှာ လူမရှိသော်လည်း လွန်စွာတည်ငြိမ်လှသည် ။ ထို့ကြောင့်ထင်းရှီလည်း သူမ၏မြင်းကိုစိတ်ဝင်တစားကြည့်မိသည် ။
မိန်းကလေးမှာ ထင်းရှီ၏အကြည့်ကြောင့် သူမ၏မြင်းအားပွတ်သတ်လိုက်သည် ။
“ ဒါက သဲကန္တာရတွေမှာသာ တွေ့ရတတ်တဲ့ မိုင်တစ်ထောင်ပြေးနိုင်တယ်လို့တင်စားကြတဲ့ သွေးချွေးမြင်းနဲ့ မွန်ဂိုမြင်းမျိုးသန့်ကနေရထားတဲ့ကောင်လေး ။
သူ့ရဲ့နာမည်က မဟူရာသွေးလို့ခေါ်တယ် ပြီးတော့ အတော်လဲလိမ္မာတယ် ။သာမန်မြင်းတွေထက်ငါးဆပိုပြီးအပြေးသန်တယ် “
မိန်းကလေးမှာ မြင်းအားပွတ်သပ်ကာ ရှင်းပြလိုက်သည် ။ မဟူရာသွေးဆိုသောနာမည်မှာ သူမမြင်း၏ လှပသည့်အနီရင့်ရောင် အမွှေးများနှင့်လိုက်ဖက်လှသည်။
သို့သော် ထင်းရှီမှာ မြင်းအကြောင်းကောင်းစွာကြားဖူးသော်လည်း များစွာစိတ်ဝင်စားခြင်းမရှိပေ ။ ထို့နောက် မိန်းကလေးမှ သူ၏ဘေးသို့လျှောက်လာလိုက်သည် ။
“ မြင်းစီးစပြီးသင်တဲ့လူက မြင်းနားကိုကပ် မြင်းဖက်သို့မျက်နှာမူပြီးရပ်နေရတယ် ။ ပြီးမှ မြင်းဇက်ကြိုးနှင့်လည်ဆံမွှေးကို လက်ဝဲလက်နဲ့ဆုပ်ကိုင်လိုက် “
ထင်းရှီမှသူမ၏စကားအတိုင်းပြုလုပ်လိုက်သည်။
သူ၏မြင်းမှာ လူယဉ်သောကြောင့်ငြိမ်သက်နေကာ ပြဿနာမရှိပေ။
မိန်းကလေးမှ ထင်းရှီအဆင်ပြေမှန်းသိ၍ဆက်ပြောလိုက်သည် ။
“ ပြီးတော့ လက်ဝဲဖက် ခြေနင်းကွင်းကို ရှင့်ရဲ့ လက်ယာလက်နဲ့ ကိုင်ထား ၊ ရှင့်ရဲ့ လက်ဝဲဖက်ခြေဖဝါးကို ခြေနင်းကွင်းတွင်းသို့ သွင်းပေးလိုက်ရတယ် ။
အဲဒီနောက်မှာ မြင်းကုန်းထိပ်ကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီး မြင်းကုန်းနှီးပေါ်သို့ ညင်သာစွာလွှားတက်လိုက်ရမယ် ။
ရှင့်ရဲ့ ကိုယ်ခန္ဓာ အလေးချိန်က မြင်းကျောပေါ်မှာ အညီအမျှ ကျရောက်နေအောင် သတိပြုပြီး ထိုင်ချလိုက် “
မိန်းကလေးမှ သာမန်လူများအားသင်သလို တစ်ဆင့်ချင်းရှင်းပြသည် ။ထင်းရှီလည်း သူမ၏စကားများ မဆုံးမီ မြင်းပေါ်သို့ပေါ့ပါးစွာခုန်တတ်လိုက်သည်။
“ ဟေ့ ငါမြင်းပေါ်အေးအေးဆေးဆေးတက်လို့ရတယ် ငါကောင်းကောင်းမစီးတတ်တာ “
ထင်းရှီမှ မြင်းထက်မှနေ၍လှမ်းပေကာလိုက်သည် ။ မိန်းကလေးမှာ သူမ၏ညွှန်ကြားချက်များအတိုင်းတစ်ဆင့်ချင်းလိုက်မလုပ်၍ အနည်းငယ်ဒေါသထွက်သွားပုံရသည် ။
သို့သော် နှုတ်ခမ်းအားကိုက်၍ ဆက်ပြောလိုက်သည် ။
“ မြင်းစီးတဲ့အခါ စိတ်ကိုရဲတင်းစွာထားပြီး ဖြည်းဖြည်းမှန်မှန် စီးရတယ်။
ပုံမှန်စီးတဲ့အခါမှာ ခြေနင်းမပါဘဲ ဒူးနှစ်ဖက်နှဲ့ညှပ်ပြီး စီးနိုင်လျှင် ပိုပြီးကောင်းသည်။ အဲလို ပုံစံမျိုးရက်အနည်းငယ် စီးပြီး ကျင့်သားရလာရင် အသားကျ (လေးဖက်ကျ) စီးနည်း၊ ခွာစုံ စီးနည်းနဲ့ ဒုန်းစီးနည်း စတဲ့ အမြန်စီးနည်းတို့ကို တစ်ဆင့်ကနေ နောက်တစ်ဆင့်ကို တက်၍ပြီးလေ့ကျင့် စီးသွားရတယ် “
မိန်းကလေးမှ ကောင်းစွာရှင်းပြနေသလို ထင်းရှီမှလည်း ခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေသည်။
ထင်းရှီ၏စိတ်ဝင်တစားအမူအယာကိုကြည့်ကာ မိန်းကလေးမှ ကျေနပ်သွားပုံပေါ်သည် ။ထို့နောက် ဆက်၍ရှင်းပြလိုက်သည် ။
“ ပြီးတော့ ရှင်ကမြင်းရဲ့ဇက်ကြိုးကိုဆွဲ မြင်းရဲ့တင်ပါးကို မြင်းနှင်တံ ဒါမှမဟုတ် ဖနောင့်နဲ့ပေါက်ပြီး စီးသွားလို့ရပြီ။
တစ်ခုရှိတာက မြင်းဇတ်ကြိုးကိုတင်းနေအောင်မဆွဲ “
မိန်းကလေး၏စကားမဆုံးမီ ထင်းရှီမှ မြင်း၏တင်ပါးအားဖနောင့်ဖြင့်ပေါက်၍ မြင်းဇတ်ကြိုးအားဆောင့်ဆွဲလိုက်သောအခါ သူ၏မြင်းမှာ ကျယ်လောင်စွာဟီ၍ရှေ့သို့လျှင်မြန်စွာပြေးသွားသည်။
ထင်းရှီလည်း ထိုပုံစံအတိုင်းမြင်းပေါ်တွင်ထိုင်လျက်ပါသွားသည် ။သူ၏ကိုယ်ဖော့ပညာအဆင့်ဖြင့် မြင်းပေါ်မှလွယ်ကူစွာဆင်း၍ရသော်လည်း ဤခံစားချက်အားနှစ်ခြိုက်နေ၍ ဆက်လက်လိုက်ပါသွားသည်။
မြင်းမှာတော့ လမ်းဘေးလွင်ပြင်များဆီသို့ဦးတည်ရာမဲ့စွာပြေးသွားသည်။ မိန်းကလေးမှာ ထင်းရှီ၏ ရုတ်တရက်အပြုအမူကြောင့်ဒေါသထွက်သွားသည် ။။
သို့သော် ထင်းရှီ၏မြင်းမှာ ထိန်းသိမ်းမရတော့သည်ကိုသိလိုက်သောကြောင့် သူမ၏မြင်းပေါ်သို့ခုန်တတ်ကာထင်းရှီ၏နောက်သို့လျှင်င်မြန်စွာလိုက်သွားလိုက်သည် ။
စစ်ချွေပြည်နယ်
ယိမင်မြို့
စစ်ချွေပြည်နယ်မှာ အလယ်ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့ထိစပ်နေသည့်နယ်ဖြစ်သည်။
ယိမင်မြို့မှာ စစ်ချွေပြည်နယ်အတွင်းမှ မြို့ကြီးနစ်မြို့ဖြစ်သည်။ လူနေထူထပ်ကာ အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းများလည်းတည်ရှိသည်။
ထို့အတူသိုင်းလောကသားများအများဆုံးတွေ့ရသည့်မြို့ကြီးများထဲမှတစ်မြို့ဖြစ်သည်။ လမ်းပေါ်တွင်သွားလာနေသည့် အဆင့်အမျိုးမျိူးမှသိုင်းသမားများ ၊ မြို့ထဲရှိသိုင်းသင်တန်းကျောင်းများ စသည်ဖြင့် သိုင်းသမားများလည်းပေါများလှသည် ။
အပြင်အဆင်သပ်ရပ်သည့်စားသောက်ဆိုင်တစ်ခု ထိုစားသောက်ဆိုင်မှာ အခြားစားသောက်ဆိုင်အတော်များများကဲ့သို့ တည်းခိုခန်းနှင့်တွဲဖွင့်ထားသောကြောင့် ညအိပ်ညနေဧည့်သည်များအဆွက် အဆင်ပြေလှသည်။
ဆည်းဆာစားသောက်ဆိုင်၏ရှေ့သို့ အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားကာသည့်လူငယ်တစ်ယောက်နှင့် ပန်းနုရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်ရောက်လာကြသည်။
လူငယ်၏နောက်ကျောတွင်ဓားတစ်လက်ကိုချိတ်ဆွဲထာ မိန်းကလေး၏ခါးတွင်လည်းဓားတစ်ချောသ်းရှိသည် ။ သူတို့၏ပုံစံကိုကြည့်ရုံဖြင့် သိုင်းလောကသားများဖြစ်ကြောင်းမမေးဘဲနှင့်သိနိုင်သည်။
သူတို့နှစ်ဦးမှာ စာပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်လိုက်ကြပြီး စားသောက်ဖွယ်ရာများကိုမှာကြားလိုက်သည် ။ထို့နောက် လူငယ်မှ ပျင်းရိပျင်းတွဲအမူအယာဖြင့်ထိုင်ကာ သူ၏ရှေ့မှမိန်းကလေးအားကြည့်လိုက်သည်။
“ ကဲမိန်းကလေး မင်းကကျုပ်ကိုမြင်းစီးသင်ပေးထားတယ်ဆိုတော့ ကျုပ်မင်းကိုဧည့်ခံပါ့မယ် အခုစားချင်သလောက်စားလို့ရတယ် “
လူငယ်၏စကားကြောင့် မိန်းကလေး၏မျက်နှာမှာပြုံးရွှင်သွားသည်။
“ ကောင်းတာပေါ့ ကျွန်မကဒီလိုဒကာခံမယ့်လူကိုရှာနေတာ “
မိန်းကလေးမှပြောပြောဆိုဆိုဖြင့်ဆ်ုလုလင်လေးအားခေါ်ကာ နောက်ထက်လေးငါးပွဲထပ်၍မှာလိုက်သည်။
သူမ၏အပြုအမူများမှာ လွတ်လပ်ကာပေါ့ပါးလှသည် ။ သူမ၏အပြုအမူကြောင့် ထင်းရှီလည်းပြုံးလိုက်ကာ ဘာမှမပြောပေ။
လမ်းတွင် သူမ၏သင်ကြားပေးမှုကြောင့် ထင်းရှီလည်းမြင်းကိုကျင်လည်စွာစီးတတ်သွားသည် ။ အတတ်မြန်သောထင်းရှီကြောင့် သူမပင်အနည်းငယ်အံ့အားသင့်ရသေးသည်။
ထို့နောက် သူတို့နှစ်ဦးအတူခရီးဆက်လာခြင်းဖြစ်သည်။ သူမမည်သည့်နေရာသို့သွားမည်ကိုထင်းရှီမှမမေးသလို ထင်းရှီကိုလည်း သူမ မမေးပေ ။
သို့သော် သူတို့နှစ်ဦးစလုံး အလယ်ပိုင်းဒေသသို့အတူလာကြခြင်းဖြစ်သည်။
သူတို့နှစ်ဦးမှာ ရင်းနှီနေပြီဟုပြော၍ရသော်လည်း သူမ၏နာမည်ကိုထင်းရှီမသိပေ။ သူ၏နာမည်ကိုလည်းပြောမပြရသေးပေ ။
သို့သော်ထင်းရှီမှာ သူမနှင့်မတူခရီးသွားရသည်ကို အနည်းငယ်နှစ်ခြိုက်သည်။ သူမမှာ ဗဟုသုတများကာ ထင်းရှီအား လက်ရှိသိုင်းလောက၏အကြောင်းအရာအတော်များများကိုရှင်းပြပေးခဲ့သည်။
ထို့အတူ သူမ၏ကလေးဆန်သည့်အမူအယာလေးများက သူ့ကိုရယ်မောစေသည်။ ထင်းရှီလည်းသူမကိုကြည့်လိုက်ပြီးအနည်းငယ်တွေးလျက်မေးလိုက်သည် ။
“ မင်းဘယ်ကိုဆက်သွားမယ်လို့စိတ်ကူးထားလဲ “
ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးလည်း ထင်းရှီ၏စကားကြောင့် စားသောက်နေခြင်းအားရပ်တန့်လိုက်သည်။
သူမ၏ရှေ့မှလူငယ်နှင့်အချိန်အတန်ကြာခရီးအတူသွားလာသဖြင့် သူမထိုလူငယ်အားခင်မင်သည်။ သို့သော် ယခုထင်းရှီမှမေးလာသဖြင့် သူမပြန်ဖြေရပေမည်။
သူတို့သွားလိုသည့်ခရီးလမ်းချင်းမတူညီလျှင် ဤမြို့တွင်လမ်းခွဲရန်လည်းဆုံးဖြတ်လိုက်သည်။
“ ကျွန်မက အလယ်ပိုင်းဒေသစီးမင်မြို့က သိုင်းလောကဆွေးနွေးပွဲကိုသွားမှာ ရှင်ကရော “
ထင်းရှီလည်း သူမထင်မှတ်ထားသည့်အဖြေကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် ပြန်ဖြေလိုက်သည် ။
“ ငါလဲစီးမင်မြို့ကိုသွားမှာ ငါ့ရဲ့ညီအစ်ကိုနှစ်ယောက်နဲ့ နောက်တစ်လကြာရင်ပြန်တွေ့မယ်လို့ချိန်းထားတယ်။ ငါတခြားသွားစရာမရှိတော့ စီးမင်မြို့ကိုတိုက်ရိုက်သွားမှာ “
သူ၏စကားကြောင့် မိန်းကလေး၏မျက်နှာထက်တွင်ဝမ်းသာသည့်အရိပ်အယောင်တစ်ချို့ပေါ်ထွက်လာသည်။
“ ကောင်းတယ် ဒါဆိုကျွန်မတို့စီးမင်မြို့ကိုအတူသွားတာပေါ့ ။ နောက်ထပ် လေးငါးခုလောက်ဖြတ်ပြီးရင်စီးမင်မြို့ကိုရောက်ပြီ “
မိန်ူကလေးမှပြုံးလျက်ပြောလိုက်သည်။ ထို့နောက် သူမတစ်စုံတစ်ရာကိုသတိရသွားပုံပေါ်ကာ ထင်းရှီအားမေးလိုက်သည်။
“ ဟေ့ရှင်ရဲ့နာမည်ကိုလဲမသိရသေးဘူး ။ ကျွန်မနာမည်က ရှောင်ရှောင် အလယ်ပိုင်းဒေသကပဲ “
သူမ၏စကားကြောင့် ထင်းရှီလည်း ခေါင်းညိမ့်လိုက်သည်။
“ ငါကထင်းရှီ ပြီးတော့ သိုင်းလောကထဲကိုဆင်းလာတာနှစ်ရက်ပဲရှိသေးတယ်။ ငယ်ငယ်ထဲကငါ့ဆရာနဲ့အတူနေခဲ့တာ “
ထင်းရှီ၏အဖြေကို သူမမျှော်လင့်ထားသလိုခေါင်းတညိမ်ညိမ့်ဖြစ်သွားသည်။ ထို့နောက် သူမ၏မျက်နှာထက်တွင်ပြုံးစေ့စေ့အမူအယာပေါ်လာသည်။
“ ဖြစ်နိုင်ပါတယ် ရှင်ဒါကြောင့် လက်ရှိသိုင်းလောကရဲ့အခြေအနေကိုဘာမှမသိတာကိုး ။ ပြီးတော့ သိုင်းသမားတစ်ယောက်ဖြစ်ပြီး မြင်းလေးတောင် ကောင်းကောင်းမစီးတတ်ဘူး “
သူမ၏လှောင်ပြောင်သည့်စကားကြောင့် ထင်းရှီလည်းခေါင်းယမ်းလိုက်မိသည် ။ထို့နောက် ပြန်လှန်ပြောဆိုရမည်ကိုပျင်းရိသောကြောင့် သူ၏အစားအသောက်များအား လက်စသတ်လိုက်သည် ။