လူအများ၏ဘုံရန်သူ
Vol. 1 Ch. 95
ထိုအချိန်တွင် ထင်းရှီ၏အနီးရှိလူများမှာ လွန်စွာအံ့အားသင့်နေကြသည် ။
သူတို့နှင့်တစ်ချိန်လုံးအတူရှိခဲ့သည့်မိန်းမပျိုမှာ သိုင်းလောကတွင်ကျော်ကြားလှသည့် ပန်းနတ်စမီးဖြစ်နေမည်ဟု သူတို့မထင်ခဲ့မိပေ ။
နဂါးစိမ်းဂိုဏ်းချုပ်ရှောင်ကျန်းမင်၏တစ်ဦးတည်းသောသမီး ၊ အော့မေ့ဂိုဏ်းချုပ် ကျောက်စိမ်းမျက်နှာရသေ့မ၏အချစ်ဆုံးတပည့် ၊ သိုင်းလောက၏အလှနတ်သမီး ဤဂုဏ်ပုဒ်များမှာ တစ်ခုချင်းစီကပင် သိုင်းလောကသားများကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်သည်။
ထင်းရှီသည်လည်း ရှောင်ရှောင်၏အလှတွင်အချိန်အနည်းငယ်နစ်မြောသွားမိသည်။သိုင်းလောက၏အလှနတ်သမီးသွမ့်ရှင်းရှောင်၏အကြောင်းကိုသူလည်းကြားဖူးပေသည်။
သို့သော် သွမ့်ရှင်းရှောင်မှာ သူနှင့်အချိန်မအတော်ကြာရှိခဲ့သည့်ရှောင်ရှောင်ဖြစ်မည်ဟု သူမထင်ထားမိပေ။
သူရှောင်ရှောင်နှင့်စတွေ့စဉ်ထဲက ရှောင်ရှောင်မှယ ရုပ်ဖျက်ထားသည်ကို ရိပ်စားမိသော်လည်း သူမ၏မျက်နှာအစစ်မှာ ယခုလိုလွန်စွာလှပမည်ဟု သူမမျှော်လင့်ခဲ့မိပေ။
သူနှင့်ငယ်စဉ်ထဲကအတူရှိခဲ့သည့် ထင်းရှောင်ယင်မှာ ထိပ်တန်းအလှမျိူးရှိသော်လည်း ရှောင်ရှောင့်ထက်တော့ အနည်းငယ်နိမ့်ကျသည် ။
သို့သော် သူ၏စိတ်ထဲတွင်မူ ငယ်စဉ်ထဲကပင် အတူရှိသည့်ထင်းရှောင်ယင်မှာ ရှောင်ရှောင့်ထက်ပို၍နေရာယူထားသည်ကိုတော့ဝန်ခံရပေမည်။
ထင်းရှောင်ယင်၏အကြောင်းအားတွေးမိမှ သူတို့၏ကတိကိုသတိရသွားကာ ထင်းရှီမှာ ခပ်မြန်မြန်အသိတင်လာသည် ။
သူသိုင်းလောကမှကိစ္စများအားအလျှင်အမြန်ဖြေရှင်းပြီးနောက်တွင် ဓားစံအိမ်သို့ပြန်ရပေဦးမည်။
ဓားစံအိမ်တွင် သူ၏ဆရာထင်းချီယင် ၊ ခြေထောက်များမလှုပ်ရားနိုင်သည့်သူ၏အစ်ကိုကြီး ၊ သူနှင့်ငယ်စဉ်ထဲကအတူရှိခဲ့သည့်ထင်းရှောင်ယင်တို့ရှိနေသည်။
“ ထင်းရှီ ကျွန်မ “
သွမ့်ရှင်းရှောင်၏နှုတ်မှစကားသံအချို့ထွက်ပေါ်လာသည်။ လူအများမှာ သူမ၏စကားသံကြောင့် မျက်လုံးများပြူးကျယ်သွားကြသည်။
သူမအမူအယာမှာလည်း ထိုလူငယ်အားကြည့်နေကာ အနည်းငယ် ထူးဆန်းနေသည်။
ထိုအခြေအနေကြောင့် သူတို့အားလုံး၏အကြည့်များမှာ ထင်းရှီနှင့်သွမ့်ရှင်းရှောင်တို့၏အပေါ်သို့ကျရောက်သွားကြသည်။
သွမ့်ရှင်းရှောင်မှ ထင်းရှီအားတစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း သူမ၏ဆရာမမှထွက်သွားသောကြောင့် သူမလည်း ထင်းရှီအားတောင်းပန်လိုသည့်အကြည့်ဖြင့်ကြည့်ကာ ကမန်းကတန်းလိုက်သွားလေသည် ။
မူလက သူမအား သူမမိဘများကိုတွေ့ရန်နှင့် လည်ပတ်ရန် သိုင်းလောကထဲသို့ ငါးလသာလွှတ်လိုက်သော်လည်း သူမအော့မေ့ဂိုဏ်းသို့မပြန်ဘဲ သိုင်းလောကထဲတွင်လှည့်လည်နေခြင်းဖြစ်သည်။
ထို့ကြောင့် သူမ၏ဆရာမနှင့်မျက်နှာချင်းဆိုင်ရသည့်အချိန်တွင် သူမအနည်းငယ်ကြောက်လန့်မိသည်။
သူမရုပ်ဖျက်ထားသည်ကိုလူအများမှမရိပ်မိကြသော်လည်း သူမနှင့်ငယ်စဥထဲကအတူရှိလာသည့်သူမ၏ဆရာမမှာမူတစ်ချက်ကြည့်ရုံနှင့်ပင်သိနိုင်သည်။
သူတို့နှစ်ယောက် ဂိုဏ်းချုပ်များနှင့်အတူစွန်းစံအိမ်အတွင်းသို့ဝင်ရောက်သွားမှ လူအုပ်ကြီးမှာ သတိဝင်လာကာ တစ်ယောက်တစ်မျိုးစီပြောဆိုလျှင်ရှိကြသည်။
သူတို့ထဲမှအများစုမှာထင်းရှီအားကွက်ကြည့်ကွက်ကြည့်လုပ်နေကြကာ ထင်းရှီနှင့်ရှောင်ရှောင်တို့ရင်းနှီးသည်ကို သူတို့လည်းရိပ်စားမိပုံရသည်။
သူတို့ထဲမှအချို့မှာ ထင်းရှီအားရန်လိုသည့်အကြည့်ဖြင့်ကြည့်နေကြခြင်းဖြစ်သည်။ ထိုလူများမှာ ပန်းနတ်သမီးသွမ့်ရှင်းရှောင်အား စွဲလန်းနေသူများဖြစ်ကြသည်။
သို့သော် သွမ့်ရှင်းရှောင်မှာ သိုင်းလောကထဲသို့ထွက်ပေါ်လာသည့်အချိန်မှစ၍ သူမနှင့်ရင်းနှီးသည့် ယောင်္ကျားသားဟူ၍ တစ်ယောက်မှမရှိပေ။
သို့သော် ထိုလူငယ်နှင့် သူမအတော်လေးရင်းနှီးကျွမ်းဝင်နေပုံရသည်။ ထို့ကြောင့် ထင်းရှီမှာ အလိုလိုနေရင်း ယောင်္ကျားလေးအများစု၏ရန်သူတော်ကြီးဖြစ်သွားလေသည် ။
ထင်းရှီလည်း သူ့ထံသို့ဘက်ပေါင်းစုံမှကျရောက်နေသည့်အကြည့်စူးစူးများကြောင့် မသက်မသာပြုံးလိုက်မိသည် ။
ယခုအခြေအနေအား သူအလိုမရှိပေ ။ထို့အပြင် လူအများ၏အာရုံစိုက်ခဲရမှုကို သူမနှစ်သက်ပေ ။သို့သော် အခြေအနေများနှာ ဤသို့ဖြစ်ပျက်လာသည့်နောက် သူမည်သို့တတ်နိုင်ပါမည်နည်း။
“ ညီလေး ပြောစမ်းမင်းနဲ့ပန်းနတ်သမီးက တကယ်ပဲရိုးရိုးသားသားလား “
တင်းဖန်းမှ ထင်းရှီ၏ပခုံးအားညစ်ကာပြောလိုက်သည်။ ထင်းရှီလည်း သူ၏မေးခွန်းကြောင့် မချိပြုံးပြုံးလိုက်မိသည်။
သူတို့၏အခြေအနေမှာ လုံးဝရိုးရိုးသားသားကြီးဖြစ်သည်။ သို့သော် သူပြောပြလျှင်လည်းအနည်းငယ်သံသယရှိကြမည်ဖြစ်သည်။
“ ကျုပ်ရဲ့အစ်ကိုတော့အသဲကွဲလောက်ပြီထင်တယ် “
စီးတုမင်မှ ပြုံးလျက် တစ်ဦးတည်းရေရွတ်လိုက်သည်။ သူပြောလိုသည့်အစ်ကိုမှာ သူ၏အစ်ကိုအရင်းဖြစ်သည်။
စီးတုမိသားစုမှ ဒုတိယသားစီးတုချန်းမှာ ပန်းနတ်သမီးအားကြိုက်နှစ်သက်နေသူများထဲမှတစ်ဦးဖြစ်သည်။
စီးတုချန်းမှာ သွမ့်ရှင်းရှောင်သိုင်းလောကထဲသို့မဆင်းမီ အော့မေ့ဂိုဏ်းတွင်ရှိစဉ်ထဲကတွေ့မြင်ကာစွဲလန်းသွားသူဖြစ်သည်။
ထိုစဉ်က စီးတုချန်းနှင့်အတူ သူလည်းပါကာ သူပင်သွမ့်ရှင်းရှောင်၏အလှတွင်မင်တပ်မိရသေးသည်။ ထို့စဥ်က ဆုံဖူးခဲ့သောကြောင့်လည်း သွမ့်ရှင်းရှောင်မှ သူ့အားသိရှိနေခြင်းဖြစ်နိုင်သည်။
ယခု ထင်းရှီနှင့် သွမ့်ရှင်းရှောင်တို့၏ဆက်ဆံရေးအား သူအကဲခပ်ရသလောက် သူ့အစ်ကိုမှာ နောက်ထပ်အခွင့်အရေးရတော့မည့်ပုံမပေါ်ပေ။
ထင်းရှီလည်း သူ့ညီအစ်ကိုများ၏မေးခွန်းများအား သူပြန်မဖြေလိုသဖြင့် သူ၏ဦးခေါင်းအား တစ်ဖက်သို့စောင်းလိုက်သည်။
သူ၏ညာဘက်တွင် သူ့အားစိုက်ကြည့်နေကြသည့်အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့အားမြင်လိုက်ရသည်။
“ ဘာလဲ မင်းတို့ကလည်းသူ့ကိုကြိုက်နေတာလား “
ထင်းရှီမှ စိတ်အချဉ်ပေါက်ကာမေးလိုက်သည်။ သူ့အားယခုလိုအများမှအာရုံစိုက်ခံနေရခြင်းမှာ မသက်မသာဖြစ်စေသည်။
သူ၏စကားကြောင့် ထိုညီအစ်ကိုနှစ်ယောက်မှ ခေါင်းယမ်းလိုက်ကြသည် ။ထို့နောက် ချွင်းရှန်မှပြုံးလျက်ပြောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် ငါတို့တောအုပ်ထဲမှာတိုက်ခိုက်ပြီးထဲက သူ့ကိုပန်းနတ်သမီးဆိုတာ ငါသိတယ် “
ချွင်းရှန်၏စကားမှာ အမှန်ပင်ဖြစ်သည် ။သူနှင့်သွမ့်ရှင်းရှောင်တို့ လက်ရည်စမ်းတိုက်ပွဲထဲက သွမ့်ရှင်းရှောင်အသုံးပြုသည့် ပန်းသုံးပွင့်ဓားသိုင်းနှင့်ရေခဲကျောက်စိမ်းဓားတို့ကြောင့် သူမမည်သူမည်ဝါဖြစ်သည်အားသူသိခဲ့ပြီးဖြစ်သည်။
ဘေးဘက်မှ ချွင်းထုံမှလည်း ဝမ်းသာအားရပြုံး၍ ဝင်ပြောလိုက်သည်။
“ မင်းကအခုချိန်ကနေစပြီးတော့ စိန်ခေါ်ပွဲတွေကို ဆက်တိုက်ကြုံရတော့မယ် ။ဘာကြောင့်လဲဆိုတော့ ပန်းနတ်သမီးကြောင့်ပဲ။
မင်းနဲ့သူနဲ့ဘယ်လိုပတ်သတ်မှုမျိုးပဲရှိရှိ မင်းက သူ့ကိုသဘောကျနေကြတဲ့ ယောင်္ကျားလေးတွေရဲ့ စိန်ခေါ်ခြင်းကိုခံရတော့မယ် “
ချွင်းထုံ၏စကားကြောင့် ထင်းရှီမှာ တိတ်ဆိတ်သွားသည် ။ ထိုပြဿနာမှာလည်းရောက်လာဦးမည်ဟု သူတွေးထားပြီးဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုညီအစ်ကိုနှစ်ယောက်မှာ အနည်းငယ်မောက်မာသည်မှအပ စိတ်သဘောထားမဆိုးလှပေ။
“ ကျုပ်ရဲ့နာမည်က ထင်းရှီပါ နောက်အခါကျုပ်ကိုမိတ်ဆွေတစ်ယောက်လိုဆက်ဆံနိုင်ပါတယ် “
ထင်းရှီ၏စကားကြောင့် ချွင်းရှန်တို့ညီနောင်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ထင်းရှီ၏စကားမှာ သူတို့အားအနည်းငယ်အံ့အားသင့်သွားစေစည်။ သို့သော် ထင်းရှီမှ သူတို့အား မိတ်ဆွေတစ်ယောက်ကဲ့သို့ဆက်ဆံလိုက်မှန်း သဘောပေါက်လိုက်သည်။
“ ကျုပ်တို့နာမည်ကိုတော့ မင်းသိပြီးဖြစ်မှာပါ
ကျုပ်က ချွင်းရှန် ကျုပ်ရဲ့အစ်ကိုကြီးကချွင်းထုံ ကျုပ်တို့ကအရှေ့ပိုင်းသိုင်းလောကက။
ဒီတွေ့ဆုံပွဲပြီးရင် ကျုပ်တို့အရှေ့ပိုင်းနယ်ကိုပြန်မယ် ။ နောက်ပြီးတော့ မင်းကို နောက်ထပ်တစ်ကြိမ်ပြန်ပြီး စိန်ခေါ်ဦးမယ် “
ချွင်းရှန်၏ပွင့်လင်းသောစကားကြောင့် ထင်းရှီလည်း ခေါင်းညိမ့်လိုက်သည်။ ထိုနှစ်ယောက်မှာ သူတို့၏ရှူံးနိမ့်မှုကိုမှတ်သားထား၍ ပြန်၍စိန်ခေါ်မည်ဖြစ်မှန်းကို သိသည် ။
သို့သော် ထိုနှစ်ယောက်မှာ သိုင်းသမားပီသကာ မျက်နှာချင်းဆိုင်စိန်ခေါ်လိမ့်မည်ဖြစ်သည်။ အနည်းဆုံးတော့ မကောင်းသည့်လူများကဲ့သို့ အောက်တန်းကျသည်နည်းလမ်းများဖြင့် လက်စားချေမည်မဟုတ်ပေ။
ထို့ကြောင့်လည်း သူထိုနှစ်ယောက်အား မိတ်ဆွေစာရင်းထဲသို့ လိုက်ခြင်းဖြစ်သည်။
ရန်သူတစ်ဦးတိုးခြင်းထက်စာလျှင် မိတ်ဆွေတစ်ယောက်ပို၍ခြင်းက ပို၍ကောင်းသည်မဟုတ်လား ။
ထို့နောက်တွင် ထင်းရှီမှာ တိုင်အားမှီကာ မျက်စေ့ငိုစုံမှတ်၍ ငိုက်မျဉ်းနေသကဲ့သို့ငြိမ်သက်သွားတော့သည်။
သူသိုးထိန်းကြီးနှင့်နှစ်အတော်ကြာရှိခဲ့သဖြင့်သိုးထိန်းကြီး၏အမူအကျင့်များကူးစက်လာပုံရသည်။
အမှန်မှာ သူငိုက်မျဉ်းနေခြင်းမဟုတ်ဘဲ စဉ်းစားနေခြင်းဖြစ်သည် ။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးအချို့ပြေးလွှားနေသည်။
အမှတ်မထင်သူခင်မင်ခဲ့ရသည့်ရှောင်ရှောင်မှာ နဂါးစိမ်းဂိုဏ်းချုပ်၏သမီး သွမ့်ရှင်းရှောင်ဖြစ်နေမည်ဟု သူမထင်ထားမိခဲ့ပေ။
ထို့ကြောင့် ဒေါ်လေးကျိဟွာနှင့်အစ်ကိုကြီးရှောင်ကျန်းမင်အတွက် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်နှင့်ရှင်းရမည့်ကိစ္စများမှာ အနည်းငယ်ခက်ခဲသွားနိုင်သည်။
သို့သော် ထိုကိစ္စကိုတော့ သူဖြစ်အောင်လုပ်ရမည်ဖြစ်သည်။ ဒေါ်လေးကျိဟွာနှင့်ရှောင်ကျန်းမင်မှာ သူတို့၏ရင်ထဲတွင် ထိုကိစ္စကြီးအား အစိုင်အခဲဖြစ်သည်အထိသိမ်းဆည်းထားခဲ့ရသည်။
ထို့နောက် ထင်းရှီ၏မျက်လုံးများပွင့်လာကာ သူနှုတ်ခမ်းထောင့်စွန်းတွင်အပြုံးတစ်ခုတွဲခိုလာသည် ။
မထင်မှတ်ဘဲဖြစ်လာသည့်အခြေအနေကြောင့် သူ၏မူလအစီအစဉ်မှာ ပို၍လွယ်ကူမည့်ပုံရသည်။
ထိုစဉ် စွန်းအိမ်တော်အတွင်းမှ လူတစ်ယောက်ထွက်လာကာ အုတ်အုတ်ကျက်ကျက်ဖြစ်နေသည့်လူအုပ်ကြီးအား ငြိမ်သက်သွားစေရန်ပြုလုပ်လိုက်သည်။