မြစ်ဝါနဂါးဂိုဏ်း
Vol. 1 Ch. 96
စွန်းအိမ်တော်၏ရှေ့မြေကွက်လပ်တွင်စင်မြင့်တစ်ခုရှိကာ စံအိမ်၏အတွင်းဘက်နှင့်လျှောက်လမ်းတစ်ခုဆက်သွယ်ထားသည်။
ယခု ထိုလူမှာ စွန်းစံအိမ်အတွင်းမှထွက်လာ၍ စင်မြင့်ပေါ်သို့ရောက်နေခြင်းဖြစ်သည်။
“ အားလုံးပဲ တိတ်တိတ်နေပေးကြပါ ။ ကျုပ်တို့ သိုင်းလောကဆွေးနွေးပွဲကြီးကို စတင်တော့မှာပါ “
ထိုလူ၏စကားကြောင့် တစ်ယောက်တစ်မျိူးစီပြောဆိုနေကြသည့်သိုင်းသမားများမှာ ငြိမ်သက်သွားကြသည်။
ထိုလူမှာ အသက်လေးဆယ်ကျော်ခန့်ရှိက အဖြူရောင်ပိုးဖဲဝတ်စုံနှင့် အနည်းငယ်ဝဖိုင့်သည့်ခန္တာကိုယ်ရှိသည်။
သူ၏ပုံစံမှာ သိုင်းပညာတတ်ကျွမ်းသည့်ပုံမရဘဲ ငွေကြေးချမ်းသာသည့် သူဌေးသူကြွယ်တစ်ဦးနှင့်တူလှသည်။
သို့သော် ထိုလူအားသိုင်းလောကသားအတော်များများမှသိရှိကြသည်။ သူ၏အမည်မှာ စွန်းတာအိုဖြစ်ကာ စွန်းမျိုးနွယ်မှ လက်ရှိသိုင်းလောကမှတ်တမ်းကိုင်ဆောင်သူဖြစ်သည်။
ယခု စွန်းအိမ်တော်ထဲသို့ရောက်ရှိနေကြသည့်သိုင်းလောကသားများမှာ လူဦးရေငါးရာနီးပါးရှိသည်။ သူတို့အားလုံး စွန်းတာအို၏စကားကြောင့် တိတ်ဆိတ်သွားကြသည်။
ထို့နောက် လူအများငြိမ်သက်သွားသည်နှင့် စွန်းတာအိုမှ ပြုံးလိုက်ကာ သူ၏စကားအားဆက်ပြောလိုက်သည် ။
“ ကျုပ်တို့သိုင်းလောကဆွေးနွေးပွဲကိုပြုလုပ်လိုက်တဲ့အကြောင်းကတော့ မြစ်ဝါမြစ်ကမ်းဘေးက ဒေသနဲ့ပတ်သတ်ပြီးဆွေးနွေးစရာကိစ္စတစ်ခုရှိလို့ပဲဖြစ်ပါတယ်ခင်ဗျာ ။
အဲဒီအကြောင်းနဲ့ပတ်သတ်ပြီး ဂိုဏ်းချုပ်ကြီးတွေက ဆက်ပြီးပြောမှာပါ “
ထို့နောက် စွန်းတာအိုမှ စံအိမ်အတွင်းသို့ပြန်ဝင်သွားသည်။ သူ၏စကားကြောင့် သိုင်းလောကသားများမှာ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။
“ မြစ်ဝါမြစ်ဘေးကဒေသတွေအကြောင်းဆိုတော့ မြစ်ဝါနဂါးဂိုဏ်းနဲ့များပတ်သတ်နေလားမသိဘူး “
“ မဟုတ်မှလွဲရော ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေက မြစ်ဝါနဂါးဂိုဏ်းကိုဖြိုခွဲဖို့ကြံစည်နေတာတော့မဟုတ်လောက်ပါဘူးနော် “
လူအများမှာ တီးတိုးပြောသံများနှင့် ပြန်၍ဆူညံသွားကြသည်။ သို့သော် မည်သူမှထိုထင်မြင်ချက်ကို အတည်မပြုနိုင်ကြပေ။
မြစ်ဝါဂိုဏ်းမှာ လွန်စွာအင်အားကြီးမားနေပြီဖြစ်ကာ သူတို့အားဖြိုခွဲလိုလျှင် ထိုမျှလွယ်ကူမည်မဟုတ်ပေ။
ထို့နောက်တွင် စံအိမ်ရှေ့သို့ အသက်ငါးဆယ်ကျော်အရွယ် ရသေ့အဝတ်အစားနှင့်လူတစ်ဦးထွက်လာသည်။
ထိုလူမှာ အတွင်းအားပြည့်ဝဟန်ရသည့်စူးရှသာ့်မျက်ဝန်းအစုံကိုပိုင်ဆိုင်ထားသည် ။ သူ၏နောက်ခါးတွင် ဓားရှည်တစ်ချောင်းကိုချိန်ဆွဲထားကာ ခန့်ညားသည့်ဟန်ပန်ဖြင့်လျှောက်လာသည်။
ထိုလူအားမြင်သည်နှင့် သိုင်းလောကသားများမှာ တိတ်ဆိတ်သွားကြသည်။
“ ခွန်လွန်ဂိုဏ်းချုပ်ကြီး “
သူတို့အားလုံးတူညီစွာတွေးလိုက်ကြသည်။ ထိုရသေ့အဝတ်အစားနှင့်လူမှာ ခွန်လွန်ဂိုဏ်းချုပ်ကြီး မာရှောင်ကျင်းဖြစ်သည်။
ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းမှာဂိုဏ်းချုပ်ခြောက်ယောက်ထဲတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း သိုင်းလောကထဲတွင်သူ၏သမာသမတ်ကျမှုကြောင့်ကျော်ကြားလှသည်။
ယခုမာရှောင်ကျင်းအားတွေ့သည်နှင့် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့် လူများမှာ တိတ်ဆိတ်သွားပြန်သည်။
မာရှောင်ကျင်းလည်း လူအုပ်ကြီးအားတစ်ချင်အကဲခပ်လိုက်သည် ။ထို့နောက် အားလုံးငြိမ်သက်သွားသည်ကိုတွေ့လိုက်၍ သူ၏စကားအားစပြောလိုက်သည်။
“ အားလုံးသိကြတဲ့အတိုင်းပဲ ကျုပ်တို့သိုင်းလောကသားတွေသာမက သာမန်အရပ်သူအရပ်သားတွေပါ မြစ်ဝါမြစ်ထဲမှာ အန္တရာယ်ကင်းကင်းနဲ့ခရီးမသွားရတာအတော်ကြာခဲ့ပါပြီ။
တကယ်လို့မသွားမဖြစ်သွားရရင်တောင်မှ စိုးတထိတ်ထိတ်နဲ့ခရီးဆက်နေရပါတယ်။ ဒါတင်မကသေးဘူး မြစ်ဝါမြစ်ရဲ့ပတ်ဝန်းကျင်ကဒေသတွေက မြစ်ဝါနဂါးဂိုဏ်းသားတွေရဲ့နှိပ်စက်မှုအမျိုးမျိုးကို ခံနေရတယ် “
သူ၏စကားကြောင့် သိုင်းသမားများမှာ အသီးသီးခေါင်းညိမ့်လိုက်ကြမိသည်။ မြစ်ဝါမြစ်ကမ်း၏ဘေးမှ ဘေးဒုက္ခများအား သူတို့လည်းကောင်းစွာသိသည် ။
မြစ်ဝါမြစ်မှာ သမိုင်းအဆက်ဆက်တွင်အရေးပါခဲ့ပြီး သူတို့တိုင်းပြည်၏အသက်သွေးကြောဟုပင်ပြော၍ရသည်။
တရုတ်ပြည် အနောက်ပိုင်းဒေသ ချင်းဟိုင်ပြည်နယ် ဘာရန်ဟာတောင်တန်းတွင် မြစ်ဖျားခံကာ ပြည်နယ်ပေါင်း ၉ ပြည်နယ်ကို ဖြတ်သန်းပြီး ပင်လယ်ဝါအနီး ပေါ်ဟိုင်ပင်လယ်သို့ စီးဝင်သည်။
ထို့အပြင် မြစ်ဝါမြစ်ဝှမ်းဒေသမှ ယဉ်ကျေးမှုစတင်၍ တစ်နိုင်ငံလုံးသို့ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ မြစ်ရေတွင် အနည်များ၍ဝါကျင်ကျင်အရောင်ရှိသောကြောင့် မြစ်ဝါမြစ်ဟုအမည်တွက်ခြင်းဖြစ်သည်။
ခေတ်အဆက်ဆက်တွင်လည်း ရေလွှမ်းမိုးမှုများကြောင်က ရေဘေးဒုက္ခအများအပြားကိုခံစားခဲ့ရသည်။ သို့သော် မြစ်ကြီးအားအမှီပြုကာ အမျိုးမျိုးသောလုပ်ငန်းများလုပ်ဆောင်နိုင်သောကြောင့်အကောင်းအဆိုးဒွန့်တွဲနေသည်။
သို့သော် ရေဘေးဒုက္ခများထက်ပို၍ဆိုးရွားလာသည်ကား မြစ်ဝါနဂါးဂိုဏ်းမှလူများဖြစ်သည်။ မြစ်ဝါမြစ်ဖြတ်သန်းစီးဆင်းသည့်ရင်းချောင်ပြည်နယ်တွင် မြစ်ဝါနဂါးဂိုဏ်းအခြေစိုက်သည် ။
မြစ်ဝါနဂါးဂိုဏ်းမှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည့် ဖူဟိုင်ကျင့်မှစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
စတင်တည်ထောင်ခဲ့စဉ်က လူဦးရေတစ်ရာနီးနီးသာရှိမည့် ဂိုဏ်းလေးဖြစ်ကာ ပထမတန်းစားဂိုဏ်းသာသာပင်ဖြစ်သည်။
သို့သော် မည်သည့်အတွက်ကြောင့်ရယ်မသိ တည်ထောင်ပြီး လေးငါးနှစ်ကြာသည်နှင့် ဖူဟိုင်ကျင့်၏သိုင်းပညာများရုတ်တရက်မြင့်မားလာသည့်အပြင် အဆင့်လွန်သိုင်းသမားနှစ်ယောက်ပါပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင်မူ မြစ်ဝါနဂါးဂိုဏ်းမှာ အရှိန်အဟုန်နှင့်တိုးတက်လာကာ သုံးနှစ်အတွင်း ထိပ်တန်းအင်အားစုကြီးအဖြစ်သို့ရောက်ရှိနေသည်။
သိုင်းလောကထဲမှ နဂါးစိမ်းဂိုဏ်း၏ညီညွတ်စွာနေထိုင်ရေးခံယူချက်အား သဘောမကျဘဲ ဆိုးသွမ်းလိုသည့် အနက်ရောင်သိုင်းသမားများမှာ မြစ်ဝါဂိုဏ်းသို့အလုံးအရင်းဖြင့်ပူးပေါင်းခဲ့ကြသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင်မူမြစ်ဝါနဂါးဂိုဏ်းမှာ ဂိုဏ်းသားအင်အားအင်အားတစ်ထောင်ကျော်နှင့် အကြီးအကဲများဖြစ်ကြသည့် အဆင့်လွန်သိုင်းအဆင့်ရေဘုရင်ကိုးယောက်တို့ပါရှိနေပြီဖြစ်သည်။
သူတို့အပြင် တိတိကျကျမှန်းဆမရနိုင်သည့် ဂိုဏ်းချုပ်ဖူဟိုင်ကျင့်နှင့် ဒုဂိုဏ်းချုပ်နှစ်ယောက်တို့ရှိနေသည် ။
ထိုအင်အားစုမှာ သိုင်းလောကထဲရှိ ထိပ်တန်းအဆင့်ဂိုဏ်းကြီးများနှင့် အသာအယာရင်ဘောင်တန်းနိုင်သည်။
ယခုနောက်ပိုင်းတွင် မြစ်ဝါနဂါးဂိုဏ်း၏လုပ်ဆောင်ချက်များမှာ ပို၍ဆိုးရွားလာသည်။ သူတို့ဂိုဏ်းမှာ အနီးအနားရှိမြို့ရွာများအားအနိုင်ကျင့်ခြင်းသာမက ရေကြောင်းခရီးသွားလာကြသူများကိုပါ လုယက်လာကြသည်။
သိုင်းသမားများအတွေးကိုယ်စီဖြင့်ငြိမ်သက်သွားကြစဉ် မာရှောင်ကျင်းမှအသံကျယ်ကျယ်ဖြင့်ပြောလိုက်သည် ။
“ မြစ်ဝါနဂါးဂိုဏ်းက လွန်ခဲ့တဲ့သုံးလတုန်းက အနောက်ပိုင်းဒေသကဆက်သတဲ့ ဘုရင့်ရဲ့ဘဏ္ဍာတော်တွေကို လုယက်လာတယ် ။
ရေကြောင်းခရီးနဲ့လာရောက်တဲ့ သင်္ဘောသုံးစီးကိုလုယက်ရုံတင်မကဘဲ လူအကုန်လုံးကိုသတ်ဖြတ်ပြီး ပစ္စည်းတွေကိုယူဆောင်သွားခဲ့တယ် “
ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားကြောင့် သိုင်းသမားများမှာ လွန်စွာအံ့အားသင့်သွားကြသည်။
ထိုလူအုပ်ထဲမှ အနည်းစုသာထိုကိစ္စအားသိရှိထားခြင်းဖြစ်ပြီး အများစုမှာ ထိုအကြောင်းအားလုံးဝသိရှိခြင်းမရှိကြပေ။
ထို့အတူ မြစ်ဝါနဂါးဂိုဏ်း၏လုပ်ရပ်အား သူတို့အစားလွန်စွာထိတ်လန့်သွားမိသည် ။ ပြောစရာမလိုအောင်ပင် တောင်ပိုင်းဟန်နှင့်မြောက်ပိုင်းယွမ်တို့အားပေါင်းစည်းပြီးနောက်တွင် ဘုရင်မင်းမြက်ဟန်ချင်းမှာ အာဏာအရှိဆုံးလူဖြစ်လာသည်။
ထို့ကြောင့် သိုင်းလောကသားများသည်လည်း မည်မျှပင်ဆိုးသွမ်းစေကာမူ နန်းမြို့တော်နှင့်မပတ်သတ်မိအောင်ဂရုစိုက်နေကြသည်။
သို့မဟုတ်ပါက မည်မျှသိုင်းပညာမြင့်မားသူပင်ဖြစ်စေ ဘုရင့်တပ်သားများ၏ရှင်းလင်းခြင်ူကိုခံရမည်ဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်များပင် စစ်တပ်နှင့်ရင်ဆိုင်ရပါက သေဆုံးရမည်မှာ သေချာသလောက်ရှိသည်။ ထိုလူများသည်သည်လည်းလူသားများသာဖြစ်ကြောင့် တစ်ယောက်သတ်လျှင် နှစ်ယောက်ထွက်ပေါ်လာကာအဆက်မပြက်တတ်လာနေသည့် တပ်သားများကို အကုန်သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် နောက်တန်းမှ ထောင်နှင့်ချီသည့်မြားတပ်သားများမှာ သူတို့၏အသက်ကိုလွယ်လွယ်ကူကူနုတ်ယူသွားနိုင်သည် ။
ထို့ကြောင့်လည်းသိုင်းလောကသားများမှာ နန်းမြို့တော်နှင့်မပတ်သတ်မိစေရန်သတိထားကြခြင်းဖြစ်သည်။
နန်းမြို့တော်မှာလည်း သိုင်းလောကသားများအားလွှတ်ပေးထားကာ ကြီးကြီးမားမားပြစ်မှုများလုပ်ဆောင်မထားသ၍ သိုင်းလောက၏ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။
ယခူ မြစ်ဝါနဂါးဂိုဏ်းမှာမူ နန်းမြို့တော်အား ပြောင်ပြောင်တင်းတင်းရန်စလိုက်ခြင်းဖြစ်သည်။ ထိုအချက်အားနန်းမြို့တော်မှ မည်သို့တုံ့ပြန်မည်မသိသေးပေ။
ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းမှ ဆက်ပြောလိုက်သည်။
“ အခုအဆင့်သုံးနယ်စားကြီး ကျောက်ဖူက သူ့ရဲ့ တပ်နှစ်ခုနဲ့အတူ မြစ်ဝါမြစ်ဝှမ်းမှာ တပ်စွဲထားပြီးပြီ ဘယ်အချိန်မှာ တိုက်ပွဲတွေစဖြစ်မယ်မသိသေးဘူး ။
စစ်တပ်နဲ့တိုက်ခိုက်ရင် မြစ်ဝါနဂါးဂိုဏ်းကပျက်စီးမှာမှန်ပေမယ့် သူတို့ကို နောက်ထပ်တစ်ကြိမ်ခေါင်းထောင်မလာနိုင်အောင် အမြစ်ပြက်မနှိမ်နင်းနိုင်ဘူး ။
တကယ်လို့ သူတို့ရဲ့ခေါင်းဆောင်ပိုင်းတွေကသာလွတ်သွားရင် နောက်ထပ် ဒုတိယမြစ်ဝါဂိုဏ်းဆိုတာဖြစ်လာနိုင်သေးတယ် ။
ဒါကြောင့် ငါတို့က နယ်စားကြီးကျောက်ဖူနဲ့ပူးပေါင်းပြီး မြစ်ဝါနဂါးဂိုဏ်းကို တစ်ခါထဲဖြိုခွင်းချင်တယ်။
အမှန်အတိုင်းပြောရရင် နယ်စားကြီးကျောက်ဖူက သိုင်းလောကနဲ့စိမ်းတဲ့လူမဟုတ်ဘူး ။ ဒါကြောင့် သူကငါတို့ပူးပေါင်းမယ့်အစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံတယ် ။
ကျုပ်တို့ဂိုဏ်းကြီးခြောက်ဂိုဏ်းကဦးဆောင်ပြီးတော့ မြစ်ဝါနဂါးဂိုဏ်းကိုနှိမ်နင်းဖို့အတွက်မဟာမိတ်ဖွဲ့မယ် မဟာမိတ်အဖွဲ့ထဲမှာ ပါဝင်ပြီး မြစ်ဝါနဂါးဂိုဏ်းကိုတိုက်ခိုက်လိုတဲ့သိုင်းသမားတွေက စွန်းအိမ်တော်မှာ စာရင်းသွင်းနိုင်ပါတယ် “
မာရှောင်ကျင်းမှ သူ၏စကားအားအဆုံးသတ်လိုက်သည်နှင့် အောက်ရှိသိုင်းလောကသားများမှ ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးလိုက်ကြသည်။