အခန်း (၁၄၇၁-၁၄၇၆)
Vol. 94 Ch. 1471-1476
အခန်း ၁၄၇၁ အဆင့်နိမ့်သူနှင့် လက်ထပ်ခြင်း
သူတို့အတွက် မိသားစုနောက်ခံ အခြေအနေသည် အိမ်ထောင်ပြုရာတွင် အရေးကြီးဆုံး အချက်ဖြစ်ပြီး ရုပ်ရည်သွင်ပြင်များသည် အရေးမကြီးပါချေ။
“လူတွေက ဘာလို့ မိသားစုစီးပွားရေးနဲ့ ကိုယ့်သားသမီးရဲ့ အိမ်ထောင်ရေးကို ရောထွေးနေကြတာလဲ နားမလည်နိုင်ဘူး။”
“ငါကတော့ အဲဒီလို အကျိုးအမြတ်မျှော်ကိုးပြီး အိမ်ထောင်ချရင် သူတို့ကလေးတွေအတွက် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရနိုင်မယ်မထင်ဘူး။”
“အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုလုပ်တည်မြဲမှာလဲ။”
“ပိုက်ဆံက အရေးကြီးတယ်ဆိုပေမယ့် ဘ၀ကလည်း အရေးကြီးတယ်။”
“ဟုတ်တယ် ဘ၀မှာ ပျော်ရွှင်ဖို့ကလည်း အရေးကြီးတာပဲ။”
“…”
ဧည့်သည်အချို့သည် ထန်ယရှင်း နှင့် ချီကျီယွဲ့ တို့အကြောင်း ပြောနေကြသည်။
“သူတို့ ယူကြတယ်ဆိုမှတော့ ချစ်တာတော့ ချစ်ကြမှာပါ.. ဒါပေမယ့် သူတို့နှစ်ယောက်က အဆင့်အတန်းချင်း ကွာဟလွန်းတယ်။”
“ဟုတ်တယ် ငါကတော့ ပိုက်ဆံကိုမကြည့်ပဲ အချစ်စစ်ကိုပဲ ရှာဖွေချင်တယ်။”
“အချစ်စစ်တဲ့လား.. ငါကတော့ အဲဒါတွေ အယုံအကြည်မရှိဘူး။”
“အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။”
“ဟုတ်တော့ဟုတ်ပေမယ့် လူတိုင်းအတွက်တော့ မဖြစ်နိုင်ပါဘူး။”
“အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး လက်တွေ့ဆန်တယ်.. သူတို့က အမြဲတမ်း သူတို့တက်လမ်းကိုပဲကြည့်ပြီး လက်ထပ်ကြတာ.. ငါကတော့ ကိုယ်တွေ့ပဲဟေ့။”
တကယ်တမ်းတွင် လောက၌ လူအမျိုးမျိုး စိတ်အထွေထွေပါပင်။ ပျော်ရွှင်စရာ အိမ်ထောင်ရေး ဖြစ်မဖြစ် ဆိုသည်မှာလည်း တစ်ဦးချင်းစီ၏ ကံပင်ဖြစ်သည်။ ယခုခေတ်တွင်ဆိုလျှင် လက်ထပ်ပြီးမှ ပြောင်းလဲသွားသူများလည်း တစ်ပုံတစ်ခေါင်းပါပင်။ ထို့ကြောင့် အိမ်ထောင်ရေး ခရီးလမ်းကို သတိထားပြီး လျှောက်လှမ်းရမည် ဖြစ်သည်။
ထန်မိသားစုသည် မြို့တော်တွင် အလွန်ချမ်းသာသော မိသားစု ဖြစ်သော်လည်း အဆင့်အတန်းမြင့်သည်ဆိုတိုင်း သူတို့နှင့် ဆက်ဆံရေးကောင်းများ ရှိသည်ချည်းတော့ မဟုတ်ပါချေ။ ထို့အပြင် မြို့တော်တွင် အရှိန်အဝါကြီးသူ များစွာ ရှိသည်ဖြစ်ရာ မင်္ဂလာပွဲကို တက်ရောက်သူမှာ သုံးပုံတစ်ပုံခန့်သာ ရှိလေသည်။
ဒီနေ့ လက်ထပ်ပွဲသို့တက်ရောက်သော ဧည့်သည်များတွင် သုံးမျိုးသုံးစားပါ၀င်သည်။ ပထမအမျိုးအစားမှာ ထန်ပင်းစန်နှင့် ရင်းနှီးသူများ ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ ထန်အဖွဲ့အစည်း၏ စီးပွားရေး မိတ်ဖက်များဖြစ်သည်။ တတိယအမျိုးအစားကတော့ သူ၏ အသိအကျွမ်းမိတ်ဆွေများ ဖြစ်သည်။ သူ၏ အသိအကျွမ်းများကတော့ အများစု ပါ၀င်လေသည်။
ထန်ပင်းစန်ထက် ရာထူး အရှိန်အဝါမြင့်သော ပုဂ္ဂိုလ်များကိုတော့ သူသည် မဖိတ်ခေါ်ရဲပါချေ။
ဥပမာအားဖြင့် မြို့တော်ရှိ အထင်ကရ မိသားစုလေးခုနှင့် ထိပ်တန်း အရာရှိကြီးများတွင် သူနှင့် သိကျွမ်းသောသူများ မပါ၀င်ပေ။ ရှုမိသားစုသည်ပင် လက်ထပ်ပွဲသို့မလာကြသောကြောင့် ထန်မိသားစုသည် သူနှင့် အဆင့်အတန်းတူသည့် မိသားစုများကိုသာ ဖိတ်နိုင်လေသည်။
အချို့သော အဆင့်အတန်းတူ မိသားစုများသည် သူတို့မိသားစု ကိုယ်စားပြုအနေနှင့် လူငယ်များကိုသာ စေလွှတ်ကြလေသည်။
မည်သို့ပင်ဆိုစေ ထန်မိသားစု၏ လက်ထပ်ပွဲသည် မြို့တော်တွင် သတင်းထူးဖြစ်သော ပွဲကြီးတော့ ဖြစ်နေသေးသည်ပင်။
ထန်ပင်းစန်သည် ဧည့်သည်များနှင့် စကားစမြည်ပြောနေရင်း ဧည့်သည်များကလည်း သူ့သမီး၏ လက်ထပ်ပွဲအတွက် ဂုဏ်ပြုပေးနေကြသည်။
ဧည့်သည်အားလုံးသည် ထန်ပင်းစန်နှင့် ဆက်ဆံရေးကောင်း ရှိကြသည်တော့မဟုတ်ပဲ အချို့သော ဧည့်သည်များသည် စီးပွားရေးလုပ်ရာတွင် ပဋိပက္ခများပင် ဖြစ်ဖူးကြလေသည်။ သို့သော် ယခုလို အခြေအနေမျိုးတွင်တော့ မည်သို့မည်ပုံ ပြုမူသင့်ကြောင်း နောကျေနေကြသူများဖြစ်သည်။ သူတို့သည် ရန်သူများတော့လည်း မဟုတ်ကြပါပေ။
“ဥက္ကဌထန် ကျုပ်ကတော့ ခင်ဗျားကို တကယ်လေးစားပါတယ်.. ကိုယ့်သားမက်ရဲ့ နောက်ခံမိသားစု အခြေအနေကို တကယ်ကို ဂရုမစိုက်တာပဲ။” နာမည်ကြီး ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်တစ်ယောက်သည် ဟာသပြောသလိုနှင့် ခနဲ့လိုက်သည်။
အဆင့်အတန်းမြင့်သော အသိုင်းအဝိုင်းတွင် အဆင့်အတန်းသာမာန်ဖြစ်သော လူတန်းစားနှင့် အိမ်ထောင်ပြုသည်ဆိုသောအချက်သည် လှောင်ပြောင်စရာ ဖြစ်နေလေသည်။ သူတို့သည် သူတို့ထက်ဆင်းရဲသူများကို အထင်သေးကြခြင်းပင်။
“ဥက္ကဌလု.. ကျွန်တော်က မိသားစုစီးပွားရေး တိုးတက်ဖို့အတွက် ကိုယ့်သမီးကိုယ် အသုံးချတာမျိုး မလုပ်ပါဘူး.. အဲဒါကြောင့် သားမက်ရဲ့ နောက်ခံမိသားစု အခြေအနေကိုလည်း ဂရုမစိုက်ပါဘူး.. သူတို့ ပျော်ရွှင်နေဖို့က ကျွန်တော့်ဆန္ဒပါပဲ။” ထန်ပင်းစန် ဒေါသကို မြိုသိပ်ရင်း ပြောလိုက်သည်။
သူ လုံးဝလိမ်ညာလိုက်ခြင်းတော့မဟုတ်ပေ။ သူ့အနေနှင့် ထန်ယရှင်းကို စီးပွားရေးအတွက် မလိုအပ်သည်မှာတော့ အမှန်ဖြစ်သည်။ တကယ်တမ်းတွင် ထန်အိုက်နင်း ကသာ ကြိုးစားလုပ်ပေးနေခြင်းဖြစ်ပြီး သူမကြောင့်သာ မဟုတ်လျှင် ထန်မိသားစုသည် ထိုမျှလောက် အရှိန်အဝါကြီးလာမည် မဟုတ်ချေ။
သူ ထန်အိုက်နင်းကို မုန်းသော်လည်း သူ၏ သမီးဖြစ်နေလေသည်။ သို့သော် သူ၏ မိတ်ဆွေတော်တော်များများကတော့ ထိုအကြောင်းကို မသိကြပါချေ။
ဥက္ကဌလု ဘာပြန်ပြောရမှန်း မသိတော့ပေ။
သို့သော် ထန်ပင်းစန် ပြောလိုက်သောစကားသည် အခြားသော ဥက္ကဌများကိုတော့ အရှိုက်ထိသွားစေလေသည်။ သူတို့သည် သူတို့၏ သားသမီးများကို အသုံးချနေကြသည် မဟုတ်ပါလား။ သို့သော် သူတို့သည် အသုံးချသည်ဟုတော့ ၀န်မခံချင်ကြပါချေ။
ထန်ပင်းစန်သည် ထိုအကြောင်းအရာကို ဆက်မပြောသင့်တော့မှန်း သိသောကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ ဥက္ကဌလုသည်လည်း ဆက်မပြောချင်တော့သည်ပင်။
ထို့နောက် ထန်ချင်းယန် သည် ကျန်းယွေ့ချင်နှင့် စုန့်နန်တို့နှင့်အတူ ရောက်လာသည်။
***
အခန်း ၁၄၇၂ အိုက်နင်း ဘယ်မှာလဲ
သူတို့သည် ထန်ချင်းယန်၏ အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်သောကြောင့် ထန်မိသားစု အတွင်းရေး ပြဿနာများကို အထိုက်အလျောက် သိထားကြလေသည်။ သူတို့သည် ထန်ချင်းယန်ကို အားပေးထောက်ခံကြသူများ ဖြစ်ပြီး အောင်မြင်စွာ လက်စားချေနိုင်ဖို့ကို မျှော်လင့်နေကြသူများပင်။
ထန်ချင်းယန်သည် ကုနင်းနှင့် သူလက်တွဲလုပ်ဆောင်နေကြောင်းကိုတော့ သူတို့ကို မပြောထားပဲ မင်္ဂလာပွဲတွင် ကြီးကြီးမားမားတစ်ခုခု ဖြစ်မည်ဟု ပြောထားခြင်းဖြစ်ရာ ထိုအချင်းအရာကို လက်လွတ်မခံပဲ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြခြင်း ဖြစ်သည်။
ထန်ချင်းယန်, ကျန်းယွေ့ချင်နှင့် စုန့်နန်တို့သည် အဆင့်အတန်းမြင့်သော အသိုင်းအဝိုင်းတွင် လူသိများသူများ ဖြစ်ကြသည်။ ထန်ချင်းယန်သည် ထန်မိသားစုမှ ဖြစ်ပြီး သူ့ မိဘများ၏ မတော်တဆမှု မတိုင်ခင်အထိ မြို့တော်တွင် ရှိနေခဲ့သူ ဖြစ်သည်။ သူသည် မြို့တော်မှ ထွက်သွားသည်မှာ သုံးနှစ်ခန့်သာ ရှိသေးသောကြောင့် လူတော်တော်များများသည် သူ့ကို မှတ်မိနေကြလေသည်။
ကျန်းမိသားစုသည်လည်း နိုင်ငံရေးတွင် အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ပြီး လင်မိသားစုနှင့် ဆက်ဆံရေးကောင်း ရထားသူများ ဖြစ်သည်။ ကျန်းယွေ့ချင်သည် ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီဖြစ်ပြီး သူနှင့် အဆင့်အတန်းတူသော အသိုင်းအဝိုင်းများကြားတွင်လည်း ၀င်ဆံ့သူဖြစ်သည်။ စုန့်နန်ကတော့ သူ၏ မိသားစုသည် ထန်ချင်းယန်နှင့် ကျန်းယွေ့ချင်တို့၏ မိသားစုလောက် မချမ်းသာသော်လည်း ချို့တဲ့သူတော့ မဟုတ်ပါပေ။
စုန့်နန်၏ ဖခင်သည် မြို့တော်၏ ဂုဏ်သရေရှိ တက္ကသိုလ်တွင် ပါမောက္ခချုပ်ဖြစ်ပြီး သူ၏ မိခင်မှာ နာမည်ကြီးဆေးရုံ၏ လက်ထောက်ဒါရိုက်တာ ဖြစ်သည်။ စုန့်နန်သည်လည်း အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်လေး ဖြစ်သည်။
ထန်ချင်းယန်သည် နီညိုရောင် ၀တ်စုံဖြင့် လာကာ၊ ကျန်းယွေ့ချင်ကတော့ နက်ပြာရောင်နှင့် ဖြစ်ပြီး စုန့်နန်ကတော့ ပုံမှန် အနက်ရောင်၀တ်စုံဖြင့်သာ လာလေသည်။ သူတို့သုံးဦး၏ အသွင်အပြင်သည် ခန့်ညားထည်ဝါနေသောကြောင့် သူတို့ရောက်လာသည်နှင့် လူအများ၏ အာရုံစိုက်မှုကို ခံကြရလေသည်။
အမှန်တကယ်တွင်လည်း သူတို့သုံးယောက်လောက် ခန့်ညားသူ မရှိကြပါချေ။
“ဝိုး သူတို့က မိုက်လိုက်တာ။”
“အကြည့်တောင် မလွှဲနိုင်တော့ဘူး။”
“သူတို့က ဘယ်သူတွေလဲ၊”
“ငါသူတို့ကို သိတယ်.. အနီရောင်၀တ်စုံနဲ့ တစ်ယောက်က ဥက္ကဌထန်ရဲ့တူပဲ.. သူက ထန်အဖွဲ့အစည်းရဲ့ အဓိကရှယ်ယာရှင်တွေထဲက တစ်ယောက်ပဲ။”
“တကယ်ကြီးလား အပြာရောင်၀တ်စုံနဲ့ တစ်ယောက်ကရော။”
“သူက ကျန်းယွေ့ချင်လေ.. မြို့တော်က ကျန်းမိသားစုကို သိတယ်မလား.. သူ့မိသားစုက လင်မိသားစုနဲ့ ရင်းနှီးကြတယ်.. သူ့အဖေကလည်း အစိုးရပိုင်းမှာ အဆင့်မြင့်အရာရှိပဲလေ။”
“အနက်ရောင်၀တ်စုံနဲ့တစ်ယောက်ကတော့ စုန့်နန်တဲ့.. သူ့အဖေက မြို့တော်ရဲ့ ဂုဏ်သရေရှိ တက္ကသိုလ်တစ်ခုမှာ ပါမောက္ခချုပ်လေ.. သူ့အမေကလည်း နာမည်ကြီးဆေးရုံတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာပဲ.. သူ့ဟာသူတောင် တော်တော်ချမ်းသာတာ။”
“ဘုရားရေ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်အောင်မြင်ကြတာပဲ။”
“ဟုတ်တယ် အဲဒါကြောင့် သူတို့က နာမည်ကြီးကြတယ်။”
သူတို့သည် မင်္ဂလာပွဲကို တက်ရောက်သူများထဲတွင် အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး မဟုတ်ကြသော်လည်း မိန်းကလေးများကြားတွင်တော့ ရေပန်းအစားဆုံး ဖြစ်နေလေသည်။
“ငါတို့ သူတို့နဲ့ စကားသွားပြောကြမလား၊”
“ငါကြောက်တယ်။”
“လာစမ်းပါ.. ဒီပွဲမှာ တခြားမိန်းကလေးတွေလည်း အများကြီးရှိနေတာ.. ငါတို့ လက်ဦးထားမှ ဖြစ်မယ်။”
“…”
အချို့သော လူငယ်များသည် ထန်ချင်းယန် တို့ အဖွဲ့နာမည်ကြီးနေသည်ကို မကျေမနပ် ဖြစ်နေကြသော်လည် ဘာမှမတတ်သာပါချေ။
ကျန်းမိသားစုနှင့် စုန့်မိသားစုသည် ထန်မိသားစုနှင့် သိပ်မရင်းနှီးသောကြောင့် ထန်ပင်းစန်သည် သူတို့ကို မဖိတ်နိုင်ခဲ့သော်လည်း ကျန်းယွေ့ချင်နှင့် စုန့်နန်တို့ လိုက်လာခြင်းကို ဂုဏ်ယူ၀မ်းမြောက်နေလေသည်။ သူတို့သည် ထန်ချင်းယန်ကြောင့် လိုက်လာခြင်း ဖြစ်သော်လည်း ထန်ပင်းစန် သည် ဂရုမစိုက်ပါချေ။ သူသည် ဧည့်သည်များ၏ အရေးပါမှုကိုသာ အလေးထားသည်ပင်။
ထန်ချင်းယန်တို့သည် ထန်ပင်းစန်ဆီသို့ တန်းလျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။
“ဦးလေထန်.. ဂုဏ်ပြုပါတယ်.. ဒီသူငယ်ချင်းနှစ်ယောက်ကို ကြိုမပြောပဲ ခေါ်လာမိတာလည်း တောင်းပန်ပါတယ်။” ထန်ချင်းယန်သည် နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် ရှောင်လွှဲမရနိုင်သော ရန်သူတော်များ ဖြစ်သော်လည် ဟန်ဆောင်ကာ ဟန်ကိုယ့်ဖို့ နေနေကြလေသည်။
ထန်ပင်းစန်ကလည်း အပြုံးမျက်နှာကို ဆင်မြန်းထားသည်။ “ဒီလိုမပြောပါနဲ့.. အားလုံးကို ကြိုဆိုပါတယ်.. သခင်လေးကျန်းနဲ့ သခင်လေးစုန့်တို့ လိုက်လာတာကိုတောင် ဂုဏ်ယူတာပါ။”
ကျန်းယွေ့ချင်နှင့် စုန့်နန်တို့သည် ထန်ပင်းစန် ထက်ငယ်ရွယ်ကြပြီး သူတို့၏ မိသားစုများသည် ထန်မိသားစုထက် အရှိန်အဝါပိုကြီးကြသည်။ ထို့ကြောင့် ထန်ပင်းစန်သည် အနည်းဆုံးတော့ အပြင်ပန်းတွင် ယဉ်ကျေးပြရပေမည်။
“ဂုဏ်ပြုပါတယ် ဥက္ကဌထန်!” ကျန်းယွေ့ချင်နှင့် စုန့်နန်တို့ကလည်း ထန်ပင်းစန်ကို ပြုံးပြကာ ပြောလိုက်ကြသည်။ သူတို့သည် တကယ်တော့ စိတ်၀င်စားဖွယ် အချင်းအရာကို သိချင်၍ လိုက်လာကြခြင်းဖြစ်သည်။
“ကျေးဇူးပါ သခင်လေးကျန်းနဲ့ သခင်လေစုန့်.. အေးအေးဆေးဆေး ပျော်သွားကြပါဦး။” ထန်ပင်းစန်က ပြောလိုက်သည်။ ထို့နောက်သူသည် အခြားဧည့်သည်များကို နှုတ်ဆက်ရဦးမည် ဖြစ်သောကြောင့် ခွင့်တောင်းကာ ထွက်သွားလိုက်သည်။
“ဟုတ်ကဲ့ပါ” ကျန်းယွေ့ချင်နှင့် စုန့်နန်တို့ကလည်း ပြန်နှုတ်ဆက်လိုက်ကြသည်။ သို့သော် ထန်ချင်းယန်က တားလိုက်သည်။
“ဦးလေးထန်.. အိုက်နင်း ဘယ်မှာလဲ.. သူလည်း ယရှင်းရဲ့ မင်္ဂလာပွဲကို တက်ရမှာပေါ့.. သွေးတစ်၀က်ပဲ တော်တယ်ဆိုပေမယ့် မိသားစုတွေပဲလေ။” ထန်ချင်းယန်က ထန်ပင်းစန်ကို မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ ထန်ပင်းစန်သည် မျက်နှာပျက်သွားသည်။ ထန်ချင်းယန်သည် ထန်အိုက်နင်းအကြောင်းကို ထန်ယရှင်း၏ မင်္ဂလာပွဲတွင် မေးနေသည် မဟုတ်ပါလား။
ထန်ချင်းယန်သည် တမင်သက်သက် မေးလိုက်ခြင်း ဖြစ်သည်။ သူသည် ထန်အိုက်နင်းကို သေသွားပြီဖြစ်ကြောင်းကိုလည်းကောင်း ချီကျီယွဲ့နှင့် ထန်ယရှင်းတို့က သတ်လိုက်ခြင်း ဖြစ်ကြောင်းကိုလည်းကောင်း သိထားပြီး ဖြစ်သည်။
သို့သော် ထန်ပင်းစန်သည် လျှို့ဝှက်ထားခြင်း ဖြစ်သောကြောင့် ထန်ချင်းယန်က တမင် မေးလိုက်ခြင်းကို မသိပါချေ။
“အိုး .. ဥက္ကဌထန် မှာ သမီးနောက်တစ်ယောက် ရှိသေးတာလား။” ဧည့်သည်တစ်ယောက်သည် အံ့ဩတကြီး မေးလိုက်သည်။
ဥက္ကဌလုကလည်း ဆက်မေးလိုက်သည်။ “သွေးတစ်၀က်တဲ့လား.. ဒါဆို ဥက္ကဌထန်က နှစ်ခါတောင် အိမ်ထောင်ကျခဲ့တာလား။”
လူတော်တော်များများသည် ထန်ပင်းစန်၏ ပထမအိမ်ထောင်အကြောင်း မသိကြပါချေ။
“ဥက္ကဌလုလည်း နှစ်ခါတောင် အိမ်ထောင်ပြုခဲ့တာ မဟုတ်ဘူးလား.. ဒါက ထူးခြားနေတဲ့ ကိစ္စလည်း မဟုတ်ပါဘူး.. ကျွန်တော့် အရင်မိန်းမက ကားမတော်တဆမှုနဲ့ ဆုံးသွားလို့ အခုအမျိုးသမီးနဲ့ ယူဖြစ်သွားတာပါ။” ထန်ပင်းစန် မကျေမနပ်ပြောလိုက်သည်။
ကျီယီကျင်းသည် ဒုတိယမိန်းမဖြစ်ပြီး ထန်မိသားစုထဲသို့ ထန်အိုက်နင်း၏မိခင် ဆုံးပါးပြီးနောက်မှ ရောက်လာခြင်း ဖြစ်သည်။
***
အခန်း ၁၄၇၃ နိုင်ငံခြားမှာလား
ထန်ပင်းစန်သည် ဥက္ကဌလုနှင့် ငြင်းခုံလိုက်ရင်း ထန်ချင်းယန်ကို ထပ်မပြောတော့ရန် အကြည့်ဖြင့် ဟန့်တားလိုက်သည်။
ဥက္ကဌလုသည်လည်း အမှန်ပင် နှစ်ကြိမ် အိမ်ထောင်ပြုထားသူဖြစ်သည်။ သူ၏ ပထမ အိမ်ထောင်မှာ သူ၏ စီးပွားရေး ကျပ်တည်းလာသောကြောင့် ကွာရှင်းသွားခြင်းဖြစ်ပြီး နှစ်အနည်းငယ် အကြာမှ စီးပွားရေး ပြန်လည် ဦးမော့ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ပထမအိမ်ထောင်မှာ သူ့ကို ပြန်ပေါင်းရန် ကြိုးစားသော်လည်း သူသည် နောက်အိမ်ထောင်ပြုလိုက်ပြီး ဖြစ်သည်။ ထို့အပြင် ပထမအိမ်ထောင်မှာ သူကျပ်တည်းနေချိန်တွင် စွန့်ပစ်ခဲ့ပြီး ပြန်အဆင်ပြေချိန်မှ ပြန်ကပ်ခြင်း ဖြစ်သောကြောင့် ပြန်လက်ခံရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဥက္ကဌလုသည် ပထမအိမ်ထောင်ကို မုန်းတီးနေလေသည်။
“ဥက္ကဌထန် .. ဘာမှစိတ်ဆိုးနေစရာ မလိုပါဘူး.. ကျုပ်က သိချင်သွားလို့ မေးရုံပါ.. ကျုပ်တို့က ယရှင်း တစ်ယောက်ကိုပဲ သိထားလို့ သူ့ကိုပဲ သမီးတစ်ယောက်တည်း ရှိတယ် ထင်ထားကြတာ.. ခင်ဗျားက ဘာလို့ နောက်သမီးတစ်ယောက်ကို လျှို့ဝှက်ထားတာလဲ။” ဥက္ကဌလုက မေးလိုက်သည်။
ထန်ပင်းစန် ကြက်သေသေသွားလေသည်။ ထို့နောက် “ဥက္ကဌလု.. ဒါက ကျုပ်မိသားစု ကိစ္စပါ.. ဒါပေမယ့် ခင်ဗျားက သိချင်နေတော့လည်း ပြောပြပေးရမှာပေါ့.. ကျုပ်မှာ သမီးနှစ်ယောက်ရှိပေမယ့် သမီးအကြီးက သူ့လုပ်ငန်းတွေအတွက် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတယ်.. သူက ဒီကို ပြန်လာခဲတော့ သူ့ကို လူသိပ်မသိကြတာ။”
ထိုအခါကျမှ ဥက္ကဌလုသည် ဘာမှဆက်မပြောတော့ပေ။
ထန်ချင်းယန်သည်လည်း စကားလမ်းကြောင်းလွှဲပေးလိုက်သည်။ ထန်ပင်းစန်၏ အရှုပ်ထုပ်များကို ဖော်ထုတ်ရန် အချိန်ကောင်းမဟုတ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အခြားဧည့်သည်များနှင့် စကားပြောပေးလိုက်သည်။
ထန်ပင်းစန်သည် ထန်ချင်းယန်တစ်ယောက် ထန်အိုက်နင်း၏ သေဆုံးမှုအကြောင်း သိထားသည်ကို မသိသေးသောကြောင့် ရှည်ရှည်ဝေးဝေး မတွေးမိလိုက်ပေ။
ထို့နောက် ထန်ချင်းယန်သည် သူ၏ တတိယဦးလေးဆီသို့ ကျန်းယွေ့ချင်နှင့် စုန့်နန်တို့နှင့်အတူ အတူလျှောက်သွားလိုက်သည်။
ထန်ပင်းကျန်း သည် အရည်အချင်းမြောက်များစွာ မရှိသောကြောင့် ထန်အဖွဲ့အစည်းတွင် အလုပ်မလုပ်ဖူးပေ။ သူသည် ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး နှစ်စဉ် အစုပေါ်အမြတ်ငွေများကိုသာ ထုတ်ယူနေကာ သူ၏ သာယာသောဘ၀အတွက် လုံလောက်နေလေသည်။ သူသည် ထန်ပင်းစန်၏ ထန်ပင်းချောင် အပေါ် လုပ်ရပ်ကိုလည်းကောင်း၊ ထန်ချင်းယန်သည် သူ့မိသားစုနှင့်သာ ဆက်ဆံရေးကောင်းရနေသည်ကိုလည်းကောင်း မသိထားပါချေ။
ထန်ပင်းစန်သည် ထန်ပင်းချောင်ကို အကောက်ကြံခဲ့ပြီး ထန်ပင်းကျန်းကို မလုပ်ခြင်းမှာ ထန်ပင်းချောင်သည် ထက်မြက်သူဖြစ်သောကြောင့် သူ၏ အစ်ကိုနေရာတွင် အစားထိုးခံရမည်ကို စိုးသောကြောင့် ဖြစ်သည်။ ထန်ပင်းကျန်းကတော့ မပြောပလောက်သူဖြစ်သောကြောင့် ထန်ပင်းစန်သည် သူ့အား သိပ်အလေးမထားပါချေ။
ပိုက်ဆံများကို အမြန်ဆုံးရှာနိုင်ရန်အတွက် ထန်ပင်းစန်သည် သူ၏ သမီးကို အသုံးချကာ ညီအရင်းကိုပင် သတ်နိုင်သူဖြစ်သည်။ အမှန်ပင် ယုတ်မာသူ ဖြစ်ပေသည်။
ထန်ချင်းယန်တို့သည် စီးပွားရေးလုပ်ငန်းရှင်များနှင့်သာ စကားပြောနေကြသောကြောင့် စကားပြောရန် ချောင်းနေကြသော မိန်းမငယ်လေးများသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ထန်ချင်းယန်တို့ကဲ့သို့ ငယ်ရွယ်ချောမောပြီး ထူးချွန်ထက်မြက်သော လူငယ်များရောက်လာသောအခါ အခြားသော မိဘချမ်းသာသဖြင့် ချမ်းသာနေကြသော လူငယ်များသည် ဘေးရောက်သွားကြသည်။ လူများသည် အကြိုက်တူရာ စုတတ်ကြသည် ဖြစ်ရာ သူတို့သည်လည်း အသုံးမ၀င်ကြသူ အချင်းချင်းသာ အဖွဲ့ကျသွားကြသည်ပင်။
လှပထက်မြက်သော အမျိုးသမီးများကတော့ ထိုကဲ့သို့ ဘော်ကြော့သူဌေးသားများကို စိတ်မ၀င်စားကြပေ။ ထို့ကြောင့် ခပ်တုံးတုံး မိန်းမငယ်လေးများသည်သာ ရိုမန်တစ်ဆန်ကာ အရေးမပါသည့်အရာများကို လုပ်ချိန်ရှိနေသော ထိုဘော်ကြော့ လူငယ်များကို ကြိုက်နှစ်သက်ကြလေသည်။ ထို့ကြောင့်လည်း သူတို့သည် ပိုက်ဆံသုံးဖို့မှ လွဲပြီး ဘာမှမသိကြပါချေ။
မိန်းကလေးအများစုသည် ရိုမန်တစ်ဆန်မှုများတွင် ပျော်၀င်တတ်ကြပြီး ချစ်သူယောင်္ကျားလေးများကို အနားမှမခွာ ရှိစေချင်တတ်ကြသည်။ သို့သော် တကယ်တမ်း လက်တွေ့တွင်တော့ ရိုမန်တစ်ဆန်မှုများသည် အရာရာ မဟုတ်တော့ပါချေ။
သူတို့သည် ငယ်ရွယ်စဉ်ကတည်းက အလွန်ချမ်းသာကြသော်လည်း အနာဂတ်အတွက် တွေးရမည်ပင်။ သူတို့ကို မည်သူမျှ တစ်သက်လုံး စောင့်ရှောက်နိုင်မည် မဟုတ်သောကြောင့် အမှီအခိုကင်းကင်း နေတတ်ရမည် ဖြစ်သည်။ ထို့အပြင် သူတို့၏ မိသားစု စီးပွာရေးများသည် အပြိုင်အဆိုင် များနေကြသောကြောင့် မကြိုးစားပါက ကျန်ခဲ့ကြမည်ပင်။
သို့သော် ပေါ့ပေါ့တန်တန် နေသူများလည်း ရှိနေကြမြဲပင် ဖြစ်သည်။
ထန်ပင်းစန်သည် ထန်ချင်းယန် တစ်ယောက် အခြား အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် စကားပြောနေသည်ကို မကျေမနပ် ဖြစ်နေလေသည်။ သူသည် ထန်ချင်းယန်ကို သူ့လောက်နီးပါး အောင်မြင်သူ မဖြစ်စေချင်သလို အရှိန်အဝါကြီးသူများနှင့်လည်း အဆက်အသွယ် မရှိစေချင်နေပေ။
ထန်ချင်းယန်သည် ငယ်ရွယ်သူဖြစ်သော်လည်း ထူးချွန်ထက်မြက်သောကြောင့် လူတော်တော်များများ၏ လေးစားမှုကို ခံရလေသည်။ ထို့ကြောင့် အချို့သော အရှိန်အဝါကြီးသူများသည် ထန်ချင်းယန်ကို အရေးမပေးချင်ကြသော်ငြား သူသည် တိုးတက်အောင်မြင်မှုများစွာ ရရန် အလားအလာ ရှိသူဖြစ်သည်။
မည်သို့ပင်ဆိုစေ ထန်ချင်းယန်သည် ထန်ပင်းစန်အတွက်တော့ သတိထားရမည့် သူဖြစ်သည်။
အမှန်တော့ ထန်ပင်းစန်ကဲ့သို့ ကောက်ကျစ်သူနှင့် ယှဉ်လျှင် ဧည့်သည်တော်တော်များများသည် ထန်ချင်းယန်ကဲ့သို့ ထူးချွန်သော လူငယ်နှင့်ပင်ပိုကာ ပတ်သက်ချင်ကြလေသည်။
လူတစ်ဦး၏ ပုံပန်းသွင်ပြင်သည် ထိုသူ၏ စိတ်နေစိတ်ထားကို ဖော်ပြသည်ဟု အဆိုရှိပေသည်။ ထန်ပင်းစန် သည့်စိတ်သည်လည်း မျက်နှာတွင် အတိုင်းသား ပေါ်နေလေသည်။ သူမည်မျှပင် ဟန်ဆောင်ဖုံးကွယ်ထားပါစေ လူအများသည် သူ၏စိတ်ကို ထွင်းဖောက်မြင်နိုင်ကြလေသည်။
…
အခြားတစ်နေရာတွင်တော့ ကုနင်းသည် သေချာပြင်ဆင်ပြီး ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ထန်မိသားစု မင်္ဂလာပွဲတွင် သူမကို မမှတ်မိကြစေရန် မိတ်ကပ်အချို့ဖြင့်လည်း ရုပ်ဖျက်ထားလေသည်။
ပွဲကိုဖျက်သူမှာ သူမ မှန်းသိပါက ထန်မိသားစုသည် သူမကို ဒီတိုင်းထားမည်မဟုတ်မှန်း သိသောကြောင့် သူမသည် သတိကြီးကြီး ထားရပေမည်။
***
အခန်း ၁၄၇၄ ငါတို့အားလုံး အရွယ်ရောက်ပြီးသူတွေပါ
ကုနင်းသည် အဖြူရောင်တီရှပ်ကို ဂျင်းဘောင်းဘီနှင့် ၀တ်ဆင်ထားကာ ပေါ့ပါးသော ရှူးဖိနပ်ကိုလည်း စီးထားသည်။ ဆံပင်ကိုလည်း မြင့်မြင့်လေးစီးထားကာ သူမ၏ အရင်ဘ၀မှ အသတ်ခံခဲ့ရသည့် ပုံစံအတိုင်း တစ်ပုံစံတည်း ဖြစ်နေလေသည်။
ထန်အိုက်နင်းသည် အလုပ်များသူ ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးပင် ၀တ်ဆင်လေ့ရှိသူ ဖြစ်သည်။ ကုနင်းကတော့ ကျောပိုးအိတ်တစ်လုံးကို ပိုလွယ်ထားလိုက်သည်။ သူမ၏ ပုံစံသည် နဂိုနှင့် ကွဲပြားနေပြီ ဖြစ်ပြီး “ထန်အိုက်နင်း” နောက်တစ်ယောက် အသွင် ဖြစ်နေလေသည်။
သူမသည် ထန်မိသားစု၏ မင်္ဂလာပွဲတွင် သမီးကြီး ထန်အိုက်နင်းအနေဖြင့် တက်ရောက်မည် ဖြစ်သည်။ သူမ၏ မျက်နှာမှာ မတူတော့သော်လည်း မှတ်ဉာဏ်ကတော့ မပြောင်းလဲနေပါပေ။
ထန်မိသားစု၏ ခြံ၀န်းသည် အရှေ့ပိုင်းခရိုင်ရှိ မြို့ပြင်ဘက်နားတွင် တည်ရှိကာ စတုရန်းမီတာ ၁ သောင်းခန့် ကျယ်၀န်းလေသည်။ ထိုခြံ၀န်းထဲတွင် ပန်းမျိုးစုံကိုလည်း စိုက်ပျိုးထားလေသည်။ ကျီယီကျင်းသည် ပန်းများကို သဘောကျသူဖြစ်သောကြောင့် ထန်ပင်းစန်သည် ထိုခြံ၀န်းကို သူမအတွက် စီစဉ်ထားခြင်း ဖြစ်သည်။
ကျီယီကျင်းသည် ပန်းစိုက်ဝါသနာပါသူ ဖြစ်သလို ထိုပန်းများနှင့်လည်း ပိုက်ဆံများစွာ ရှာနိုင်လေသည်။ သို့သော် ထိုပိုက်ဆံများသည် ခြံကြီးကို ထိန်းသိမ်းရန်သာ လုံလောက်သောကြောင့် ထန်မိသားစုသည် စိတ်မ၀င်စားကြပါပေ။
ကြီးမား လှပသော အိမ်ကြီးသည် ဥရောပစတိုင် ပြင်ဆင်ထားပြီး အလွန်ပင် အထက်တန်းဆန်သည့်ပုံစံရှိနေသည်။ အခြားတစ်ဖက်တွင် လမ်းမကျယ်ကြီး ရှိပြီး မြစ်တစ်စင်းကလည်း ဘေးတွင် စီးဆင်းနေလေသည်။
ကုနင်း ရောက်သွားသောအခါ မင်္ဂလာပွဲ စတင်တော့မည် ဖြစ်သည်။
ပွဲတက်ရန် ဧည့်သည်များသည် ဖိတ်စာပါရမည် ဖြစ်သောကြောင့် ထန်ချင်းယန်သည် ကုနင်းအတွက် တစ်ခုပြင်ဆင်ပေးထားသည်။
ထိုဖိတ်စာနှင့် ကုနင်းသည် ခြံထဲသို့ ရှောရှောရှူရှူ ရောက်ရှိသွားသည်။
သူမလျှောက်လာစဉ်တွင် လူအများသည် သူမကို သတိထားမိနေကြသည်။ သူမသည် ပေါ့ပါးသော အ၀တ်အစားဖြင့်သာ ရောက်လာသည် မဟုတ်ပါလား။ မင်္ဂလာပွဲ ဖြစ်သောကြောင့် အခြားသူများသည် ခမ်းနားစွာ ၀တ်ဆင်ထားကြသည်ပင်။
ထိုသို့ဖြင့် အချို့သော မိန်းမငယ်လေးများသည် သူမအကြောင်း စပြောကြတော့သည်။
“အဲဒီမိန်းမကို ကြည့်ပါဦး.. သူကဘယ်သူလဲ။”
“ဆင်းရဲပုံပဲ.. သနားဖို့ကောင်းလိုက်တာ။”
“သူ့မှာ ၀တ်ကောင်းစားလှတောင် မရှိရှာဘူးလား မသိဘူး။”
“ဒီကို ဘာလာလုပ်တာပါလိမ့်။”
“မသိဘူး လှတော့ လှတယ်နော်။”
“လှတယ်ဆိုပေမယ့်လည်း သူ့ထက်လှတဲ့သူတွေ ဒီမှာ တစ်ပုံကြီးပါ။”
သူတို့သည် ကုနင်း၏ ပုံပန်းသွင်ပြင်ကို သဘောမကျကြပဲ တချို့မှာ သူမ၏ အလှကိုပင် မနာလို ဖြစ်ကြလေသည်။ ထိုမိန်းမငယ်လေးများသည် သူတို့ကိုယ်သူတို့ တခြားသူထက် သာသည်ဟုသာ အမြဲတွေးကြပြီး မောက်မာတတ်ကြလေသည်။
ထန်ချင်းယန်သည်လည်း ကုနင်းကို သတိထားမိသွားသော်လည်း သူမကို မမှတ်မိသောကြောင့် သိပ်ဂရုမစိုက်မိပေ။
ထန်ပင်းစန်ကတော့ ကုနင်းကို တွေ့လိုက်ပြီး ချက်ချင်းပင် တစ်စုံတစ်ယောက်ကို ပြေးမြင်သွားလေသည်။ သူမသည် ထန်အိုက်နင်းနှင့် တစ်ပုံစံတည်း တူနေသည် မဟုတ်ပါလား။ သို့သော် ထန်အိုက်နင်းသည် သေသွားပြီ ဖြစ်ပြီး ထိုမိန်းကလေးသည်လည်း သူမနှင့် မျက်နှာ မတူပါပေ။
ထန်ပင်းစန် သည် ထိတ်ပျာသွားပြီး ချက်ချင်းမျက်နှာလွှဲလိုက်သည်။ သူသည် ဧည့်သည်များစွာ ဖိတ်ထားသောကြောင့် အားလုံးကို မမှတ်မိပေ။ ထို့ကြောင့် ထိုမိန်းကလေးကိုလည်း မသိပါချေ။
ကုနင်းသည် တချို့ဧည့်သည်များ မရောက်သေးသောကြောင့် ဘာမှမလုပ်သေးပဲ ရှိလေသည်။ သူမသည် ဝိုင်များ အချိုပွဲများရှိရာနေရာသို့ သွားနေလိုက်သည်။
မကြာမီတွင် အချို့သော ချမ်းသာသည့် မိန်းကလေးများသည် ကုနင်းဆီသို့ လျှောက်လာကြသည်။
“ဟိုင်း.. ရှင့်ရဲ့ နာမည်သိလို့ရမလား.. ဒီလိုပွဲကို ဘာလို့ ဒီလိုအ၀တ်အစားနဲ့ လာရတာလဲ” မိန်းကလေးAက မေးလိုက်သည်။
“ထန်အိုက်နင်းပါ.. ပွဲတက်၀တ်စုံက သက်သောင့်သက်သာ မဖြစ်လို့။” ကုနင်းက အသံပြတ်နှင့် ပြောလိုက်သည်။
ထိုမိန်းကလေးများသည် ထန်အိုက်နင်းဆိုသော နာမည်ကို မကြားဖူးသောကြောင့် ထန်မိသားစုမှ တစ်ယောက်ယောက်ဆိုတာကိုတော့ သိလိုက်ကြသည်။ သူမသည် ထန်မိသားစုမှဆိုလျှင်တော့ သူတို့သည် မယဉ်မကျေး မလုပ်သင့်တော့သည်ပင်။
“ရှင်က ထန်မိသားစုကလား။” မိန်းကလေး B က မေးလိုက်သည်။
“ဟုတ်တယ်” ကုနင်းသည် စိတ်ရှုပ်နေပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုမိန်းကလေးများသည်လည်း ဘာမှဆက်မမေးပဲ ထွက်သွားလိုက်ကြသည်။
…
မင်္ဂလာပွဲ စတင်တော့မည် ဖြစ်သောကြောင့် အခမ်းအနားမှူးသည် စင်ပေါ်သို့ လျှောက်သွားလိုက်သည်။
အတန်ငယ် မိန့်ခွန်းပြောပြီးနောက်တွင် သတို့သား ထွက်လာသည်။
သူထွက်လာချိန်တွင် အမျိုးသမီးငယ် အချို့သည် သူ၏ ခန့်ညားသောသွင်ပြင်ကြောင့် မှင်သက်သွားကြသည်။
“ဝိုး သူက ချောလိုက်တာ.. ငါလည်း သူ့လိုမျိုး ချောတဲ့သူမျိုးနဲ့တွေ့ရင် မချမ်းသာနေရင်တောင် ယူဖြစ်မှာပဲ။”
“ဟုတ်ပ.. သူက အလုပ်မှာလည်း တော်တယ်တဲ့။”
“ငါကတော့ သူ မစ္စထန်ကို ရူပါတစ်မျိုးတည်းနဲ့ ချုပ်ထားတယ်လို့ မထင်ဘူး.. အိပ်ယာပေါ်မှာလည်း တစ်ခုခုတော့ ထူးချွန်ရမယ်။”
“ဟဲ့ တိတ်စမ်းပါ။”
“နင်တို့ကလည်း.. ငါတို့အားလုံး အရွယ်ရောက်ပြီးသူတွေပဲဟာ.. ရိုးသားချင်ယောင် ဆောင်မနေစမ်းပါနဲ့။”
“အခုက လူကြား သူကြားထဲမှာဟဲ့။”
“…”
သတို့သား စင်ပေါ်ရောက်ချိန်တွင် သူသည် သတို့သမီးအား သူ၏ အချစ်ကို ဖွင့်ဟနေလေသည်။
ကုနင်းသည်တော့ စင်အောက်တွင် ရပ်နေရင်း နားကြာပြင်းကတ်နေလေသည်။
ဧည့်သည်များအားလုံးသည် ချီကျီယွဲ့ကို ထန်ယရှင်းအား ပိုက်ဆံကြောင့် လက်ထပ်သည်ဟု ထင်ကြသော်လည်း တကယ်တော့ သူသည် လက်စားချေချင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထန်ယရှင်းကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။
ကုနင်းသည် ထိုအကြောင်းကို မနက်အထိ မသိသေးပေ။ သို့သော် ချီကျီယွဲ့သည် ကားထဲမှ မိန်းကလေးကို ပြောခဲ့ခြင်းမှာ လိမ်ညာပြောခြင်းလည်း ဖြစ်နိုင်သေးသည်မို့ သူမကိုယ်တိုင်လည်း မသေချာ ဖြစ်နေလေသည်။
***
အခန်း ၁၄၇၅ ထန်မိသားစုရဲ့ သမီးကြီး
မည်သို့ပင်ဆိုစေ ကုနင်းသည် ဒီနေ့တွင် တစ်ခုခုပြုလုပ်မည် ဖြစ်သည်။
သတို့သားစကားပြောပြီးသွားချိန်တွင် သတို့သမီးသည် သူမဖခင်၏ လက်မောင်းကို တွဲလျက် ဖြေးညင်းစွာ လမ်းလျှောက်လာသည်။ သူမလျှောက်လာစဉ်တွင်လည်း အားလုံး မှင်သက်သွားကြပြန်သည်။
“ဝိုး သူကလှလိုက်တာ။”
“ဒီပွဲမှာ သူကတော့ အလှဆုံးပဲဟေ့။”
“သူ့လောက်လှတဲ့ သတို့သမီးတောင် ရှိနိုင်တော့မယ် မထင်ဘူး။”
“…”
ထန်ယရှင်းသည်လည်း ချီကျီယွဲ့ဆီသို့ သူမအဖေကို တွဲလျှောက်လာရင်း ပီတိဖြာနေလေသည်။
သူမဘ၀၏ အပျော်ရွှင်ရဆုံး အချိန်ပါပင်။ သူမသည် ချီကျီယွဲ့ကို အလွန်ပင်ချစ်ပြီး အမြန်ဆုံး လက်ထပ်ချင်နေသူဖြစ်သည်။
ချီကျီယွဲ့ကတော့ လုံး၀ပင် မပျော်ရွှင်နေပေ။ သူသည် ထန်ယရှင်းနှင့် လက်ထပ်လိုက်ရသောကြောင့် စိတ်လှုပ်ရှားနေရုံမျှသာဖြစ်သည်။ သူ၏ အစီအစဉ်အတွက် ခြေလှမ်းကြီး တစ်ခုလှမ်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
သို့သော် သူ မသိသောအရာတစ်ခုမှာ မကြာခင် မင်္ဂလာပွဲ ပျက်တော့မည့် အကြောင်းဖြစ်သည်။
သတို့သား သတို့သမီးတို့ စင်ပေါ်ရောက်ပြီးနောက် အခမ်းအနားမှူးသည် တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်စဉ် ကုနင်းသည် ဧည့်သည်များကြားထဲမှ ထွက်လာကာ စင်ပေါ်သို့ တုံ့ဆိုင်းခြင်းမရှိ တက်သွားသည်။
အားလုံးသည် ကြောင်နေကြပြီး သူမလုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေလေသည်။
“သူဘာလုပ်တာလဲ။”
“မသိဘူး။”
“တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်။”
“…”
ကုနင်းသည် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့၏ မင်္ဂလာပွဲကို ဖျက်ဆီးရန် လာခြင်း ဖြစ်သည်။
သူမသည် ထန်အိုက်နင်းနှင့် တူမနေသော်လည်း အိုက်နင်း၏ စိတ်ဝိဉာဉ်သည် သူမကိုယ်ထဲ၌ ရှိနေလေသည်။
သတင်းထောက်များသည် မူမမှန်သော အရာတစ်ခုကို အာရုံခံမိလိုက်သောကြောင့် ကင်မရာများကို ကုနင်းဆီသို့ ချိန်လိုက်ကြသည်။
ထန်ချင်းယန်ကတော့ ကုနင်းကို စိတ်အေးလက်အေးပင် ကြည့်နေလေသည်။ ထိုမိန်းကလေးသည် ကုနင်း၏ စီစဉ်မှုမှန်း သိနေသည်ပင်။ သူသည် ထိုင်ခုံတွင်သာ ထိုင်နေပြီး ဆက်ဖြစ်လာမည့် အရာများကို ကြည့်နေလိုက်သည်။
ကျန်းယွေ့ချင်နှင့် စုန့်နန်တို့သည်လည်း သိထားသောကြောင့် စိတ်၀င်စားနေကြသည်။
“ချင်းယန် အဆင်ပြေတာ သေချာရဲ့လား။” ကျန်းယွေ့ချင်သည် ထန်ချင်းယန်ကို ခပ်တိုးတိုး မေးလိုက်သည်။
“ဒါပေါ့” ထန်ချင်းယန်ကလည်း သေချာသော လေသံဖြင့် ဖြေလိုက်သည်။
ထန်ချင်းယန်သည် အသေးစိတ်မပြောပြထားသော်လည်း သူတို့သည် ယုံကြည်လိုက်ကြသည်။ သူတို့သည် ထန်ချင်းယန်၏ သူငယ်ချင်းကောင်းများ ဖြစ်သောကြောင့် သူ့ကို အားပေးထောက်ခံကြသူများပင်။
ကုနင်း စင်ပေါ်သို့ လျှောက်လာချိန်တွင် ချီကျီယွဲ့ မြင်သွားပြီး အလွန်ထိတ်လန့်သွားလေသည်။
သူသည် ထန်အိုက်နင်းကို သတိရလိုက်မိပြီး လက်ထပ်ပွဲတွင် ဘာလာလုပ်မှန်း နားမလည်ပါချေ။ ကောင်းသော လာခြင်းမဟုတ်သည်တော့ သေချာပေသည်။
ချီကျီယွဲ့သည် ထန်အိုက်နင်း၏ ပစ္စည်းများကို လက်တွင်ကိုင်ထားသော သူမကို တွေ့လိုက်ရသောကြောင့် အလွန်ပင် စိတ်ပူသွားသည်။ သူသည် အတန်ကြာ နှံ့နေအောင် ရှာဖွေခဲ့သော်လည်း သူမသည် ယခုမှ ရုတ်တရတ်ပေါ်လာခြင်း ဖြစ်သည်။
ချီကျီယွဲ့၏ ပျက်ယွင်းသွားသောပုံစံ၊ ဧည့်သည်များ၏ တီးတိုးစကားပြောသံများကြောင့် ထန်ပင်းစန်နှင့် ထန်ယရှင်းတို့သည် စိတ်တိုသွားကြသည်။
ကျီယီကျင်းသည်လည်း ကုနင်းကို သတိထားမိသွားပြီး စိတ်ပူသွားလေသည်။
ထန်ယရှင်းသည်လည်း ချီကျီယွဲ့ကဲ့သို့ပင် အတွေး၀င်နေလေသည်။ သူမသည် စိတ်လှုပ်ရှားပြီး စိုးရိမ်နေကာ “ဘာလာလုပ်တာလဲ။” ဟု မေးလိုက်သည်။
သူမစကားကို ကြားသောအခါ ဧည့်သည်များသည် သူတို့အား သူစိမ်းမဟုတ်မှန်း သိလိုက်ကြသည်။
“မင်္ဂလာပွဲ လာတက်တာ။” ကုနင်းသည် ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်သည်။
“ငါကတော့ မင်္ဂလာပွဲကို လာဖျက်ဆီးတာလို့ပဲ မြင်တယ်.. လုံခြုံရေးတွေ ဘယ်မှာလဲ.. သူ့ကို ဆွဲထုတ်သွားကြစမ်း” ထန်ယရှင်းကအော်ပြောလိုက်သည်။
လုံခြုံရေးများသည် ချက်ချင်းပြေးလာကြသည်။
“ခဏနေကြပါဦး။” ကုနင်းက တားလိုက်သည်။
“နင်ကဘယ်သူလဲ.. ဘာဖြစ်ချင်နေတာလဲ။” ကျီယီကျင်းက မေးလိုက်သည်။
ကျီယီကျင်းသည် ကုနင်းကို ချီကျီယွဲ့၏ အငယ်အနှောင်းဟု ထင်ကာ သူမသမီးအတွက် စိတ်ပူနေခြင်း ဖြစ်သည်။ သူမသည် အထူးသဖြင့် လူချမ်းသာများမှာ မိမိလက်တွဲဖော်ကို သစ္စာမရှိတတ်ကြမှန်း သိသော်လည်း သူ့သမီးဖြစ်နေသောကြောင့် လက်မခံနိုင် ဖြစ်နေခြင်းပင်။
ချီကျီယွဲ့သည် ကြက်သေသေနေပြီး ဘာလုပ်ရမှန်း မသိပါချေ။ သူသည် တစ်ခုခုကို ရှင်းပြချင်နေသော်လည်း ကုနင်းက အရင်ပြောလိုက်သည်။
“မဒမ်ကျီ သိပ်လည်း စိတ်လှုပ်ရှားမနေပါနဲ့.. ကျွန်မတို့က မိသားစုတွေပဲ.. ကျွန်မကိုယ်ကျွန်မလည်း မိတ်ဆက်ပေးပါရစေဦး.. ကျွန်မက ထန်အိုက်နင်းပါ.. ထန်မိသားစုရဲ့ သမီးကြီးပေါ့.. ယရှင်းကတော့ ကျွန်မနဲ့ သွေးတစ်၀က်တော်တဲ့ ညီအစ်မပါ.. ကျွန်မက သူ့မင်္ဂလာပွဲကို လာဂုဏ်ပြုတာလေ.. ဘာလို့ ဖမ်းချင်ရတာလဲ။” ကုနင်းက ရိုးသားသော လေသံနှင့် ပြောလိုက်သည်။
ဧည့်သည်များသည် အလွန်အံ့ဩသွားကြသည်။ သူတို့တော်တော်များများသည် ထန်ပင်းစန်၌ နောက်သမီးတစ်ယောက် ရှိနေမှန်း မသိကြသောကြောင့် ထူးဆန်းနေကြသည်။
ထိုမိန်းကလေးသည် ထန်မိသားစု၏ သမီးကြီးဆိုလျှင် ထန်မိသားစု၀င်များက သူမကို အဘယ်ကြောင့် မမှတ်မိကြသနည်း။
ထန်ပင်းစန်နှင့် ကျီယီကျင်းတို့ကတော့ သွေးပျက်နေကြပြီဖြစ်သည်။ သူတို့သည် သူမကို ထန်အိုက်နင်းဟု မယုံကြပါချေ။ ထန်အိုက်နင်းသည် သေသွားခဲ့ပြီ မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူမသည် ထန်အိုက်နင်း အယောင်ဆောင်ထားခြင်းပင် ဖြစ်မည်။
သို့သော် သူမရုတ်တရတ် ထွက်ပေါ်လာခြင်းသည် အကောင်းတော့ မဖြစ်နိုင်ပါချေ။
ထန်ပင်းစန်သည်လည်း လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။
***
အခန်း ၁၄၇၆ ကျွန်မမှတ်ဉာဏ်ကောင်းပါတယ်
သတင်းထောက်များသည် ထန်ပင်းစန်ဘက်ကို ချက်ချင်းလှည့်၍ “ဥက္ကဌထန် ဒီမိန်းကလေးက တကယ်ပဲ သမီးကြီး ဟုတ်ပါသလား။” ဟု မေးလိုက်ကြသည်။
ထန်ပင်းစန်သည် သတင်းထောက်များကို ပြန်မပြောနိုင်သေးပဲ ကုနင်းကို ကြည့်ကာ “မင်းကဘယ်သူလဲ.. ဘာလို့ ငါ့သမီးယောင်ဆောင်နေတာလဲ.. ငါ့သမီးပုံက မင်းပုံနဲ့ တခြားစီပဲ။” ဟု ပြောလိုက်သည်။
သူသည် ထန်မိသားစုကို ထိခိုက်နိုင်သည့် ကိစ္စတစ်ခုခုကို ပြောလာမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ သူသည် ဧည့်သည်များလည်း ရှိနေသောကြောင့် သံသယ၀င်သွားမည် စိုးသဖြင့် မောင်းလည်း မထုတ်ရဲပါချေ။
“အဲဒီမိန်းမက ရူးနေတာလား။”
“သူသာ တကယ် သမီးအကြီးဆိုရင် သူရောက်လာကတည်းက သူ့မိသားစုတွေက မှတ်မိကြမှာပေါ့။”
“ဘာလို့ သူ့ကိုယ်သူ သခင်မလေးထန်လို အယောင်ဆောင်နေတာပါလိမ့်။”
“ငါတောင်သူ့ကို တကယ်အမျိုးလို့ ထင်သွားတာ။”
“…”
“အဖေ.. သူ့ကို ဖမ်းထားလိုက်ပါ။” ထန်ယရှင်း စိုးရိမ်တကြီးပြောလိုက်သည်။ ထိုမိန်းကလေးသာ ဆက်ရှိနေမည်ဆိုပါက သူမ၏ မင်္ဂလာပွဲ ပျက်ဆီးတော့မည် ဖြစ်သည်။
“ဒီလုံခြုံရေးတွေက ငါ့ကိုဖမ်းနိုင်မယ်ထင်လို့လား.. ငါနင့်ကို သင်ပေးခဲ့တာတွေ မေ့သွားပြီလား။” ကုနင်းသည် ထန်ယရှင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ထန်ယရှင်းသည် အလွန်ကြောက်လန့်နေပြီ ဖြစ်သည်။ သူမသည် ကုနင်း လုပ်ခဲ့သောအရာကို မှတ်မိနေခဲ့ပြီး သူမကို ယှဉ်မရမှန်းလည်း သိနေလေသည်။
အခြားဧည့်သည်များသည် ထန်ယရှင်း တစ်ယောက် ကုနင်းကို မောင်းထုတ်ချင်နေသည့် ကိစ္စကို သိချင်နေကြလေသည်။ ထန်မိသားစုတွင် လူသိမခံနိုင်သည့်ကိစ္စ ရှိနေနိုင်သည် မဟုတ်ပါလား။
သူတို့အားလုံးသည် ချမ်းသာသောအသိုင်းအဝိုင်းမှ ဖြစ်ကြသောကြောင့် ကိုယ်စီ လူသိမခံနိုင်သော ကိစ္စများရှိနိုင်ကြောင်း သိကြလေသည်။
သူတို့အားလုံးသည် ထန်ယရှင်းကို ထန်မိသားစု၏ တစ်ဦးတည်းသော သမီးဟုသာ သိထားကြလေသည်။
ထန်ယရှင်းတွင် တရားမ၀င် သားတစ်ယောက်ရှိသည်ကိုလည်း မည်သူမျှ မသိကြပါချေ။ အချို့ကတော့ သတင်းသဲ့သဲ့ ကြားထားဖူးလေသည်။
“မစ် ခင်ဗျားက ထန်မိသားစုရဲ့ သမီးလို့ ပြောနေပေမယ့် ဥက္ကဌထန်ကတော့ ငြင်းဆန်နေတာတွေ့ပါတယ်.. အမှန်တရားကို ရှင်းပြပေးနိုင်မလား။”
သတင်းထောက်သည် ကုနင်းကို မေးလိုက်သည်။
“ကျွန်မမျက်နှာကတော့ မတူနေတာ ဟုတ်ပါတယ်.. ပြီးခဲ့တဲ့ နှစ်က ကျွန်မ မတော်တဆမှုတစ်ခု ဖြစ်ထားလို့ မျက်နှာပျက်စီးသွားပြီး ခွဲစိတ်ပြုပြင်ထားတာပါ။” ကုနင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ထန်ပင်းစန်မှလွဲ၍ မည်သူမျှ မယုံကြပါချေ။ သို့သော် သူသည် ထန်အိုက်နင်း မီးလောင်သွားသည်ကို သူ့မျက်လုံးနှင့် တပ်အပ် မြင်ခဲ့ရလေသည်။
ထိုမိန်းကလေးသည် ထန်အိုက်နင်း တကယ်ဟုတ်ပါလျှင် မီးလောင်သေဆုံးသွားသူမှာ နောက်တစ်ယောက် ဖြစ်ပေမည်။
ထိုအတွေးဖြင့် ထန်ပင်းစန်သည် ကြောက်လန့်သွားလေသည်။ ထန်အိုက်နင်း တစ်ယောက် အသက်ရှင်နေနိုင်သေးသည် မဟုတ်ပါလား။ သူသည် မယုံချင်သော်လည်း ဘယ်လိုရှင်းရမှန်းမသိ ဖြစ်နေလေသည်။
ချီကျီယွဲ့နှင့် ထန်ယရှင်းတို့သည်လည်း အတွေးတူနေကြသည်။ သူတို့သည် ထန်အိုက်နင်း အသက်ရှင်နေပြီး သူတို့ကို လက်စားပြန်ချေမည်ကို စိုးရိမ်နေခဲ့ကြသည်ပင်။
ထန်အိုက်နင်းသည် အလွန်တော်သော လူသတ်သမား ဖြစ်သည့်အတွက် ပင်လယ်ထဲပြုတ်ကျပြီးနောက် မသေသွားခြင်းလည်း ဖြစ်နိုင်လေသည်။
“ဘာ.. သူကတကယ်ကို ထန်မိသားစုရဲ့ သမီးကြီးလား။”
“ယုံတောင်မယုံနိုင်ဘူး။”
“အံ့ဩစရာပဲ။”
“…”
“ငါတော့ မယုံဘူး.. မင်းက အိုက်နင်း ဖြစ်ပါတယ်ဆိုတဲ့ သက်သေရှိလား။” ထန်ပင်းစန်သည် တည်ငြိမ်နေအောင် ဟန်ဆောင်ရင်း ပြောလိုက်သည်။ သို့သော်သူသည် သူ၏ လုပ်ရပ်များ ပေါ်သွားမည်ကိုလည်း အလွန်ကြောက်နေလေသည်။
“ကောင်းပြီလေ.. ကျွန်မက မှတ်ဉာဏ်တော့ ကောင်းပါသေးတယ်.. သိချင်ရင် အကုန်ပြောပြပေးရမှာပေါ့။” ကုနင်းက ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ထန်ပင်းစန်သည် တုန်လှုပ်ခြောက်ခြားသွားသည်။
“မဖြစ်နိုင်တာ.. မင်းပြောနေတာတွေ တကယ်ဟုတ်မဟုတ် ဒီကို လာတဲ့ ဧည့်သည်တွေက သိတာမဟုတ်ဘူး.. မင်းက ဧည့်သည်တွေရှေ့မှာ တမင်ရည်ရွယ်ပြီး အပုတ်ချပြောလို့လည်း ရနေတာပဲ.. ဒီနေ့က ယရှင်းရဲ့ မင်္ဂလာပွဲ ဖြစ်နေတာမို့လို့ မင်းပြောချင်နေရင်တောင် နောက်မှ ပြောပါ။” ထန်ပင်းစန်ကပြောလိုက်သည်။
“ဘာလို့လဲ.. ကိုယ့်ညီမရဲ့ မင်္ဂလာပွဲကို တက်လို့ မရဘူးလား။” ကုနင်းက ပြောလိုက်ပြန်သည်။
“မင်းဘယ်သူလဲ ငါတို့သေချာ မသိသေးတာမို့လို့ ဒီမှာတော့ ဆက်နေခွင့် မပေးနိုင်ဘူး။”
“အခုပဲ သက်သေပြနိုင်တယ်လို့ ပြောပြီးပြီလေ.. အချိန်သိပ်မကုန်ပါဘူး။”
ထန်ပင်းစန် ဒေါသထွက်သွားပြီး “မင်းက ငါ့သမီးရဲ့ မင်္ဂလာပွဲကို လာဖျက်နေတာပဲ.. သူ့ကို ဆွဲထုတ်သွားကြစမ်း။” သူသည် လုံခြုံရေးများကို အမိန့်ပေးလိုက်သည်။
လုံခြုံရေးလေးယောက်သည် ချက်ချင်းလှုပ်ရှားလိုက်ကြသည်။
သတင်းထောက်များကလည်း သူတို့ကို ထိခိုက်မိမည် စိုးသောကြောင့် နောက်သို့ရှဲသွားကြသည်။
သို့သော် အံ့ဩစရာကောင်းစွာပင် ကုနင်းသည် ထိုလေးယောက်ကို ချက်ချင်း ထိုးကြိတ်အနိုင်ပိုင်းလိုက်သည်။ သူမအတွက် အပန်းမကြီးသော အရာဖြစ်နေသည် မဟုတ်ပါလား။