အခန်း (၁၄၈၃-၁၄၈၈)
Vol. 94 Ch. 1483-1488
အခန်း ၁၄၈၃ မလွတ်ပါဘူး
“ကြည့်ရတာ ထန်ပင်းစန်က သူ့သမီးကြီးကို မချစ်ဘူးထင်တယ်”
“တော်တော်ရှုပ်ထွေးတာပဲ။”
“ဘယ်လိုပဲ ဖြစ်ဖြစ် ချီကျီယွဲ့နဲ့ ထန်ယရှင်းတို့က တော်တော် ရွံဖို့ ကောင်းတယ်။”
“…”
ဘေးလူများသည် ထန်မိသားစု၏ မိသားစုအတွင်းရေးများကို သေချာမသိကြသော်လည်း တော်တော်များများသည် ထန်ပင်းစန်မှာ သူ့သမီးကြီးကို မချစ်ကြောင်းကိုတော့ ရိပ်စားမိကြလေသည်။ တစ်ချိန်တည်းမှာပင် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့၏ ဓာတ်ပုံများကို ကြည့်ပြီး ရွံရှာစိတ်ပျက်နေကြသည်။
သစ္စာဖောက်ခြင်းသည် ထူးခြားသော အကြောင်းအရာ မဟုတ်သော်လည်း လူသိရှင်ကြားတော့ မဖြစ်ကောင်းသည်ပင်။
ထန်ပင်းစန်သည် သတင်းများကို တွေ့သောအခါ ဒေါသထွက်သွားပြန်သည်။ သူ၏ မိတ်ဆွေများကတော့ ထိုသို့လုပ်မည် မဟုတ်သောကြောင့် ကုနင်း လက်ချက်မှန်း သိလေသည်။ မည်သို့ပင်ဆိုစေ သူတို့မိသားစုသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီပင်။
သူသည် သူ့ကုမ္ပဏီ၏ လူထုဆက်သွယ်ရေးဌာနကို ပြော၍ ထိုကိစ္စကို ဖြေရှင်းခိုင်းထားသော်လည်း ကံမကောင်းစွာပင် မကောင်းသတင်းများသည် အင်တာနက်တွင် ပြန့်နေပြီဖြစ်သည်။
…
ကုနင်းသည် သူမ၏ ရုပ်ဖျက်ထားမှုကို ဖယ်ရှားလိုက်ပြီး ထန်ချင်းယန်နှင့် နေ့လည်တွင် သွားတွေ့လိုက်သည်။
ထန်ချင်းယန်သည် ထိုညတွင် စုန့်နန်၏ အိမ်၌ သူငယ်ချင်းများ စုံကြမည်ဖြစ်သောကြောင့် ညစာကို ကုနင်းနှင့် အတူစားလိုက်သည်။ သူသည် တစ်ယောက်တည်း သွားတွေ့ခြင်း မဟုတ်ပဲ ပါးထျန်းယန်နှင့်အတူ ရှိနေသောကြောင့် နှစ်ယောက်အတူ သွားတွေ့ခြင်း ဖြစ်သည်။ ပါးထျန်းယန်သည် မင်္ဂလာပွဲကို မတက်ခဲ့ပဲ ပွဲပြီး၍ ပြန်မှသာ ထန်ချင်းယန်ကို လာခေါ်ခြင်း ဖြစ်သည်။
ထန်ချင်းယန်သည် ဟွမ်းဒင်ဟိုတယ်ရှိ သီးသန့်ခန်းတွင် ဘိုကင်ယူထားလိုက်သည်။ သူသည် ထိုဟိုတယ်ကို သိပ်မကြိုက်သော်လည်း ကုနင်း မိသားစုပိုင်မှန်း သိသောကြောင့် ရွေးလိုက်ခြင်း ဖြစ်သည်။
ကုနင်း ရောက်လာသောအခါ ထန်ချင်းယန်နှင့် ပါးထျန်းယန်တို့သည် သူမကို စောင့်နေကြပြီ ဖြစ်သည်။
ထန်ချင်းယန်သည် မင်္ဂလာပွဲမှ “ထန်အိုက်နင်း” ကို ကုနင်းမှန်း မသိသောကြောင့် ထိုသတင်းထူးကို ကုနင်းအား စားသောက်နေရင်း ပြောပြလိုက်သည်။
ကုနင်းသည် သူမကိုယ်သူမ “ထန်အိုက်နင်း” ဟု ပြောဖို့ စိတ်ကူးမရှိသောကြောင့် ထန်ချင်းယန် ပြောပြသည်များကို ရယ်မောနားထောင်နေလိုက်သည်။
“အိုး ချီကျီယွဲ့ကို ဘယ်လိုလုပ်ကြမလဲ.. သူဒီနေ့ ထွက်ပြေးသွားတယ်။” ထန်ချင်းယန်က မေးလိုက်သည်။ သူ့အနေဖြင့် ချီကျီယွဲ့ကို ကိုင်တွယ်နိုင်သည့် အနေအထား မရှိသော်လည်း ကုနင်းကတော့ အားကိုးလို့ရနိုင်သည်ပင်။
သူသည် သူ၏ အမ၀မ်းကွဲဖြစ်သူ ထန်အိုက်နင်းနှင့် သိပ်မရင်းနှီးသော်လည်း သူတို့သည် အရင်က တစ်ခါခန့်တွေ့ခဲ့ဖူးသည်မို့ သူ့အစ်မကို ချစ်ခင်စိတ်ရှိလေသည်။
“စိတ်မပူပါနဲ့.. သူ့ကို စောင့်ကြည့်ထားတယ်.. သူမလွတ်ပါဘူး” ကုနင်းက ပြောလိုက်သည်။
ထိုတော့မှ ထန်ချင်းယန်လည်း စိတ်အေးသွားသည်။
ညစာစားပြီးနောက်တွင် ထန်ချင်းယန် သည် ကုနင်း ကို သူ့သူငယ်ချင်းများနှင့် ပါတီပွဲသို့ ခေါ်လိုက်သည်။ သူမကိုလည်း သူမ သူငယ်ချင်းတွေကိုပါ ခေါ်လာဖို့ ပြောလိုက်သည်။
ထန်ချင်းယန်သည် ရှုချင်ယင်း နာမည်ကို ထည့်ပြောလိုက်စဉ်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို ကုနင်းကလည်း သတိထားမိလိုက်သည်။ သူမသည် တစ်ခုခုပဲဆိုသည်ကို သိချင်သွားသော်လည်း မသိချင်ယောင်ဆောင်ကာ ရှုချင်ယင်းကို ဖုန်းခေါ်လိုက်သည်။
ရှုချင်ယင်းသည်လည်း ထန်ချင်းယန် ပါ,ပါမည်ကို သိသောအခါ ချက်ချင်းပင် သဘောတူလိုက်သည်။ ထို့ကြောင့် ကုနင်းသည် သူတို့နှစ်ယောက်ကြား တစ်ခုခု ရှိနေကြောင်းကို သေချာသွားလေသည်။
သို့သော် အဆင်မပြေတာမျိုး မရှိပဲ သူတို့နှစ်ယောက် တွဲမည်ဆိုလျှင်လည်း လိုက်ဖက်ကြမည်ပင်။ ထန်ချင်းယန်သည် ရှုမိသားစုလောက် မချမ်းသာသော်လည်း သူသည် ငယ်ရွယ်သော စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် ပညာတတ်အမျိုးသားကောင်းတစ်ယောက် ဖြစ်သောကြောင့် ရှုချင်ယင်းကို ကောင်းကောင်းထားနိုင်မည်ပင်။
ထန်အဖွဲ့အစည်းကိုလည်း မကြာမီသူပိုင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် သူသည် မကြာမီ ရှုမိသားစုထက် ချမ်းသာလာတော့မည် ဖြစ်သည်။
ထန်ချင်းယန်နှင့် ရှုချင်ယင်းတို့သည် သူမအတွက်လည်း သူငယ်ချင်းကောင်းများ ဖြစ်သောကြောင့် သူမကိုယ်တိုင်လည်း သူတို့ကို အဆင်ပြေသွားစေချင်လေသည်။
ကုနင်းသည် စုန့်နန်၏ ဘားတွင် သွားတွေ့ရမည် ဖြစ်သော်လည်း ထိုသို့မသွားခင် ချီကျီယွဲ့နှင့် အရင်သွားတွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ထန်ချင်းယန်ကို သူမနောက်မှ လိုက်လာတွေ့မည်ဟု ပြောလိုက်သည်။
ထို့နောက် ကုနင်းသည် ကေထံမှ မက်ဆေ့ချ်ကိုရပြီး ထန်ယရှင်း တက်နေသော ဆေးရုံနှင့် ချီကျီယွဲ့ ထွက်ပြေးသွားသည့်နေရာတို့ကို သိလိုက်ရသည်။
ထန်ယရှင်းသည် အခြေအနေမကောင်းသောကြောင့် ဆရာ၀န်သည် ဆေးရုံတွင် ရက်အနည်းငယ် နားနေခိုင်းထားသည်။ ချီကျီယွဲ့ကတော့ မြောက်ပိုင်းခရိုင်ရှိ ကျေးလက်ဆင်ခြေဖုံးတွင်ရှိသော အိမ်တစ်အိမ်တွင် ပုန်းနေလေသည်။
ချီကျီယွဲ့သည် ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် သူသည် ကားထဲတွင်သာနေပါက ထန်မိသားစုက ရှာတွေ့နိုင်မည်မှန်း သိလေသည်။ သူသည် အဓိကလမ်းမတွင် ကားမောင်းနေသရွေ့ ကင်မရာများမှ တစ်ဆင့် သူ့ကို ရှာတွေ့နိုင်သည်ပင်။
ထို့ကြောင့်သူသည် ထန်မိသားစု၏ ကိုယ်ရံတော်များကို မျက်ခြေဖြတ်ပြီးသည်နှင့် ထိုနေရာသို့ ရောက်လာပြီး ကားကို စွန့်ပစ်ထားလိုက်သည်။ အကယ်၍ ကိုယ်ရံတော်များက သူ့ကားကို ရှာတွေ့ခဲ့လျှင်တောင် သူသည် စောင့်ကြည့်ကင်မရာများ မရှိသော သီးခြားနေရာသို့ ရောက်နေမည် ဖြစ်သည်။ ကေသည်ပင် ထိုနေရာ၏ ထွက်ပေါက်အားလုံးကို လိုက်ကြည့်ထားပြီး ချီကျီယွဲ့ကို ရှာထားရခြင်း ဖြစ်သည်။ ထိုမှသာ သူသည် ထိုနေရာမှ ထွက်သွားသည်နှင့် စောင့်ကြည့်ကင်မရာများတွင် လိုက်ကြည့်နိုင်မည် ဖြစ်သည်။
ချီကျီယွဲ့သည် ထိုပတ်၀န်းကျင်နှင့် မရင်းနှီးသောကြောင့် ခြေဦးတည့်ရာ လျှောက်လာခြင်း ဖြစ်သည်။ သူသည် ထိုရွာသို့ရောက်ရန် အချိန်အတော်ကြာလမ်းလျှောက်ခဲ့ရသည်ပင်။
***
အခန်း ၁၄၈၄ ချန်ယွင်လင်
ရွာထဲတွင်လည်း စောင့်ကြည့်ကင်မရာများစွာ ရှိနေသောကြောင့် ကေသည် ချီကျီယွဲ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ချီကျီယွဲ့သည် အ၀တ်အစားဆိုင်သို့သွားလိုက်ပြီး ချက်ချင်းပင် အ၀တ်အစားလဲလိုက်သည်။ ထို့နောက် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းကာ သူ့မျက်နှာကို မမြင်ရအောင် ကွယ်ထားလိုက်သည်။ ထို့နောက် သူနောက်ဆုံးရောက်နေသော နေရာဆီသို့ ကားငှားသွားလိုက်သည်။
ချီကျီယွဲ့ ရောက်နေသော အိမ်သည် သူ့နာမည်နှင့် မဟုတ်ပဲ အခြားသူတစ်ယောက်နာမည်နှင့် ၀ယ်ထားသောအိမ်ဖြစ်သော်လည်း ကေသည် ရအောင် ရှာတွေ့ခဲ့လေသည်။
ထိုအိမ်ထဲသို့၀င်သွားချိန်သည် ညနေ ၆ နာရီခွဲပင် ရှိပြီ ဖြစ်သည်။ အိမ်ထဲတွင်တော့ မည်သူမျှ ရှိမနေပါချေ။
သူသည် ဘာမှလုပ်စရာမရှိသောကြောင့် အရက်ပုလင်းကို ထုတ်သောက်နေလိုက်သည်။ ယနေ့ ဖြစ်ခဲ့သမျှ အလုံးစုံကြောင့် သူ၏ အစီအစဉ်များလည်း ပျက်စီးသွားပြီ ဖြစ်ရာ သူသည်လည်း ဘာဆက်လုပ်ရမှန်းပင် မသိတော့ပါချေ။
ထို့နောက် ၇ နာရီခွဲခန့်တွင် အိမ်ထဲသို့ မိန်းကလေးတစ်ယောက် ၀င်လာသည်။ သူသည် ချီကျီယွဲ့နှင့် ပြီးခဲ့သည့်ညက တွေ့ခဲ့သည့် မိန်းကလေးဖြစ်ပြီး ချန်ယွင်လင်ဟု ခေါ်လေသည်။ ချန်ယွင်လင်သည် ၂၅ နှစ် ပြည့်တော့မည်ဖြစ်ပြီး ထန်ယရှင်းထက်ပင် လှပသူ ဖြစ်သည်။
အမှန်တော့ ချီကျီယွဲ့နှင့် ချန်ယွင်လင်တို့သည် ငယ်ငယ်ကတည်းမှ သိလာခဲ့သူများ ဖြစ်သည်။ သူတို့ ဖခင်များသည်လည်း အချင်းချင်း ရင်းနှီးကြပြီး သူတို့နှစ်ယောက်သည် အချစ်ဦးများ ဖြစ်ကြသည်။
သူတို့ ချစ်သူများ ဖြစ်လာချိန်တွင် ချီကျီယွဲ့သည် အသက် ၂၀ ရှိပြီ ဖြစ်ပြီး ချန်ယွင်လင်ကတော့ ၁၆ နှစ်သာ ရှိသေးသည်။ ထိုစဉ်အချိန်က ချီကျီယွဲ့၏ မိသားစုသည် အလွန်ချမ်းသာလေသည်။
သို့သော် သူ့ဖခင်သည် ထန်ပင်းစန်နှင့် ပဋိပက္ခဖြစ်ပြီးနောက် ထန်ပင်းစန်သည် သူ့ဖခင်ကုမ္ပဏီကို ဒေဝါလီခံသွားအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ဖခင်သည် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး မြင့်မားသော အဆောက်အဦးတစ်ခုပေါ်မှ ခုန်ချသတ်သေသွားခဲ့သည်။ သူ့မိခင်သည်လည်း နာမကျန်းဖြစ်ပြီး မကြာမီ ဆုံးပါးသွားခဲ့သည်။
ချီကျီယွဲ့ အသက် ၂၃ နှစ်တွင် သူ၏ မိဘများကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သူသည် မိသားစုနှင့် ကြွယ်၀မှုများကို ဆုံးရှုံးခဲ့ရသော်လည်း ချန်ယွင်လင်သည် သူ့ကို မစွန့်ပစ်သွားခဲ့ပေ။ သို့သော် ချီကျီယွဲ့သည် လက်စားချေဖို့ စိတ်ဆုံးဖြတ်ထားသောကြောင့် ချန်ယွင်လင်ကို ၀င်မပါစေချင်ပဲ လမ်းခွဲခဲ့သည်။
သူတို့သည် လမ်းခွဲပြီး အတော်ကြာထိ မတွေ့ဖြစ်ကြပေ။ သူတို့သည် ၆ နှစ်အကြာ၊ ယခုနှင့်ဆို လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ပြန်ဆုံကြခြင်းပင်။ သူတို့သည် အစပိုင်းတွင်တော့ သူငယ်ချင်းဟောင်းများအနေဖြင့် အတူစားသောက်သွားလာကြသော်လည်း တဖြည်းဖြည်းနှင့် ပြန်လည် ချစ်ကျွမ်း၀င်သွားကြခြင်း ဖြစ်သည်။
ချန်ယွင်လင်သည် သူ၏ အချစ်ဦး ဖြစ်သောကြောင့် ချီကျီယွဲ့သည် သူမကို လွမ်းဆွတ်တမ်းတနေခဲ့လေသည်။ သူတို့မိသားစုသည်သာ ထန်ပင်းစန်ကြောင့် မပျက်စီးခဲ့ပါက သူတို့သည် လက်ပင်ထပ်ခဲ့ပြီးလောက်ပေသည်။
ချန်ယွင်လင်သည် ချီကျီယွဲ့တစ်ယောက် ထန်ယရှင်းကို လက်ထပ်ပြီး လက်စားချေမည့် အစီအစဉ်ကို သိသော်လည်း သူမသည် စောင့်နေမည်ဖြစ်သည်။ ယခုထိလည်း စောင့်နေမြဲပင်။
ချန်ယွင်လင်သည် ဧည့်ခန်းတွင် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သူခိုးဟု ထင်မှတ်မိကာ ထွက်ပြေးလိုက်သည်။
ချီကျီယွဲ့ကတော့ သူမကို မှတ်မိသွားပြီး “ယွင်လင် လား” ဟု မေးလိုက်သည်။
ချန်ယွင်လင်ကလည်း သူ့အသံကို မှတ်မိသွားကာ လမ်းပြန်လျှောက်လာပြီး “ကျီယွဲ့.. ဒီမှာ ဘာလုပ်နေတာလဲ.. ဒီနေ့ ရှင့်မင်္ဂလာပွဲနေ့ မဟုတ်ဘူးလား။”
ချန်ယွင်လင်သည် ချီကျီယွဲ့မှာ သူမအတွက်နဲ့တော့ ထန်ယရှင်းကို လက်မထပ်ပဲနေမည် မဟုတ်ကြောင်း သိသောကြောင့် တစ်ခုခုကို ရင်ထိတ်သွားသည်။
“ကိုယ့်မင်္ဂလာပွဲလား။” ချီကျီယွဲ့သည် ရယ်မောရင်းမေးလိုက်ပြီးနောက် ၀မ်းနည်းသွားကာ “ပျက်စီးသွားပြီ.. အားလုံးပျက်စီးသွားပြီ” ဟုပြောလိုက်သည်။ ထို့နောက် အရက်ကို တစ်ကျိုက် မော့သောက်လိုက်သည်။
“ဘာ.. ပျက်စီးသွားတာလား ကျီယွဲ့.. ကျွန်မကိုပြောပြပါဦး။” ချန်ယွင်လင်သည် စိတ်ပူသွားလေသည်။ သူမသည် ချီကျီယွဲ့ကို အလွန်ပင် ဂရုစိုက်သူဖြစ်သည်။
ချီကျီယွဲ့သည် စိတ်မရှည်ဖြစ်နေသော်လည်း ချန်ယွင်လင်အား အကြောင်းစုံကို ပြောပြလိုက်သည်။
ချန်ယွင်လင်သည်လည်း နားထောင်ပြီး စိတ်မကောင်း ဖြစ်သွားသည်။ ချီကျီယွဲ့ လက်စားမချေနိုင်တော့ပြီ မဟုတ်ပါလား။
“ကျွန်မတို့ ဘာလုပ်ကြမလဲ။” သူမသည် စိုးရိမ်တကြီး မေးလိုက်သည်။
“မသိဘူး” ချီကျီယွဲ့သည် ကူကယ်ရာမဲ့နေသော အသံဖြင့် ပြောလိုက်သည်။ “ကိုယ်ဒီမှာတော့ ခဏနေမယ်… ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်မယ်။”
“ရတာပေါ့” ချန်ယွင်လင်ကလည်း ချက်ချင်းပြောလိုက်သည်။ သူမသည် ချီကျီယွဲ့ကို အမှန်ပင် ချစ်သောကြောင့် ဘာမဆို ကူညီမည်ပင်။ သူမသည် အများကြီးတော့ အကူအညီမဖြစ်နိုင်သော်လည်း သူ့အနားတွင်တော့ နေနိုင်သေးပေမည်။ သူ့တွင် ဘာတစ်ခုမှ မရှိတော့လျှင်တောင် သူမသည် ဘယ်တော့မှ လက်လွှတ်မည် မဟုတ်ပေ။ သူမသည် သူမမိသားစု၏ ချမ်းသာကြွယ်၀မှုကြောင့်လည်း ချီကျီယွဲ့ကို အလွယ်တကူ ထောက်ပံ့ပေးနိုင်လေသည်။
ချန်မိသားစုသည် မြို့တော်တွင် အရှိန်အဝါကြီးသော်လည်း ထန်မိသားစုလောက်တော့ မဟုတ်ပေ။ ထို့ကြောင့်လည်း ချီကျီယွဲ့ ၏ လက်စားချေမှုတွင် မကူညီနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် သူမမိသားစုသည် သူမနှင့် ချီကျီယွဲ့တို့၏ တိတ်တခိုး ဆက်ဆံရေးအကြောင်းလည်း မသိပါချေ။ မိဘများအနေနှင့် လက်သင့်မခံနိုင်စရာ ဖြစ်နေသည် မဟုတ်ပါလား။
ချီကျီယွဲ့သည် ထန်ယရှင်း၏ တရား၀င်ခင်ပွန်း ဖြစ်နေသည့်အတွက် သူမသည် အမြှောင်မယားသာ ဖြစ်နေမည်ပင်။
ချီကျီယွဲ့သည် ထန်ယရှင်းကို လက်မထပ်ခဲ့လျှင်တော့ သူသည် ထန်အဖွဲ့အစည်း၏ လက်ထောက်ဒါရိုက်တာ ဖြစ်နေသောကြောင့် သူမမိသားစုသည် သူ့ကို လက်ထပ်ဖို့ တွန်းအားပေးဦးမည်ပင်။ သို့သော် အရာအားလုံးသည် ရှုပ်ထွေးကုန်ပြီဖြစ်သည်။
ချီကျီယွဲ့သည် အမှန်ပင် ဒုက္ခရောက်နေခြင်း ဖြစ်သည်။ သူသည် ယခုဆိုလျှင် ထန်မိသားစုနှင့် လက်ထပ်နိုင်ဖို့ ဝေးစွ၊ အကြီးဆုံး ရန်သူပင် ဖြစ်နေပြီပင်။ သူမမိသားစုသည်လည်း ချီကျီယွဲ့နှင့် အဆက်အဆံ လုပ်ခိုင်းတော့မည် မဟုတ်ချေ။
သူမသည် ထိုကဲ့သို့ စွန့်စားပြီး ချီကျီယွဲ့နှင့် တွေ့ကာ သူမချစ်ခြင်းကို သက်သေပြနေခြင်းပင်။
…
သုန်းဖန်းကျီယွီ နှင့် ဝူရွှမ်းဟွာတို့သည် ကုနင်း အိမ်နှင့် ကုမ္ပဏီတို့တွင် နောက်တစ်နေ့တွင်လည်း ထပ်စောင့်ကြပြန်သည်။ သို့သော် မတွေ့သောကြောင့် ၇ နာရီတွင် ထမင်းစားသောက်ပြီး ပြန်လိုက်ကြသည်။
“ကျီယွီ.. ကုနင်းက ခုရက်ပိုင်း အိမ်မှာပဲ နေနေတာ သေချာရဲ့လား။” ဝူရွှမ်းဟွာက မေးလိုက်သည်။
“သူဒီနေ့ ကုမ္ပဏီမလာတာတော့ သေချာတယ်.. ဒါပေမယ့် ရာစုနှစ်မြို့တော် မှာရော ရှိနေသေးရဲ့လား သေချာတောင် မသိတော့ပါဘူး။” သုန်းဖန်းကျီယွီ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
တကယ်တော့ ကုနင်းသည် ရာစုနှစ်မြို့တော တွင် မနေ့ကတစ်ရက်လုံး မရှိခဲ့ပါချေ။
သူတို့သည် ကုနင်း၏ တည်နေရာကို မသိနေခြင်းကြောင့် ကုနင်းအတွက်လည်း သူတို့ကို ရှောင်ဖို့ လွယ်ကူနေလေသည်။
***
အခန်း ၁၄၈၅ မပြီးသေးဘူးလေ
ကုနင်းသည် သူမတစ်ယောက်တည်း ရှိနေသည်ဆိုပါက သူတို့ကို ရှောင်နေစရာပင် မလိုပါချေ။ သူမသည် လင်ရှောင်းထင်ကို ရှာမတွေ့သွားစေချင်သောကြောင့် ရှောင်နေခဲ့ခြင်း ဖြစ်သည်။ ထိုနေ့သည် သူမအတွက် အရေးကြီးသောနေ့ ဖြစ်နေသောကြောင့်လည်း ကုမ္ပဏီကို မသွားခဲ့ခြင်း ဖြစ်သည်။
“သူ့ကို မနက်ဖြန်ရော ဆက်စောင့်ကြည့်ဦးမှာလား။” ဝူရွှမ်းဟွာက မေးလိုက်သည်။
“ဒါပေါ့” သုန်းဖန်းကျီယွီကလည်း ခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။ သူမ လက်မလျှော့နိုင်ပါချေ။ သူမအားရင်အားသလို ကုနင်းကို နောက်ယောင်ခံနေမည် ဖြစ်သည်။
…
ကုနင်းတစ်ယောက် ချီကျီယွဲ့ ရှိနေသော အိမ်ကို ရောက်သွားချိန်တွင် ည ၈ နာရီခွဲပင် ရှိနေပြီ ဖြစ်သည်။ သူမသည် တစ်ကိုယ်လုံး အနက်ရောင်၀တ်ဆင်ထားကာ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည့်အပြင် မက်စ်လည်း တပ်ထားလေသည်။ သူမသည် စောင့်ကြည့်ကင်မရာများကို တိမ်းရှောင်လို၍ မဟုတ်ပဲ သူမကိုယ်သူမ ကာကွယ်ထားခြင်း ဖြစ်သည်။
ထိုနားတစ်ဝိုက်တွင် စိမ်းစိုသော အပင်များနှင့် ပြည့်နှက်နေသောကြောင့် ကုနင်း သေချာဂရုစိုက်ပါက မည်သူမှပင် သတိထားမိကြမည် မဟုတ်ချေ။
မကြာမီ ကုနင်းသည် ထိုအိမ်သို့ ရောက်သွားသော်လည်း ချက်ချင်း မလှုပ်ရှားသေးပေ။
အိမ်၏ မြေညီထပ်တွင် မှောင်မိုက်နေပြီ ဖြစ်သည်။ ချီကျီယွဲ့ကတော့ အရက်များသောက်ထားသော အရှိန်ကြောင့် အိပ်ခန်းထဲသို့ပင် ရောက်နေပြီ ဖြစ်သည်။
ချန်ယွင်လင်ကတော့ ကွန်ပြူတာရှေ့တွင်ထိုင်ကာ ချီကျီယွဲ့နှင့် ပတ်သက်သော သတင်းများကို ဖတ်နေလေသည်။ ထန်မိသားစုသည် သတင်းများကို ဖုံးကွယ်ရန် ရသမျှနည်းလမ်းအစုံကြိုးစားခဲ့သော်လည်း အင်တာနက်တွင် ပြန့်နေပြီ ဖြစ်သည်။
ချန်ယွင်လင် သည် ချီကျီယွဲ့ ပျော်ပါးနေသည့် ပုံများကို တွေ့သောအခါ ပုံနှစ်ပုံတွင်တော့ သူမမျက်နှာ ပါနေသော်လည်း အခြားပုံများတွင် အခြားအမျိုးသမီးများကိုလည်း တွေ့လိုက်ရသည်။
သူမသည် ဒေါသထွက်သွားပြီး သစ္စာဖောက်ခံရသလို ခံစားလိုက်ရသည်။ ထိုအမျိုးသမီးသည် သူမ မဟုတ်သလို ထန်ယရှင်းလည်း မဟုတ်ပါချေ။
သူမသည် ချီကျီယွဲ့တစ်ယောက် ထန်ယရှင်းနှင့် ပျော်ပါးသည့်ပုံ ဖြစ်နေလျှင်တောင် နားလည်နိုင်သေးသော်လည်း အခြား အမျိုးသမီးများပါ ပါနေသောအခါ လက်မခံနိုင် ဖြစ်သွားလေသည်။
များသောအားဖြင့် လူများသည် ကိုယ်ကိုယ်တိုင်က သစ္စာမရှိနေလျှင်တောင် ကိုယ့်လက်တွဲဖော်က ဖောက်ပြန်လျှင်တော့ လက်မခံနိုင်ဖြစ်တတ်ကြသည်။ ထိုအချက်သည် အချစ်၊ သစ္စာများနှင့် မဆိုင်ပဲ အတ္တစိတ်သက်သက်သာ ဖြစ်လေသည်။ ထို့ကြောင့်လည်း ချီကျီယွဲ့သည် ထန်ယရှင်းကို အခြားရည်ရွယ်ချက်ဖြင့် လက်ထပ်သော်လည်း သူမဖောက်ပြန်သည်ကို စိတ်ဆိုးခဲ့ခြင်း ဖြစ်သည်။
လူသားများသည် တစ်ကိုယ်ကောင်းဆန်သူများ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချန်ယွင်လင်သည် ချီကျီယွဲ့ နိုးလာပါက ရှင်းပြရန် အခွင့်အရေးပေးဦးမည်ပင်။ ထိုကိစ္စများသည် သူတို့ပြန်မတွဲခင်က ဖြစ်ပါက သူမသည် ခွင့်လွှတ်ပေးမည်ပင်။
သူတို့သည် လွန်ခဲ့သော တစ်နှစ်ကမှ ပြန်ဆုံတွေ့ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်တွင် ချီကျီယွဲ့သည် ထန်ယရှင်းနှင့် စေ့စပ်ထားပြီး ဖြစ်သည်။ တကယ်တော့ သူမသည်လည်း ချီကျီယွဲ့နှင့် ပြန်မတွေ့ခင်က ရည်းစားပေါင်းများစွာနှင့် အိပ်ဖူးခဲ့သော်လည်း ချီကျီယွဲ့နှင့် ပြန်တွဲချိန်တွင်တော့ သစ္စာရှိခဲ့လေသည်။
သူမသည် ချီကျီယွဲ့ဆီမှ အဖြေကို ကြားရဖို့ မစောင့်နိုင် ဖြစ်နေသော်လည်း သူသည် အမူးလွန်နေပြီ ဖြစ်သောကြောင့် သူမတစ်ယောက်တည်း ကြေကွဲခံစားနေရလေသည်။
…
ကုနင်းသည် ချီကျီယွဲ့ကို တွေ့မည်ဆိုပါက ချန်ယွင်လင်နှင့် အရင် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုနားတစ်ဝိုက်တွင် သူခိုးဓားပြလည်း မရှိသောကြောင့် ချန်ယွင်လင်ရှိနေသော ပြတင်းပေါက်နှင့် ချီကျီယွဲ့ အိပ်နေသော အခန်းတို့သည် မပိတ်ထားပေ။
ကုနင်းသည် အိပ်ခန်းထဲသို့ ပြတင်းပေါက်မှ ကျော်၀င်လိုက်ပြီး ချီကျီယွဲ့ကို တစ်ချက်စိုက်ကြည့်ကာ အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။
ထိုတံခါးသည်လည်း ဖွင့်ထားလေသည်။ ချန်ယွင်လင်သည် ညဘက် ချီကျီယွဲ့ အဆင်မပြေမည် စိုးသောကြောင့် ဖွင့်ထားခြင်း ဖြစ်သည်။ ထိုမှသာ သူ၏ အသံကို ကြားနိုင်မည် မဟုတ်ပါလား။
စာဖတ်ခန်းသည် အိပ်ခန်း၏ ဘေးတွင်ရှိပြီး ချန်ယွင်လင်သည် သူမအိမ်ထဲ၌ နောက်တစ်ယောက် ထပ်ရှိနေမှန်း မသိပါချေ။ ကုနင်း၏ အစွမ်းအစနှင့်ဆိုလျှင် ပိုတောင် သိစရာ အကြောင်း မရှိပါချေ။
ကုနင်းသည် စာဖတ်ခန်းထဲသို့ ၀င်သွားလိုက်သောအခါ ချန်ယွင်လင်သည် ထိတ်လန့်သွားသည်။
“ဘ-ဘယ်သူလဲ။” သူမအထိတ်တလန့်ဖြင့် မေးလိုက်သည်။
ထို့နောက် ကုနင်း သည် အကူအညီတောင်း၍ မရစေရန် သူပုခုံးကို ရိုက်ချလိုက်သည်။ ချန်ယွင်လင်သည် တဖြည်းဖြည်းလဲကျသွားပြီး သတိလစ်သွားသည်။
ကုနင်းသည် ချန်ယွင်လင်ကို ဆိုဖာပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် နိုးလာမည်ကိုလည်း စိုးသောကြောင့် ပါးစပ်ကို စည်းထားလိုက်သည်။ ထိုမှသာ သူမနိုးလာလျှင်တောင် ဘာမှလုပ်နိုင်တော့မည် မဟုတ်ချေ။
ထို့နောက် ကုနင်းသည် အိပ်ခန်းထဲသို့ ပြန်သွားကာ ရေအေးတစ်ခွက်ကို ချီကျီယွဲ့ မျက်နှာသို့ ပက်နှိုးလိုက်သည်။
ချီကျီယွဲ့သည် အနက်ရောင်၀တ်စုံပြည့်နှင့် သူတစ်ယောက်ကို အိပ်ရာဘေးတွင် တွေ့လိုက်ရသောကြောင့် လန့်ဖျတ်ကာ နိုးလာသည်။
သူသည် အလွန်ထိတ်လန့်နေသောကြောင့် စကားသံပင် ထွက်မလာပါချေ။
ကုနင်းသည် မက်စ်ကို ချွတ်လိုက်သည်။
“မင်းလား။” ချီကျီယွဲ့သည် ကုနင်း၏ မျက်နှာကို မြင်သောအခါ ကြက်သေသေသွားသည်။
“ဒီကို ဘာလာလုပ်တာလဲ.. ဘာလိုချင်လို့လဲ။” ချီကျီယွဲ့ သတိအနေအထားဖြင့် မေးလိုက်သည်။
“မပြီးသေးဘူးလေ။” ကုနင်းက ပြုံးရင်းပြောလိုက်သည်။
ချီကျီယွဲ့ကတော့ ဇဝေဇဝါ ဖြစ်သွားလေသည်။
***
အခန်း ၁၄၈၆ ငြီးငွေ့ဖွယ် နှိပ်စက်မှု
ချီကျီယွဲ့သည် တစ်ချက်စဉ်းစားလိုက်ပြီးနောက် “မင်္ဂလာပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စက မင်းနဲ့ တစ်ခုခု သက်ဆိုင်နေတာလား။”
“ဟုတ်တယ်” ကုနင်းက ပြန်ဖြေလိုက်သည်။
“မင်းက ထန်အိုက်နင်းနဲ့ ဘာပတ်သက်နေတာလဲ.. သူ့အကြောင်း မင်းဘာတွေ သိထားလဲ။” ချီကျီယွဲ့က ထပ်မေးလိုက်သည်။
“ကျွန်မက သူပါလို့ ပြောရင် ရှင်ယုံမှာလား။” ကုနင်း အရယ်တစ်၀က်နှင့် မေးလိုက်သည်။
“လာနောက်နေတာလား။” ချီကျီယွဲ့ မယုံနိုင်ဖြစ်နေလေသည်။
ထန်အိုက်နင်းသည် ရေထဲပြုတ်မကျခင် သေနတ်နှင့် နှစ်ခါပစ်သတ်ခံထားရခြင်း ဖြစ်သောကြောင့် ထိုအခြေအနေနှင့် အသက်ရှင်နိုင်ဖို့သည် မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့သည် ထန်အိုက်နင်း၏ အလောင်းကိုလည်း ရှာတွေ့ခဲ့သောကြောင့် သူတို့ရှေ့တွင်ပင် မီးရှိူ့ခဲ့ပြီး ဖြစ်သည်။ ကုနင်း၏ ပုံစံကလည်း ထန်အိုက်နင်းထက် ပိုငယ်သည့်ပုံ ပေါက်နေသည်ပင်။ သူမသည် ခွဲစိတ်ပြုပြင်ထားသည် ဆိုလျှင်တောင် ဒီလောက်ထိ ပြောင်းလဲသွားစရာ အကြောင်း မရှိပါချေ။
“ယုံချင်ယုံ မယုံချင်နေ ဒါအမှန်တရားပဲ။” ကုနင်း က ပြောလိုက်သည်။
သူမသည် ချီကျီယွဲ့၏ ခံစားချက်များကို ဂရုမစိုက်ပါချေ။ “ပြောရရင် ကျွန်မက ရှင့် မင်္ဂလာပွဲကို လာခဲ့တဲ့ ‘ထန်အိုက်နင်း’ ပဲ”
ကုနင်းသည် ချီကျီယွဲ့ကို နှိပ်စက်ရန် စီစဉ်ထားပြီး ဖြစ်သောကြောင့် သူနှင့် စကားပြောရင်း အချိန်ဖြုန်းချင်နေသည်ပင်။ သူ၏ သွေးပျက်နေမှုကို အရသာခံပြီး ကြည့်ချင်နေခြင်း ဖြစ်သည်။
ချီကျီယွဲ့ အလွန်ထိတ်လန့်သွားတော့သည်။ သူသည် ထိုစကားကိုလည်း မယုံပါချေ။
ကုနင်းသည် သူမယုံနိုင်ဖြစ်နေသည်ကို သဘောပေါက်သော်လည်း ရှင်းပြဖို့ စိတ်ကူးမရှိပါချေ။
“ထန်အိုက်နင်း သေသွားပြီဆိုပြီး လုပ်ချင်တာ လုပ်လို့ရမယ် ထင်နေတာလား။” ကုနင်း က လျှောက်လာပြီး မေးလိုက်သည်။
ချီကျီယွဲ့သည် အမှန်တကယ်တွင်လည်း တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည်။ သို့သော် ထန်အိုက်နင်းတစ်ယောက် လူ၀င်စားကြောင်းကိုတော့ မည်သူမျှယုံမည် မဟုတ်ပါပေ။
ချီကျီယွဲ့သည် ထိတ်လန့်နေလေသည်။
ကုနင်းသည် ထန်အိုက်နင်း မဟုတ်လျှင်တောင် သူမသည် ထန်အိုက်နင်းအတွက်နှင့် ရောက်လာခဲ့သည် ဖြစ်သောကြောင့် သူ့ကို တစ်ခုခု လုပ်မည်ကတော့ သေချာပေသည်။
“ဘာလို့ လက်စားချေချင်နေတာလဲ.. သူကသေသွားပြီးပြီလေ။” ချီကျီယွဲ့ အော်ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကုနင်းသည် အလွန်ဒေါသထွက်သွားသည်။ ထန်အိုက်နင်းသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့သော်လည်း သူမအတွက် လက်စားချေပေးမည့်သူ မရှိခဲ့ပေ။ သို့သော် ကံကောင်းစွာပင် သူမ၏ စိတ်ဝိညာဉ်မှာ မသေဆုံးသေးသောကြောင့် အခြားမိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှင်သန်နေရခြင်း ဖြစ်သည်။
“ရှင်သူ့ကို သတ်ခဲ့ပြီးတော့ ဘယ်လိုတောင် စိတ်အေးလက်အေး အိပ်နိုင်နေသေးတာလဲ။” ကုနင်း မုန်းတီးစွာ မေးလိုက်သည်။
ချီကျီယွဲ့သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပါချေ။ သူသည် ထန်အိုက်နင်းမှာ သူ၏ တက်လမ်းကို ပိတ်နေသည်ဟု ခံစားခဲ့ရသောကြောင့် ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။
ကုနင်းက ဆက်ပြောလိုက်သည်။ “ကျွန်မက သူ့ရဲ့ တပည့်ဖြစ်ခဲ့တာ.. အဲဒါကြောင့် သူ့အတွက် လက်စားချေပေးတာ။”
ချီကျီယွဲ့ တစ်ချက်တွေဝေသွားသည်။ ကုနင်းသည် ထန်အိုက်နင်း၏ တပည့်ဟု ပြောသည်က ပို၍ လက်ခံစရာ ကောင်းနေသည် မဟုတ်ပါလား။
“မင်း ဘာဖြစ်ချင်တာလဲ။” ချီကျီယွဲ့၏ အသံသည် ကြောက်လန့်စွာ တုန်လှုပ်နေလေသည်။ သူသည် ကုနင်းကို ယှဉ်တိုက်နိုင်စွမ်းလည်း မရှိသောကြောင့် ခုခံ၍လည်း မရပါပေ။ သူသည် လက်မခံချင်သော်လည်း ဘာမှလုပ်၍ မရနေပေ။
“စိတ်အေးအေးထားပါ.. ကျွန်မရှင့်ကို မသတ်ပါဘူး.. ဒါပေမယ့် ကျွန်မရှင့်ကို နှိပ်စက်ပြီးရင်တော့ သတ်လိုက်ဖို့ တောင်းဆိုချင် တောင်းဆိုရမှာပေါ့။” ကုနင်း သွေးအေးစွာ ပြုံးရင်း ပြောလိုက်သည်။
ချီကျီယွဲ့သည် ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံး တုန်လှုပ်နေသည်။
ကုနင်း၏ မျက်နှာသည် သူနှင့် နီးကပ်စွာ ရှိနေသောကြောင့် သူသည် ကူကယ်ရာမဲ့ ဖြစ်နေလေသည်။ သူသည် ထွက်ပြေးချင်နေသော်လည်း အရက်သောက်ထားသည့် အရှိန်ကြောင့် သူ့ခန္ဓာကိုယ်မှာ လှုပ်မရ ဖြစ်နေသည်။ သူသည် အနှိပ်စက်ခံရမည့်အစား သတ်ပင် အသတ်ခံလိုက်ချင်တော့လေသည်။ သို့သော် သူသည် လက်စားချေရဦးမည် ဖြစ်သောကြောင့် သေလို့လည်း မဖြစ်သေးပါချေ။
ကုနင်းသည် ချီကျီယွဲ့နှင့် စကားပြောရင်း အချိန်ကုန်မနေချင်တော့သောကြောင့် သူမအိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်လိုက်သည်။
“ဘ-ဘာလုပ်တာလဲ.. ဘာကြီးလဲ။” ချီကျီယွဲ့ သည် သွေးပျက်နေသော်လည်း ထပြေးဖို့ အားပင်မရှိပါချေ။
ကုနင်း သည် သူ့မျက်နှာကို ဆွဲကိုင်လိုက်ရင်း သူမနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ချီကျီယွဲ့သည် ကြောက်လန့်နေပြီး သူ့ပါးစပ်ထဲသို့ အဖြူရောင် အမှုန့်များလောင်းထည့်နေသည်ကို သိလိုက်ရသည်။ ထို့နောက် အတင်းမြိုချလိုက်ရသည်။
ထိုအမှုန့်များသည် မူးယစ်ဆေးများဖြစ်ပြီး ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ထည့်ထားသော ဆေးဘူးထဲမှ ထွက်လာခြင်း ဖြစ်သည်။ သူမသည် လိုအပ်လျှင် အသုံးပြုဖို့ သိမ်းထားခြင်းဖြစ်ရာ ယခုတော့ အသုံး၀င်ပြီ ဖြစ်သည်။
ချီကျီယွဲ့သည် မကြာမီပင် ဆေးစွမ်းပြခံလိုက်ရပြီး စိတ်လွတ်သွားသည်။ သူသည် ထန်ပင်းစန် တစ်ယောက် သူ့ရှေ့တွင် ရပ်နေသည်ဟု ထင်ယောင်ထင်မှား မြင်လာသည်။
ထန်ပင်းစန်သည် သူ၏မဟာရန်သူဖြစ်သောကြောင့် သူသည် ထရပ်ပြီး အော်ဟစ်လိုက်ကာ “ခင်ဗျားကို သတ်မယ်.. သတ်ပစ်မယ်.. ခင်ဗျားက ကျုပ်အဖေကို သတ်ခဲ့တယ်.. အမေ့ကိုလည်း သတ်ခဲ့တယ်.. ကျုပ်မိသားစုကို ခင်ဗျားဖျက်ဆီးခဲ့တာ” ဟု အော်ပြောလိုက်သည်။
ကုနင်းသည် ချီကျီယွဲ့၏ မိသားစုအကြောင်းကိုတော့ သနားမိသော်လည်း သူမကို ချီကျီယွဲ့တစ်ယောက် မသေသေအောင် သတ်ခဲ့သည့်အချက်ကိုတော့ ဖုံးကွယ်နိုင်အောင် မလုံလောက်ပါချေ။
***
အခန်း ၁၄၈၇ လော့ရွှယ်ရှန်း
ကုနင်းသည် သူမရည်ရွယ်ချက်ကို ပြည့်မြောက်သွားပြီ ဖြစ်သောကြောင့် ဆက်နေစရာ မလိုတော့ပါချေ။
ဆေးမှုန့်ပမာဏသည် ချီကျီယွဲ့ကို မသေနိုင်စေသေးသော်လည်း အချိန်အတန်ကြာထိတော့ နှိပ်စက်နေဦးမည် ဖြစ်သည်။ အဆိုးဆုံးမှာ ထိုဆေး၏ ထင်ယောင်ထင်မှား ဖြစ်စေမှုကြောင့် သူ့ကိုယ်သူပင် ထိခိုက်အောင် လုပ်နိုင်လေသည်။
ကုနင်းသည် သူဘာဖြစ်ဖြစ် ဂရုမစိုက်ပဲ နာကျင်ခံစားနေရလေ ကြိုက်လေ ဖြစ်သည်။ ချီကျီယွဲ့ သေသွားခဲ့လျှင်တောင် ထန်အိုက်နင်း၏ သေဆုံးမှုအတွက် လက်စားချေခြင်း အောင်မြင်သွားမည် ဖြစ်သည်။
ကုနင်းသည် ချီကျီယွဲ့ တစ်ယောက် ရဲကို ဖုန်းခေါ်ပြီး သူမက သူ့ကို ဆေးအတင်းတိုက်ပါသည်ဟု တိုင်လျှင်လည်း ဆေးသုံးထားသူတစ်ယောက်၏ စကားကို မည်သူမျှယုံမည် မဟုတ်သောကြောင့် စိတ်မပူပါချေ။ ထို့အပြင် ထန်မိသားစုသည် ချီကျီယွဲ့ကို ရှာနေကြမည် ဖြစ်သောကြောင့် သူသည် လူကြားထဲလည်း ထွက်ရဲမည် မဟုတ်ပါပေ။
ချီကျီယွဲ့သည် စိတ်လွတ်နေပြီဖြစ်ရာ ကုနင်းသည် သူ ချန်ယွင်လင်ကို တစ်ခုခု လုပ်မည် စိုးသောကြောင့် စာဖတ်ခန်းသို့ ပြန်သွားကာ ချန်ယွင်လင်ကို ကြိုးဖြည်ပေးလိုက်ပြီး အထဲမှ သော့ခတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှ ပြန်ထွက်သွားလိုက်သည်။
ကုနင်းသည်အထဲတွင် ၁၂ မိနစ်ခန့်သာ နေခဲ့သောကြောင့် ပြန်ထွက်လာချိန်တွင် ၉ နာရီပင် မထိုးသေးပါချေ။ သူမသည် ထန်ချင်းယန်အား စုန့်နန်၏ ဘားသို့ ၁၀ နာရီမတိုင်ခင် အရောက်လာမည် ဖြစ်ကြောင်း ပြောထားသောကြောင့် အချိန်လုံလောက်စွာ ရလေသည်။
ကုနင်းသည် အရေးကြီး ကိစ္စရှိသည်ဟု ပြောထားသောကြောင့် ထန်ချင်းယန်ကလည်း ဘာမှ မဖြစ်ပါချေ။
…
ရှုချင်ယင်းသည် အရက်သောက်ဖြစ်မည် ဖြစ်သောကြောင့် စုန့်နန်၏ ဘားကို ကားငှားလာလိုက်သည်။ သူမတက္ကစီထဲမှ ထွက်သည်နှင့် ရှန်ပိုင်ရှန်း နှင့်အတူ အခြားသော သူငယ်ချင်းများကိုပါ တွေ့လိုက်ရသည်။
“ချင်ယင်း.. တိုက်ဆိုင်လိုက်တာ” ရှန်ပိုင်ရှန်းသည် မျက်ခုံးကို ပင့်ပြီး ပြောလိုက်သည်။
ရှုချင်ယင်း၏ မိသားစုနောက်ခံအကြောင်းကို သိထားပြီးသောကြောင့် ရှန်ပိုင်ရှန်းသည် သူမနှင့် ခင်မင်ချင်နေခြင်း ဖြစ်သည်။ သို့သော် ရှုချင်ယင်းသည် သူ့ကို မုန်းနေသောကြောင့် သူနှင့် ပတ်သက်၍ စိတ်မ၀င်စားပါချေ။
ရှန်ပိုင်ရှန်းသည် အလုပ်ခရီးမှ ပြန်ရောက်ပြီးနောက် သူ့သူငယ်ချင်းများနှင့် လာတွေ့ခြင်း ဖြစ်ရာ ရှုချင်ယင်းကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားခြင်း ဖြစ်သည်။
ရှုချင်ယင်းကတော့ သူ့ကို ထပ်မတွေ့ချင်ပါချေ။ သို့သော် လူမှုရေးအရတော့ ပြန်လည် နှုတ်ဆက်လိုက်သည်။
“အိုး ဟိုင်း ချင်ယင်း.. ကျွန်မကို မှတ်မိလား။” ရှန်ပိုင်ရှန်း၏ အဖွဲ့ထဲမှ အမျိုးသမီးတစ်ယောက်သည် ရှုချင်ယင်းကို ရုတ်တရတ် ထနှုတ်ဆက်လိုက်သော်လည်း သူမ၏ လေသံမှာ အနည်းငယ် မာနေသည်။
“မှတ်မိတာပေါ့.. ရှင်က ကျွန်မတို့ ကျောင်းမှာတုန်းက နာမည်ကြီးပဲလေ ဘယ်လိုလုပ်မေ့နိုင်မှာလဲ။” ရှုချင်ယင်းကလည်း ပြောလိုက်သည်။
ရှုချင်ယင်းသည် ချမ်းသာသော မိသားစုမှ အဆင့်အတန်းရှိသော မိန်းကလေး ဖြစ်ပြီး ထိုအမျိုးသမီးကတော့မောက်မာနေလေသည်။ သူမ၏ အမည်သည် လော့ရွှယ်ရှန်း ဖြစ်ပြီး ရှုချင်ယင်းနှင့် တက္ကသိုလ်အတူ တက်ခဲ့ဖူးသူ ဖြစ်သည်။
လော့ရွှယ်ရှန်း အနည်းငယ် တင်းသွားသည်။
“အဲဒီလို မပြောပါနဲ့.. ကျွန်မလည်း ရှင့်ကို မှတ်မိပါတယ်.. ပြောရရင် ရှင်က ကျွန်မထက်တောင် အပုံကြီးလှနေတာကို။” လော့ရွှယ်ရှန်းသည် ချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။
လော့ရွှယ်ရှန်း သည် တကယ်လည်း ရှုချင်ယင်း လောက် မလှသော်လည်း သူမသည် အတန်ငယ် လှပသူဖြစ်သည်။ သူမသည် အကတော်သောကြောင့် ကျောင်းတွင် နာမည်ကြီးခြင်း ဖြစ်သည်။
လော့ရွှယ်ရှန်းသည် ဖျော်ဖြေရေး ကုမ္ပဏီတွင် ၀င်ဖို့ ကြိုးစားခဲ့သေးသော်လည်း သူမထက် လှပသူများစွာရှိနေသောကြောင့် သူမအနေဖြင့် နာမည်ကြီးဖို့ ခက်ခဲခဲ့ခြင်း ဖြစ်သည်။ သူမမိသားစုကလည်း သဘောမတူခဲ့ပါချေ။
လော့ရွှယ်ရှန်း၏ မိဘများသည် ပြည်သူ့ကောလိပ်တွင် လုပ်နေကြသူများ ဖြစ်သည်။ သူတို့သည် အစိုးရပိုင်းတွင် ရာထူးကြီးကြီး ရထားသူများ မဟုတ်သည့်အပြင် ရှေးရိုးစွဲသူများ ဖြစ်သောကြောင့် သူတို့သမီးသည်သာ ဖျော်ဖြေရေး ကုမ္ပဏီသို့ ၀င်သွားခဲ့လျှင် သူတို့ကို လှောင်ပြောင်ကြမည်ကို စိုးနေကြခြင်း ဖြစ်သည်။
လော့ရွှယ်ရှန်းသည် သူမ၏ မိဘများကို မလွန်ဆန်နိုင်သောကြောင့် သူတို့စကားကိုနားထောင်ပြီး ဘဏ်တွင် အလုပ်လုပ်နေလေသည်။ ပုံမှန်အလုပ်များနှင့် ယှဉ်လျှင် ဘဏ်တွင် လစာပိုကောင်းပြီး ကောင်းစွာ ဆက်ဆံခံရသောကြောင့် သူမသည် အခြားသူများထက် သာသည်ဟု အမြဲ တွေးနေလေသည်။
လော့ရွှယ်ရှန်းသည် ရှုချင်ယင်း၏ မိသားစုနောက်ခံကို မသိသောကြောင့် ရှုချင်ယင်းကို သာမာန်မိသားစုမှ လှပသော မိန်းကလေးတစ်ယောက်ဟုသာ ထင်နေခြင်းပင်။
သူတို့လာသော အဖွဲ့ထဲတွင် ရှန်ပိုင်ရှန်းနှင့် လော့ရွှယ်ရှန်းတို့သာ ရှုချင်ယင်းကို သိကြပြီး ရှန်ပိုင်ရှန်းကသာ ရှုချင်ယင်း၏ မိသားစုအကြောင်းကို သိသူဖြစ်သည်။ သူသည် အကြံအစည်ရှိသောကြောင့် လော့ရွှယ်ရှန်းကို မပြောပြထားသလို သူမ၏ အပြုအမူကိုလည်း မတားပါချေ။
လော့ရွှယ်ရှန်းသည် ရှုချင်ယင်းကို သဘောမကျသည့် နောက်အချက်တစ်ခုမှာ ရှုချင်ယင်းကို ရှန်ပိုင်ရှန်းက အထင်ကြီးနေခြင်းကြောင့် ဖြစ်သည်။
သို့သော် လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းကို ဖွင့်မပြောခဲ့ပါချေ။ ရှန်ပိုင်ရှန်း၏ ချစ်သူမိန်းကလေးဖြစ်ရန် စံချိန်စံညွှန်းသည် အလွန်မြင့်နေသည် မဟုတ်ပါလား။ သူမသည် ဖွင့်ပြောလိုက်လျှင်လည်း သူငြင်းမှာကို ကြောက်နေခြင်း ဖြစ်သည်။ ရှန်ပိုင်ရှန်းသည် ရှုချင်ယင်းကို ငြင်းခဲ့ဖူးသည်ကို သိထားသော်လည်း ယခုတွင် သူသည် ရှုချင်ယင်းကို တွေ့သောအခါ ပျော်ရွှင်နေသည့်ပုံ ဖြစ်နေသောကြောင့် မကျေမနပ် ဖြစ်နေခြင်း ဖြစ်သည်။
“မင်းကို တွေ့ရခဲတော့ တစ်ခါလောက် အတူသောက်ကြရအောင်လား။” ရှန်ပိုင်ရှန်းသည် ရှုချင်ယင်းကိုပင် ဖိတ်ခေါ်လိုက်သေးသည်။
ထိုစကားကို ကြားသောအခါ လော့ရွှယ်ရှန်းသည် မကျေမနပ် ထပ်ဖြစ်သွားပြန်သည်။
“မသောက်တော့ပါဘူး.. ကျွန်မသူငယ်ချင်းတွေနဲ့ ချိန်းထားလို့ပါ” ရှုချင်ယင်းသည် ထိုသို့ပြောလိုက်ပြီး ရှန်ပိုင်ရှန်းနှင့် မသိမသာပင် ခပ်ခွာခွာနေလိုက်သည်။
ရှုချင်ယင်း သည် ရှန်ပိုင်ရှန်းကို သူ့အကြောင်း သေချာမသိစဉ်က ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်။ သူမသည် နောက်ပိုင်းတွင် ရှန်ပိုင်ရှန်း၏ အကြောင်းများကို သိသွားသောကြောင့် အဆက်အဆံ မလုပ်တော့ပေ။
ရှန်ပိုင်ရှန်းသည် မာနကြီးသူ ဖြစ်သောကြောင့် ရှုချင်ယင်းက သူ့အပေါ် ချေနေသည်ကို မကျေမနပ်ဖြစ်သွားပြီး “ချင်ယင်း.. ငါတို့လည်း သူငယ်ချင်းတွေ မဟုတ်ဘူးလား။” ဟု မေးလိုက်သည်။
***
အခန်း ၁၄၈၈ ကျွန်မတို့က သူငယ်ချင်းတွေ မဟုတ်ပါဘူး
ရှန်ပိုင်ရှန်းသည် ရှုချင်ယင်းက သူ့ကိုရှောင်နေမှန်း သိလေသည်။ သူသည် သူမကို စိတ်နာကျင်အောင် လုပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို သူ့ကို မုန်းတီးနေခြင်းကြောင့်လည်း ဖြစ်နိုင်သော်လည်း သူသည် လက်မလျှော့ပါချေ။ သူသည် ရှုမိသားစုနှင့် လက်ထပ်နိုင်လျှင် သူ၏ အနာဂတ် လှပတော့မည်ပင်။
“ဆောရီးပါ.. ကျွန်မကတော့ ကျွန်မတို့ ဒီလောက် ရင်းနှီးနေတယ် မထင်မိဘူး.. ကျွန်မတို့ သိပ်လည်း တွေ့ဖူးကြတာမှ မဟုတ်တာ။” ရှုချင်ယင်း စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
သူတို့သည် ထိုအတောအတွင်း မတွေ့ဖြစ်သလောက်ဆိုသည်မှာလည်း အမှန်ပင် ဖြစ်သည်။ သူတို့ကျောင်းတက်နေစဉ်က အဝေးကသာ သဘောကျခဲ့သောကြောင့် ရှုချင်ယင်းသည် သူ့ကို သုံးကြိမ်သာ တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ ဘွဲ့ရပြီးနောက်တွင်တော့ မတွေ့ဖြစ်သလောက်ပင် ဖြစ်သွားသည်။
သို့သော် ရှန်ပိုင်ရှန်းသည် ရှုချင်ယင်း၏ မိသားစုအကြောင်းကို သိသွားပြီးနောက် သူမနှင့် တွေ့ရဖို့ အကြောင်းကို မဖန်ဖန်အောင် လုပ်နေခြင်း ဖြစ်သည်။
ရှုချင်ယင်းသည် ရှန်ပိုင်ရှန်းတစ်ယောက် သူမကို ရည်ရွယ်ချက် ရှိရှိပြန်ချဉ်းကပ်နေသည်ကို သက်သေမပြနိုင်သော်လည်း သူမမိသားစုကြောင့် ဆိုသည်ကိုတော့ ရိပ်စားမိလေသည်။ သူသည် သူမကို ငြင်းဆန်ခဲ့သော်လည်း ယခုမှ ရုတ်တရတ် အလွန်ခင်မင် ချင်နေခြင်းမှာ ပုံမှန်မဟုတ်ပါပေ။ သူတို့သည် ပုံမှန်အဆက်အသွယ် ရှိနေသူများလည်း မဟုတ်ပေ။
“ရှုချင်ယင်း.. တော်လိုက်ပါတော့.. ရှင် ပိုင်ရှန်းကို အရင်က ဖွင့်ပြောဖူးတယ်ဆိုတာ လူတိုင်းသိတယ်.. ရှင့်ကိုယ်ရှင် သိပ်တော်လှပြီ ထင်နေတာလား။” လော့ရွှယ်ရှန်းသည် စိတ်တိုသည့်လေသံနှင့် ပြောလာသည်။
လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းတစ်ယောက် ရှုချင်ယင်း နား ရစ်သီရစ်သီ လုပ်နေသည်ကို အမြင်ကတ်နေပြီး ရှုချင်ယင်းက ရှန်ပိုင်ရှန်းကို ရှောင်ဖယ်နေခြင်းကိုလည်း မုန်းနေခြင်းပင်။ လော့ရွှယ်ရှန်းအတွက် ရှန်ပိုင်ရှန်းသည် အိပ်မက်ထဲက မင်းသားလေးဖြစ်နေသောကြောင့် သူ့ကို အရှက်ရစေမည့် ကိစ္စမျိုးကို ခွင့်မပြုနိုင်ပါချေ။
ရှုချင်ယင်း တော့ ရှန်ပိုင်ရှန်း အပေါ်ထားသည့် အမြင်မှာ လုံး၀ပင် ကွဲပြားလေသည်။ သူမအမြင်တွင် သူသည် ဆင်းရဲသူများကို နှိမ်ပြီး ချမ်းသာသူများကို ကပ်ဖားတတ်သည့် သူမျိုး ဖြစ်သည်။ ရှန်ပိုင်ရှန်း သည် သူမမိသားစုအကြောင်းကို မသိပါက ထိုကဲ့သို့ ဆက်ဆံနေမည် မဟုတ်ပါချေ။
“ရွှယ်ရှန်း အဲလို မပြောပါနဲ့” ရှန်ပိုင်ရှန်းသည် လော့ရွှယ်ရှန်းကို တားလိုက်ပြီး ရှုချင်ယင်း ဘက်သို့လှည့်ကာ “ချင်ယင်း.. စိတ်ထဲမထားပါနဲ့.. ရွှယ်ရှန်းက တကယ်ပြောနေတာ မဟုတ်ပါဘူး” ဟု ရှင်းပြလိုက်သည်။
လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းက ရှုချင်ယင်းကို ပြုံးပြီး ပြောနေသည်ကို တွေ့လိုက်ရသောအခါ အလွန်ဒေါသထွက်သွားသည်။
“ပိုင်ရှန်း.. ကျွန်မ…” လော့ရွှယ်ရှန်းသည် သူမကိုယ်သူမ ကာကွယ်ပြောဆိုဖို့ ကြိုးစားနေသော်လည်း ရှန်ပိုင်ရှန်းသည် အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သည်။
ရှုချင်ယင်း ဒေါသစိတ် ဖြစ်သွားသည်။
“ရွှယ်ရှန်း.. ကျွန်မရှင့်ကို တစ်ချက်လောက် ရှင်းပြပါရစေ.. ကျွန်မ ပိုင်ရှန်းကို အရင်က ဖွင့်ပြောဖူးခဲ့တယ်ဆိုပေမယ့် ကျွန်မသူနဲ့ မရင်းနှီးပါဘူး.. အခုထိတောင် သူနဲ့ တွေ့ခဲ့ဖူးတဲ့ အကြိမ်ရေနည်းပါတယ်.. ကျောင်းမှာရှိတဲ့ မိန်းကလေးတော်တော်များများ သူ့ကို ကြိုက်ကြတယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် ကျွန်မ ဘွဲ့ရပြီးနောက်မှာ ပိုင်ရှန်းကို မတွေ့ဖြစ်သလို သူ့ကိုလည်း မေ့ထားတာကြာပါပြီ.. ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့က သူငယ်ချင်းတွေတောင် မဟုတ်ပါဘူး။”
လော့ရွှယ်ရှန်းသည် ရှက်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပါချေ။
ရှန်ပိုင်ရှန်းသည်လည်း ဒေါသထွက်သွားသော်လည်း ရှုချင်ယင်း ကို ဘာမှမပြောရဲပါချေ။
“ပိုင်ရှန်း ကျွန်မတို့က အများဆုံးအနေနဲ့တောင် တက္ကသိုလ်ကျောင်းသားဟောင်းအနေနဲ့ပဲ ပတ်သက်မှုရှိခဲ့တာပါ.. အဲဒါကြောင့် ကျွန်မတို့က သူများအမြင်မှာ ရင်းနှီးနေတဲ့ ပုံစံမျိုး မဖမ်းပါနဲ့.. နားလည်မှုလွဲနိုင်လို့ပါ.. အဆင်ပြေရင် ဒီတိုင်း သူစိမ်းလိုပဲ ဆက်နေကြရအောင်ပါ” ရှုချင်ယင်းက ပြောလိုက်သည်။
ရှုချင်ယင်းသည် လော့ရွှယ်ရှန်းက ရှန်ပိုင်ရှန်းကို သဘောကျနေပြီး သူ့အတွက်ကြောင့်နှင့်တိုက်ခိုက်နေမှန်း နားလည်လေသည်။
သူမသည် ရှန်ပိုင်ရှန်းကိုရှောင်ရန် နည်းလမ်းမျိုးစုံ ရှာဖွေနေခြင်း ဖြစ်သည်။ သူမသည် ရှုမိသားစု၀င် ဖြစ်သောကြောင့် သူမလုပ်ရပ်သည် သူမမိသားစု၏ ဂုဏ်သိက္ခာနှင့် ဆိုင်နေလေသည်။ ယခုတော့ အခွင့်အရေးရနေသည် ဖြစ်သောကြောင့် သူမသည် အသုံးချလိုက်ခြင်း ဖြစ်သည်။
“ချင်ယင်း အဲဒီလို မဟုတ်ပါဘူး.. ရွှယ်ရှန်းနဲ့ ငါက…” ရှန်ပိုင်ရှန်းသည် စိုးရိမ်နေပြီး သူနှင့် လော့ရွှယ်ရှန်းတို့ကြားတွင် ဘာမှမရှိကြောင်း ပြောချင်နေခြင်း ဖြစ်သည်။ သို့သော် အခြေအနေပိုဆိုးသွားသည်ပင်။ သူနှင့် လော့ရွှယ်ရှန်း ကြားအခြေအနေကို ရှင်းပြလေ၊ နားလည်မှုလွဲလေ ဖြစ်နေခြင်း ဖြစ်သည်။
“တော်ပါတော့.. ကျွန်မဘာမှလည်း မသိချင်ပါဘူး.. ကျွန်မက အရွယ်ရောက်ပြီးသူပါ ကလေးလည်း မဟုတ်တော့ပါဘူး.. အခြေအနေတွေကို ကျွန်မနားလည်ပါတယ် ဟုတ်ပြီလား .. ကျွန်မသွားတော့မယ်” ရှုချင်ယင်းသည် ရှန်ပိုင်ရှန်း၏ စကားကိုပင် ဆုံးအောင် နားမထောင်ချင်တော့ချေ။ ထို့နောက် စုန့်နန်၏ ဘားထဲသို့ ၀င်သွားလိုက်သည်။
“ချင်ယင်း!” ရှန်ပိုင်ရှန်း သူမကို တားချင်နေသေးသော်လည်း အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် လက်လျှော့လိုက်သည်။
သူသည် ဒေါသလည်း ထွက်နေပြီး ရှုချင်ယင်းက သူ့ကို ဂရုမစိုက်သောကြောင့်လည်း အရှက်ရနေလေသည်။
ရှန်ပိုင်ရှန်းသည် ရှုချင်ယင်းကို လိုက်ချင်နေသေးသော်လည်း သူမကို လေးစားရမည် ဖြစ်သည်။ သူသည် နားလည်ရခက်သူတစ်ယောက်ပင်။