အခန်း (၁၄၉၅-၁၅၀၀)
Vol. 95 Ch. 1495-1500
အခန်း ၁၄၉၅ လောဘကြီးသော မွေးစားသမီး
“ဒီအတောအတွင်း အဖွားရဲ့ မတ်လေး မိသားစုက အဖွားကို အမြဲကူညီပေးခဲ့တာပါ.. သူတို့က သဘောကောင်းပြီး ကြင်နာကြတယ်.. အဲဒါကြောင့် ဘာကိုမှလည်း ပြန်မတောင်းဆိုခဲ့ပါဘူး.. အဖွားရဲ့ မွေးစားသမီးကတော့ ကျေးဇူးလည်း မသိတတ်ဘူး.. သူအိမ်ထောင်မပြုခင်အထိ လိမ္မာတဲ့ပုံစံရှိပေမယ့် သူလက်မထပ်ခင် ကိုယ်၀န်ရှိသွားတော့ အဖွားတို့သူ့ကို စိတ်ဆိုးခဲ့တယ်.. လက်မခံနိုင်ဖြစ်ခဲ့တာပေါ့.. တကယ်တော့ သူ့အမျိုးသားက လူကောင်းတစ်ယောက်ဆိုရင်တောင် အဖွားတို့က စိတ်ချဦးမှာပါ.. ဒါပေမယ့် သူ့အမျိုးသားက လူမိုက်ဖြစ်နေပြီး သူကလည်း ကလေးကို အကြိမ်ကြိမ်ဖျက်ချခဲ့ရတယ်တဲ့.. သူသာ ထပ်ဖျက်ချရရင် ကလေးမယူနိုင်ပါဖြစ်သွားတော့မှာ။”
“အဲဒီလိုနဲ့ အဖွားတို့လည်း မတတ်နိုင်ပဲ အိမ်ထောင်ချပေးလိုက်ရတယ်.. သူတို့ကို အိမ်၊ ကားအပြင် ယွမ်ငါးသိန်းလည်း လက်ဖွဲ့ပေးခဲ့တယ်.. သူတို့ကို ပျော်ပျော်ရွှင်ရွှင်နေစေချင်ခဲ့တာပါ.. သူတို့လည်း အစကတော့ စကားနားထောင်သလို ရှိပေမယ့် နောက်ပိုင်းကျတော့ ပျင်းရိပြီး ရိုင်းပြလာကြတယ်.. အမြဲတမ်း ပိုက်ဆံပဲတွင်တွင် တောင်းနေခဲ့တယ်.. အဲဒီလိုနဲ့ လောဘတွေကြီးလာတော့ အဖွားကို သတ်ပြီး အမွေတွေတောင် ယူချင်တဲ့ အထိပါပဲ။”
ကုနင်းသည် အံ့ဩမိပြီး ဒေါသလည်း ထွက်နေလေသည်။ အဖွားအိုသည် အလွန်သနားစရာကောင်းသောကြောင့် ကုနင်းလည်း ယုံကြည်သွားသည်။
ထို့နောက် အဖွားအိုသည် ငိုကြွေးနေပြီး ရုတ်တရတ် ချောင်းထဆိုးကာ အသက်မရှုနိုင် မကယ်နိုင် ဖြစ်နေလေသည်။
ကုနင်းသည် အဖွားအိုကို စိတ်ပူသွားသောကြောင့် ရေတစ်ခွက်ကို ထခပ်လိုက်ကာ သူမကို ပေးလိုက်သည်။
ကုနင်းသည် ရေကို မပေးခင် မှော်စွမ်းအင် အချို့ကိုလည်း ထည့်ပေးလိုက်ကာ “အဖွား ရေသောက်လိုက်ပါဦး။”
“ကျေးဇူးပါကွယ်” အဖွားအိုသည် ကုနင်း ပေးသောရေကို ချက်ချင်းသောက်လိုက်သည်။
မှော်စွမ်းအင်ပါသောရေကို သောက်လိုက်သောကြောင့် အဖွားအိုသည် လျင်မြန်စွာပင် နေလို့ကောင်းသွားသည်။
“ဘာလို့ အဖွားရဲ့ မတ်ကို မခေါ်တာလဲ.. အဖွားရဲ့ မွေးစားသမီးက စိတ်မချရဘူးလေ။” ကုနင်းက မေးလိုက်သည်။
“သူအဖွားဖုန်းကို ဖွက်ထားလို့ ရှာမတွေ့ဘူး.. သူ့ဆီမှာတော့ ရှိမှာသေချာတယ်။” အဖွားအိုသည် ပြောလိုက်ရင်း ဟိုဟိုဒီဒီရှာဖွေလိုက်သည်။ သို့သော် ကုနင်းက တားလိုက်ကာ “ကျွန်မလုပ်လိုက်မယ်။” ဟု ပြောလိုက်သည်။
ကုနင်းသည် ရှန်းယီလီ၏ ကိုယ်ပေါ်တွင် သွားရှာလိုက်သောအခါ ဖုန်းနှစ်လုံးကို ရှာတွေ့လိုက်သည်။ “အဖွား.. ဘယ်ဟာက အဖွားဖုန်းလဲ။”
“အမည်းရောင်လေးပါ။”
ကုနင်းသည် ဖုန်းအမည်းရောင်လေးကို အဖွားအိုအား ကမ်းပေးလိုက်ပြီး အဖွားအိုသည် သူမ မတ်ဆီသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ထိုအချိန်တွင် အဖွားအို၏ မတ်သည် အိပ်နေပြီ ဖြစ်သော်လည်း ကံကောင်းစွာပင် ဖုန်းကို ဖွင့်ထားလေသည်။
“ဘာဖြစ်လို့လဲ။” သူသည် စိုးရိမ်တကြီး မေးလိုက်သည်။
သူ့မရီးသည် ညသန်းခေါင်ကြီး ဖုန်းထဆက်သောကြောင့် သတင်းကောင်း ဖြစ်စရာတော့ မရှိပါချေ။
“သိုက်လုံ. မင်းရဲ့ အမျိုးသမီးနဲ့ ဆေးရုံကို အခုချက်ချင်း လာပေးပါ.. အရေးတကြီး ပြောစရာရှိလို့ပါ။”
“ဘာဖြစ်လို့လဲ။”
“လာရင် သိရပါလိမ့်မယ်။”
“ကောင်းပြီလေ.. အခုလာပြီ။” ရှန်းသိုက်လုံသည် ထိုသို့ပြောပြီးနောက် ဖုန်းချသွားသည်။
အဖွားအို၏ မတ်မလာမချင်း ကုနင်းသည် ထွက်မသွားပဲ အခန်းထဲတွင် စိတ်ရှည်စွာ စောင့်ပေးနေလိုက်သည်။ သူမသည် ထန်ယရှင်းနှင့် စာရင်းရှင်းရန် အချိန်များစွာ ရနေသေးသည်ပင်။
၁၀ မိနစ်ခန့်ကြာသောအခါ ရှန်းသိုက်လုံတို့ ဇနီးမောင်နှံ ရောက်လာကြသည်။ သူတို့အိမ်သည် ဆေးရုံနှင့် သိပ်မဝေးပဲ ညဘက်တွင် လမ်းလည်း ရှင်းသောကြောင့် မြန်မြန်ရောက်လာခြင်းပင်။
ရှန်းသိုက်လုံသည် အသက် ၃၀ ၀န်းကျင်သာ ရှိသေးသောကြောင့် ငယ်ရွယ်သေးသူ ဖြစ်သည်။ သူ့ဇနီးကတော့ ၃၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။ သူတို့သည် အဖွားအိုကို တစ်ခုခု ဖြစ်နေပြီ ထင်သောကြောင့် အမြန်လာခဲ့ရသော်လည်း ဘာမှဖြစ်မနေသည်ကို တွေ့တော့မှ စိတ်အေးသွားကြသည်။
“ဘာဖြစ်လို့လဲ။”
“အဖွားတို့ မိသားစု ကိစ္စဆိုတော့ ကျွန်မကို သွားခွင့်ပြုပါဦး၊” ကုနင်းသည် ပြုံးရင်းနှင့် နှုတ်ဆက်လိုက်သည်။
“ကျေးဇူးအရမ်းတင်ပါတယ် မိန်းကလေး” အဖွားအိုသည် ကုနင်းကို ကျေးဇူးထပ်တင်လိုက်သည်။
ထိုဖြစ်စဉ် အစအဆုံးတွင် အဖွားအိုသည် ကုနင်းကို ဆေးရုံက သူနာပြုဟုသာ ထင်နေလေသည်။
“ရပါတယ်” ကုနင်းလည်း ထွက်သွားလိုက်သည်။
သူမသည် ထန်ယရှင်း၏ အခန်းသို့မသွားပဲ ဆေးရုံအပြင်သို့ ထွက်လိုက်သည်။
သူမသည် အဖွားအို အခန်းထဲမှ ထွက်ပြီးပြီးချင်း ထန်ယရှင်း၏ အခန်းသို့ သွားလိုက်ပါက အဖွားအိုသည် သူမကြောင့်နှင့် အရှုပ်ထုပ်ထဲ ပါသွားနိုင်လေသည်။ သူမသည် သူမ ထန်ယရှင်းကို လုပ်မည့် လုပ်ရပ်အတွက် အဖွားအိုကို ဒုက္ခမရောက်စေချင်ပါပေ။
ထိုအဖွားအိုကြောင့် သူမ၏ ဒီညအစီအစဉ် ပျက်သွားခဲ့သော်လည်း သူမ အပြစ်မတင်နိုင်ပါချေ။ သူမသည် ကူညီခွင့်ရခဲ့သည်ကိုပင် ကျေနပ်နေလေသည်။
ရှန်းသိုက်လုံသည် ရှန်းယီလီ ကို ကုတင်တစ်လုံးပေါ်တွင် မျက်စိမှိတ်လျက် လှဲနေသည်ကို တွေ့လိုက်ရသောအခါ စိတ်ထဲစနိုးစနောင့် ဖြစ်သွားသည်။
“ယီလီက အဲဒီမှာ ဘာလုပ်နေတာလဲ.. အစ်မကို ပြုစုနေရမှာ မဟုတ်ဘူးလား” ရှန်းသိုက်လုံက မေးလိုက်သည်။ သူသည်လည်း ရှန်းယီလီ၏ မကောင်းကြောင်းများကို သိထားပြီး စိတ်ပျက်နေသူဖြစ်သည်။ သို့သော် သူမသည်လည်း မိသားစု၀င်ဖြစ်နေသောကြောင့် ဘာမှ မပြောသာပါပေ။
“သူက ခုနက သူနာပြုမလေး လက်ချက်နဲ့ သတိမေ့နေတာ။” အဖွားအိုသည် ဖြစ်ကြောင်း ကုန်စင်ပြောပြလိုက်သည်။
ရှန်းသိုက်လုံတို့သည် အလွန်ပင် ဒေါသထွက်သွားကြသည်။ သူတို့သည် သူတို့ မရီး၏ ပိုင်ဆိုင်မှုများကိုလည်း တပ်မက်စိတ် မရှိခဲ့ပါချေ။ သို့သော် မိသားစု စီးပွားရေးဖြစ်သောကြောင့် ရှန်းယီလီ၏ လက်ထဲသို့လည်း အရောက်မခံနိုင်ပေ။
***
အခန်း ၁၄၉၆ လက်စားချေခြင်း
ရှန်းယီလီသည် လုပ်ငန်း သဘောသဘာ၀များကိုလည်း နားမလည်သောကြောင့် သူမသာ လက်လွှဲယူမည်ဆိုလျှင် လုပ်ငန်းပင် အရှုံးပေါ်နိုင်လေသည်။ ထို့ကြောင့် သူမကို လက်လွှဲမပေးလိုက်ရအောင် တားဆီးရမည်ပင်။
ထို့အပြင် ရှန်းယီလီ၏ လုပ်ရပ်များကြောင့် သူတို့၏ သားအမိဆက်ဆံရေးသည်လည်း အဆုံးသတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် အဖွားအိုသည် ရှန်းယီလီကို ပေးဖို့ စီစဉ်ထားသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းကိုပင် မပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
…
ကုနင်းသည် အမည်းရောင် ၀တ်စုံကိုပင် ၀တ်ကာ ဆေးရုံသို့နောက်တစ်ခေါက် ပြန်သွားလိုက်သည်။ သူမ ၀တ်စားထားပုံသည် အများအမြင်တွင် ထူးကဲမနေသောကြောင့် သူမကို မည်သူမျှ သတိမထားမိကြပါချေ။ ဆေးရုံဖြစ်သည့်အတွက် လူအများစုကလည်း နှာခေါင်းစည်းများတပ်ထားကြကာ လုပ်စရာ ရှိသည်များကို လုပ်နေကြသည်။
ဤတစ်ကြိမ်တွင်တော့ ဘာမှမဖြစ်တော့သောကြောင့် ကုနင်းသည် ထန်ယရှင်း၏ အခန်းထဲသို့ ရှောရှောရှူရှူပင် ရောက်သွားသည်။ သူမသည်အခန်းထဲမ၀င်ခင် ကျောက်စိမ်းမျက်လုံးကို သုံးထားသောကြောင့် ကျီယီကျင်းနှင့် ထန်ယရှင်းကို အခန်းထဲတွင် တွေ့လိုက်သည်။
သူတို့နှစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။
ထန်ယရှင်းသည် ဆေးရုံတင်ပြီး မကြာမီတွင် ပြန်နိုးလာခဲ့သော်လည်း ကံမကောင်းစွာပင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါကို ခံစားနေရသည်။ ထန်ယရှင်းသည် ယောင်္ကျားမျိုးစုံနှင့်ပျော်ပါးခဲ့သူ ဖြစ်သောကြောင့် ထိုရောဂါ ဖြစ်ခြင်းမှာ မဆန်းလှပါချေ။
ထိုရောဂါသည် ကူးစက်တတ်သော ရောဂါဖြစ်သော်လည်း ချီကျီယွဲ့က မကူးခဲ့ပဲ ထန်ယရှင်းကသာ မကြာသေးမီက ကူးစက်ခဲ့ခြင်း ဖြစ်သည်။
ကေသည် ထိုအကြောင်းကို မစုံစမ်းခဲ့ရသောကြောင့် ကုနင်းကလည်း ထိုကိစ္စကို မသိပါချေ။
အခန်းတံခါးသည် ဆရာ၀န်များ ၀င်ရထွက်ရလွယ်အောင် မပိတ်ထားပါပေ။ ထို့ကြောင့် ကုနင်းသည် တံခါးကို တွန်းဖွင့်လိုက်ပြီး ထန်ယရှင်းနှင့် ကျီယီကျင်းတို့ မနိုးအောင် လျှောက်သွားလိုက်သည်။
သူမသည် ကျီယီကျင်းဆီသို့ အရင်သွားလိုက်ပြီး ဇက်ပိုးကို ရိုက်ချလိုက်သောကြောင့် ကျီယီကျင်းသည် တန်းသတိလစ်သွားသည်။
ကုနင်း၏ ဒီညပစ်မှတ်သည် ထန်ယရှင်း ဖြစ်သောကြောင့် ကျီယီကျင်း အော်ဟစ်မနေအောင် ကြိုတင်ပါးစပ်ပိတ်ထားခြင်းပင်။
ထို့နောက် ကုနင်းသည် အိပ်ရာထက်တွင် လှဲလျောင်းနေသော ထန်ယရှင်းဆီသို့ လျှောက်သွားလိုက်သည်။
ကုနင်းသည် သူမကို အလွယ်လေး သတ်လိုက်နိုင်သော်လည်း ထိုသို့လုပ်ဖို့ စိတ်ကူးမရှိပါချေ။ သူမသည် သတ်ချင်လျှင် သူတို့ကို ပြန်စတွေ့ကတည်းက သတ်လိုက်နိုင်ပေသည်။ သူမသည် ထန်ယရှင်းကို အရင် နှိပ်စက်ချင်နေလေသည်။
ကုနင်းသည် ထန်ယရှင်းကို ချက်ချင်းနှိုးလိုက်သည်။
ထန်ယရှင်းသည် အိပ်မက်ကောင်းမက်နေတုန်း နိုးလာသောကြောင့် မကျေမနပ် ဖြစ်သွားသည်။ သူမသည် မျက်လုံးကို ဖွင့်လိုက်ပြီး သူမအားနှိုးသူကို ဒေါသတကြီး ရန်တွေ့ဖို့ ပြင်လိုက်သည်။ သို့သော် ကုနင်း မျက်နှာကို တွေ့လိုက်ရသောကြောင့် လန့်ဖျပ်သွားသည်။ ကုနင်းသည် သူမအသံမထွက်နိုင်အောင် လည်ပင်းကို ဖမ်းညှစ်လိုက်သည်။
ထန်ယရှင်းကို လက်ကိုမြှောက်ကာ ကုနင်း၏ လက်ကို ဆွဲဖယ်ရန် ကြိုးစားနေသောကြောင့် ကုနင်းသည် သူမ၏ မှော်အအေးဓာတ်ကို ထုတ်လိုက်သည်။
မှော်အအေးဓာတ်သည် ထန်ယရှင်းဆီသို့ သက်ရောက်သွားသောကြောင့် ထန်ယရှင်းသည် အေးခဲပြီး သိပ်မလှုပ်နိုင်တော့ပေ။
“ငြိမ်ငြိမ်နေစမ်း.. မဟုတ်ရင် လည်ပင်းရိုးကို ချိုးပစ်မယ်။” ကုနင်း အသံကို နှိမ့်ပြီး ပြောလိုက်သည်။
ထန်ယရှင်းသည် သူမအမေကို ကြည့်လိုက်သော်လည်း ကျီယီကျင်းသည် အခြားအိပ်ရာတစ်ခုထက်ပင် အေးဆေးစွာ အိပ်ပျော်နေသည်။
“သူလည်း နင့်ကို မကူညီနိုင်ဘူး.. သတိလစ်နေတာလေ။” ကုနင်း ကျေနပ်စွာ ပြုံးရင်း ပြောလိုက်သည်။
ထန်ယရှင်းသည် ကူကယ်ရာမဲ့ ဖြစ်နေလေသည်။
“ရှင်-ရှင်က ဘယ်သူလဲ.. ဘာဖြစ်ချင်တာလဲ။” ထန်ယရှင်းသည် စကားကိုပင် ခက်ခဲစွာ ပြောနေရသည်။
“လက်စားချေချင်လို့ပေါ့။” ကုနင်းက ပြောလိုက်သည်။
ထန်ယရှင်း သည် ကြောက်လန့်သွားပြီး ထန်အိုက်နင်းကို တွေးမိလိုက်သည်။
“နင်က ငါ့မင်္ဂလာပွဲကို ဖျက်ဆီးတဲ့ မိန်းမလား” ထန်ယရှင်းက မေးလိုက်သည်။
“ဟုတ်တယ်.. အတိအကျ ပြောရရင် ငါက ထန်အိုက်နင်း ပဲ။” ကုနင်းက ပြောလိုက်သည်။ သူမသည် သူမသရုပ်မှန်ကို ဖုံးကွယ်မနေတော့ပါချေ။
“မဟုတ်ဘူး.. မဟုတ်ဘူး။” ထန်ယရှင်းသည် ကြောက်လန့်နေပြီး မယုံနိုင် ဖြစ်နေလေသည်။
ထန်အိုက်နင်းသည် သေသွားပြီ ဖြစ်သောကြောင့် အသက်ပြန်ရှင်လာသည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးပါချေ။
“အင်း.. ရှင်းပြမှာပေါ့။” ကုနင်း က ပြုံးပြီး ပြောလိုက်ပြန်သည်။
သူမသည် ထန်ယရှင်း တစ်ယောက် နားထောင်ချင် မထောင်ချင်ကို ဂရုမစိုက်တော့ပဲ ပြောလိုက်သည်။ “ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၆ ရက်နေ့တုန်းက ချီကျီယွဲ့က ငါ့ကို ပင်လယ်မှာ အပျော်ခရီးထွက်ဖို့ ခေါ်ခဲ့တယ်.. တကယ်တော့ အဲဒါနင်တို့အကြံပေါ့…”
ထိုစကားကို ကြားသောအခါ ထန်ယရှင်းသည် အလွန်ပင် တုန်လှုပ်သွားသည်။
ကုနင်းသည် သူမ၏ ပုံစံကို စိတ်တိုင်းကျစွာ ကြည့်လိုက်ရင်း “ငါ့ညာဘက် ပုခုံးနဲ့ ဘယ်ဘက်ပေါင်ကို သေနတ်နဲ့ ၂ ချက်အပစ်ခံခဲ့ရတယ်.. အဲဒီတုန်းက ငါတို့ ပြောခဲ့တဲ့ စကားတွေကိုတောင် မှတ်မိပါသေးတယ်.. ငါ ချီကျီယွဲ့ကို ဘာလို့ ဒီလိုလုပ်လဲမေးခဲ့တော့ နင်က ချီကျီယွဲ့က ငါ့ကို တစ်ခါမှ မချစ်ခဲ့ဘူးလို့ ပြောခဲ့တယ်လေ.. ငါက နင်တို့အတွက် အသုံးချခံစရာ နယ်ရုပ်လေးဖြစ်ခဲ့တာပေါ့။”
ထန်ယရှင်းသည် သွေးပျက်မတတ် ဖြစ်နေလေသည်။ သူမသည်လည်း ရှင်းလင်းစွာ မှတ်မိနေသေးသည် မဟုတ်ပါလား။ သို့သော် ကုနင်းကိုတော့ ထန်အိုက်နင်းဟု သူမသည် လုံး၀မထင်ပါချေ။
ထန်အိုက်နင်းသည် သေသွားပြီဆိုသော အချက်သည် သူမအတွက်တော့ သေချာသည့်အချက်တစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလား။
***
အခန်း ၁၄၉၇ အားတင်းထားပါ ထန်ယရှင်း
“ငါ့အမေ သေသွားပြီးနောက်ပိုင်း ငါ့ကို ထိန်းချုပ်လို့ မရတော့မှာစိုးလို့ ငါ့အဖေက ယောင်္ကျားတစ်ယောက်နဲ့ အတင်းစီစဉ်ပေးခဲ့တာလို့လည်း နင်ပြောခဲ့တယ်နော်.. ငါကတော့ အဖေ့အတွက် လုပ်နိုင်တာ အကုန်လုပ်ပေးခဲ့ပေမယ့် နင်ကတော့ ငါ့အတွက် စီစဉ်ထားတဲ့သူကိုပါ ခိုးသွားခဲ့တယ်။”
ထန်ယရှင်းသည် ကုနင်းကို အံ့အားသင့်စွာ ကြည့်နေလေသည်။
“ထန်ယရှင်း.. အံ့ဩစရာမကောင်းဘူးလား။” ကုနင်းက ပြုံးရင်း ပြောလိုက်ပြန်သည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး။” ထန်ယရှင်း သည် ပူလောင်စွာ ငိုကြွေးတော့မလိုပင်။
“အခုထိ မယုံသေးဘူးလား.. ဒါနဲ့ နင်နဲ့ အမြှောင်မယား နင့်အမေတို့ ငါ့အိမ်ကို စရောက်လာတဲ့ နေ့ကိုရော မှတ်မိလား.. ငါ့ကိုနင်က အစေခံလို သဘောထားပြီး ထန်ပင်းစန် နဲ့ ငါ့ကြားမှာ ရန်တိုက်ပေးခဲ့တာလေ။”
သူမသည် အရာအားလုံးကို ရှင်းလင်းစွာ မှတ်မိနေခဲ့ပြီး သူမကြုံတွေ့ခဲ့ရသော ကိစ္စအားလုံးကို မမေ့နိုင်ပါချေ။
“ငါတို့ တစ်မိုးအောက်ထဲ နေခဲ့တဲ့ ကာလတစ်လျှောက် ငါ့ကို အမြဲ နှိပ်စက်ခဲ့တယ်.. အပြင်ပန်းမှာတော့ ကောင်းတဲ့ပုံ လုပ်ပြနေပေမယ့် နင်က ငါတွေ့ဖူးသမျှထဲမှာ အဆိုးဆုံး မိန်းကလေးပဲ။”
“တော်ပါတော့ တော်ပါတော့။” ထန်ယရှင်း ငိုယိုပြီး ပြောလိုက်သည်။
သူမအကြောင်းကို မသိသူများသူများကတော့ သူမကို သနားကြမည် ဖြစ်သော်လည်း ကုနင်းကတော့ မသနားပါချေ။ သူမ၏ မျက်ရည်များသည် သနားစရာမကောင်းပဲ သူမသည် မကောင်းဆိုးဝါး သာသာပင် ဖြစ်သည်။
ကုနင်းသည် သူမ ရန်သူကို သနားခြင်း မရှိပါချေ။
“ဘာလို့တော်ရမှာလဲ ထန်ယရှင်း.. နင့်အပြစ်တွေကိုသာ ၀န်ခံလိုက်စမ်းပါ။” ကုနင်းက ပြောလိုက်သည်။ “လူတိုင်းကတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမှာပဲ.. ဟုတ်တယ်မလား။”
“မဟုတ်ဘူး.. မဟုတ်ဘူး။” ထန်ယရှင်းသည် ခေါင်းကိုသာ တွင်တွင်ခါရမ်းနေသည်။
“ငါလည်း လူကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး.. ငါလည်း ထန်ပင်းစန်အတွက် မကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်.. အဲဒီအတွက် အပြစ်ဒဏ်ခံရမယ် ဆိုရင်တောင် ကျေကျေနပ်နပ် လက်ခံပေးလိုက်မယ်” ကုနင်းက ပြောလိုက်သည်။
သူမ၏ ရှေ့ဘ၀တွင် ဘာမှလုပ်မရခဲ့သော်လည်း အခုဘ၀တွင်တော့ သူမ လုပ်ချင်တာလုပ်ခွင့်ရတော့မည်မို့ သူမသည် လူကောင်းတစ်ယောက်သာ ဖြစ်ချင်တော့သည်ပင်။
“မဟုတ်ဘူး မလုပ်ပါနဲ့ ကျေးဇူးပြုပြီး။” ထန်ယရှင်းသည် ကုနင်းကို ခွင့်လွှတ်ဖို့ တောင်းပန်ချင်နေသော်လည်း အသုံးမ၀င်တော့ပါပေ။ သူမသည် ကုနင်းကိုမယှဉ်နိုင်သောကြောင့် ထွက်ပြေးလို့လည်း မရပါပေ။
ကုနင်းသည် သူမကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း မသတ်သေးပေ။
ထန်ယရှင်းသည်လည်း သူမသည် ငယ်ရွယ်တုန်းပင် ရှိသေးသောကြောင့် မသေချင်သေးပါပေ။
“စိတ်အေးအေးထားပါ.. ငါနင့်ကို မသတ်ပါဘူး.. နှိပ်ပဲ နှိပ်စက်မှာပါ.. နင်တင်မဟုတ်ဘူး.. ချီကျီယွဲ့, ထန်ပင်းစန်, ကျီယီကျင်းတို့ရော ငါ့ကို မကောင်းကြံခဲ့တဲ့ ဘယ်သူမဆို အကုန်လုံးကို နှိပ်စက်မှာ။”
“နင်ထွက်ပြေးလို့မရပါဘူး.. ငါ့ကို ဒီလိုတွေ လုပ်ထားတဲ့ ဘယ်သူမဆို ထွက်ပြေးလို့မရဘူး။”
ကုနင်း၏ အသံသည် ထန်ယရှင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ထန်ယရှင်းသည် ပို၍ပင် တုန်လှုပ်လာတော့သည်။
သူမ၏ ခန္ဓာကိုယ်သည် ကုနင်း၏ မှော်အစွမ်းဖြင့် ဖြည်းဖြည်း အေးစက်တောင့်တင်းလာသည်။
ကုနင်းသည် သူမ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်မဖျက်ဆီးသေးပဲ ဖြည်းဖြည်းချင်း ပျက်ဆီးအောင် လုပ်နေသည်။
ထန်ယရှင်းသည် မသက်မသာ ဖြစ်လာပြီး စိတ်လည်း ကယောင်ခြောက်ခြား ဖြစ်နေသည်။
ခဏကြာပြီးနောက် ကုနင်းက ရပ်လိုက်သည်။
“အားတင်းထားပါဦး ထန်ယရှင်း.. အခုထိ မပြီးသေးဘူး.. ငါထပ်လာဦးမှာ” ကုနင်း ထိုသို့ပြောပြီးနောက် ပြန်ထွက်သွားလိုက်သည်။
ကုနင်း လွှတ်ပေးလိုက်ချိန်တွင် ထန်ယရှင်းသည် အော်ဟစ် အကူအညီတောင်းလိုက်ချင်သော်လည်း ကုနင်းက ပြန်လာပြီး သတ်မည်ကိုစိုးသောကြောင့် မလုပ်ရဲပါပေ။ သူမသည် ကုနင်းကိုအလွန်ပင် ကြောက်နေပြီ ဖြစ်သည်။
ထန်ယရှင်းသည် ကုနင်း ထွက်သွားပြီး အတန်ကြာသည်အထိ ဘဲလ်ကိုတီးကာ သူနာပြုကိုလည်း အကူအညီ မတောင်းရဲပါချေ။ ကျီယီကျင်းကလည်း သတိမေ့နေဆဲပင် ဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် အကူအညီမဲ့နေလေသည်။
ဘဲလ်သံကြားသောအခါ သူနာပြုတစ်ယောက်သည် အလျင်အမြန်ပြေးလာသည်။
ထိုသူနာပြုသည် ထန်ယရှင်း ၏ ကောလဟာလနှင့် ရောဂါအကြောင်းကို သိထားသောကြောင့် သူမကို သဘောမကျသော်လည်း သူမကိုတော့ ဂရုစိုက်ရပေမည်။ သူမသည် သူနာပြုတစ်ယောက်သာ ဖြစ်သောကြောင့် ထန်မိသားစုကိုလည်း မတွန်းလှန်ရဲပါချေ။
ထိုအခန်းသည် ဗီအိုင်ပီခန်းဖြစ်ပြီး အရှေ့တွင် ဧည့်ခန်းတစ်ခု ရှိသောကြောင့် သူနာပြုသည် မီးကို အရင်ဖွင့်ကာ အတွင်းခန်းထဲသို့ ၀င်လာလိုက်သည်။
“မစ္စထန် ဘာဖြစ်လို့လဲ။” သူနာပြုသည် ထန်ယရှင်း တစ်ယောက် အိပ်ရာပေါ်တွင် တုန်လှုပ်ခြောက်ခြားနေသည်ကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားသည်။
“ငါ့အနားမလာနဲ့” ထန်ယရှင်းသည် အော်ဟစ်လိုက်သည်။ သူမစိတ်အခြေအနေသည် ပုံမှန်မဟုတ်တော့သောကြောင့် သူနာပြုလား “ထန်အိုက်နင်း” လားပင် ခွဲခြားမသိတော့ပါချေ။
***
အခန်း ၁၄၉၈ ထန်အိုက်နင်း
“ကျွန်မဘယ်မှ မသွားပါဘူး.. အရင်ဆုံး စိတ်အေးအေးထားလိုက်ပါ။” သူနာပြုသည် ကျီယီကျင်းတစ်ယောက် အခြားကုတင်ပေါ်တွင် အိပ်လျက်ရှိနေသည်ကို တွေ့လိုက်ရသောအခါ တွေဝေသွားသည်။ အခြေအနေမှာ ထူးဆန်းနေသည်မို့ သူနာပြုသည် နားမလည်နိုင် ဖြစ်နေလေသည်။
ထန်ယရှင်း၏ လက်ရှိအခြေအနေကို ကြည့်လိုက်ပြီး သူနာပြုသည် တစ်ခုခုကို ရိပ်စားမိလိုက်ကာ ကျီယီကျင်းကိုလည်း စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းစွာပင် ကျီယီကျင်းသည် အသက်ရှူနေသေးသောကြောင့် သူနာပြုသည် စိတ်အေးသွားသည်။
“မဒမ်ထန်?” သူနာပြုသည် ကျီယီကျင်းကို လှုပ်နှိုးကြည့်သော်လည်း သူမသည် မနိုးလာပါပေ။
“မဒမ်ထန်? မဒမ်ထန်?” သူနာပြုသည် စိတ်ပူသွားသည်။ သူမသည် ချက်ချင်းပင် ထပြီး ထိုညတာ၀န်ကျသော ဆရာ၀န်ဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။
ဆရာ၀န်နှင့် သူ့လက်ထောက်သည် သူနာပြုနှင့်အတူ ပြန်ရောက်လာသည်။ အမျိုးသားဆရာ၀န်သည် ထန်ယရှင်း ၏ တာ၀န်ခံ သမားတော်ဖြစ်ပြီး အမျိုးသမီးဆရာ၀န်သည် သူ၏ လက်ထောက်ဖြစ်သည်။
အခန်းထဲသို့ သွားရာလမ်းတွင် သူနာပြုသည် ထန်ယရှင်းနှင့် ကျီယီကျင်းတို့၏ အခြေအနေများကို အတိုချုံးရှင်းပြလိုက်သည်။ ထန်ယရှင်းသည် စိတ်ပိုင်းဆိုင်ရာ ရှော့ခ်ရသွားခဲ့သော်လည်း သူတို့သည် ထိုသို့ ရုတ်တရတ် ဖြစ်သွားခြင်းကို နားမလည်နိုင် ဖြစ်နေလေသည်။
ကျီယီကျင်းသည်လည်း သတိမေ့နေသောကြောင့် အကြောင်းရင်းကို ရှာမတွေ့နိုင် ဖြစ်နေကြသည်။
အခန်းထဲသို့ သူတို့၀င်လာကြသောအခါ ထန်ယရှင်းသည် ထပ်အော်ဟစ်လိုက်ရင်း “ငါ့ကို လွှတ်ပေးပါ.. မသတ်ပါနဲ့” ဟု ပြောနေလေသည်။
ဆရာ၀န်သည် ထန်ယရှင်းက အော်ဟစ်လိုက်သည်ကို အလွန်အံ့ဩသွားသည်။ သူမသည် အိပ်မက်ဆိုး မက်နေခဲ့ခြင်းလား သို့မဟုတ် တကယ်ပဲ တစ်ယောက်ယောက်က သူမကို သတ်ဖို့ ကြိုးစားခဲ့ခြင်းပေလား။
အမျိုးသားဆရာ၀န်သည် ထူးဆန်းသည်ဟု တွေးနေမိသည်။
“မစ္စထန် စိတ်အေးအေးထားပါ.. မင်းကို ကူညီဖို့ ဆရာတို့ ရောက်နေကြတာပါ.. ဘာတွေဖြစ်ခဲ့လို့လဲ ပြောပြပါဦး။” ဆရာ၀န်သည် စိတ်ရှည်စွာမေးမြန်းလိုက်သည်။
“ထန်အိုက်နင်း... ထန်အိုက်နင်း လုပ်တာ.. သူကလက်စားချေချင်လို့တဲ့။” ထန်ယရှင်းသည် အော်ဟစ်နေပြန်သည်။ သူမသည် စိတ်ဖောက်နေပြီ ဖြစ်သော်လည်း မေးခွန်းများကိုတော့ ဖြေနိုင်သေးသည်ပင်။
အမျိုးသားဆရာ၀န်သည် ခေါင်းညိတ်ကာ နားထောင်နေလိုက်သည်။ သူသည် ထန်ယရှင်း၏ မင်္ဂလာပွဲကိစ္စကို ကြားထားပြီး ဖြစ်သည်။
သို့သော် သူသည် ထန်အိုက်နင်းကို မကောင်းသည့်သူဟု မမြင်ပါချေ။ အင်တာနက်ပေါ်မှ သတင်းများသည်သာ အမှန် ဖြစ်ပါက သူမသည် အလွန်ပင် သနားစရာကောင်းသူ ဖြစ်သည်။ ထန်ယရှင်းကတော့ မုန်းစရာပင် ကောင်းနေလေသည်။ သို့သော် ထန်ယရှင်းသည် သူ၏ လူနာ ဖြစ်နေသောကြောင့် ဆရာ၀န် တစ်ယောက်အနေဖြင့် သူ့အလုပ်သူတော့ လုပ်ရပေမည်။
“သူဒီကိုလာလို့လား။” သူက မေးလိုက်သည်။
“ဟုတ်တယ် သူလာပြီးတော့ ကျွန်မကို နှိပ်စက်မယ်လို့ ပြောသွားတယ်။” ထန်ယရှင်း ကြောက်လန့်စွာ ပြောလိုက်သည်။
“ဒေါင်တာကျန်း.. မဒမ်ထန်ကို တစ်ချက်လောက် စစ်ဆေးပေးလို့ ရမလား” သူသည် လက်ထောက်ဆရာ၀န်မလေးကို ပြောလိုက်သည်။
“ဟုတ်ကဲ့” ဒေါက်တာကျန်းသည် ကျီယီကျင်း နားကို လျှောက်သွားလိုက်သည်။ ထို့နောက် “သူသတိမေ့နေတာတော့ သေချာတယ်.. တစ်ခုခုကို ထိတ်လန့်သွားလို့ ထင်တယ်။” ဟု ပြောလိုက်သည်။
အမျိုးသား ဆရာ၀န်သည် ဇဝေဇဝါ ဖြစ်သွားသည်။
“မဟုတ်ဘူး အဲဒါ ထန်အိုက်နင်း လုပ်တာ.. သူက အမေ့ကို မေ့လဲအောင် လုပ်လိုက်တာ။” ထန်ယရှင်း က ပြောလိုက်သည်။
“ဒေါက်တာကျန်း ဒီမှာ ခဏနေခဲ့ပြီး မစ္စထန်ကို ကြည့်ထားလိုက်ပါ.. ဆရာ စောင့်ကြည့်ခန်းကို သွားလိုက်ဦးမယ်။”
“ဟုတ်ကဲ့ပါ” ထို့နောက် ဆရာ၀န်သည် စောင့်ကြည့်ခန်းသို့ ထွက်သွားလိုက်သည်။
အမျိုးသား ဆရာ၀န်သည် လျှောက်လမ်းမှ ကင်မရာများကို အရင်ကြည့်လိုက်သောအခါ အမည်းရောင်၀တ်စုံနှင့် အမျိုးသမီးတစ်ယောက် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သုံးမိနစ်ခန့်ကြာသောအခါ သူနာပြု ပြေးလာသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းမသည် လမ်းလျှောက်မြန်သူ မဟုတ်ပါက ဆေးရုံထဲတွင်ပင် ရှိဦးပေမည်။
ဆရာ၀န်သည် ခဏစဉ်းစားလိုက်ပြီး ရဲကို မခေါ်သေးပဲ ထန်ပင်းစန်ကို ခေါ်လိုက်သည်။
ထန်ယရှင်းသည် စိတ်အခြေအနေမကောင်း ဖြစ်နေပြီး ကျီယီကျင်းကတော့ သတိမေ့နေလေသည်။ ထို့ကြောင့် သူသည် ဆွေးနွေးရှင်းပြစရာ ထန်ပင်းစန်ပဲ ကျန်တော့သည်ပင်။
ထန်ပင်းစန်သည် သူအိပ်နေတုန်း တစ်ယောက်ယောက်က ဖုန်းခေါ်လိုက်သောကြောင့် မကျေမနပ် ဖြစ်ကာ နိုးလာသော်လည်း ခေါ်သူနံပါတ်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ သူသည် ထန်ယရှင်း တစ်ခုခု ဖြစ်နေပြီ ထင်သောကြောင့် အမြန်ကိုင်လိုက်သည်။
သူသည် ထန်ယရှင်းကို စိတ်ဆိုးနေသေးသော်လည်း သူ၏ သမီးဖြစ်နေသည် မဟုတ်ပါလား။
ဆရာ၀န်သည် ထန်ပင်းစန်အား ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။
ထန်ပင်းစန်သည် ထန်ယရှင်းနှင့် ကျီယီကျင်းတို့ကို ကောင်းကောင်းမကြည့်ထားရကောင်းလား ဟူ၍ အပြစ်တင်လိုက်သည်။
ဆရာ၀န်သည်လည်း သူ့အမှားပင် ဖြစ်နေသောကြောင့် ထန်ပင်းစန်ကို တောင်းပန်နေလေသည်။
ထန်ပင်းစန်သည် အလွန်ဒေါသထွက်နေသော်လည်း ရဲကိုတော့ မခေါ်ခဲ့ပေ။
ဆရာ၀န်ကလည်း သူ့ကိုသာ ပထမဆုံး ခေါ်လိုက်ခြင်း ဖြစ်ကြောင်း ပြောထားသောကြောင့် ထန်ပင်းစန်သည် ဆရာ၀န်အား ရဲနှင့် အခြားသူများကို မပြောရန် တားထားလိုက်သည်။ သူသည် ကိုယ်တိုင်သာ ဖြေရှင်းရမည်ပင်။
မကြာမီ ထန်ပင်းစန်သည် သူ၏ အတော်ဆုံး ကိုယ်ရံတော် နှစ်ယောက်နှင့်အတူ ဆေးရုံသို့ရောက်လာသည်။ သူတို့သည် ထန်ယရှင်း၏ မင်္ဂလာပွဲမှ ကိုယ်ရံတော်များထက် ပိုသန်မာကြပြီး ကြေးစားလူသတ်သမားနှင့်ပင် ယှဉ်နိုင်သူများ ဖြစ်သည်။
ထန်ပင်းစန်သည် “ထန်အိုက်နင်း” က သူ့ကို ထပ်တိုက်ခိုက်မည်ကို ကြောက်နေသောကြောင့် ထိုနှစ်ယောက်ကို ငှားထားခြင်း ဖြစ်သည်။
သူသည် ထန်အိုက်နင်းက ထန်ယရှင်းကို တစ်ခုခု လာလုပ်မှန်း ရိပ်စားမိလေသည်။ သူသည် ဆေးရုံကိုတော့ လုံခြုံစိတ်ချရမည် ထင်ထားသော်လည်း သူ့အတွေးမှားနေခဲ့ခြင်းပင်။
ထန်ပင်းစန်သည် ထန်ယရှင်း နှင့် ကျီယီကျင်းတို့ကို ဆေးရုံရောက်သည်နှင့် ချက်ချင်းသွားတွေ့လိုက်သည်။
ကျီယီကျင်းသည် ထန်ပင်းစန် တစ်ယောက် အခန်းထဲသို့ မရောက်မီ နိုးလာသောကြောင့် သူမသတိမေ့နေစဉ် ကာလအတွင်း ဖြစ်ခဲ့သမျှကို ကြားမိသောအခါ အလွန်ထိတ်လန့်နေလေသည်။
“ထန်အိုက်နင်း” သည် အင်အားကြီးသော ရန်သူ ဖြစ်သောကြောင့် သူတို့သည် စိတ်အေးလက်အေး မနေနိုင်တော့ပါချေ။
ကျီယီကျင်းသည် သူမ အနည်းငယ် စိတ်တည်ငြိမ်သွားပြီးနောက် ထန်ယရှင်းကို နှစ်သိမ့်ပေးနေလေသည်။
ထန်ယရှင်းကတော့ ထန်ပင်းစန်အား “ထန်အိုက်နင်း” တစ်ယောက် သူမကို လုပ်ခဲ့အရာများကို ပြောပြလိုက်သည်။ သူမသည် နာမည်ကို ပြန်ပြောရုံနှင့်ပင် အသံများ တုန်ရီအောင် ကြောက်နေလေသည်။
***
အခန်း ၁၄၉၉ ကုနင်းကို ရှာတွေ့ခြင်း
ထန်ပင်းစန်သည် ထိုအမျိုးသမီးကို ထန်အိုက်နင်းဟု မယုံနိုင်သော်လည်း အခြားထင်စရာလည်း စဉ်းစားမရတော့ပါချေ။ ထန်အိုက်နင်းသည်သာ သူ၏ မကောင်းမှုများကို သိထားသည် မဟုတ်ပါလား။
ထိုမိန်းမသည် တကယ်ပဲ ထန်အိုက်နင်း ဖြစ်နေခဲ့လျှင် သူလုပ်ခဲ့သော မကောင်းမှုများ၏ သက်သေမှာ သူမလက်ထဲတွင် ရှိနေသောကြောင့် အလွန်ပင် စိုးရိမ်ပူပန်နေလေသည်။
ထန်ပင်းစန်သည် ကြေးစားလူသတ်သမားများ ငှား၍ “ထန်အိုက်နင်း”ကို သတ်ရန် ခိုင်းထားသော်လည်း သတင်းကောင်း မကြားရသေးပေ။ သူသည် အောင်မြင်ကြောင်း သတင်းကောင်းကို မြန်မြန်ကြားချင်နေပြီး ညတိုင်း စိတ်အေးလက်အေး ခြေဆန့်အိပ်ချင်နေပြီပင်။
ထန်ပင်းစန်သည် ဆေးရုံတွင် လုပ်စရာလည်း သိပ်မရှိသောကြောင့် ကြာကြာမနေခဲ့ပေ။ သူ၏ ကြေးစားကိုယ်ရံတော်တစ်ယောက်ကိုတော့ သူ့မိန်းမနှင့် သမီးကို စောင့်ရှောက်ပေးဖို့ မှာခဲ့လိုက်သည်။ နောက်ထပ် ကိုယ်ရံတော် နှစ်ယောက်ကိုတော့ နောက်မှ ထပ်ပို့မည် ဖြစ်သည်။
…
ထိုအချိန်တွင် ကုနင်းသည် အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။
သူမသည် ရာစုနှစ်မြို့တော် သို့ ပြန်သွားလိုက်ပြီး သူမ အိပ်စက်အနားယူလိုက်ချိန်တွင် ၂ နာရီခွဲပင် ရှိပြီ ဖြစ်သည်။ သူမ မအိပ်ခင်တွင် နားကြပ်တစ်စုံကို ထုတ်ပြီး နားတွင် တပ်လိုက်သည်။
သူမသည် ဆေးရုံတွင် ထန်ယရှင်းနှင့် စကားပြောနေချိန်၌ သူမကုတင်အောက်၌ အသံဖမ်းစက် ထည့်ထားခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ သူမသည် ထန်ယရှင်းနှင့် စကားပြောနေသူများ၏ အသံကို လျှို့ဝှက် နားထောင်နိုင်မည် ဖြစ်သည်။ ကုနင်းသည် အသံဖမ်းထားသည်များကို နားထောင်နေလိုက်သည်။
ထိုသို့ဖြင့် ထန်ပင်းစန်သည် ကြေးစားတစ်ယောက်နှင့် ကိုယ်ရံတော်နှစ်ယောက်ကို ထန်ယရှင်းအတွက် ထားပေးထားကြောင်း သိလိုက်သည်။
ကုနင်း၏ စွမ်းရည်နှင့် ဆိုရင် ထိုကြေးစားသည် သူမကို ယှဉ်၍ပင် မရပါချေ။ ကုနင်းသည် ထန်ယရှင်းကို ထပ်လာတွေ့မည်ဟုလည်း ပြောထားသောကြောင့် သူမသည် ဘယ်လိုအခြေအနေဖြစ်နေပါစေ စိတ်ပူနေမည် မဟုတ်ပေ။
သူမသည် ထန်ယရှင်းကို အကာအကွယ်များ ကြားထဲ၌ပင် ထိခိုက်အောင် လုပ်နိုင်ပါက ထန်ယရှင်းသည် ပိုလို့တောင် ကြောက်နေဦးမည်ပင်။
…
ထိုညတွင် ထန်ပင်းစန်, ထန်ယရှင်း နှင့် ကျီယီကျင်းတို့သည် အန္တရာယ်ကို ကြောက်ရွံ့ကာ မအိပ်နိုင် ဖြစ်နေကြသည်။
သူတို့တွင် ကိုယ်ရံတော်များစွာ ရှိနေသော်လည်း စိုးရိမ်နေကြလေသည်။ ထို့အပြင် ထန်ပင်းစန်အတွက် “ထန်အိုက်နင်း” သည် သူ့ဘ၀ကို ဖျက်ဆီးနိုင်လောက်အောင် အရေးကြီးသူ ဖြစ်သောကြောင့် ပို၍ပင် အိပ်မရ ဖြစ်နေလေသည်။
…
ကုနင်းကတော့ ကောင်းမွန်စွာ အိပ်စက်ကာ နောက်နေ့မနက်တွင် စောစောထပြီး အပြေးလေ့ကျင့်လိုက်သည်။
သူမအိမ်က ထွက်လာသည်နှင့် သူမကို တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားလိုက်ရပြီး ကျင့်ကြံသူဟု ထင်လိုက်မိသည်။
ကုနင်း သည် ပိုင်လီကျုံးယန် သို့မဟုတ် ပိုင်လီကျုံးရွှယ်တို့ဟု ထင်မိလိုက်သော်လည်း သူမသည် ဂရုမစိုက်သည်မို့ ဆက်သာပြေးနေလိုက်သည်။
ကုနင်း ပြေးနေစဉ်တွင် ထိုကျင့်ကြံသူသည် သူမနောက်မှ လိုက်လာသည်ဟု ခံစားလိုက်ရသည်။
ပုံမှန်သူများအတွက်တော့ ထိုနေရာတွင် အပြေးလေ့ကျင့်နေသူများစွာ ရှိသည့်အတွက် ထူးခြားခြင်း မရှိပါပေ။ သို့သော် ကုနင်းကတော့ တစ်ခုခု ထူးခြားသည်ဟု ခံစားမိပြီး သတိထားနေလိုက်သည်။
၁၀ မိနစ်ခန့် ပြေးပြီးသောအခါ ကုနင်းသည် အားကစားလုပ်သည့်နေရာတွင် ရပ်လိုက်သည်။ သူမသည် ကိုယ်ကို မသိမသာ ကွေးလိုက်ပြီး သူမနောက်မှပါလာသော ကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်သည်။
ခဏတွင်းချင်းပင် သူမသည် ဝူရွှမ်းဟွာကို သူမနှင့် ၂၀ မီတာခန့်အကွာအဝေးတွင် တွေ့လိုက်သည်။
ဝူရွှမ်းဟွာကိုတွေ့လိုက်ရခြင်းအား ကုနင်းသည် မအံ့ဩမိပါချေ။
ဝူရွှမ်းဟွာသည် ကုနင်း ရပ်သောကြောင့် လိုက်ရပ်လိုက်သော်လည်း ကုနင်းက သူ့ကို သတိထားမိနေမှန်းတော့ မသိပေ။
ကုနင်း သည် သူ့ကို ဂရုစိုက်စရာ မလိုသောကြောင့် ခဏကြာ လေ့ကျင့်ခန်း လုပ်လိုက်ပြီး အပြေး ဆက်ကျင့် လိုက်သည်။ ဝူရွှမ်းဟွာ သည် သူမ နောက်သို့ ဆက်လိုက်နေသေးသော်လည်း ကုနင်း သည် လှည့်ပင် မကြည့်ပါချေ။
နာရီ၀က်ခန့်ကြာပြီးနောက် ကုနင်း သည် အိမ်ပြန်လိုက်သည်။
ကောင်းယိ နှင့် ချောင်ယတို့သည် မနက်ပိုင်းတွင် သိပ်လိုက်ပြေးလေ့ မရှိကြပေ။ ချောင်ယသည် ကုနင်းအတွက် မနက်စာ ပြင်ပေးရမည် ဖြစ်သောကြောင့် သူမသည် မနက်ပိုင်းတွင် ကောင်းယိနှင့်အတူ ခြံထဲတွင် အတိုက်အခိုက် လေ့ကျင့်လေ့ရှိသည်။
ကုနင်းသည် တစ်ခါတလေ ထမပြေးလျှင်တော့ သူမလည်း ပါ၀င်လေ့ကျင့်လေ့ရှိသည်။ ကုနင်းကတော့ အမြဲနိုင်လေ့ရှိသည်ပင်။
သူတို့သည် လေ့ကျင့်နေကြခြင်း ဖြစ်သော်လည်း တိုးတက်မှုရှိအောင် အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်နေကြသည်။
ကုနင်းသည် သူမတို့နှစ်ယောက်နှင့်အတူ တိုက်ခိုက်လေ့ကျင့်၍ တိုးတက်မှုမရှိလာနိုင်သော်လည်း သူမတို့နှစ်ယောက်ကတော့ သူမဆီမှ ပြန်လည်သင်ယူနိုင်ကြလေသည်။
ကုနင်းကို အနိုင်ရရှိသူသည် မရှိသလောက်ပင် ဖြစ်သည်။
ကောင်းယိနှင့် ချောင်ယတို့သည် ကုနင်းကိုရှုံးရသည့်အတွက်လည်း ဘာမှမဖြစ်ကြပဲ သူတို့ တိုးတက်မှုကိုပင် ၀မ်းသာကြလေသည်။ ထို့ကြောင့် ကုနင်းက သူတို့နှင့် အတူလေ့ကျင့်လျှင် ပျော်ရွှင်ကြသည်။
သူတို့သည် မနက်ဆိုလျှင် ၆ နာရီထကြပြီး ကုမ္ပဏီကို ၉ နာရီအရောက်သွားကြသည်။ ရုံးတက်ချိန် ဖြစ်သောကြောင့် သူတို့သည် လမ်းတွင်ပင် အချိန်ကုန်လေ့ရှိသည်။
ကုနင်း အိမ်ပြန်ရောက်သွားသောအခါ ဝူရွှမ်းဟွာသည် သုန်းဖန်းကျီယွီကိုချက်ချင်းဖုန်းခေါ်လိုက်ပြီး ကုနင်းကိုရှာတွေ့ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။
သုန်းဖန်းကျီယွီသည် ဝူရွှမ်းဟွာအား ကုနင်းကို နောက်ယောင်ခံလိုက်ခိုင်းထားခြင်း မဟုတ်ပါလား။
…
ချီကျီယွဲ့သည် မနက် ၇ နာရီတွင် သတိရလာပြီး သူဖြစ်ပျက်ခဲ့သမျှကို ရုတ်တရတ်မမှတ်မိနိုင် ဖြစ်နေလေသည်။
သူ ထရပ်ဖို့ ကြိုးစားလိုက်သော်လည်း အားအင်ကုန်ခမ်းနေကာ တစ်ကိုယ်လုံး နာကျင်နေသည်။
***
အခန်း ၁၅၀၀ ဆရာ၀န်နှင့် စကားပြောခြင်း
ချီကျီယွဲ့သည် စိတ်ရှုပ်ထွေးနေပြီး ဟိုဟိုဒီဒီကြည့်လိုက်သည်။ သူသည် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို တွေ့လိုက်သောကြောင့် ထိတ်လန့်သွားသည်။ သူဆေးရုံရောက်နေခြင်းပင်။
“ယွင်လင်!” သူသည် ဘေးတွင် ရှိနေသော ချန်ယွင်လင်ကို ခေါ်လိုက်သည်။
ချီကျီယွဲ့၏ အသံသည် အားပျော့နေသော်လည်း ချန်ယွင်လင်ကတော့ ကြားလိုက်သည်။ ချန်ယွင်လင်သည် မျက်လုံးပွင့်လာပြီး ပျော်ရွှင်သွားကာ “ကျီယွဲ့ နိုးလာပြီလား။” ဟုမေးလိုက်သည်။
“ဘယ်လိုဖြစ်တာလဲ.. ကိုယ်ဘာလို့ ဆေးရုံရောက်နေတာလဲ” ချီကျီယွဲ့ မေးလိုက်သည်။
တကယ်တော့ သူသည် အန္တရာယ်ရှိသော အခြေအနေတွင် ရောက်နေခြင်းပင်။ ထန်ပင်းစန်သည် အချိန်မရွေးရှာတွေ့သွားနိုင်သည် မဟုတ်ပါလား။
“ထူးဆန်းတဲ့ မိန်းမတစ်ယောက်က မနေ့ညက အိမ်ထဲ၀င်လာတယ်.. ပြီးတော့ ကျွန်မကို သတိမေ့သွားအောင် လုပ်လိုက်တယ်.. ကျွန်မနိုးလာတော့ ရှင်အိပ်နေတဲ့အခန်းက ပွစာကြဲနေပြီ.. ရှင်လည်း ဒဏ်ရာတွေ အပြင်းအထန်ရပြီး လဲကျနေတာ” ချန်ယွင်လင်က ပြောလိုက်သည်။
ချန်ယွင်လင် ရှင်းပြသည်ကို နားထောင်ပြီးသောအခါ ချီကျီယွဲ့သည် ညကအဖြစ်အပျက်ကို ပြန်သတိရပြီး ကြောက်လန့်သွားသည်။
“ငါ့ခန္ဓာကိုယ် ဘာဖြစ်သွားလဲ.. အဆင်ပြေရဲ့လား၊” ချီကျီယွဲ့သည် စိတ်ပူစွာ မေးလိုက်သည်။
ချန်ယွင်လင်သည် ဘယ်ကဘယ်လို စပြောရမှန်းပင် မသိတော့ပါချေ။
ချီကျီယွဲ့သည် တစ်ခုခုကိုတော့ ကြိုသိနေပုံပင်။
“ငါဘာဖြစ်သွားလဲ ပြောလေ။” ချီကျီယွဲ့ ဒေါသတကြီး မေးလိုက်သည်။
ချန်ယွင်လင်သည်လည်း ချီကျီယွဲ့ အနှေးနှင့် အမြန် သိသွားမည်ကို သိသောကြောင့် “သူရှင့် ခန္ဓာကိုယ်ထဲကို မူးယစ်ဆေးတွေ အလွန်အကျွံ ထည့်လိုက်တယ်။”
ချီကျီယွဲ့သည် ကြက်သေသေသွားကာ “ပြီးတော့ရော” ဟု ဆက်မေးလိုက်သည်။
“ရှင့်ကိုယ်ပေါ်က ဒဏ်ရာတွေက သူလုပ်လို့ ဖြစ်တာ မဟုတ်ပဲ မူးယစ်ဆေးကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်တာ.. ဆရာ၀န်ကတော့ ရှင်ကဆေးစွဲသွားပြီဆိုတော့ ချက်ချင်း ဖြတ်နိုင်မှာ မဟုတ်လို့ အရင်ဆုံး ဒဏ်ရာတွေကို ကုရမယ်လို့ ပြောတယ်။” ချန်ယွင်လင်သည် စိုးရိမ်စွာ ပြောလိုက်သည်။
သူမသည် ဆေးစွဲသူများကို မကြိုက်သော်လည်း ချီကျီယွဲ့သည် အတင်းဆေးသုံးခိုင်းခံထားရသောကြောင့် မမုန်းနိုင်ပဲ သနားခြင်း ကြီးစွာ ဖြစ်နေလေသည်။
ချီကျီယွဲ့သည် ဘာမှမပြောပဲ နှုတ်ခမ်းများကို ဖိကိုက်ထားသည်။ ဆေးဖြတ်ခြင်းသည် မည်မျှ ခံရခက်ကြောင်း သူကောင်းကောင်း သိသည်ပင်။ သူ့သူငယ်ချင်းတစ်ယောက်သည် ဆေးစွဲဖူးသောကြောင့် ဖြတ်ခဲ့ရသည်မဟုတ်ပါလား။
သူ့သူငယ်ချင်းသည် အဆုံးထိအောင်မြင်ခဲ့သော်လည်း သူသည် အလွန်ခံစားခဲ့ရပြီး နောက်တစ်ခါ ထပ်မကြုံချင်လောက်အောင်ပင် ဖြစ်ခဲ့ကြောင်း ပြောခဲ့ဖူးသည်။ သူသည် ထိုသို့ ခံစားရမည်ထက် သေပင်သေသွား လိုက်ချင်တော့သည်။
ဆေးကို အလွန်အကျွံ မသုံးခဲ့သူများသာ ဆေးဖြတ်ရာတွင် လွယ်ကူစွာ ဖြတ်နိုင်လေသည်။ မူးယစ်ဆေးသည် တကယ်ကိုပင် အန္တရာယ်များလေသည်။
ချီကျီယွဲ့၏ ကိစ္စသည်က ပြင်းထန်သေးသောကြောင့် သူသည် ပြန်ကောင်းလာနိုင်သော်လည်း ခက်ခဲမည် ဖြစ်သည်။
ချီကျီယွဲ့သည် ချမ်းသာသူ ဖြစ်သောကြောင့် ဆေးများကို ဆက်သုံးချင်ပါက သုံးလို့ရနိုင်သေးသော်လည်း သူ့ခန္ဓာကိုယ်ကတော့ ပျက်ဆီးသွားမည် ဖြစ်သည်။
“ကျီယွဲ့.. ရှင်ဘာလုပ်မလဲ။” ချန်ယွင်လင်က မေးလိုက်သည်။
“ဆရာ၀န်ကို ခေါ်ပေး.. သူနဲ့ စကားပြောချင်တယ်”
ချန်ယွင်လင်သည် ခေါင်းငြိမ့်လိုက်ပြီး ဆရာ၀န်ကို သွားခေါ်လိုက်သည်။
မကြာမီတွင် ဆရာ၀န်သည် ချန်ယွင်လင် နှင့်အတူ ရောက်လာသည်။ ဆရာ၀န်ကတော့ ချီကျီယွဲ့ကို ဆေးမဖြတ်ခင် ဒဏ်ရာများကို အရင်ကုသစေချင်လေသည်။ ဆေးသုံးခြင်းသည် တရားမ၀င်သော်လည်း လိုအပ်လျှင်တော့ အသုံးချရပေမည်။
သူသည် လျှို့ဝှက်ပေးထားနိုင်သော်လည်း ကိစ္စများပေါ်သွားလျှင်တော့ တာ၀န်ယူပေးနိုင်မည် မဟုတ်ပါချေ။
ထို့သို့ဖြင့် ချီကျီယွဲ့သည် ဒဏ်ရာကို အရင်ကုသဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူသည် ဆေးတော့ လိုက်ရှာရဦးမည်ပင်။
…
ကုနင်းသည် မနက်စာစားပြီး ကုမ္ပဏီသို့သွားစဉ်တွင်လည်း ဝူရွှမ်းဟွာ သည် အနောက်မှ လိုက်နေခဲ့သည်။
ဝူရွှမ်းဟွာ သည် ရှန်းနဉ်အဖွဲ့အစည်းနားတွင် ကားရပ်လိုက်ပြီး သုန်းဖန်းကျီယွီသည် အထဲ၀င်လာကာ သူ့ဘေးတွင် ထိုင်လိုက်သည်။
“အဲဒီကားက ကုနင်း ကားပဲ။” ဝူရွှမ်းဟွာ က ပြောလိုက်သည်။ ကုနင်းအတွက်တော့ ထိုအရာများသည် ထူးခြားမနေပါချေ။ သူမသည် လုပ်ငန်းစုကြီး တစ်ခု၏ ပိုင်ရှင်ဖြစ်သောကြောင့် ကားပေါင်းများစွာကို ပိုင်ဆိုင်ထားပြီးပြီပင်။
“မနေ့ညက သူတို့ စက်ရုံထဲခိုး၀င်ပြီး ကြည့်လိုက်တာ ဆေးတိုင်းမှာ မှော်စွမ်းအင် ရှိနေတာ တွေ့လိုက်တယ်… အဲဒီမှော်စွမ်းအင် ဘယ်က ရောက်လာမှန်းသာ မသိတာ။” သုန်းဖန်းကျီယွီ မကျေမနပ်ပြောလိုက်သည်။ သူမသည် စွမ်းအင်အရင်းအမြစ်ကို ရှာမတွေ့သောကြောင့် စိတ်ပျက်နေလေသည်။
ကုနင်းသည် နဉ်ချန်းခိုင်အားမှော်ကျောက်တုံးများကို သေချာသိမ်းထားရန် ပြောနေသောကြောင့် သုန်းဖန်းကျီယွီသည် ရှာမတွေ့ခြင်း ဖြစ်သည်။
သုန်းဖန်းကျီယွီတွင် ကုနင်းကဲ့သို့ကျောက်စိမ်းမျက်လုံး မရှိသောကြောင့် ရှာရခက်ခဲနေခြင်းပင်။ ထို့အပြင် မှော်ကျောက်တုံးများကို ကြွေထည်ပုလင်းများထဲတွင် ထည့်သိမ်းထားသောကြောင့် အပြင်သို့လည်း မှော်စွမ်းအင်များ လျှံထွက်မနေပါချေ။
“အခုဘာဆက်လုပ်ကြမလဲ” ဝူရွှမ်းဟွာ က မေးလိုက်သည်။ သူတို့သည် ကုနင်း နောက်သို့ ရက်အတန်ကြာ နောက်ယောင်ခံခဲ့သော်လည်း ထူးခြားခြင်း မရှိပါပေ။
ဝူရွှမ်းဟွာကဆက်ပြောလိုက်သည်။ “ကွန်ဖူး ပြိုင်ပွဲက နှစ်၀က်ကျရင် ကျင်းပလိမ့်မယ်.. မျိုးနွယ်ခေါင်းဆောင်က မင်းကို အဲဒီပြိုင်ပွဲမှာ အနိုင်ရပြီး မှော်ဆေးလုံးကို ရအောင် လုပ်ခိုင်းထားတယ်နော်။”
ကွန်ဖူးပြိုင်ပွဲကို ထျန်းတောက်မန်အဖွဲ့သည် ကျင့်ကြံသူလောကတွင် သုံးနှစ်တိုင် ကျင်းပခဲ့ပြီးဖြစ်ကာ အနိုင်ရရှိသူသည် ကျင့်ကြံသူတိုင်း လိုအပ်သည့် မှော်ဆေးလုံးကို ရရှိမည် ဖြစ်သည်။