← Chapters

ကျွင့်မိသားစုအား ဖျက်ဆီးခြင်း

Vol. 37 Ch. 505

ကျွင့်မိသားစုအား ဖျက်ဆီးခြင်း

Vol. 37 Ch. 505

" သခင်လေးလောထျန်း ၊ ဒါ ကျွင့်မိသားစုပဲဗျ ။ သူတို့မိသားစုက ကျုံ့ကျိုးဒေသမှာ အတော်အသင့်အင်အားကြီးတဲ့ အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံထားရတာ။ သူတို့ဆီမှာ ကမ္ဘာပေါ်က မသေမျိုးတွေ တစ်ခါမှ မရှိခဲ့ဖူးပေမယ့် မသေမျိုးအစွမ်းကို စုပ်ယူပြီး မသေမျိုး ဖြစ်ထားတဲ့သူတွေတော့ အများကြီး ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလဲ သူတို့မိသားစုက အရင်ထက် ပိုအင်အားကြီးလာသေးတယ်ဗျ "

ချင်းဝူချုံက လောထျန်းအား မိတ်ဆက်ပေးလိုက်သည်။

လောထျန်း ခေါင်းအသာညိတ်ပြီး နားလည်ကြောင်း ပြလိုက်၏။

ထိုအချိန်မှာပင်...

ဝုန်း..

ကျွင့်မိသားစုဆီမှ အစွမ်းထက် အရောင်အဝါတစ်ခု ရုတ်တရက် ထွက်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကျွင့်မိသားစုအိမ်တော် အပြင်ဘက်သို့ လူရိပ်တစ်ခု အလွန်လျင်မြန်သော အရှိန်ဖြင့် ကျလာ၏။ ထိုသူမှာ မိသားစုခေါင်းဆောင် ကျွင့်ကျီဝေ့ ပင် ။

ကျွင့်ကျီဝေ့က လူအုပ်ရှေ့ လျှောက်လာပြီး အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့မျက်နှာထားလည်း အနည်းငယ်ပြောင်းသွား၏။

အထူးသဖြင့်..  ချင်းဝူချုံ ၊ တာအိုသခင်ကြီး ထျန်းလုံနှင့် ယောင်ချီ နတ်ဘုရားသခင်မကြီးတို့အား မြင်သည့်အချိန် သူ ချက်ချင်း မျက်လုံးပြူးသွားသည်။

" ဂိုဏ်းချုပ်ကြီး ချင်း ၊ တာအိုသခင်ကြီး ထျန်းလုံ ၊ ယောင်ချီ နတ်ဘုရားသခင်မကြီး....  ကျုပ်ရဲ့ အညတရအိမ်တော်ကို သုံးယောက်လုံး လာလည်ပေးကြတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူရပါတယ်ဗျာ။ အထဲဝင်ပြီး အေးအေးဆေးဆေး လက်ဖက်ရည် သောက်ကြပါဦး "

ထိုသူများကို သူ စော်ကားရန်လည်း မဖြစ်နိုင်ပေရာ ထိုသို့ ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ရုံမှလွဲ အခြားမရှိပါချေ။

သို့သော် ချင်းဝူချုံနှင့် သခင်ကြီး ထျန်းလုံတို့မှာ အေးစက်စက်မျက်နှာထားများ ရှိနေကြပြီး သူ့အား အဖက်ပင် မလုပ်ကြပါ ။

ထိုအစား ယောင်ချီနတ်ဘုရားသခင်မကြီးသာ ပြောလာ၏။

" သခင်ကြီး ကျွင့် ၊ ကျွန်မတို့က ဒီကို အလကားသက်သက် လာခဲ့တာ မဟုတ်ဘူး။ ကျွန်မတို့တွေ ဒီကိုလာရတဲ့ အဓိကအကြောင်းရင်း နှစ်ချက် ရှိတယ် "

ထိုသို့ကောင်းကောင်းမွန်မွန် မပြော၍လည်း မဖြစ်ပါချေ။ ပြီးခဲ့သည့် ယောင်ချီညီလာခံ၌ ယောင်ချီက ဒုက္ခကြီးဖြင့် ကြုံနေရချိန်တွင် ကျွင့်မိသားစုက လူလွှတ်၍ ကူညီပေးခဲ့ကြသည် မဟုတ်ပါလား။

ထို့ကြောင့်လည်း ယောင်ချီဘက်မှ ယဉ်ယဉ်ကျေးကျေး ပြောနေရခြင်းပင် ။

ကျွင့်ကျီဝေ့က တအံ့တသြ ပြန်ပြော၏။

" နတ်ဘုရားသခင်မကြီးပြောတဲ့ အဓိကအကြောင်း နှစ်ချက်ဆိုတာ ဘာလဲဗျ "

ယောင်ချီနတ်ဘုရားသခင်မကြီးက ပြန်ပြောသည်။

" ကျွန်မတို့က ဒီကို သခင်ကြီးတဲ့ ကျွင့်မိသားစုရဲ့ သိဒ္ဓိဝင်ဆေးပင် ဖြစ်တဲ့ ဖီးနစ်ငှက်ပန်းပင်ကို ယူဖို့ လာခဲ့ကြတာ။ သခင်ကြီး အေးအေးဆေးဆေးလေး ထုတ်ပေးဖို့ကို ကျွန်မ အကြံပြုပါတယ် "

ထိုစကားကို ကြားသည်နှင့် ကျွင့်ကျီဝေ့တစ်ယောက် ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ဖီးနစ်ငှက်ပန်းပင်..  ဟုတ်လား။ ကျုပ် စိတ်တော့မကောင်းပါဘူး နတ်ဘုရားသခင်မကြီးရယ်။ အရင်အတိုင်းဆို ကျုပ် ဖီးနစ်ငှက်ပန်းပွင့်ကို ပေးလိုက်လဲ ကိစ္စအဲ့လောက်မရှိဘူး။ ဒါပေမယ့် အခုက ကျုပ်သမီး ကျွင့်ဟွမ်ရဲ့ ဒဏ်ရာတွေကိုကုသပြီး သူ့ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကို ပြန်ရဖို့ ဒီဖီးနစ်ငှက်ပန်းပွင့်ကို လိုနေတယ်ဗျ။ ဒါ့ကြောင့်မို့ ကျုပ် ဘယ်သူ့ကိုမှ မပေးနိုင်လို့ပါ "

ကျွင့်ကျီဝေ့ ပေါ်တင်ပင် ငြင်းလိုက်သည်။

သူ့စကားကို ကြားသောအခါ ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်နှာမသာမယာ ဖြစ်သွားပြီး ပြန်ပြော၏။

" သခင်ကြီးကျွင့် ၊ ကျွန်မပြောချင်တဲ့ နောက်အကြောင်းတစ်ခုက ရှင့်သမီးအကြောင်းပဲ။ ကျွင့်ဟွမ်က ယောင်ချီညီလာခံမှာ ပျောင်ပိုင်မြို့က လောရှောင်ရှောင်းကို အနိုင်ကျင့်ခဲ့ပြီးတော့ မိန်းကလေးကို စော်ကားတဲ့စကားတွေလဲ ထပ်ခါထပ်ခါကို ပြောခဲ့တယ်။ သူ ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေက တကယ်ကို အများကြီးပဲရှင့် ။ အဲ့တော့ ကျွင့်ဟွမ်ကို ပျောင်ပိုင်မြို့လက်ထဲ အေးအေးဆေးဆေး အပ်လိုက်ဖို့ ကျွန်မ မျှော်လင့်ပါတယ် "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထိုစကားကို စေတနာဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

လက်ရှိတွင် ကျွင့်ဟွမ် စော်ကားထားခဲ့သူက လောထျန်း ဖြစ်နေသည် မဟုတ်ပါလား။

သို့ဖြစ်ရာ အကယ်၍ ကျွင့်မိသားစုက သိဒ္ဓိဝင်ဆေးပင်နှင့် ကျွင့်ဟွမ်ကိုသာ ထုတ်ပေးလိုက်ပါက..  လောထျန်းမှာ ကျွင့်ဟွမ်တစ်ယောက်တည်းကိုသာ ဦးတည်တိုက်ခိုက်လိမ့်မည်မှန်း သူမ သိပါသည်။

ကျွင့်ဟွမ်သည်ပင် အသက်အန္တရာယ်မှ ကင်းလွတ်ခွင့် ရသွားနိုင်ပါ၏။

၎င်းမှာ ကျွင့်မိသားစုမှ ပေးထားသည့် အကူအညီအတွက် ယောင်ချီဘက်မှ ပြန်ကူညီပေးခြင်းဟုလည်း ပြော၍ရပါသည်။

သို့သော် ကျွင့်ကျီဝေ့ကမူ ၎င်းကို သတိထားမိဟန် မတူပေ။

" ဟား ဟား..  ပျောင်ပိုင်မြို့ ဟုတ်လား ။ နောက်များနေတာလား နတ်ဘုရားသခင်မကြီးရယ်။ မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ အမှိုက်အတွက်နဲ့ ကျုပ်တို့ ကျွင့်မိသားစုကိုလာပြီး ကျုပ်သမီးကို ထုတ်ခိုင်းနေတယ်ပေါ့ "

" နတ်ဘုရားသခင်မကြီး ၊ သခင်မကြီးနဲ့ အဲ့ပျောင်ပိုင်မြို့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိထားတယ်ဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ် သတိပေးလိုက်မယ်နော်။ ကျုပ်တို့ ကျွင့်မိသားစုကို အနိုင်ကျင့်ဖို့ အဲ့လောက်မလွယ်ဘူးဗျ။ ဒီနေ့ ခင်ဗျားတို့အားလုံး ကျုပ်တို့ ကျွင့်မိသားစုကို တိုက်ခိုက်ဖို့ ခုလိုလာကြတာကို နတ်ဘုရားစိတ်ဝိဉာဉ်ဂိုဏ်းသာ သိသွားရင် ဘယ်လိုတွေးနေမလဲ "

ကျွင့်ကျီဝေ့က နတ်ဘုရားစိတ်ဝိဉာဉ်ဂိုဏ်း နာမည်အား ထုတ်သုံးလိုက်သည်။

နတ်ဘုရားစိတ်ဝိဉာဉ်ဂိုဏ်းက ယောင်ချီကဲ့သို့ပင် မြင့်မြတ်နယ်မြေတစ်ခု မဟုတ်ပါလား။

သို့ဖြစ်ရာ သူ့ကို ကျောထောက်နောက်ခံပေးမည့် နတ်ဘုရားစိတ်ဝိဉာဉ်ဂိုဏ်းသာ ရှိနေပါက မည်သည်ကိုမှ ကြောက်နေစရာမလိုဟု ကျွင့်ကျီဝေ့ တွေးထားပါ၏။

ထို့ကြောင့် သူ အေးစက်စက် စကားဆက်လိုက်သည်။

" ပြီးတော့ အဲ့ပျောင်ပိုင်မြို့မှာ ဘယ်လို ပါရမီရှင်မျိုးတွေ ရှိလဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်သမီး ခု ဒဏ်ရာဆိုးဆိုးရွားရွား ရထားရတာ သူတို့အပြစ်ကြောင့်ပဲ။ ဒါ့ကြောင့်မို့ တစ်နေ့ကျရင် ပျောင်ပိုင်မြို့ကို လုံးဝ ဖျက်ဆီးပစ်မယ်လို့ ကျုပ် ဆုံးဖြတ်ထားတယ်။ ပျောင်ပိုင်မြို့က လူတွေအားလုံးကိုလဲ သတ်ပစ်မှာ "

သူ ထိုနောက်ဆုံးစကားကို ပြောချိန်၌ အစွမ်းကုန်သုံးပြောလိုက်သဖြင့် ကြောက်မက်ဖွယ် အသံလှိုင်းများ အသေးသို့ လိမ့်ထွက်သွားပါ၏။

သို့သော်.... ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထိုစကားကို ကြားသည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် နဖူးပေါ် လက်တင်လိုက်သည်။

အားလုံး ပြီးသွားလေပြီ...

သူမ စိတ်ရင်းဖြင့် အကြံပေးလိုက်သော စကားများကို တဖက်လူက အဘယ့်ကြောင့် လက်မခံရပါသနည်း။

အမှန်တွင်မူ သူမသည် ကျွင့်မိသားစုနှင့် ယခင်ရှိထားခဲ့သော ဆက်ဆံရေးကို ထောက်ရှု၍ ကျွင့်မိသားစုအား ကူညီရန် စဥ်းစားပေးခဲ့ခြင်းပင်။

သို့သော် တဖက်လူက မိမိကိုယ်ကို သေတွင်းထဲ တွန်းပို့လိမ့်မည်ဟု သူမ မည်သို့ ထင်မိပါမည်နည်း။

" ခင်ဗျားကြီး ဘာပြောလိုက်တယ်... "

ထိုစဥ် တဖက်မှ လောထျန်းက ကျွင့်ကျီဝေ့အား မျက်မှောင်ကြုံ့ကြည့်လာ၏။

" ဟင်.. မင်းက ဘယ်သူလဲ "

ကျွင့်ကျီဝေ့ကလည်း လောထျန်းအား သတိထားမိသွားပြီး ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ ပြီးနောက်တွင်မူ လောထျမ်းက ထုံရွှယ်အဆင့် ကျင့်ကြံခြင်းသာ ရှိသေးကြောင်း မြင်သွားကာ လေသံလည်း မာသွား၏။

" ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းပဲ "

လောထျန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

" ဟင်.. ပျောင်ပိုင်မြို့က ဟုတ်လား.. "

ကျွင့်ကျီဝေ့ အံအားသင့်သွားပြီးနောက် ချက်ချင်း လှောင်ပြုံး ပြုံးလိုက်၏။

" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါ့ရှေ့ လာပြီးတော့များ စကားပြောရဲနေတယ်ပေါ့လေ "

သို့သော် သူ လောထျန်းအား ထိုသို့ အထင်သေးစကား ပြောလိုက်သည့်အတိုင် လောထျန်းနားတွင် ရှိနေကြသည့် လူများကိုမူ စိုးရိမ်စိတ် ဖြစ်နေဆဲပါပင်။

ထို့ကြောင့် သူ ဦးညွှတ်၍ စကားဆက်လိုက်သည်။

" သခင်ကြီး ထျန်းလုံ ၊ ဂိုဏ်းချုပ်ကြီးချင်း နဲ့ နတ်ဘုရားသခင်မကြီးတို့ ... ကျုပ်က ဒီလောထျန်းဆိုတဲ့သူနဲ့ပဲ ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိတာပါ။ အဲ့တော့ သခင်ကြီးတို့ ၊ သခင်မကြီးတို့ အနေနဲ့ ဝင်မပါဘဲ ဘေးကနေပဲ ကြည့်နေပေးလို့ ရမလား "

ချင်းဝူချုံ မျက်ခုံးပင့်သွားကာ စကားပြောရန် ပြင်လိုက်သည်။

သို့သော် လောထျန်းက လက်အသာယမ်း၍ ပြောလာ၏။

" အားလုံးပဲ.. ဒီကိစ္စကို ကျုပ်ပဲ ကိုင်တွယ်လိုက်ပါမယ် "

ချင်းဝူချုံ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်မှသာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ သခင်လေး ။ ကျွင့်ကျီဝေ့ ၊ ငါတို့ ဘာမှ ဝင်မပါဘူးနော် "

ကျွင့်ကျီဝေ့က ချက်ချင်း အပြုံးဖြင့် ပြန်ပြော၏။

" ကျေးဇူးတင်ပါတယ်ဗျာ "

ချင်းဝူချုံနှင့် အခြားသူများမှာ ကျွင့်ကျီဝေ့၏ တုန့်ပြန်ပုံကို ကြည့်ရင်း စိတ်ထဲမှ ကြိမ်ဖန်များစွာ ဆဲရေးလိုက်ကြသည်။

ထိုလူက ယခုထိလည်း အခြေအနေကို နားလည်သေးဟန် မတူပါ။

သူတို့ ထင်ထားသလိုပင် ကျွင့်ကျီဝေ့က လောထျမ်းအား လှောင်ပြုံးဖြင့် ကြည့်ရင်း ပြောလာ၏။

" ကောင်လေး ၊ အဲ့လို ဖြစ်မယ်လို့ မင်း မျှော်လင့်မထားမိဘူးမဟုတ်လား ။ မြင့်မြတ်နယ်မြေတွေရဲ့ ဂိုဏ်းချုပ်ကြီး သုံးယောက်က မင်းလို ဘာမှမဟုတ်တဲ့ မြောက်ပိုင်းဒေသက ကောင်လေးတစ်ယောက်ဘက်ကနေ မားမားရပ်မယ်လို့များ ထင်ထားတာလားကွာ "

" သူတို့တွေက မြောက်ပိုင်းဒေသအတွက်နဲ့ ငါတို့ မိသားစုလို ကျုံ့ကျိုးဒေသမှာ မြင့်မြတ်နယ်မြေနီးပါး ဖြစ်နေတဲ့ အဖွဲ့တစ်ခုကို ဖျက်ဆီးပစ်မယ် ထင်နေတယ်ပေါ့ "

" မင်းက တော်တော်တုံးတာပါလားကွာ။ နောက်ဘဝကျရင် ဉာဏ်ရည်ကောင်းကောင်းနဲ့ မွေးလာဖို့လုပ်နော် "

ကျွင့်ကျီဝေ့က ထိုသို့ပြောပြီးသည်နှင့် လက်မြှောက်ကာ လောထျန်းအား ရိုက်လိုက်သည်။

" သေစမ်းကွာ "

သူ ဒေါသတကြီးလည်း အော်လိုက်၏။

သို့သော်..

ဘုန်း...

သူ့လက်ဝါးအစွမ်းက လောထျန်းရှေ့ သုံးပေအကွာမှာပင် အသံကျယ်တစ်သံနှင့်အတူ ပြိုကွဲသွားတော့သည်။

" ဟင်... ခင်ဗျားတို့သုံးယောက်က ဝင်မတိုက်ခိုက်ဘူးလို့ ကတိပေးထားပြီးသား မဟုတ်ဘူးလား "

ကျွင့်ကျီဝေ့ အံ့အားသင့်သွားကာ ယောင်ချီ နတ်ဘုရားသခင်မကြီးတို့ သုံးယောက်ဘက် လှည့်ကြည့်လိုက်သည်။

သူ့သိုင်းကွက်ကို တားနိုင်သူမှာ ထိုသုံးယောက်မှလွဲ အခြားမရှိနိုင်စုလည်း သူ တွေးထားပါ၏။

သို့သော်..

" ကျွင့်ကျီဝေ့.. ငါတို့သုံးယောက် တိုက်ခိုက်တာကို မင်းရဲ့ ဘယ်မျက်လုံးက မြင်လိုက်လဲ "

ချင်းဝူချုံက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြောလာသည်။

ကျွင့်ကျီဝေ့ အေးစက်စက် ပြန်ပြော၏။

" ခင်ဗျားတို့သာ ဝင်မတိုက်ခိုက်ဘူးဆိုရင် ဒီကောင်လေးက အခုဘာလို့ အသက်ဆက်ရှင်နေသေးတာလဲ "

ထိုစဥ် လောထျန်းက အခြားသူများ ပြန်ပြောသည်ကို မစောင့်ဘဲ ဝင်ပြောလိုက်သည်။

" ဘာလို့လဲဆိုတော့ ခင်ဗျားကြီးက အစွမ်းနိမ့်လွန်းလို့လေ "

" မင်း ဘာစကားပြောလိုက်တယ် ။ ထုံရွှယ်အဆင့်ပဲ ရှိသေးတဲ့ အငယ်တစ်ယောက်ကများ ငါ့ကို အစွမ်းနိမ့်တယ်လို့ လာပြောရဲနေတယ်ပေါ့ "

ကျွင့်ကျီဝေ့ ဒေါသူပုန် ထသွားတော့သည်။

ထိုစဥ် လောထျန်းက ဆက်ပြောလာ၏။

" ခင်ဗျား ကျုပ်ကို တိုက်ခိုက်ပြီးသွားပြီဆိုတော့ ဒီတစ်ခေါက် ကျုပ်အလှည့်ပေါ့ "

ကျွင့်ကျီဝေ့ နှုတ်ခမ်းမဲ့လိုက်သည်။

" ရယ်စရာကောင်းလိုက်တာကွာ။ မင်းကိုယ်မင်း ဘာထင်နေတာလဲ ။ မင်းကများ ငါ့ကို အဲ့လိုလာပြောရဲနေတယ် "

သို့သော် တခဏအကြာမှာပင် သူ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပါ၏။

ဘုန်း..

လောထျန်း၏လက် လှုပ်ရှားလာကာ ကျွင့်ကျီဝေ့အား ရိုက်လိုက်သည်။

" ဘယ်လိုဖြစ်ပြီး... "

ကျွင့်ကျီဝေ့မှာ ထိုလက်ဝါးကြီးကို ကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မလှုပ်ရှားနိုင် ဖြစ်သွား၏။

ဘုန်း..

ထိုစဥ်မှာပင် လောထျန်း၏ လက်ဝါးကြီး ကျလာကာ ကျွင့်ကျီဝေ့တစ်ယောက် ပြာမှုန့်အဖြစ် ပြောင်းသွားရတော့သည်။

" အလကား အလုပ်ကိုရှုပ်တယ် "

လောထျန်းက ပြောပြောဆိုဆို လက်ကိုဖုန်ခါပြီး ရှေ့တစ်လှမ်း တိုးလိုက်သည်။

" အားလုံး... ကျွင့်မိသားစုကို ဖျက်​ဆီးကြ "

လောထျန်း အေးစက်စက် ပြောလိုက်၏။

All Chapters