← Chapters

ထူးခြားသော ယင်ကိုးသွယ်

Vol. 37 Ch. 515

ထူးခြားသော ယင်ကိုးသွယ်

Vol. 37 Ch. 515

" လုပ်ရဲတယ်ပေါ့လေ "

၎င်းကို မြင်သောအခါ ယောင်ချီနတ်ဘုရားသခင်မကြီးက ရွှေရောင်အငွေ့များအား လက်ဝါးဖြင့် ရိုက်လိုက်သည်။

သို့သော်.. ဘုန်း..

တဖက်မှ မင်ဒုံက နတ်ဘုရားသခင်မကြီးရှေ့ ဝင်လာပြီး သူမ၏လက်ဝါးကို တားလိုက်၏။

" ဟား ဟား.. ခွေးမ ၊ လှုပ်ဖို့ မစဥ်းစားနဲ့ "

သူ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ထိုစဥ် ရွှေယွဲ့ချီမှာ သူမထံ တိုးဝင်လာသော ရွှေရောင်အငွေ့ကို ကြည့်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော်.. သူမ နောက်ကျလွန်းသွားခဲ့လေပြီ ။

ဝီ..

ရွှေရောင်အငွေ့က သူမပေါ် ကျလာချိန်တွင်..

ရွှေယွဲ့ချီ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နေရာ၌ ကြက်သေသေကာ ရပ်နေမိ၏။

" ရွှေယွဲ့ချီ.. ဘာတွေလုပ်နေတာလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက အလန့်တကြား အော်လိုက်သည်။

" နတ်ဘုရားမလေး "

" မမ.... "

ယောင်ချီဂိုဏ်းသူ အချို့ကလည်း အထိတ်တလန့် အော်လိုက်ကြ၏။

ထိုအချိန်တွင် ရွှေယွဲ့ချီ၏ ပုခုံးများ ဆတ်ခနဲတုန်သွားပြီး ကျောချမ်းဖွယ် ရယ်သံကြီး ထွက်လာသည်။

" နောက်ဆုံးတော့ ယင်ကိုးသွယ်ခန္ဓာကိုယ်ကို ရခဲ့ပြီပေါ့ကွာ.. ။ ခုက အကောင်းဆုံးအချိန် မဟုတ်ဘူးဆိုပေမယ့်... "

ထိုအသံမှာ ရွှေယွဲ့ချီ၏ ပါးစပ်မှ ထွက်လာသော်လည်း သူမအသံ ဟုတ်မနေပါ။

၎င်းကို ကြားသည်နှင့် ယောင်ချီ နတ်ဘုရားသခင်မကြီး တစ်ကိုယ်လုံးတုန်သွားတော့သည်။

" နင်... နင်က ရွှေယွဲ့ချီ မဟုတ်ဘူး "

ရွှေယွဲ့ချီက မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။

" ဒါပေါ့.. ဘယ်ဟုတ်မလဲ ။ ငါက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ ဘိုးဘေး ၊ နတ်ဘုရားသခင်ကြီး ရှန့်ဝူကျီ ပဲ "

ထိုနာမည်ကို ကြားကြားချင်း ရင်းနှီးနေသကဲ့သို့ ယောင်ချီ နတ်ဘုရားသခင်မကြီး ခံစားမိလိုက်သည်။

ခဏအကြာတွင်မူ သူမ တစ်ခုကို မှတ်မိသွားဟန်ဖြင့် တုန်လှုပ်စွာ ပြောလာ၏။

" ရှင်.. ရှင်က အသက် နှစ်တစ်သိန်းလောက်တောင် ရှိသွားပြီမဟုတ်လား.. ။ ရှင်.. မသေသေးဘူးပေါ့ "

ရှန့်ဝူကျီက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" သေရမယ် ဟုတ်လား ။ ငါ ကျင့်ကြံထားတဲ့ ကျင့်စဥ်တွေနဲ့ မသေမျိုးဖြစ်နေတာတောင် နှစ်တွေအများကြီး ကြာခဲ့ပြီကွ။ ငါက ပြီးခဲ့တဲ့နှစ်တွေမှာ အခွင့်ကောင်းနဲ့ ကြုံအောင်ပဲ စောင့်နေခဲ့တာ။ အခု.. နောက်ဆုံးတော့ ဒီကမ္ဘာကြီးကို ပြန်ရောက်လာရပြီပေါ့ကွာ "

ရှန့်ဝူကျီက ထိုသို့ပြောနေရင်း ရုတ်တရက် မျက်မှောင်ကြုံ့ပြီး စကားဆက်၏။

" ဟင်.. ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်က... " .

သူ မျက်မှောင်ကြုံ့သွားပြီးနောက် မျက်လုံးမှိတ်၍ ခေတ္တမျှ ငြိမ်သွားသည်။ တခဏအကြာတွင်မူ သူ၏ ဒေါသငွေ့သမ်းနေသော မျက်လုံးများ ပြန်ဖွင့်လာ၏။

" ယောင်ချီက မြင့်မြတ်နယ်မြေတစ်ခု လုပ်နေပြီးတော့ ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးကို ဘယ်လိုကျင့်ကြံရမယ် ဆိုတာတောင် မသိဘူးပဲ။ ယင်ကိုးသွယ်ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းထူးခြားချက် ကိုးခုထဲက ခုထိ သုံးခုကိုပဲ ဖွင့်ရသေးတယ်။ အတွင်းပိုင်းထူးခြားချက် ကိုးခုဆိုရင် တစ်ခုမှတောင် မပွင့်သေးဘူး။ ဒီကောင်မလေး အဲ့လောက်အစွမ်းနိမ့်နေတာ အထူးဆန်းတော့ပါဘူး "

ရှန့်ဝူကျီ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" အပြင်ပိုင်း ထူးခြားချက် နဲ့ အတွင်းပိုင်း ထူးခြားချက်... အဲ့ဒါ ဘာတွေလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူ့စကားကို နားလည်ဟန်မတူပါချေ။

ရှန့်ဝူကျီက အေးအေးဆေးဆေး ပြန်ပြော၏။

" ငါ ပြောရင်တောင် မင်းနားလည်မှာမဟုတ်ပါဘူးကွာ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ ။ မင်းတို့ယောင်ချီက မရှင်းနိုင်ရင် ငါပဲ ရှင်းရုံပေါ့ "

သူပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံများ စတင်ပြုလုပ်လိုက်သည်။

" စတုတ္ထ ထူးခြားချက်.. ပွင့်စေ "

ဝုန်း..

ချက်ချင်းမှာပင် ရွှေယွဲ့ချီ၏ အနောက်ဘက်၌ ထူးခြားသော တံခါးတစ်ချပ် စုစည်းလာပြီး သူမ၏ အရောင်အဝါလည်း သိသိသာသာပင် တိုးလာ၏။

" ပဥ္စမထူးခြားချက်.. ပွင့်စေ.. "

ရှန့်ဝူကျီက ခန္ဓာကိုယ်ကို ဆက်ထိန်းချုပ်ပြီး အစီအမံများလည်း ဆက်လုပ်နေသည်။

ဝီ..

ထူးဆန်းသော တံခါးနောက်တစ်ချပ် ထပ်ပေါ်လာပြီး ရွှေယွဲ့ချီ၏ အရောင်အဝါလည်း ထပ်တိုးလာပြန်၏။

ဤသို့ဖြင့် တံခါးများ တစ်ချပ်ပြီးတစ်ချပ် ဆက်ပေါ်လာပြီး နောက်ဆုံး ကိုးခုမြောက် တံခါးအား ဖွင့်ပြီးသွားချိန်တွင်ကား.. ရွှေယွဲ့ချီ၏ အရောင်အဝါမှာ ကြောက်မက်ဖွယ်အတိုင်းအတာသို့ ရောက်သွားခဲ့လေပြီ ။

" အပြင်ထူးခြားချက်တွေကို ဖွင့်ပြီးသွယးပြီဆိုတော့ နောက် အတွင်းထူးခြားချက် ကိုးခုအလှည့်ပေါ့ "

ရှန့်ဝူကျီ၏ အသံ ထပ်ထွက်လာသည်။

ဝုန်း..

ထို့နောက် သူ အစီအမံများ လုပ်လိုက်ရာ ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်အတွင်းတွင် ထူးဆန်းသော တံခါးချပ်များ ပေါ်လာသည်။

ထိုတံခါးများ ပေါ်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်ကလည်း သိသိသာသာပင် စတင်ပြောင်းလဲလာ၏။

တခဏကြာပြီးနောက်တွင်မူ..

" ဟားဟား.. ကောင်းတယ်ကွာ ၊ သိပ်ကောင်းတယ် ။ အခု အပြင်ရော အတွင်းရောက ထူးခြားချက်တွေ ပွင့်သွားပြီ ။ ဒါမှ ပြီးပြည့်စုံတဲ့ ယင်ကိုးသွယ် ခန္ဓာကိုယ်ပဲ "

ထွက်လာသော ရှန့်ဝူကျီ၏ ရယ်သံကျယ်ကြီးမှာ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေတော့သည်။

" နင်... သူ့ခန္ဓာကိုယ်ထဲကနေ ထွက်သွား "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ဒေါသတကြီးအော်ကာ ထပ်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်..

ဝုန်း..

ထိုစစ်တွင် ရှန့်ဝူကျီက လက်တစ်ဖက် ဆန့်ထုတ်လာ၏။

ဝုန်း..

ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းတစ်ခု ထွက်ပေါ်လာကာ ယောင်ချီနတ်ဘုရားသခင်မကြီးအား ချက်ချင်း ဖိနှိပ်လာတော့သည်။

" ကောင်မလေး ၊ ငါ ထျန်းယွမ်ကမ္ဘာကို လှည့်ပတ်သွားနေခဲ့တုန်းက မင်းအဘွားတောင် မမွေးသေးဘူးကွ ။ မင်းလိုလူကများ ငါ့ကို အမိန့်လာပေးလို့ရမယ် ထင်နေတယ်ပေါ့ "

ရှန့်ဝူကျီက သူမအား အေးစက်စက်ကြည့်၍ ဆို၏။

" ဘယ်လိုဖြစ်ပြီး... ရှင်က ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းထက်နေရတာလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ လုံးဝအံ့သြမှင်သက်သွားတော့သည်။

တဖက်လူက အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးပြီး ခဏလေးအတွင်းမှာပင် ဤမျှ ကြောက်မက်ဖွယ်အစွမ်းကို ပိုင်ဆိုင်နေသတဲ့လား ။

ထိုအချိန်တွင် ဒုတိယဘိုးဘေးက အသံကျယ်ဖြင့် အော်ပြောလာ၏။

" ဘဝအသစ် ပြန်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ပထမဘိုးဘေး "

ဘိုးဘေး ၃ ကလည်း ပြောသည်။

" ပထမဘိုးဘေးက လုံးဝ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို တွေ့သွားပြီဆိုတော့.. မကြာခင်မှာ ပြိုင်ဘက်ကင်း ဖြစ်လာတော့မှာ။ အဲ့ကျရင် ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ထျန်းယွမ်တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်မှာ သေချာပြီ "

ရှန့်ဝူကျီက သူတို့ပြောသော စကားများကို နားထောင်နေရင်း နှုတ်ခမ်းတွန့်ရုံ ပြုံး၏။

" ထျန်းယွမ်တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့လား... အဲ့လောက်လွယ်တဲ့ ကိစ္စလေးကိုကွာ... "

မင်ဒုံနှင့် အခြားသူများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

" ဒီလူတော့လား.. "

ယောင်ချီ နတ်ဘုရားသခင်မကြီး အံကြိတ်ကာ သူမရှေ့မှ လူကို ကြည့်လိုက်၏။

ထိုအချိန်တွင် ရှန့်ဝူကျီကလည်း သူမဘက် ခေါင်းလှည့်ကြည့်လာသည်။

" ယောင်ချီနဲ့ ငါနဲ့က အရင်တည်းက မိတ်ဆွေဆက်ဆံရေး ရှိထားတယ်ကွ။ ပြီးတော့ မင်းကလဲ တော်တော်လေး အစွမ်းထက်တဲ့အတွက် မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ငါ့သစ္စာခံမယ်လို့ အခုကျိန်ပါ ၊ အဲ့ကျရင် မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ သတ်ပစ်ရလိမ့်မယ် "

ရှန့်ဝူကျီက အေးစက်စက်ပြောလိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက နှုတ်ခမ်းမဲ့ပြီး ပြန်ပြော၏။

" စိတ်ကူးတွေ သိပ်ယဥ်တာပဲ ။ ရှန့်ဝူကျီ ၊ ရှင်က လွန်

ခဲ့တဲ့ နှစ်တစ်သိန်းလောက်က အရှုံးသမားတစ်ယောက် ဆိုတာထက် ဘာမှမပိုဘူး ။ ပြီးတော့ အခုကမ္ဘာကြီးက ရှင့်ခေတ်ကလို မဟုတ်တော့ဘူး ။ တာအိုသခင်ကြီး ထျန်းလုံ ၊ ဂိုဏ်းချုပ်ကြီးချင်း နဲ့ သခင်လေးလောထျန်းတို့အားလုံး အခု နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းထဲကို ရောက်နေကြတာ။ သူတို့တွေ ရောက်လာရင် ရှင် သေချာပေါက် သေရမှာပဲ "

ထိုစကားကို ကြားသောအခါ ရှန့်ဝူကျီက လှောင်ပြုံး ပြုံးသည်။

" ငါပြောလိုက်ရင် မင်းတော့ စိတ်ပျက်သွားမှာပဲ။ မင်းပြောတဲ့ တာအိုသခင်ကြီး ထျန်းလုံနဲ့ ချင်းဝူချုံတို့က ခုလောက်ဆို သေတောင် သေနေပြီလားမသိဘူး "

" လောထျန်းဆိုတဲ့ လူကိုတော့ ငါ အခုထိ မတွေ့ရသေးဘူးကွ။ ဒါပေမယ့် သူလဲ ဟိုနှစ်ယောက်လို အမှိုက်ပဲနေမှာပါ။ သူ့ကို ငါ့လက်ဗလာနဲ့တောင် ဖိနှိပ်ပြလိုက်ဦးမယ် "

" ရှင်... ဘာပြောလိုက်တယ် "

သူ့စကားကြောင့် ယောင်ချီ နတ်ဘုရားသခင်မကြီး အံ့သြမှင်သက်သွားရပြန်၏။

သခင်ကြီးထျန်းလုံနှင့် ချင်းဝူချုံတို့၏ ကိုယ်ပွားခန္ဓာကိုယ်များ ဖျက်ဆီးခံလိုက်ရသည့်အကြောင်းကို သူမ မသိသေးပါချေ။

ထို့ကြောင့်လည်း တဖက်လူပြောလာချိန်၌ သူမ တုန်လှုပ်သွားရခြင်းဖြစ်ပါသည်။

သို့သော် တခဏအကြာတွင်မူ သူမ အံကြိတ်ကာ ပြောလာ၏။

" ရှန့်ဝူကျီ ၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ တခြားနှစ်ယောက်ကိုတော့ ဘာမှမပြောလိုပေမယ့်.. ရှင်ဘယ်လောက်ကြိုးစားကြိုးစား သခင်လေးလောထျန်းနဲ့ လုံးဝယှဥ်နိုင်မှာ မဟုတ်ဘူး "

ရှန့်ဝူကျီ မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။

" အဲ့လိုလား... ကြည့်ရတာ မင်းက အဖြစ်မှန်ကို လက်မခံနိုင်သေးတဲ့ပုံပဲ။ ကောင်းပြီလေ... အဲ့တော့လဲ စိတ်ပျက်ဒုက္ခရောက်ရတဲ့ ခံစားချက်က ဘယ်လိုဆိုတာ ဒီနေ့ မင်းသိအောင် ပြပေးရမှာပေါ့ "

စကားဆုံးသည်နှင့် သူ့စိတ်ဝိဥာဥ်အစွမ်း လှုပ်ရှားလာသည်။

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။

" ရှင်... "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထိုအရောင်အဝါကို ကြောက်ရွံ့လွန်း၍ တစ်ကိုယ်လုံးပင် တုန်သွားသည်။

ရှန့်ဝူကျီ၏ အစွမ်းက သူမထင်ထားသည်ထက် များစွာ ပိုအစွမ်းထက်နေပါ၏။

ထိုစဥ် ရှန့်ဝူကျီက အေးအေးဆေးဆေး ပြောလာသည်။

" အခု ငါ့အရောင်အဝါကို တမင်ထုတ်လွှတ်လိုက်တာ ။ မင်းပြောတဲ့ လောထျန်းဆိုတဲ့သူက ဒီ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းထဲမှာ ရှိနေသေးရင် ဒါကို သေချာပေါက်သတိထားမိမှာပဲ။ ဒါပေမယ့်.. ငါ့အရောင်အဝါကို အာရူံခံမိသွားရင် ကြောက်ပြီး မလာရဲဘဲ ထွက်ပြေးသွားလောက်တယ်ကွ "

ဒုတိယဘိုးဘေးကလည်း သံယောင်လိုက်၏။

" ဟုတ်တယ်ဗျာ ။ အဲ့ လောထျန်းဆိုတဲ့ မျိုးမစစ်လေးကတော့ ပထမဘိုးဘေးရဲ့ အစွမ်းကို အာရုံခံမိတာနဲ့ ကြောက်လွန်းလို့ သေးတောင်ထွက်နေလောက်ပြီ "

ထိုသို့ပြောပြီးနောက် သူ အသံကျယ်ဖြင့် အော်ရယ်လိုက်သေးပါ၏။

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာမူ မျက်နှာပျက်ပျက်ဖြင့် တိတ်နေတော့သည်။

သို့သော် ထိုအချိန်မှာပင်..

" ဘယ်သူက ကြောက်လွန်းလို့ သေးထွက်မှာလဲ ပြောစမ်းပါဦး "

အနောက်ဘက်မှ အေးစက်စက်အသံတစ်သံ ထွက်လာ၏။

" ဘယ်သူလဲ. "

မင်ဒုံ လန့်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်ရာ သူ သတိမထားမိလိုက်ဘဲ သူ့အနောက်ဘက် သုံးပေခန့်အကွာသို့ ရောက်နေသည့် လောထျန်းအား တွေ့လိုက်ရသည်။

မင်ဒုံတစ်ယောက် လန့်ပြီး ချွေးစေးများပင် ​ပျံသွား၏။

တဖက်လူက သူ လုံးဝ သတိမထားမိလိုက်ဘဲ သူ့အနီးသို့ ရောက်နေသည်မဟုတ်ပါလား။

အကယ်၍ တစ်ဖက်လူသာ တိုက်ခိုက်လိုပါက.. ယခုချိန် သူ သေနေလောက်လေပြီ ။

All Chapters