ဘိုးဘေးများ၏ သေဆုံးမှု
Vol. 37 Ch. 517
" ဘိုးဘေး ၇ ၊ ဘာတွေ ဖြစ်နေတာလဲဗျ "
မင်ဒုံ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် သူ မည်သို့မှ မတုန့်ပြန်နိုင်ခင်မှာပင်..
နောက်ထပ် အလင်းတန်းတစ်ခုကလည်း ဘိုးဘေး ၅ အား သူ့ကိုယ်ထဲမှ ဆွဲထုတ်လာပြန်၏။
" ဟင်.. ဒါ ဘာကြီးလဲ.. "
ဘိုးဘေး ၅ အလန့်တကြား ရေရွတ်လိုက်သည်။
ထို့နောက်တွင်..
ဝီ... ဝီ... ဝီ...
နောက်ထပ်အလင်းတန်းသုံးခုက မင်ဒုံအား ရှေ့ ၊နောက် နေရာစုံမှ ထိလာကာ ဘိုးဘေး ၂ ၊ ၃ နှင့် ၄ တို့အား သူ့ကိုယ်ထဲမှ ဆွဲထုတ်လာကြ၏။
" ဘိုးဘေးတို့.. ဘာတွေ ဖြစ်နေကြတာလဲ "
မင်ဒုံ အလွန်ထိတ်လန့်တုန်လှုပ်သွားတော့သည်။
" ငါ.. ငါ လှုပ်လို့မရဘူးကွ ။ ဒါ ဘယ်လိုအစွမ်းမျိုးလဲ "
ဘိုးဘေး ၂ က အသံကျယ်ဖြင့် အော်လိုက်သည်။
၎င်းကို မြင်သော မင်ဒုံကလည်း သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် တားရန်ကြိုးစားလိုက်၏။
သို့သော်..
ဝုန်း..
သူ့စိတ်ဝိဥာဥ်အစွမ်းက အလင်းတန်းကို ထိမိသည်နှင့် ချက်ချင်း ပြန်ကန်ထွက်လာပါသည်။
ထိုသို့ ပြန်ကန်ထွက်လာသည့် အစွမ်းမှာလည်း အားကောင်းလွန်း၍ သူ့အား သတ်မိမလိုပင် ဖြစ်သွားခဲ့ပါ၏။
ဘုတ်..
မင်ဒုံတစ်ယောက် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး အချိန်အတန်ကြာသည်အထိ မတ်တပ်ပြန်မရပ်နိုင်ဘဲ ဖြစ်နေတော့သည်။
တဖက်မှ ရှန့်ဝူကျီမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် အံ့သြမှင်သက်သွားဟန်တူကာ မန္တာန်များ ရွတ်ဖတ်နေသည့် လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
ပြီးနောက်တွင်ကား သူ ချက်ချင်း သဘောပေါက်သွားပါ၏။
" ကောင်လေး.. မင်းလုပ်လိုက်တာ မဟုတ်လား။ အခုချက်ချင်း ရပ်လိုက်စမ်း... မရပ်လို့ကတော့ "
ရှန့်ဝူကျီ မျက်နှာကြီး သုန်မှုန်သွားကာ လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်..
ဝီ..
ထိုစဥ်မှာပင် ယခင်ဘိုးဘေးများကို ဆွဲသွားခဲ့သော အလင်းတန်းထက် အဆများစွာ ပိုကြီးသည့် အမည်းရောင်အလင်းတန်းတစ်ခုက သူ့ကိုယ်အား လွှမ်းခြုံလာပါ၏။
" ဟင်.. ဒါ ဘာကြီးလဲ.. ဖယ်စမ်း "
ရှန့်ဝူကျီ ထိုအလင်းတန်းအား ရှင်းထုတ်ပစ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သို့သော်.. ထိုအချိန်တွင် သူ့စိတ်ဝိဥာဥ်အစွမ်းက ချုပ်နှောင်ခံထားရလေပြီ ။
သူ မည်သို့မှ လှုပ်မရတော့ပါချေ။
" မင်း.. မင်း ဘယ်လိုလှည့်ကွက်မျိုးတွေ သုံးနေတာလဲ "
သူ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်၏။
သူ အသက်ရှင်နေထိုင်လာခဲ့သော နှစ်တစ်သိန်းခန့် ကာလအတွင်း ထိုသို့သောအစွမ်းမျိုးကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းပါပင်။
သို့သော် တဖက်မှ လောထျန်းမှာ သူ့အားလျစ်လျူရှုထားပြီး မန္တာန်များကိုသာ ဆက်လက်ရွတ်ဖတ်နေသည်။
ထိုအချိန်တွင် ဘိုးဘေး ၇ ၏ ခန္ဓာကိုယ် တစ်ဝက်ကျော်မှာ မြေကြီးထဲသို့ ရောက်နေရပြီဖြစ်ပြီး ကျန်သူများမှာလည်း ထိုလမ်းစဥ်အတိုင်း လိုက်နေပြီဖြစ်၏။
ရှန့်ဝူကျီ၏ စိတ်ဝိဥာဥ်သည်ပင် လန့်သွားကာ ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်ထဲမှ စတင်ထွက်ခွာလိုက်သည်။
ထိုအချိန်တွင် ရှန့်ဝူကျီတစ်ယောက် အလွန်လည်း ထိတ်လန့်တုန်လှုပ်နေသည်။
သူ နှစ်တစ်သိန်းခန့် စီစဥ်လာခဲ့သော အစီအစဥ်က ယခုလို ကျရှုံးသွားရတော့မည်လား ။
" ကောင်လေး ၊ မင်း သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် တိုက်စမ်းပါကွာ။ ခုလိုတွေလုပ်ပြီး ကိုယ့်ကိုကိုယ် သူရဲကောင်းလို့ ခေါ်ချင်မနေစမ်းပါနဲ့ ။ မင်းက တော်တော်ရွံစရာကောင်းပြီး အရှက်မရှိတာပဲ "
ရှန့်ဝူကျီက လောထျန်းအား ဒေါသတကြီး အော်လိုက်သည်။
သူ့စကားကြောင့် အနီးနားတွင် ရှိနေကြသူများအားလုံး ဆွံ့အကုန်ကြ၏။
ရှန့်ဝူကျီက မည်မျှ အရှက်ကင်းမဲ့လွန်း၍ ထိုသို့သောစကားမျိုးကို ပြောထွက်နေရပါသနည်း။
သူသည် အစောပိုင်းလေးတွင်ပင် ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းသွားခဲ့ပြီး သူမ၏ စိတ်ဝိဥာဥ်ဖြင့် လောထျန်းအား ခြိမ်းခြောက်ခဲ့ပါသေး၏။
သို့သော်.. ယခုတွင်မူ လောထျန်းကို ရွံစရာကောင်းပြီး အရှက်မဲ့သတဲ့လား.. ။
ထိုအချိန်မှာပင်...
" ပထမဘိုးဘေး.... "
ဘိုးဘေး၇ မှာ မြေကြီးထဲသို့ လုံးဝ ဆွဲယူခံရလိုက်ပြီး အမည်းရောင်အလင်းတန်းနှင့်အတူ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။
အရောင်အဝါ အစအနလေးပင် မကျန်ခဲ့တော့ပါ။
သူ ဤကမ္ဘာကြီး၌ လုံးဝ မရှိခဲ့ဖူးသလိုပါပင်...
ထိုအချိန်တွင် အခြားသူများ အားလုံးမှာလည်း အလွန်အံ့သြတုန်လှုပ်နေကြပါ၏။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ကျင့်စဥ်များသည် အလွန်ထူးဆန်းလှပြီး သူတို့ကို လုံးဝအပျောက် သတ်ပစ်ရန်မှာ အလွန်ခက်ခဲလှသည် မဟုတ်ပါလား။
သူတို့ သေသွားခဲ့လျှင်ပင်.. စိတ်ဝိဥာဥ်များက နည်းပေါင်းစုံသုံး ပြန်လွတ်မြောက်နိုင်ကာ.. သူတို့ဂိုဏ်း၏ တားမြစ်နယ်မြေ အကူအညီဖြင့် ယခင်အခြေအနေသို့ ပြန်ရောက်နိုင်ကြမြဲ ဖြစ်ပါသည်။
သို့သော် ယခုတွင်ကား... နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ဘိုးဘေး၇ က သူတို့မျက်စိရှေ့မှောက်တွင်ပင် အလင်းတန်း၏ ဆွဲယူခြင်းခံရကာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ ။
၎င်းမှာ ဒဏ္ဍာရီကျော် စိတ်ဝိဥာဥ်ခွဲထုတ်နည်းလိုပါပင် ။
ထိုတခဏ၌.. နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ ဘိုးဘေးများမှာကား.. ဒုက္ခကြီးစွာ ရောက်နေကြပါ၏။
" မန္တာန်ကို ထပ်မရွတ်ပါနဲ့တော့ကွာ ။ ငါတောင်းပန်ပါတယ်... ထပ်မရွတ်ပါနဲ့တော့... "
ဘိုးဘေး ၂ ၏ တုန်တုန်ယင်ယင်အသံ ထွက်လာသည်။
" ဟုတ်တယ်... ရပ်လိုက်ပါတော့ကွာ။ ငါတို့ အရှုံးပေးပါတယ် ၊ နောက်ကိုလဲ မင်းကို ဘယ်တော့မှ ရန်စစော်ကားတာမျိုး မလုပ်တော့ဘူးလို့ ကတိပေးပါတယ် "
ဘိုးဘေး ၃ ကလည်း အလန့်တကြား ပြောလာ၏။
သို့သော် လောထျန်းကမူ သူတို့ကို လျစ်လျူရှုထားကာ မန္တာန်များ ရွတ်ဖတ်ရာတွင်သာ စိတ်နှစ်လျက် ရှိသည်။
" ကောင်လေး.. ငါ ပြောနေတာ မကြားဘူးလား ။ မင်းသာ တကယ်အစွမ်းရှိတယ်ဆိုရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်လေ။ ဘာလို့ အဲ့မှာရပ်ပြီး ပွစိပွစိ ရေရွတ်နေတာလဲ "
ရှန့်ဝူကျီကလည်း လေသံမာမာဖြင့် အော်လာ၏။
လောထျန်းမှာ.. သူ့အား တစ်ချက်ပင်မကြည့်ဘဲ မန္တာန်ကိုသာ ရွတ်မြဲရွတ်လျက်..
" မျိုးမစစ်ကောင်... မင်းကို အသေသတ်ပစ်..... "
ထိုစဥ် ရှန့်ဝူကျီ၏ အော်သံက တဝက်တပျက် ရပ်သွားပြီး အလင်းတန်းထဲသို့ ဆွဲယူခံလိုက်ရတော့သည်။
" ဘိုးဘေး တစ် ၊ ကျုပ်တို့ကို ကယ်ပါဦးဗျာ.... "
ဘိုးဘေး ၃ နှင့် ဘိုးဘေး ၄ တို့မှာလည်း တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်နှင့်မြေကြီးကြား ပျောက်ကွယ်သွားကြတော့၏။
" ဒါ... လုံးဝ မဖြစ်နိုင်ဘူး... "
ရှန့်ဝူကျီသည်လည်း ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်ထဲမှ လုံးဝ ဆွဲထုတ်ခံလိုက်ရပြီဖြစ်သော သူ့ကိုယ်သူကြည့်ရင်း အံ့သြတုန်လှုပ်နေရှာသည်။
" ငါ နှစ်တွေအကြာကြီး စောင့်ပြီးမှ ဒီခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ယူနိုင်ခဲ့တာလေကွာ။ အခု ဘာလို့အဲ့လိုကြီး ဖြစ်လာရတာလဲ "
သူ ရူးသွပ်သွားတော့မလိုပါပင် ။
သို့သော်... သူ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ.. အလင်းတန်းထဲမှ ရုန်းမတွက်နိုင်ပါ ။
သူ့နားထဲတွင်မူ လောထျန်း၏ မန္တာန်ရွတ်သံ ခပ်တိုးတိုး ကြားနေပါ၏။
" ကောင်လေး ၊ အခုရပ်လိုက်စမ်း ။ ငါ့ကို သတ်လိုက်ရင် ငါ့သခင်ကြီးက မင်းကို ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူးနော် "
ရှန့်ဝူကျီ ကြောက်လန့်တကြားဖြင့် လေသံမာမာ အော်လိုက်သည်။
လောထျန်းကား သူ့အား လျစ်လျူရှုမြဲ ရှုလျက်..
သို့သော် ထိုစဥ်တွင် ယောင်ချီနတ်ဘုရားသခင်မကြီးက လှုပ်ရှားလာပါ၏။
" ရှင့်ရဲ့ သခင်ကြီး.. ဟုတ်လား.. "
သူမ အံ့သြတကြီး မေးလိုက်သည်။
သူမ စိတ်ထဲတွင်လည်း ... အလွန်ကြောက်စရာကောင်းနေပြီဖြစ်သော ရှန့်ဝူကျီလို လူတစ်ယောက်၏ သခင်ကြီးက မည်သူဖြစ်မည်နည်း ဆိုသည်ကို တွေးမိလိုက်ပါ၏။
ရှန့်ဝူကျီမှာလည်း ယောင်ချီ နတ်ဘုရားမကြီး စကားပြောလာသည်ကို မြင်သည်နှင့် ကယ်တင်ရှင်ကို တွေ့သွားသည့်အလား အားကိုးတကြီး ပြောလိုက်သည်။
" ဒါပေါ့... လက်ချောင်းအရိုး ဒဏ္ဍာရီကို ယောင်ချီနတ်ဘုရားသခင်မကြီး ကြားဖူးတယ် မဟုတ်လား "
သူ့စကားကြောင့် နတ်ဘုရားသခင်မကြီး လန့်သွား၏။
" မဟုတ်မှလွဲရော... ရှင်က.... "
ရှန့်ဝူကျီက လှောင်ပြုံးဖြင့် စကားဆက်သည်။
" အမှန်ပဲ ၊ အဲ့လက်ချောင်းအရိုးက ငါ့ရဲ့ သခင်ကြီးပဲကွ။ ငါတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ အမွေအနှစ် အများစုကလဲ သခင်ကြီးရဲ့ ကျေးဇူးကြောင့်ပဲ ရလာခဲ့တာ။ ငါသာ သေသွားရင် သခင်ကြီးက မင်းတို့ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး ။ အဲ့တော့ ဟိုကောင်လေးကို မြန်မြန်ရပ်ခိုင်းလိုက်ပါ "
ယောင်ချီ နတ်ဘုရားသခင်ကြီးမှာ စစချင်း အနည်းငယ်တုန်သွားသော်လည်း... လောထျန်းအား လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ရုတ်ချည်း ပြန်တည်ငြိမ်သွားပါ၏။
" စိတ်တော့မကောင်းပါဘူး... ဒါပေမယ့် ရှင့်ရဲ့ သခင်ကြီး ဆိုတဲ့သူက လောထျန်းလောက် အစွမ်းထက်ချင်မှ ထက်မှာ... "
ယောင်ချီ နတ်ဘုရားသခင်မကြီး ပြောလိုက်သည်။
" မင်း... မင်း... မိန်းမယုတ် ။ ငါဘာပြောနေတယ် ဆိုတာကိုရော နားလည်ရဲ့လား ။ ငါ့သခင်ကြီးက ထျန်းယွမ်ကမ္ဘာရဲ့ ခေတ်တစ်ခေတ်ကိုတောင် လက်ချောင်းအရိုးလေးတစ်ခုတည်းနဲ့ ဖျက်ဆီးနိုင်ခဲ့တာကွ။ သူ့ ခန္ဓာကိုယ်အစစ်သာ ပြန်ရပြီးသွားရင် အပေါ်ကမ္ဘာကတောင် သူ့ကို လက်နက်ချကြရမှာ ။ ဒီ လောထျန်းဆိုတဲ့ကောင်က ဘာအရည်အချင်းတွေ ရှိလို့မို့ ငါ့သခင်ကြီးနဲ့ လာယှဥ်နေရတာလဲ "
ရှန့်ဝူကျီ ဒေါသတကြီး အော်လိုက်သည်။
သို့သော် ယောင်ချီ နတ်ဘုရားသခင်မကြီးက မျက်မှောင်ကြုံ့၍သာ ပြန်ပြော၏။
" ရှင့်ရဲ့ သခင်ကြီးဆိုတဲ့သူက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ကျွန်မ မမြင်ဖူးသေးဘူးလေ။ ဒါပေမယ့် လောထျန်းရဲ့ အစွမ်းနဲ့ သူ့ရဲ့ အလားအလာကောင်းတွေကိုတော့ ကျွန်မ မြင်ပြီးသွားပြီ "
" ပြီးတော့ ဒီနေ့ ရှင့်ကိုသာ အလွတ်ပေးလိုက်ရင် ရှင်က တစ်နေ့ ထျန်းယွမ်ကမ္ဘာကို ထပ်ပြီးဒုက္ခပေးလာဦးမှာပဲ မဟုတ်လား ။ ပြီးတော့ ရှင်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကလဲ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုနဲ့တောင် ယှဥ်လို့ရနေပြီ "
" ရှင်တို့လို မိစ္ဆာကောင်တွေကို ဒီကမ္ဘာကြီးမှာ နောက်ထပ်တစ်ရက် အသက်ရှင်ခွင့် ပေးရင်တောင်.. ထျန်းယွမ်ကမ္ဘာကြီးအတွက် မတရားရာ ကျသွားမှာ "
" အဲ့တော့... ရှန့်ဝူကျီ ၊ ရှင် သေလိုက်တော့ "
ယောင်ချီ နတ်ဘုရားသခင်မကြီးက ရှန့်ဝူကျီအား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
" မင်း... မင်း.... "
ရှန့်ဝူကျီမှာ ကျိန်ဆဲလိုက်ချင်သေးသော်လည်း... ထိုအချိန်တွင် သူ့ခန္ဓာကိုယ် အများစုမှာ အလင်းတန်း၏ ဆွဲခေါ်မှုကြောင့် မြေကြီးထဲ ရောက်နေရလေပြီ ။
သူ လောထျန်းဘက် လှည့်ကြည့်လိုက်၏။
ထိုအချိန်တွင် သူ အလွန်လည်း စိတ်ဓာတ်ကျနေပါတော့သည်။
နှစ်ပေါင်းတစ်သိန်းအထိ.. ခက်ခက်ခဲခဲ ကြိုးစားမှုများ ၊ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းများနှင့် သည်းခံစောင့်ဆိုင်းမှုများ ပြီးသည့်နောက်.. ..
သူ အတားအဆီးများကို ဖြတ်ကျော်ကာ ထျန်းယွမ်ကမ္ဘာတွင် တစ်ဦးတည်းသော စိတ်ဝိဥာဥ်ဖြင့် တာအိုအစွမ်းကို ရရှိသူတစ်ဦး ဖြစ်တော့မည်ဟုသာ တွေးထင်ထားခဲ့ပါသည်။
သို့သော်.... သူ အပြင်သို့ ထွက်လာသည့်နေ့မှာပင် အခြားတစ်ယောက်၏ လက်ချက်ဖြင့် သေရတော့မည်တဲ့လား ။
ထို့အပြင်.. သူက မန္တန်များ ရွတ်ဖတ်ရာမှ သေဆုံးရမည် ဖြစ်ပါသည် ။
ဤနည်းဖြင့် သေရခြင်းက မည်မျှ ဒေါသထွက်စရာ ကောင်းလိုက်ပါသနည်း။
သို့သော်.. သူ မည်သို့မှလည်း မတတ်နိုင်ပါချေ။
နောက်ဆုံးတွင်မူ.. သူ အမုန်းတရားတို့ ပြည့်နေသော မျက်လုံးများဖြင့် လောထျန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့စိတ်ဝိဥာဥ်က အစအနပင် မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားရပါတော့၏။
" ပထမဘိုးဘေး.. "
ထိုစဥ်တွင် မင်ဒုံက ဒယိမ်းဒယိုင် ထရပ်လာသည်။ သူ ရပ်ရပ်ချင်း သွေးအန်လိုက်ပြီးနောက် ရှန့်ဝူကျီ ပျောက်ကွယ်သွားသည့်ဘက်သို့ မျက်နှာပျက်စွာ ကြည့်လိုက်၏။
ရှန့်ဝူကျီက အမှန်တကယ် သေသွားခဲ့ပြီ ဖြစ်ကြောင်းကိုလည်း သူ အာရုံခံ၍ ရနေပါသည်။
ခပ်လှမ်းလှမ်းမှ လောထျန်းမှာကား မန္တာန်များကို ရွတ်ဖတ်နေဆဲ....